Home မေးမြန်းခန်း ရှမ်းပြည်တိုက်ပွဲများနှင့် ရှမ်းပြည်အမျိုးသမီးအဖွဲ့များအသံ

ရှမ်းပြည်တိုက်ပွဲများနှင့် ရှမ်းပြည်အမျိုးသမီးအဖွဲ့များအသံ

ရှမ်းမြောက် စစ်ဘေးရှောင် အမျိုးသမီးများပုံရိပ် ( တအာင်း အမျိုးသမီး များအဖွဲ့အစည်း TWO )

နန်းဆိုင်နွမ်။        ။

“ ဘယ်အချိန် သေနတ်သံကြားရမှာလဲ။ ဘယ်အချိန် ထပြေးရမှာလဲ” ဆိုတဲ့ စိုးရိမ်စိတ်တွေက ပြည့်နှက်နေသည် ဟု  အသက်(၅၀)နှစ်အရွယ် ဒေါ်နန်းဆာက ပြောသည်။

သူမကတော့ နမ္မတူ မြို့နယ်၊ ကောင်းဟုန်ကျေးရွာတွင် နေထိုင်ပြီး သေနတ်သံကြားတိုင်း၊ စစ်ကြောင်းဝင်လာတိုင်း  ရွာမှ စစ်ရှောင်စခန်းသို့ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရသူဖြစ်သည်။

“ (၂)နှစ်လောက်ရှိပြီ။ သေနတ်သံတွေ ပိုကြားလာရတယ်။ လယ်တွေယာတွေလည်း ကောင်းကောင်းမလုပ်နိုင်။ ကလေးတွေလည်း ကောင်းကောင်းကျောင်းမထားနိုင်ဘူး” ဟု ဒေါ်နန်းဆာက ငြီးငြူသည်။

တိုက်ပွဲတွေကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များ ဒုက္ခမျိုးစုံကြုံတွေ့ရကာ ကလေးငယ်ရှိသည့် မိခင်များက တော့ အခက်အခဲဆုံးဖြစ်သည်ဟု ဒေါ်နန်းဆာက ဝမ်းနည်းစွာဖြင့် ပြောပြသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ  မကြာခဏဖြစ်ပွားမှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုများပြားလာပြီး တရားဥပဒေ စိုးမိုးရေးမှာ ပျက်သုဉ်းဆုတ်ယုတ်နေကြောင်းလည်း   ရှမ်းပြည်နယ်မှ တိုင်းရင်းသူအဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

ရှမ်းပြည်နယ်တွင်  ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့်  မြန်မာ့တပ်မတော်အကြား ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက် ရှိနေသည်။

ထို့အပြင် NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်များအကြား စစ်ရေးတင်းမာ မှုများကြောင့် ရှမ်းပြည်နယ်အတွင်း ထောင်နှင့်ချီသော ဒေသခံများ အိုးအိမ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရ သည်။

ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံတဝှမ်းလုံးတွင် ဖြစ်ပွားနေသည့် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံများ အိုး အိမ်စွန့်ခွာမှုများ တိုးပွားလာခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများပြားလာခြင်းနှင့် တရားဥပဒေကင်းမဲ့မှုများ ဖြစ်ပွား နေသည်ဟု အောက်တိုဘာလအတွင်းက ရှမ်းပြည်နယ်မှ တိုင်းရင်းသူများ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ရှမ်းပြည်နယ်အတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသူ အဖွဲ့များဖြစ်သည့် လားဟူအမျိုးသမီး အဖွဲ့အစည်း (LWO)၊ ပအိုဝ်းအမျိုးသမီးသမဂ္ဂ(PWU)၊ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေး အသင်း (SWAN)၊ နှင့် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) တို့ ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ ကျမတို့ကတော့ ပြည်တွင်းစစ် ရပ်ဖို့ပါ။ ပြည်တွင်းစစ်ကြောင့်  ကလေးနဲ့အမျိုးသမီးတွေ  ပိုခံစားနေရတယ်။ အမျိုး သမီးတွေဘဝက ခဏခဏ ပြောင်းရွေ့နေထိုင်ကြရပြီး ဘဝကို  ပြန်ပြန်စနေရတယ်။ ဒါကြောင့် ပြည်တွင်းစစ်က ရပ် သင့်ပါပြီ” ဟု SWAN ဒါရိုက်တာ နန်းဟိန်းက ပြောသည်။

ရှမ်းပြည်အတွင်း   အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အမျိုးသမီးများကို အတင်းအဓမ္မ ခေါ် ဆောင်သွားမှုများရှိနေသဖြင့်  အမျိုးသမီးများ၏လုံခြုံရေးကို စိုးရိမ်နေရခြင်းကပင် တရားဥပဒေ စိုးမိုးမှုမရှိခြင်းကို  ဖော်ပြနေသည်ဟု   နန်းဟိန်းကပြောသည်။

“ လက်နက်ကိုင်အဖွဲ့အစည်းတွေ  အမျိုးသမီးတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာကို ကြည့်ခြင်းအားဖြင့် တရား ဥပဒေ စိုးမိုးမှုပျက်သုဉ်းနေတယ်။ အမျိုးသမီးတွေရဲ့ လုံခြုံရေးကိုလည်း ကျမတို့ အရမ်းကို စိုးရိမ်နေပါတယ်။ ကျူးလွန် တဲ့သူတွေ ကျူးလွန်ခွင့်ပြုတဲ့သူတွေမှာလည်း တာဝန်ရှိပါတယ်” ဟု နန်းဟိန်းက ဆိုသည်။

ရှမ်းပြည်နယ်အတွင်းတွင် အမျိုးသမီးများကို သေနတ်ဖြင့် အတင်းအဓမ္မခေါ်ဆောင်မှု များလာသည်။

ရှမ်းမြောက်ပိုင်းတွင် TNLA တပ်ဖွဲ့မှ နမ့်ခမ်းသူနန်းမိုဟွမ်ကို အတင်းအဓမ္မခေါ်ဆောင်သွားသကဲ့သို့ ရှမ်းပြည်နယ် အရှေ့ပိုင်းတာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စု ဝှေလေလန်ကျေးရွာတွင်လည်း အောက်တိုဘာလဆန်းတွင် အမည်မသိ လက်နက်ကိုင်အမျိုးသား(၅)ဦးက ဈေးရောင်းနေသည့် အမျိုးသမီးတဦးကို အတင်းအဓမ္မ ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်။

ရှမ်းပြည်နယ်တွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ တာဝန်ရှိသူများက ဥပဒေအရ ကာကွယ်စောင့်ရှောက်ရန် ပျက် ကွက်သည့်အပြင် ကျူးလွန်နေသူများအား မျက်ကွယ်ပြုကာ ဆက်လက်ကျူးလွန် ခွင့်ပြုနေကြောင်းလည်း ရှမ်းပြည် နယ် တိုင်းရင်းသူများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းမြောက် စစ်ဘေးရှောင် အမျိုးသမီးများပုံရိပ် ( တအာင်း အမျိုးသမီး များအဖွဲ့အစည်း TWO )

“ လက်ရှိမှာ တိုက်ပွဲတွေကြောင့်  ထပ်ခါထပ်ခါ ရှောင်နေရတယ်။  ထောင်ပေါင်းများစွာသော ပြည်သူလူထုတွေက စစ်ရှောင်နေရတယ်။ ပြေးလိုက်ပြန်သွားလိုက် ကောင်းကောင်းမွန်မွန်မနေရပဲ ပြေးလွှားနေရတယ်။ နေ့စဉ်နဲ့အမျှ ဘဝရပ်တည်ဖို့ ကောင်းကောင်းအလုပ်မလုပ်ရဘူး” တအာင်း(ပလောင်) အမျိုးသမီးအဖွဲ့အစည်း TWO မှ ပြောရေး ဆိုခွင့်ရှိသူ လွေးကုကုကပြောသည်။

ထို့အပြင် ဒေသခံပြည်သူတွေကို  အကြောင်းမဲ့ညှင်းပန်း နှိပ်စက်ခြင်း၊ ရိုက်နှိက်ခြင်းများရှိသလို ပြည်သူလူထု ပိုင် ဆိုင်သည့် အိုးအိမ်များလည်း ဖျက်ဆီးခံနေရကြောင်း လွေးကုကုက ဆိုသည်။

“  ကျမတို့ အမျိုးသမီးတွေ လိင်ဆိုင်ရာ အကြမ်းဖက်မှုတွေ  အကြမ်းဖက်ခံရမှုတွေ အများကြီး ကျူးလွန်ခံနေရ တယ်။ အမျိုးသမီးတွေ ဒီလိုဖြစ်နေတာ စိတ်မကောင်းဘူး။ ဒါတွေ အမြန်ရပ်တန့်စေချင်တယ်။  အေးအေးချမ်းချမ်း နဲ့ နေချင်တယ်” ဟုလည်း လွေးကုကုက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ မကြာခဏ အရပ်သားများကို ဝင်ရောက်ပစ်ခတ် ခြင်း၊ ဘုန်းကြီးကျောင်းနှင့် ကျောင်းထိုင်ဆရာတော်ကို ဝင်ရောက်ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံပြည်သူများ အကြောက်တရားဖြင့် ရှင်သန်နေကြကြောင်းလည်း လွေးကုကုက ထပ်လောင်းပြောသည်။

“ ကျမတို့ဒေသမှာ အရပ်သားရော၊ ကလေးရော၊ အမျိုးသမီးရော၊ ဘုန်းကြီးပါမကျန် ခဏခဏ အပစ်ခံနေရတယ်။ တရားဥပဒေ စိုးမိုးမှု ပျက်သုဉ်းနေတယ်” ဟု လွေးကုကုက ထောက်ပြပြောဆိုလိုက်သည်။

ရှမ်းပြည်နယ်နှင့် နိုင်ငံတဝှမ်းလုံးတွင် ဖြစ်ပွားနေသည့် အသက်၊ လွတ်လပ်မှုနှင့် ပိုင်ဆိုင်မှုများဆုံးရှုံးခြင်း၊ လူ့အခွင့် အရေး ချိုးဖောက်မှုများနှင့် ရင်ဆိုင်နေကြရခြင်း၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့ခြင်းတို့ကြောင့် ရှမ်းပြည်နယ် တိုင်းရင်း သူများအဖွဲ့က စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ ငြိမ်းချမ်းရေးက  ပြည်သူတွေအတွက် ငြိမ်းချမ်းစေတဲ့အရာ ဖြစ်စေချင်တယ်။  ပြည်သူလူထုကို လုံခြုံရေးအရ ကာ ကွယ်ပေးတာ ဖြစ်စေချင်တယ်။ NCA လက်မှတ်ထိုးပြီး လူ့အခွင့်အရေး ချိုးဖောက်တာ မဖြစ်စေချင်ဘူး” ဟုလည်း လွေးကုကုက မှတ်ချက်ပြုသည်။

ဆက်လက်ပြီး အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကြမ်းဖက်မှုများ အပါအဝင် အကြမ်းဖက် မှုမျိုးစုံ ရင်ဆိုင်နေရကြောင်း၊ ထို့အပြင် လူမှုကွန်ယက် စာမျက်နှာပေါ်တွင် လူမျိုးရေးမုန်းတီးမှုများ၊ လူမှုအသိုင်း အဝန်းများကြား ပဋိပက္ခများဖြစ်ပေါ်လာစေရန် သွေးထိုးလှုံ့ဆော်မှုများလည်း ဖြစ်ပွားလျက်ရှိနေကြောင်းလည်း အောက်တိုဘာလအတွင်း ထုတ်ပြန်သည့် ရှမ်းပြည်နယ် တိုင်းရင်းသူများအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထား သည်။

“ ကျမတို့ ရှမ်းတောင်ပိုင်းမှာတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက ပိုများလာတယ်။ မုဒိမ်းမှုက ပိုဖြစ်လာတယ်” ဟု ပအိုဝ့်အမျိုးသမီးသမဂ္ဂမှ ပြောရေးဆိုခွင့် နန်းဇင်နွယ်က ဆိုသည်။

ရှမ်းပြည်နယ်အတွင်းမှာ NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့နှင့် လက်မှတ်မထိုးထားသည့်အဖွဲ့များ တင်းမာမှုရှိသလို လက်မှတ်ထိုးထားသည့် အဖွဲ့အချင်းချင်းလည်း တင်းမာမှုရှိနေကြောင်း နန်းဇင်နွယ်က ပြော သည်။

“ တကယ့်တကယ် အေးချမ်းဖို့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ လိုအပ်ပါတယ်။ အမျိုးသမီး တွေက တကယ်ငြိမ်းချမ်းရေးကို လိုလားပါတယ်။ အဖွဲ့အစည်းအသီးသီးတွေ ကြားမှာရှိနေတဲ့ တင်းမာမှုတွေ လျော့ ဖို့လည်း ကျမတို့မျှော်လင့်ပါတယ်” ဟု နန်းဇင်နွယ်က  မှတ်ချက်ပြုလိုက်သည်။

လက်နက်ကိုင် ပဋိပက္ခများ အမြန်ချုပ်ငြိမ်းပြီး၊ လုံခြုံဘေးကင်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဋိပက္ခတွင် ပါဝင် ပတ်သက်သူများအားလုံး မိမိတို့လုပ်ရပ်များရပ်တန့်ရန် လိုအပ်ကြောင်းလည်း  ရှမ်းပြည်နယ်  တိုင်းရင်းသူများ အဖွဲ့မှ တိုက်တွန်းပြောဆိုလိုက်သည်။

“ ကျမကတော့ တိုက်ပွဲတွေ မရှိဘဲ လယ်ယာတွေ အေးချမ်းစွာ လုပ်ကိုင်ချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်။ တိုက်ပွဲတွေရပ်ဖို့ပဲ ဆုတောင်းနေရတယ်” ဟုလည်း တိုက်ပွဲတွေကြားနေထိုင်သည့် နန်းဆာက ပြောသည်။

Related Articles