Home သတင်း WLB က ပြည်တွင်း အခြေစိုက် ကွန်ရက်များချဲ့ထွင်ရန် ဆုံးဖြတ်

WLB က ပြည်တွင်း အခြေစိုက် ကွန်ရက်များချဲ့ထွင်ရန် ဆုံးဖြတ်

မလိခ

မတ်လ ၂၀ ရက်၊၂၀၁၇ ခုနှစ်။

နယ်စပ်ဒေသတွင် နှစ်ပေါင်းများစွာ အခြေစိုက်ခဲ့သော အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB သည် လာမည့် ညီလာခံ သက်တမ်းတွင် ငြိမ်းချမ်းရေး၊ အမျိုုးသမီးတန်းတူရေး၊ ဖက်ဒရယ် ဒီမိုကရေစီအရေး၊ တရားမျှတရေးတို့ကို မြန်မာနိုင်ငံအတွင်း အဓိက ရုံးစိုက်ကာ ကွန်ရက်များ တိုးချဲ့ လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

ညီလာခံတွင် WLB တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) အဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် နော်ဆဲဆဲက ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ယခုလို ပြောသည်။

“တရားမျှတမှုနဲ့ ပတ်သက်ပြီးတော့ ဆက်လက် လုပ်ဆောင်မယ်။ တရားဥပဒေ ဆိုင်ရာတွေလည်း ကျမတို့ လုပ်ဆောင်ဖို့ ကြိုးစားမယ်”ဟု WLB တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) နော်ဆဲဆဲက ပြောသည်။

ပြည်တွင်းတွင် ကွန်ယက်များ ပိုမို စုဖွဲ့နိုင်ရန် ပြောင်းရွှေ့ သွားရန်လည်း သဘောတူညီခဲ့သည်ဟု သူက ပြောသည်။

“ပြည်တွင်းမှာ အခြေစိုက်ဖို့ အဖွဲ့ တော်တော်များများက သဘောတူညီချက်အရလည်း ရွှေ့ပြောင်းတာလဲ ဖြစ်တယ်။ ပြီးလို့ရှိရင် အခြေအနေအရ တဖက်မှာဆိုရင်လည်း နိုင်ငံရေး ရပ်တည်ချက်အနေနဲ့ ကျမတို့ လုပ်ဆောင်တဲ့ အပေါ်မှာ ပေါ်လစီပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲတာတို့၊ ပြုပြင်ပြောင်း လဲနိုင်အောင် ကြိုးစားသွားမယ့် အနေအထားနဲ့ ကျမတို့ ပြည်တွင်းမှာလည်း ပြန်ရွှေ့ဖို့ ရှိပါတယ်။ ဒါပေမဲ့ တစုံလုံးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျမတို့ ပိုမိုလုပ်နိုင်အောင်၊ Network တွေနဲ့ ပိုမို ချိတ်ဆက်နိုင်အောင်၊ လုပ်ချင်တာတွေ ပိုအားကောင်းအောင် ပြန်ရွှေ့ပြောင်းဖို့ ရှိပါတယ်”

WLB ၏ ကိုးကြိမ်မြောက် ညီလာခံအတွင်း မူဝါဒရေးရာ ဦးဆောင် အဖွဲ့ကို အဖွဲ့ဝင် အဖွဲ့အစည်းများမှ တစ်ဦးစီ ပါဝင်၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အတွင်းရေးမှူး ၃ ဦးကို ရွေးချယ်တင်မြှောက်ခဲ့သည်။

အထွေထွေအတွင်းရေးမှူးအဖြစ် တအာင်းအမျုးိသမီးအစည်းအရုံး (TWO) မှ လိုည်းပိုးညိူဝ်း၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး(၁)အဖြစ် ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ နော်ဆဲဆဲ နှင့် တွဲဘက်အထွေထွေ အတွင်းရေးမှူး(၂)အဖြစ် ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)မှ မော်ဒေးမြာတို့ သုံးဦးတို့ကို ရွေးချယ်တင်မြောက်ခဲ့သည်။

ညီလာခံ အတွင်း မဟာဗျူဟာ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ပြီး မဟာဗျူဟာမြောက် အကြံပြုချက်များကို ညီလာခံတွင် ထည့်သွင်းဆုံးဖြတ်ခဲ့ကြသည် ဟု  တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) မော်ဒေးမြာက ပြောသည်။

“ပထမတချက်က ငြိမ်းချမ်းရေး၊ ဒုတိယတချက်က တရားမျှတရေး(justice)၊ တတိယအချက်ကတော့ ဖက်ဒရယ် ဒီမိုကရေစီပေါ့နော်။ ဒီသုံးခုကို အခြေခံပြီးတော့ ဆက်ပြီးတော့ လုပ်ဆောင် သွားဖို့ကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်”

ညီလာခံအတွင်း နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွင်း အမျိုးသမီးများ ပိုမိုပါဝင်လာရေးအတွက်လည်း ကြိုးပမ်းသွားရန် ဆုံးဖြတ်ခဲ့ကြသည်။

 

Related Articles