Home ဆောင်းပါး ကိုယ့်ကိုယ်ကိုကာကွယ်ကြမည့် အမျိုးသမီးများ

ကိုယ့်ကိုယ်ကိုကာကွယ်ကြမည့် အမျိုးသမီးများ

“ကျမတို့ မိန်းကလေးဆိုတာ အကာ အကွယ်နဲ့ အမြဲတမ်းသွားနိုင်တာမဟုတ်ဘူး။ အပြင်ထွက်ဖို့က အစောကြီးလည်း ဖြစ်နိုင်တယ်။ ညဘက်တွေ လည်း ဖြစ်နိုင်တယ်။ အဲဒီအချိန်မှာ ကိုယ်က ဘယ်လိုကာကွယ်မလဲ။ ယောကျ်ားလေးတွေက အမြတ်ရတာ မရတာ မသိဘူး။ ပါးစပ်သရမ်းကြတာပဲ။ ဟိုကောင်မလေးချောတယ်၊ ဘာလုပ်ချင်တယ်၊ ညာလုပ်ချင်တယ် ဆိုတာမျိုးပေ့ါ”

img_6842

နန်းခမ်း

၂၀၁၆၊ စက်တင်ဘာ (၇)

ရန်ကုန်မြို့က မှန်ဘောင်တွေ ကာရံထားတဲ့ အခန်းတခုထဲမှာ “ တစ်၊ နှစ်၊ သုံး” ဆိုပြီး သံပြိုင်အော်နေတဲ့ အသံ တွေကို ကြားနေရပါတယ်။

ဆယ်ကျော်သက် အမျိုးသမီးငယ်တွေနဲ့ အသက် (၂၀)ကျော် အမျိုးသမီးတွေ ကိုယ်ခံပညာ သင်ကြားနေကြ တာ ဖြစ်ပါတယ်။

ကိုယ်ခံပညာလာရောက်သင်ကြားသူတယောက်ဖြစ်တဲ့ ရွှေယမင်းကတော့ “ကျမတို့ မိန်းကလေးဆိုတာ အကာ အကွယ်နဲ့ အမြဲတမ်းသွားနိုင်တာမဟုတ်ဘူး။ အပြင်ထွက်ဖို့က အစောကြီးလည်း ဖြစ်နိုင်တယ်။ ညဘက်တွေ လည်း ဖြစ်နိုင်တယ်။ အဲဒီအချိန်မှာ ကိုယ်က ဘယ်လိုကာကွယ်မလဲ။ ယောကျ်ားလေးတွေက အမြတ်ရတာ မရတာ မသိဘူး။ ပါးစပ်သရမ်းကြတာပဲ။ ဟိုကောင်မလေးချောတယ်၊ ဘာလုပ်ချင်တယ်၊ ညာလုပ်ချင်တယ် ဆိုတာမျိုးပေ့ါ” လို့ ပြောပါတယ်။ “ကျမကိုယ် ကျမလုံခြုံအောင် ကာကွယ်ချင်လို့ သင်တန်းလာတက်တာပါ။”

မြန်မာနိုင်ငံ နေရာအနှံ့ အချိန်တိုင်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုများ တွေ့ရှိနိုင်ပြီး လက်ရှိမှာ နေ့စဉ်နဲ့အမျှ အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှုတွေ ကာအိန္ဒြေပျက်ပြားစေတဲ့ ကိစ္စတွေကို ကြားမြင်နေ ရပါတယ်။

ဒါ့ကြောင့် အမျိုးသမီးတွေက သူတို့ဘဝလုံခြုံမှုနဲ့ အရေးအကြောင်းဖြစ်လာရင် ခုခံပြီး ထွက်ပြေးနိုင်ဖို့ ကိုယ်ခံ ပညာကို သင်ကြားဖို့ လိုအပ်နေတယ်လို့လည်း ကိုယ်ခံပညာသင်ကြားပေးနေတဲ့ အမျိုးသမီးတွေက ဆိုပါတယ်။

ယခုနောက်ပိုင်းမှာ အမျိုးသမီးတွေ ကိုယ်ခံပညာသင်ကြားမှု စိတ်ဝင်စားလာတာကို တွေ့ကြပါတယ်လို့ အမျိုး သမီးများအား ကိုယ်ခံပညာသင်ကြားပေးနေတဲ့ ဆရာမဒေါ်မေရှယ်က ပြောပါတယ်။

အမျိုးသမီးအများစုက ပတ်ဝန်းကျင်မှာ အသံသေး အသံကြောင်တွေနဲ့စတာတွေ၊ ခန္ဓာကိုယ်ကို ကိုယ်ထိလက် ရောက်စော်ကားတာတွေ၊ အများစုက ဘတ်စ်ကားပေါ်မှာ၊ ပွဲဈေးတွေမှာ ကြုံတွေ့ရသလို ယခုနောက်ပိုင်းမှာ သမီးရည်းစားအချင်းချင်း ရန်ဖြစ်လျှင်ပင် ကိုယ်ထိလက်ရောက်မှုတွေ များလာတာတွေကို တွေ့မြင်လာရ ပါတယ်။

img_6859

သင်တန်းအစကို အမျိုးသမီးတွေ အော်တတ်အောင် အရင်သင်ကြားပေးရခြင်းမှာ မြန်မာအမျိုးသမီးအများစုဟာ စကားကျယ်ကျယ်ပြောဖို့၊ အော်ဟစ်ဖို့၊ ဝန်လေးတဲ့အတွက် ကိုယ့်ကိုအန္တရာယ်တခုခုကြုံလာရင် အရင်ဆုံး အော်ဟစ်လိုက်ခြင်းသည် တဖက်လူကို တစုံတရာဟန့်တားလိုက်ခြင်းဖြစ်ကြောင်းနှင့် အင်အားကြီး ယောကျ်ား တွေက ကိုယ်ထိလက်ရောက် စော်ကားလာရင် ပြန်တုန့်ပြန်တတ်ဖို့နဲ့ ကိုယ့်ကိုအကာအကွယ်ပေးနိုင်တဲ့ ဥပဒေ တွေရှိတယ်ဆိုတာသိဖို့ အမျိုးသမီးများနှင့်ဆိုင်တဲ့ ဥပဒေများကိုပါ သင်ကြားပေးသည့် သင်တန်းတခုဖြစ်ပါ တယ်လို့ ဒေါ်မေရှယ်က ပြောပြပါတယ်။

“ဒီပညာကို အမျိုးသမီးတွေအနေနဲ့ ဘာလို့သင်သင့်လဲဆိုတော့ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိ လာမယ်။ သူတို့ဒီသင်တန်းကို တက်ပြီးတဲ့အခါ ဘာပြောသလဲဆိုတော့ လူတစ်ယောက်က ကိုယ့်လက်ကို ဖမ်းကိုင်ရင် ဘယ်လိုရုန်းရမယ်ဆိုတာ သိလာတယ်ပေါ့။ ဒါကြောင့် မြန်မာလက်ဝှေ့ပညာက အမျိုးသမီးတွေ လည်း လေ့လာသင့်ပါတယ်”

အမျိုးသမီးကိုယ်ခံပညာသင်တန်း တည်ထောင်သူတဦးဖြစ်တဲ့ မစောယုကိုကလည်း“ လာတက်တဲ့သူတွေထဲမှာ တော့(၁၄)နှစ်အထက် အမျိုးသမီးတွေလက်ခံပါတယ်။ ဒါပေမယ့်(၁၄)နှစ်အောက်လည်း လာထားပါတယ်။ များသောအားဖြင့် အလုပ်လုပ်နေတဲ့သူတွေနဲ့ တက္ကသိုလ်ကျောင်းသူတွေများပါတယ်” ဟု သင်တန်းတက် ရောက်သူများအကြောင်းပြောပြပါတယ်။ “များသောအားဖြင့် ဘတ်စ်ကားမှာ ကြုံဖူးတာရှိတယ်။ ပါးစပ်နဲ့စတာ တွေရှိတယ်။ ပြီးတော့ သမီးရည်းစားအချင်းချင်း ပြဿနာတက်ပြီး ရန်ဖြစ်တာတွေရှိတယ်”ဟု သူက ဆက်ပြော ပြ ပါတယ်။

အမျိုးသမီးကိုယ်ခံပညာသင်တန်းမှာ ဥပဒေပညာကိုလည်း ပူးတွဲသင်ပေးခြင်းနှင့် ပါတ်သက်ပြီးတော့လည်း “တ ချို့က ကိုယ့်ကိုကာကွယ်ပေးထားတဲ့ ဥပဒေရှိတယ်ဆိုတာ မသိကြဘူး။ တချို့အမျိုးသမီးတွေ ကိုယ့်ကိုကိုယ် ကာကွယ်မှုပြုလုပ်ရင်း ခုခံလို့ တဖက်လူကို သေစေတဲ့ ကိစ္စမျိုးရှိခဲ့ပြီး ဒီလိုအမျိုးသမီးတွေကို ထောင်ကျစေ တဲ့အမှုတွေ ဖျက်သိမ်းဖို့ လိုအပ်တယ်ဆိုတာ သိကြစေဖို့ ဥပဒေပညာကိုပါ သင်ကြားပေးရခြင်းဖြစ်ပါတယ်” လို့ ကိုယ်ခံပညာသင်တန်းကျောင်း ထူထောင်သူ မစောယုကိုက ပြောပါတယ်။

“ထိရောက်မှုမရှိတဲ့ဥပဒေတွေ ပြင်ဖို့ ငါတို့မလုပ်ဘူးဆိုရင် ဘယ်သူကလုပ်ပေးမှာလဲ။ ဥပဒေတွေ ထိရောက်မှု ရှိအောင်တိုက်တွန်းရမယ်။ ဒါမှ နောင်လာမဲ့မျိုးဆက်ကျရင် အမျိုးသမီးတွေအတွက် လုံခြုံတဲ့ဥပဒေတရပ် ထွက် ပေါ်လာမယ်” လို့လည်း ကိုယ်ခံပညာဆရာမ ဒေါ်မေရှယ်က ပြောပါတယ်။

သင်တန်းသူတယောက်ကတော့ တိုက်ရေးခိုက်ရေးဝါသနာပါလို့၊ ကိုယ်ခန္ဓာသန်မာချင်လို့ အမျိုးသမီးတဦး ဖြစ်တဲ့အတွက် သွားလာတဲ့အခါ လုံခြုံမှုရှိအောင် သင်တန်းတက်ရခြင်းဖြစ်ပြီး လိုင်းကားပေါ် လမ်းမပေါ်တွေမှာ ကိုယ်ထိလက်ရောက် မကြုံဖူးပေမယ့် ပါးစပ်ဆော့တဲ့ အမျိုးသားတွေကိုတော့ အမြဲတမ်းကြုံတွေ့ရပါတယ်လို့ သူ့ရဲ့အတွေ့အကြုံကို ပြောပြပါတယ်။

လွိုင်ကော်ကလာတဲ့ ဆရာမနန်းဆိုင်မွန်းကတော့ ကိုယ်ခံပညာဆရာမတစ်ဦးဖြစ်ပါတယ်။ ပါးစပ်သရမ်းတဲ့ အမျိုးသားတယောက်ကို လက်သီးနဲ့ထိုးပြီး ထိုအမျိုးသားပါးစပ်မှာ သွေးထွက်သွားတဲ့ဖြစ်စဉ်တခု ကိုယ်တိုင် ကြုံဖူးတယ်လို့ ဆရာမကပြောပြပါတယ်။

“ လက်ရှိ ကျမသူနာပြု (၁၄၂)ဦးကို သင်ပေးနေပါတယ်။ အမျိုးသမီးသီးသန့်ပဲ။ သူတို့ကနယ်တွေမှာ အလုပ် သွားလုပ်တယ်။ တကိုယ်တည်းနေရတော့ သူတို့ကို ခုခံတတ်အောင် သင်ပေးတာပါ။ ကျမတက္ကသိုလ်ကျောင်း သူတွေကိုလည်း ဖိတ်ခေါ်ပါတယ်” ဟု ဆရာမနန်းဆိုင်မွန်းက ဆိုပါတယ်။

ကိုယ်ခံပညာသင်ကြားရင် အဓိကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုက အရေးကြီးကြောင်း၊ တခုခုဖြစ်ရင် ဘာ လုပ်ရမှာလဲ ဘယ်လိုကာကွယ်မှာလဲဆိုတာသိရမယ်။ ပြီးတော့ သူတို့ရဲ့ လုံခြုံမှုကိုလည်း သူတို့စဉ်းစားနိုင်မှာ ဖြစ်တယ်လို့ နန်းဆိုင်မွန်းက ဆက်လက်ပြောပါတယ်။

“ ကိုယ်ခံပညာသင်ကြားရင် လူအင်အားများလို့ ကိုယ်ယှဉ်မချနိုင်ဘူးဆိုရင်တောင် သူတို့လုံခြုံမှုနဲ့ သူတို့ဘာ ဆက်လုပ်ရမလဲဆိုတာကို ခေါင်းအေးအေးစဉ်းစားနိုင်မယ်။ တဖက်က လူအင်အားများနေမယ်ဆိုရင် ကိုယ်မနိုင် မယ့် အပိုင်းရှိတယ်လေ။ အဲ့ဒါဆိုရင် သူတို့ ဘယ်လိုအကောင်းဆုံးလုပ်နိုင်မလဲ”

အဓိကတော့ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေကို ကိုယ်ခံပညာသင်ဖို့ တိုက်တွန်းချင်ကြောင်းနှင့် ကိုယ်ခံ ပညာသင်တယ်ဆိုတာက သူများကို ပြဿနာရှာဖို့ထက် အရေးအကြောင်းဆိုရင် ကိုယ်ကိုကိုယ် ယုံကြည်မှု ရအောင် ဖြစ်စေချင်ကြောင်း၊ အမျိုးသမီးတွေမှာ မွေးရာပါအားနည်းချက်ရှိပေမယ့် ထိုအားနည်းချက်ကို လေ့ ကျင့်မှု ပြုလုပ်လိုက်ပါက အားသာချက်သို့ ပြောင်းလဲသွားနိုင်မည်ဟုလည်း သူကဆိုပါတယ်။

အခုနှစ် ဧပြီလအတွင်းမှာ လူမှုရေးကိစ္စနဲ့ပါတ်သက်လို့ အမျိုးသမီးငယ်တချို့ကို အမျိုးသားတချို့က ဓား၊ ကတ်ကြေးစတဲ့ချွန်ထက်တဲ့အရာတွေနဲ့ ထိုးနှက်ခဲ့တဲ့မှုခင်းဖြစ်စဉ်တွေ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အမှု (၃)မှုအထိ ဖြစ်ပွားခဲ့ပါတယ်။

“ တိုက်ခိုက်ရေးပညာကို ငါနဲ့ မဆိုင်ဘူးလို့ မတွေးစေချင်ဘူး။ တိုက်ခိုက်ရေးပညာကို ပညာတရပ်လို သဘော ထားပြီး လူတိုင်းတတ်ထားသင့်တယ်။ အမျိုးသမီးတွေမို့ အိမ်တွင်းမှုလုပ်၊ စက်ချုပ်လောက်ပဲ သင်တာမျိုးနဲ့ လည်း မပြီးသွားစေချင်ဘူး”ဟု နန်းဆိုင်မွန်းက အမျိုးသမီးငယ်များကို တိုက်တွန်းလိုက်ပါတယ်။ “တိုက်ခိုက်တဲ့ ခုခံနိုင်တဲ့ ပညာတရပ် အမျိုးသမီးလူငယ်တွေကို တကယ်တတ်ထားစေချင်တယ်”

Related Articles