Home ဆောင်းပါး လူဦးရေထက်ဝက်ကျော်ကို ကိုယ်စားမပြုနိုင်သေးတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

လူဦးရေထက်ဝက်ကျော်ကို ကိုယ်စားမပြုနိုင်သေးတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

13612388_1092982904142475_2850244914226971398_n

Photo: BBC

ပိုးဝါ(ရန်ကုန်)။           ။

တစ်ခန်းလုံးအဖြူရောင်ဆေးသုတ်ထားတဲ့ ခန်းမကျယ်ကြီးတစ်ခုမှာ စစ်ယူဖောင်းဝတ် အမျိုးသားကြီးတွေ၊ မြန် မာဝတ်စုံဝတ်ဆင်ထားတဲ့အမျိုးသားတွေနဲ့ တိုင်းရင်းသားရိုးရာဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့အမျိုးသားတွေက သူတို့အတွက် သတ်မှတ်ထားတဲ့ထိုင်ခုံတွေမှာ ပေါ့ပေါ့ပါးပါးပုံစံနဲ့ထိုင်နေကြပါတယ်။

ဒီလိုထိုင်နေကြတဲ့နေရာမှာ တိုင်းရင်းသားဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးနှစ်ယောက်သုံးယောက်လောက်ကိုပဲ အမျိုးသားတွေကြားမှာ ထိုင်နေတာကို တွေ့ရပါတယ်။

သူတို့ကတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဒီလိုအစည်းအဝေးခန်းမထဲကို ရောက်နေကြတာပါ။

မြန်မာနိုင်ငံမှာ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ လူဦးရေစစ်တမ်းအရ အမျိုးသမီးဦးရေဟာ လူဦးရေရဲ့ထက်ဝက် ကျော်ဖြစ်နေပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့နေရာတွေမှာတော့ အမျိုးသမီး တွေရဲ့ပါဝင်မှုက (၁၀)ရာခိုင်နှုန်းတောင် မပြည့်ဘူးလို့ ဦးသိန်းစိန်အစိုးရ လက်ထက်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်တဲ့အချိန်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် ဦးဆောင်တဲ့ လက်ရှိအချိန်ထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆွေးနွေးနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)က ဗဟိုကော်မတီဝင် မိဆူးပွင့်က ပြောပါတယ်။

“ပထမအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ လက်နက်ကိုင်အဖွဲ့အစည်း(၈)ဖွဲ့က ကိုယ်စားလှယ်တွေ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေအားလုံးကို ကြည့်လိုက်ရင် အမျိုးသ မီးတွေ အင်မတန်မှနည်းတယ်။ ဒါတောင် ပါဝင်ထိုက်ပါ ဝင်သင့်သူများအစုအဖွဲ့မှာ အမျိုးသမီးတွေ ပြန်ပါလာ တာလည်းရှိသလို ဆွေးနွေးမယ့်အကြောင်းအရာအလိုက် အကျိုးဆောင်လုပ်ပေးဖို့အတွက် သီးသန့်ဖိတ်ခေါ် တာတွေရှိတယ်။ အဲဒါတွေအားလုံးပေါင်းလိုက်ရင်တောင်မှ (၁၀)ရာခိုင်နှုန်း မရှိပါဘူး” လို့ ပြည်ထောင်စုငြိမ်းချမ်း ရေး ဆွေးနွေးမှု ပူးတွဲကော်မတီဝင် မိဆူးပွင့်က ဆိုပါတယ်။

ဒီလိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ဆုံးဖြတ်ချက်ချနိုင်မဲ့နေရာတွေမှာ အမျိုးသမီးအနည်းဆုံး(၃၀)ရာခိုင်နှုန်း ပါဝင်ဖို့ ကို အမျိုးသမီးရေးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စကတည်းက တစိုက်မတ်မတ် တောင်းဆိုလာခဲ့ကြတာပါ။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်တဲ့အခါမှာ UN ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် ကမ္ဘာ့ ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်(၁၃၂၅)ကို လိုက်နာဖို့လိုပါတယ်။ အဲဒီဆုံးဖြတ်ချက်က အဓိက အချက် (၁၈)ချက်ရှိပြီး ပဋိပက္ခတွေကို တားဆီးကာကွယ်ရေး၊ စီမံခန့်ခွဲရေးနဲ့ အဖြေရှာရေးတွေမှာ အမျိုးသမီး ကိုယ်စားပြုမှုကို တိုးမြှင့်ရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းချက်တွေပါရှိပါတယ် ။

အမျိုးသမီးတွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့ နှစ်ဖက်စလုံးရဲ့ ထိပ်သီးခေါင်းဆောင်ပိုင်းတွေက စိတ်ဝင်စားမှုတွေရှိခဲ့ကြပေမဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာတွေမှာ အမျိုးသမီးတွေကို ထည့်သွင်းဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ပြောပါတယ်။

သူကပဲ ဆက်လက်ပြီး “တခါတလေလည်း အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားခေါင်းဆောင်တွေက သူတို့ ကိုယ်တိုင်မတက်ရောက်နိုင်တဲ့အခြေအနေမှာ အမျိုးသမီးကိုယ်စားလှယ်တွေကို အစမ်းသဘော လွှတ်ထားပေး တာတွေရှိတယ်။ သူတို့မှာ ဘာမှဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ အချက်အလက်တွေ စုပေးပြီး အဖွဲ့ကို ပြန်ပြောပြရတာ လောက်ပဲ။ နဖူးတိုက်ဒူးတိုက် အရေးကြီးပြီဆိုရင် အမျိုးသမီးတွေက ဆွေးနွေးပွဲတွေမှာ မပါလာတော့ဘူး။ ဘာ လို့လဲဆို ပါသင့်ပါထိုက်တယ်လို့ အဖွဲ့အစည်းက ယူဆထားတဲ့ အမျိုးသားခေါင်းဆောင်တွေက တန်းစီနေ တယ်” လို့ပြောပါတယ်။

ဒီလိုအခက်အခဲတွေရှိပေမဲ့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီး(၃၀)ရာခိုင်နှုန်းပါဝင်လာရေးကိုတော့ ဆက်လက်ကြိုးစားသွားမယ်လို့ဆိုပါတယ်။

“လူထုနဲ့ဆိုင်တဲ့အကြောင်းအရာတွေဆို အမျိုးသမီးတွေက ပိုပြီးဆွေးနွေးနိုင်မယ်။ နှစ်ဘက်ခေါင်းဆောင်တွေ ဆွေးနွေးပွဲ အရှိန်မြင့်လာတဲ့အချိန်တွေမှာ တင်းမာမှုတွေ ရှိလာရင်လည်း နှစ်ဘက်အမျိုးသမီးကိုယ်စားလှယ် တွေက ကြားဝင်ပေးနိုင်မယ်။ လမ်းတည့်ပေးနိုင်မယ်။ ဆွေးနွေးပွဲတွေ နောက်ပြန်မလှည့်အောင် ဆောင်ရွက်နိုင်  မယ်” လို့ ရဲဘော်မိဆူးပွင့်က သုံးသပ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံမတိုင်မှီ ပြုလုပ်မည်ဟု ပြောဆိုထားသည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ နိုုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်လည်သုံးသပ်မည့်လုပ်ငန်းစဉ်တွင် အမျိုးသမီးကိုယ်စား လှယ်များအနေဖြင့် သီးခြားအစုအဖွဲ့တစ်ရပ်အဖြစ် ပါဝင်နိုင်ရေး (သို့မဟုတ်) အမျိုးသမီးကိုယ်စားလှယ်များကို အစုအဖွဲ့တိုင်းက ပါဝင်မှုသေချာစေရေးကို အရေးကြီးအဆိုတစ်ရပ်အဖြစ် တင်သွင်းသင့်တယ်လို့ သူကဆိုပါ တယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးကိုယ်စားပြု ကိုယ်စားလှယ်တွေ ပါဝင်နိုင်ရေးကို တွန်းအားပေး ဆောင် ရွက်နိုင်ဖို့ အမျိုးသမီးအဖွဲ့တွေက တက်ကြွှလှုပ်ရှားနေကြပေမဲ့ အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေပါဝင်ရေး လုပ်ဆောင်တာတွေအပေါ်မှာလည်း အားလျော့မိတယ်လို့ ဆိုပါတယ်။

12744266_1126012574116779_1123813271556898881_n

Photo: Khin Ma Ma Myo (Facebook)

“အမျိုးသမီးကိုယ်စားလှယ်များ ကိုယ်စားပြုခွင့်ပေးရေး တောင်းဆိုဖို့ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးဆောင်ရွက် နေတဲ့ အဖွဲ့အစည်းတွေက စဉ်းစားနေတာရှိတယ်။ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာတော့ မသိဘူး။ နည်းနည်းလေးအားလျော့စရာရှိတာက အစိုးရသစ်က ထုတ်ဖော်ပြောဆိုထားတာ လူမှုအဖွဲ့အစည်းတွေကို သီးသန့်မျဉ်းပြိုင်ဖိုရမ်အနေနဲ့ လုပ်ပေးမယ်ဆိုတော့ အမျိုးသမီးအဖွဲ့တွေလည်း ငြိမ်းချမ်းရေးညီလာခံကြီးရဲ့ အပြင်ဖက်ကိုရောက်သွားမလား စဉ်းစားစရာရှိတယ် ”လို့ပြောပါတယ်။

“အမျိုးသမီးတွေကို ခွဲခြားဆက်ဆံချန်လှပ်ထားတယ်ဆိုရင်တော့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကို မလိုက် နာတဲ့အတွက် မီးမောင်းထိုးပြဖို့ လိုလာတော့မှာ ဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်မှုပိုနည်းသွား တယ်ဆိုရင် ရှေ့ညီလာခံမှာ (၃၀)ရာခိုင်နှုန်းလို့ အနည်းဆုံးလို့ သတ်မှတ်ထားရက်နဲ့ နည်းရတယ်ဆိုရင်တော့ ညီလာခံအဆင့်ဆင့် ဆုံးဖြတ်ချက်ကို မလေးမစားရာ ကျသွားမယ့်ကိစ္စဖြစ်ပါတယ်။ ဒါကတော့ ငြိမ်းချမ်းရေး actors တွေရဲ့ ဆုံးဖြတ်ချက်များအပေါ်လေးစားမှု အရည်အသွေးကိုပဲကြည့်ရတော့မှာဖြစ်ပါတယ်” လို့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေမှာ နည်းပညာအထောက်အကူပြု ပညာရှင်အဖြစ် ပါဝင်ဆောင်ရွက်နေတဲ့ နိုင်ငံရေး သုတေ သီ ဒေါ်ခင်မမမျိုးက သုံးသပ်ပါတယ် ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီး (၃၀) ရာခိုင်နှုန်းပါဝင်နိုင်ဖို့ကို မေ့လျော့ထားတာတွေက အစိုးရအနေနဲ့ စီဒေါ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကို နားလည်သဘောပေါက်မှု မရှိ သေးတဲ့အတွက်ကြောင့်လို့ ဒေါ်ခင်မမမျိုးက သုံးသပ်ပါတယ် ။

ဒီလိုအခက်အခဲတွေအပြင် လူမှုရေးဆိုင်ရာ အခက်အခဲတွေလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်နေတဲ့ အမျိုး သမီးတွေမှာ ရှိနေပါသေးတယ်။

“အမျိုးသမီးတွေပါလာရင် ကလေးတွေပါလာတဲ့အတွက် ကရိကထများတယ်ဆိုတဲ့အမြင်တွေလည်း ရှိကြတယ်။ ကလေးက အသက်သုံးနှစ်လေးနှစ်မဟုတ်ပေမဲ့ အမေနဲ့နေမှ အဆင်ပြေမဲ့ ကလေးတွေလည်းရှိတော့ ဒါမျိုးတွေ ကို ခေါင်းဆောင်တွေ နားလည်နိုင်ဖို့အလှမ်းဝေးနေပါသေးတယ်။ သူတို့က အိမ်မှာဘဲ အေးအေးဆေးဆေး ကလေးနဲ့နေပါလားလို့တောင် ထင်ချင်ထင်နေမှာ။ ဒီလိုအခက်အခဲတွေကြောင့် တော်ရုံတန်ရုံ စိတ်ဓါတ်မမာ တဲ့သူဆိုရင် မလာချင်တော့ဘူး” လို့ သမီးတစ်ယောက်မိခင်ဖြစ်တဲ့ ရဲဘော်မိဆူးပွင့်က ကြုံတွေ့နေရတဲ့ အခက် အခဲကိုလည်း ပြောဆိုပါတယ်။

ထို့အပြင် “လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်မှု၊ ကိုယ်စားပြုမှုနှင့် ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့်တွေမှာ အမျိုးသားတွေသာ ကြီးစိုးထားပြီး အမျိုးသမီးတွေအတွက် အခွင့်အရေးတွေနည်းပါးနေတယ်”လို့ ဒေါ်ခင်မမမျိုး က ပြောပါတယ် ။

“ဒါကတော့ peace infrastructure design နဲ့ဆိုင်ပါတယ်။ နောက်တစ်ခုကတော့ ဆွေးနွေးပွဲအတွင်းမှာ အသိ အမှတ်ပြုခံရမှု၊ လေးစားမှု၊ အားနည်းချက်တွေပါပဲ။ ဒါက ပါဝင်ဆွေးနွေးတဲ့အမျိုးသားတွေရဲ့သဘောထားနဲ့ ဆိုင်ပါတယ်။ နောက်ထပ်တစ်ခုက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ရတဲ့ အမျိုးသမီးတွေရဲ့ အခက်အခဲပါ။ ကလေးမိခင်တွေအတွက် ကလေးထိန်းဖို့ အခက်အခဲပါ။ ဒါကတော့ ညီလာခံရဲ့ ဝန်ဆောင်မှုတွေမှာ gender dimension ထည့်သွင်းစဉ်းစားထားမှု မရှိလို့ပါ”လို့ ဒေါ်ခင်မမမျိုးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီး တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပါတယ် ။

နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီး(၃၀)ရာခိုင်နှုန်း ပါဝင်နိုင်ရေးကို ကြိုးပမ်းနေသလိုပဲ အမျိုးသမီးနိုင်ငံရေး စွမ်းရည်မြှင့်သင်တန်းတွေကိုလည်း အမျိုးသမီးအဖွဲ့အစည်းတွေက တနိုင်တပိုင်ပေးနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အမျိုးသမီးများအတွက် နိုင်ငံရေးဘာသာရပ်တွေကို သီးသန့်သင်ကြားနိုင်မဲ့ နိုင်ငံရေးသင်တန်းကျောင်း တွေကတော့ မရှိသလောက်နည်းပါးနေသေးတယ်လို့ မိဆူးပွင့်က သုံးသပ်ပါတယ်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေပါဝင်နိုင်ရေးအတွက် စွမ်းရည်တည်ဆောက်ပေးတာ၊ ပညာ ပေးတာ၊ ကိုယ်စားပြုအရေးဆိုခြင်းတွေကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာလည်း stakeholder mapping analysis သေချာလုပ်ပြီး ဦးဆောင်သူတွေကို စနစ်တကျ အရေးဆိုမှုနဲ့ လှုံ့ဆော် စည်းရုံးမှုတွေကို လုပ်ဆောင်ရပါမယ်” လို့ ဒေါ်ခင်မမမျိုးက နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပါဝင် နိုင်ဖို့အတွက် အကြံပြုပါတယ်။

ထို့ပြင် “အမျိုးသမီးအဖွဲ့အစည်းတွေက နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ (၃၀)ရာခိုင်နှုန်းပါဝင်ခွင့်ရဖို့ တောင်းဆိုတဲ့ အခါမှာ အစိုးရ-လွှတ်တော်-တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် EAOs အစုအဖွဲ့အားလုံးမှာ ကိုယ့်အစုအဖွဲ့ အလိုက် အနည်းဆုံး (၃၀)ရာခိုင်နှုန်းရွေးချယ်တဲ့ voluntary quota system ကိုလည်း စတင်တောင်းဆိုသင့် တယ်”လို့ နိုင်ငံရေးသုတေသီ ဒေါ်ခင်မမမျိုးက အကြံပြုပါတယ် ။

၎င်းအပြင် လုပ်ထုံးလုပ်နည်းများအတိုင်းသာမက ဥပဒေကြောင်းအရပါ (၃၀)ရာခိုင်နှုန်းပါဝင်ခွင့်ကို ဆက်လက် ဦးတည်သင့်တယ်လို့လည်း ဆိုပါတယ် ။

အစိုးရသစ်အနေနဲ့ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံခေါ် (၂၁)ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ ကို ဆပ်ကော်မတီနှစ်ရပ်နှင့် ဖွဲ့စည်းသွားမည်ဖြစ်ကာ ငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်ထိုက်ပါဝင်သင့်တဲ့သူတွေ ပါဝင်ရေးကို ထည့်သွင်းရေးဆွဲသွားမယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာနရဲ့ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိကျင်းပနေတဲ့ မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံမှာတော့ WLB ခေါ် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ကို ကိုယ်စားလှယ်(၅)ဦး တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် အစိုးရနဲ့ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲတွေမှာတော့ အမျိုးသမီးကိုယ်စားလှယ်တွေ ဘယ်လောက်ပါဝင်နိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

Related Articles