Home ဆောင်းပါး ရှုံးပေမယ့် စိတ်ချမ်းသာပါတယ်

ရှုံးပေမယ့် စိတ်ချမ်းသာပါတယ်

DSC00056ကောကော်။ ရန်ကုန်။

“အမျိုးသားတွေက အဝမှာ တွယ်စီးတယ်၊ ရုံးချိန်မှာဆိုရင် ကားတံခါးတောင် ပိတ်လို့မရဘူး၊ အမျိုးသမီးတွေကတော့ တွယ်စီးမှာမဟုတ်ဘူး၊ ခြေနင်းခုံတောင် စီးမှာမဟုတ်ဘူး။”

ကားရဲ့ ရှေ့မှာ အမျိုးသမီးသီးသန့်ဆိုတဲ့ ဗီနိုင်းတပ်ထားသော်လည်း တချို့သော အမျိုးသားများမှာ ယောင်ပြီး ကားပေါ်ပြေးတက်သွားတာကိုလည်း တွေ့ရပါတယ်။ ယူနီဖောင်း ကိုယ်စီဝတ်ထားကြတဲ့ ဝန်ထမ်း အမျိုးသမီးများမှာ အလုအယက်တက်စရာမလိုပဲ တယောက်ပြီးတယောက် အေးအေးဆေးဆေး ကားပေါ်တက်လာနေကြပါတယ်။ ယာဉ်နောက်လိုက် အမျိူးသားများမှာ ချိုသာသော စကားသံဖြင့် ဆက်ဆံပြောဆိုနေပုံမှာလည်း စိတ်ချမ်းသာစရာ ကောင်းလှပါတယ်။

၃၁ အမျိုးသမီးခရီးသည် သီးသန့်ယာဉ်လိုင်းကို ၂၀၁၄ အောက်တိုဘာလ ၂၇ရက်နေ့မှာ စတင်ပြေးဆွဲခဲ့ပါတယ်။ ဂိတ်အစမှာ တောင်ဥက္ကလာ ဘေလီမှ စတင်ကာ ၃၁ ဂိတ်ဟောင်း- မေတ္တာလမ်း-ပဒေသာလမ်းဆုံ-၁၄၊ ၁၅လမ်းဆုံ-ရတနာလမ်းအတိုင်း ကျောက်ကုန်း-မှတ်တိုင်းရုံး- တာမွေဈေးဗလီ-အခွန်လွတ်ဈေး-ပလာဇာ -မင်္ဂလာဈေး-စက်ရုံလမ်းအတိုင်း ပုဇွန်တောင်ဈေး-လမ်း၅၀-စံပြအထိ ဂိတ်ဆုံးပြေးဆွဲလျက် ရှိပါတယ်။ အမျိုးသမီး အလုပ်သမား၊ ဝန်ထမ်း၊ ဈေးအလုပ်သမား အမျိုးသမီးများ အတွက်ကို ရည်ရွယ်ပြီး ပြေးဆွဲပေးကြောင်း သိရပါတယ်။

“၃၁ အမျိုးသမီးသီးသန့်ယာဉ်လိုင်းကို ပြေးဆွဲဖို့အတွက် ဒေါက်တာညိုညိုသင်းက ၂၀၁၃ လွှတ်တော် အစည်းအဝေးမှာ အဆိုကို  တင်ပြခဲ့တယ်။ ဝန်ကြီးချုပ်က အဲဒီအဆိုကို နိုင်ငံတော်ကြီး ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်ဆိုပြီး အကြောင်းပြကန့်ကွက်ခဲ့တယ်” လို့ ၃၁ အမျိုးသမီးယာဉ်လိုင်း ပိုင်ရှင်တွေ ပါဝင်လာအောင် စည်းရုံးပေးခဲ့သူ ဦးကိုကိုနိုင်က ပြောပြပါတယ်။

“အမျိုးသမီးတွေနဲ့ ပါတ်သက်ပြီး ကာအိန္ဒြေအတွက် ဒုက္ခရောက်တာကို ဦးတို့က ဟိုအရင်ကတည်းက တွေ့ခဲ့ဖူးတယ်။ ဒီတော့ ကာအိန္ဒြေ ထိပါးခံရတဲ့ အမျိုးသမီးတွေ ၊ စိတ်လုံခြုံမှု မရှိပဲ ရုံးတက်၊ရုံးဆင်း လုပ်နေရပြီး ကျပ်တည်းစွာ ရင်ဆိုင်နေရတဲ့ အမျိုးသမီးထုကြီးအတွက် ဒေါက်တာညိုညိုသင်းက ဦးဆောင်ပြီး တင်သွင်းခဲ့တာပါ” လို့  ဦးကိုကိုနိုင်က ပြောပါတယ်။
DSC00063
သို့သော် ဒေါ်ညိုညိုသင်းသည် ဒုတိယအကြိမ် ထပ်တင်သွင်းသော်လည်း ခွင့်ပြုချက် တစုံတရာမရှိခဲ့သဖြင့် အမျိုးသမီး သီးသန့်ယာဉ်လိုင်းသည် ၂၀၁၅ အစိုးရပြောင်းမှသာလျှင် အောင်မြင်တော့မည်ဟု ဂျာနယ်တစောင်တွင် ငြီးတွားနေသည်ကို ဦးကိုကိုနိုင်က တွေ့ရှိခဲ့သောကြာင့် အလွန်ပင် စိတ်မကောင်းဖြစ်မိကြောင်း သူက ပြောပါတယ်။

“ဒီအဆိုကြောင့် နိုင်ငံတော်ပုံရိပ်ကို ထိခိုက်တယ်ဆိုတာ ဦးက လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ နဂိုကမှ နုနယ်တဲ့ အမျိုးသမီးတွေ၊ အဲဒီကားကြပ်ကြီးကို တိုးတက်နေရတဲ့ဟာက သူရဲ့ ကာယသိက္ခာကို ထိခိုက်တယ်၊ ဒါကြောင့် ဦးက အမျိုသမီး သီးသန့်ယာဉ်လိုင်း ပြေးဆွဲရေး စီမံချက်ကို ရေးဆွဲပြီး ဒေါ်ညိုညိုသင်းနှင့်အတူ စီစဉ်ခဲ့တယ်”  လို့ ဦးကိုကိုနိုင်က ယာဉ်လိုင်းခွင့်ပြုမိန့်အတွက် စီမံခဲ့ရပုံကို ပြောပြပါတယ်။

“လုပ်ငန်းစီမံချက်က မနက်ပိုင်းရုံးတက်ချိန်နဲ့ ရုံးဆင်းချိန်တွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တိုးဝှေ့ပြီးတက်နေရတယ်။ ဒီအတွက် ရည်ရွယ်ပြီး လုပ်တယ်၊ ယာဉ်ကတော့ရှုံးမယ်။ အရှုံးနည်းအောင် ရုံးတက်ချိန်နဲ့ ရုံးဆင်းချိန်နှစ်ချိန်ကို ရွေးပြီး ပြေးဆွဲရတယ်။ ယာဉ်စီးခကိုတော့  ရန်ကုန်တိုင်းဒေသကြီးယာဉ်လိုင်းက ၅၀ ကျပ်ပဲ  သတ်မှတ်ပေးတဲ့အတွက်  ယာဉ်ပိုင်ရှင်များက အရှုံးခံပြီး ပြေးဆွဲပေးနေတယ်” လို့ ကိုကိုနိုင်က ယာဉ်ပိုင်ရှင်များရဲ့ အနစ်နာခံတဲ့အကြောင်း ပြောပြပါတယ်။

“အမျိုးသမီးသီးသန့်ကို ဦးတို့က ဝန်ဆောင်မှုပေးတာ၊ တကယ်တော့ ယာဉ်စီးခ ၂၀၀ ကျပ်ဆိုရင် ဘယ်အမျိုးသမီးမဆို ပေးတယ်၊ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေ စိတ်ချမ်းသာစွာနဲ့ပဲ ကားပေါ်မှာ အိပ်ပြီးတော့ လိုက်သွားလို့ရတယ်။ အမျိုးသမီးတွေကို နှောက်ယှက်တဲ့လူမှမရှိတာ”

ယဉ်ကျေးမှုဓလေ့အရလည်း ယာဉ်စီးခ ဆုံးရှုံးရကြောင်း သူကဆက်ပြောပါတယ်။

“အမျိုးသားတွေက အဝမှာ တွယ်စီးတယ်၊ ရုံးချိန်မှာဆိုရင် ကားတံခါးတောင် ပိတ်လို့မရဘူး၊ အမျိုးသမီးတွေကတော့ တွယ်စီးမှာမဟုတ်ဘူး၊ ခြေနင်းခုံတောင် စီးမှာမဟုတ်ဘူး။ ဒီတော့ ယာဉ်စီးခအတွက်တော့ လျော့နေမှာပဲ၊ အမျိုးသမီးတွေ ဦးတို့ကားကို ဘယ်လောက်ပဲစောင့်စီးစီး တွယ်မစီးဘူး” လို့ ကိုကိုနိုင်က ဝန်ဆောင်မှုတွေကို ရှင်းလင်းနေပါတယ်။

ဝန်ဆောင်မှုအတွက် အမျိုးသမီးတွေဘက်က ယာဉ်စီးခ ၂၀၀ ကျပ်ကောက်ခံဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ခွင့်မပြုသောကြောင့်  သမ္မတအထိတင်ရန် စီစဉ်ထားကြောင်း ပြောပါတယ်။

၁၉၉၅ ခုနှစ်ကစပြီး ၃၁ ယာဉ်လိုင်းကို စတင်တည်ထောင်ခဲ့သော ယာဉ်ပိုင်ရှင် ဦးအောင်သန်းမှာ ယာဉ်မောင်းဘဝကို ၁၉၉၂ ခုနှစ်ကတည်းက ဖြတ်သန်းခဲ့ရတဲ့အတွက် ခရီးသည် အမျိုးသမီးများ၏ ကြပ်သိပ်စွာ ယာဉ်တိုးစီးရခြင်းကို အမြဲတမ်းမြင်တွေ့နေရပြီး ယခုလက်ရှိ ယာဉ်ပိုင်ရှင် ဖြစ်လာသည့်အခါ ကိုယ်ချင်းစာပြီး ပြေးဆွဲရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောပါတယ်။

“ဟိုအရင်တုန်းကဆိုရင် ထိုင်ခုံရတဲ့ အမျိုးသားတွေက ကိုယ်ချင်းစာတရားနဲ့ အမျိုးသမီးတွေကြီးကြီးငယ်ငယ်  နေရာပေးကြတယ်။ ဒီခေတ်ပိုင်းကျတော့ အဲလိုမရှိကြတော့ဘူး၊ သူဦးသူထိုင်၊ ကိုယ်ဦးကိုယ်ထိုင်ပဲ။ စက်ရုံတွေမှာ အမျိုးသမီး အများစုက ဝင်လုပ်နေတာများတော့ ကားစီးတဲ့ နေရာမှာလည်း အမျိုးသမီးကများလာတယ်။ ဒါကြောင့် အမျိုးသမီးသီးသန့် ယာဉ်လိုင်းက လုပ်သင့်တယ်ထင်လို့ ဦးက ဝင်လုပ်တာ” လို့ ဦးအောင်သန်းက သူရဲ့ ခံယူချက်ကို ပြောပြပါတယ်။
DSC00059
အရှုံးခံပြီး ပြေးဆွဲရာတွင် နောင်တတစုံတရာမဖြစ်ကြောင်း သူကဆက်ပြောပါတယ်။

“ဒီလောက်လေးနဲ့လည်း ဦးတို့အနေနဲ့ ဘဝပျက်သွားလောက်အောင် ရှုံးတဲ့ အနေအထားမျိုးလည်း မဟုတ်ပါဘူး။ လက်ရှိဝင်ငွေ လျော့သွားတာပဲရှိတယ်”  လို့ ဦးအောင်သန်းက ပြောပါတယ်။

အမျိုးသမီး ယာဉ်နောက်လိုက်အတွက်ကိုလည်း နောက်ပိုင်းတွင် ရှိလာနိုင်ကြောင်းနှင့် တိုးတက်လာသော အခြေနေကြောင့်လည်း ယာဉ်နောက်လိုက် မလိုပဲ ကဒ်ပေးစီးစနစ်တွေလည်း ရှိလာနိုင်ကြောင်း သူရဲ့ မျှော်လင့်ချက်ကိုလည်း ပြောပြသွားပါတယ်။

၃၁ အမျိုးသမီးသီးသန့် ယာဉ်လိုင်းတွင် ယာဉ်နောက်လိုက် သက်တမ်း ၁နှစ်ကျော်ရှိပြီဖြစ်တဲ့ ဇော်မင်းသန့်က အမျိုးသားတွေပါသော ခရီးနှင့် အမျိုးသမီးသီးသန့် မှာ တော်တော်ကွာခြားကြောင်း ပြောပါတယ်။

“အရင်တုန်းကဆိုရင် မှတ်တိုင်တွေ အကုန်ရပ်ပေးရတယ်၊ လူတင်လူချလုပ်ရတယ်။ အခုချိန်ဆိုရင် အမျိုးသမီးတွေက ရုံးချိန်အတွက်နဲ့ တာမွေ၊ ယုဇနပလာဇာ အထိကို တောက်လျှောက်မောင်းရတော့ သက်သာတယ်။ အမျိုးသမီးသန့်သန့်မို့လို့ အစ်မရေ ရှေ့နည်းနည်းလေးတိုးပေးပါ ဆိုပြီး ပြောရတာပဲရှိတယ်”

သူရဲ့ လုပ်ငန်းမှာ ပင်ပန်းမှု သက်သာကြောင်းကို ဖော်ပြပါတယ်။ ထို့အပြင် အမျိုးသမီး အချင်းချင်းကြားတွင်လည်း ပိုပြီးနားလည်မှုရှိကာ ကားစီးရာတွင် အဆင်ပြေကြောင်းနှင့် ယာဉ်နောက်လိုက်အတွက် ပြောဆိုဆက်ဆံသည့်အခါတွင် ပိုပြီး ယဉ်ကျေးလာကြောင်း သူက ခရီးသည် အမျိုးသမီးနှင့် ယာဉ်နောက်လိုက်ကြား ဆက်ဆံရေးကို ပြောပြပါတယ်။

Related Articles