စစ်ကောင်စီလမ်းကြောင်းမှ လူသားချင်းစာနာမှုအကူအညီပေးခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ်အား အရပ်ဘက်နှင့် အမျိုးသမီးအဖွဲ့များ ဝေဖန်
ဒေဝီ
အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Ma. Theresa P. Lazaro က စစ်ကောင်စီထိန်းချုပ်ရာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ သွားရောက်ပြီး စစ်ကောင်စီလမ်းကြောင်းမှ တဆင့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ခဲ့ခြင်းသည် အာဆီယံ၏ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဒေသတွင်းလုပ်ငန်းစီမံချက် (ASEAN RPA-WPS) ပါ ကတိကဝတ်များနှင့် ဆန့်ကျင်နေကြောင်း မြန်မာ့အရပ်ဘက်နှင့် အမျိုးသမီးအဖွဲ့အစည်းများက ဝေဖန်လိုက်သည်။
တဖက်တွင်လည်း နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပနေသည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တက်ရောက်ခွင့်မပေးရန် ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ခြင်းကို မြန်မာ့အမျိုးသမီးအဖွဲ့အစည်းများက ကြိုဆိုခဲ့ကြသည်။ ယင်းဆုံးဖြတ်ချက် သည် စစ်အုပ်စုအား ဒေသတွင်းတွင် တရားဝင်မှုမပေးသင့်ကြောင်း ပြတ်သားစွာ ဖော်ပြခြင်းဖြစ်သော်လည်း စစ်ကောင်စီမှတဆင့် အကူအညီပေးအပ်ခဲ့ခြင်းမှာ အာဆီယံ၏ မူဝါဒကတိကဝတ်များကို လက်တွေ့ အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ထောက်ပြသည်။
WPS ဆိုင်ရာ အာဆီယံ ဒေသတွင်းလုပ်ငန်းစီမံချက်၏ မဟာဗျူဟာမြောက် ရလဒ် (၆) အောက်တွင် အာဆီယံ သည် လုပ်ငန်းအကောင်အထည်ဖော်မှုကို ညှိနှိုင်းဆောင်ရွက်ရန်၊ တိုးတက်မှုများကို စောင့်ကြည့်အစီရင်ခံရန်နှင့် အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကြံပြုချက်များ အပါအဝင် ညှိနှိုင်းတိုင်ပင်မှု အထောက်အထားများအပေါ် အခြေခံ၍ ၎င်း၏ ချဉ်းကပ်ပုံကို ပြုပြင်ပြောင်းလဲရန် ယန္တရားများ ထူထောင်သွား ရန် ကတိပြုထားသည်။
အမျိုးသမီး၊ မိန်းကလေးငယ်၊ LGBTQIA+ အသိုင်းအဝိုင်းနှင့် မသန်စွမ်းသူများအပါအဝင် အရပ်သားပြည်သူများ အပေါ် ပြင်းထန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်နေသည့် စစ်အုပ်စုသည် လူသားချင်းစာနာမှု အကူအညီများကို လက်နက်သဖွယ် အသုံးချနေကြောင်း အမျိုးသမီးအဖွဲ့များ က ထောက်ပြထားသည်။
သို့ဖြစ်ရာ အကူအညီများကို စစ်ကောင်စီလမ်းကြောင်းမှတဆင့် မပေးဘဲ မြေပြင်ရှိ အမျိုးသမီး ဦးဆောင်သော အဖွဲ့အစည်းများ၊ ဒေသခံကူညီရေးအဖွဲ့များနှင့် နယ်စပ်အခြေစိုက် တိုင်းရင်းသား ကျန်းမာရေးနှင့် လူသားချင်း စာနာမှုအဖွဲ့များမှတဆင့် လိုအပ်နေသူများထံ တိုက်ရိုက် ပေးအပ်ရန်လည်း တောင်းဆိုထားသည်။
ထို့အပြင် မြန်မာနိုင်ငံကိုယ်စားပြုမှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသား အုပ်ချုပ်ရေး အဖွဲ့အစည်းများဘက်သို့ ပြောင်းလဲအသိအမှတ်ပြုရန်၊ ဖက်ဒရယ်ယူနစ်များမှ အမျိုးသမီးများနှင့် အရပ်ဘက် အဖွဲ့အစည်းများကို ပုံမှန်ဆွေးနွေးတိုင်ပင်ရန်နှင့် ဒေသတွင်းတိမ်းရှောင်နေရသည့် အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများအတွက် ကာကွယ်ရေးယန္တရားများ ဖော်ဆောင်ပေးရန်တို့ကိုလည်း တောင်းဆိုထားသည်။
ယင်းတောင်းဆိုချက်များပါဝင်သည့် အိတ်ဖွင့်ပေးစာကို Myanmar Women, Peace and Security Alliance နှင့် မိတ်ဖက်အဖွဲ့အစည်း ၁၂ ဖွဲ့က နိုဝင်ဘာ ၁၅ရက်စွဲဖြင့် ပေးပို့ခဲ့ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရသူများကို ကူညီရေးနှင့် အမျိုးသမီးဦးဆောင်သည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ရေရှည်ရန်ပုံငွေ တိုက်ရိုက် ပံ့ပိုးပေးရေးတို့ကိုလည်း တောင်းဆိုခဲ့သည်။




