စစ်ဝါဒ၊ ဖိုဝါဒ၊ အာဏာရှင်မှန်သမျှတိုက်ထုတ်ကြ
//Advertorial//
လူပုဂ္ဂိုလ်တဦးတယောက် (သို့မဟုတ်) လူအုပ်စုတစု၏ မတူညီသောကိုယ်ပိုင်ဝိသေသလက္ခဏာများ (Identities)၊ ဥပမာ – အမျိုးသား/အမျိုးသမီး(ကျား-မ)ဖြစ်မှု (Gender)၊ လူမျိုး (Race)၊ လူမှုစီးပွားအလွှာ (Class)၊ လိင်စိတ်တိမ်းညွတ်မှု (Sexuality) နှင့် မသန်စွမ်းဖြစ်မှု (Disability) စသည်တို့သည် သီးခြားစီ မဟုတ် ဘဲ အပြန်အလှန်ယှက်နွယ်နေပြီး မတူကွဲပြားမှုများအခြေခံသည့် ဖိနှိပ်မှုများကို ထပ်လောင်းစုဆုံမှုပြုစေသည်ကို Intersectionality ဟု သတ်မှတ်ခေါ်ဝေါ်လာကြသည်။
အလွှာပေါင်းစုံဖိနှိပ်မှုဆုံရပ်၊ တနည်းအားဖြင့် မတူကွဲပြားမှုများ ထပ်လောင်းစုဆုံခြင်းဟုလည်း ခေါ်ဆို သုံးနှုန်းလာကြသည့် Intersectionality သည် ၂၁ ရာစု ဖီးမင်းနစ်လှုပ်ရှားမှု၏ အရေးပါသော အယူအဆတရပ်ကို သယ်ဆောင်လာသည်။ ထိုအယူအဆသည် လူတဦးတယောက်ချင်းစီနှင့် လူအုပ်စုများ၏ မတူကွဲပြားသည့် အခြေအနေများအပေါ် ပုံစံပေါင်းစုံဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံမှုတို့ ထပ်ဆင့်တည်ရှိနေခြင်းကို အသိအမှတ်ပြု သည်။ လူမျိုး၊ ဘာသာ၊ အဆင့်အတန်း၊ ကျားမ – ဂျဲန်ဒါသတ်မှတ်မှု၊ လိင်စိတ်ခံယူမှု၊ မသန်စွမ်းမှု စသဖြင့် မတူ ကွဲပြားစွာ တည်ရှိနေသော အခြေအနေများတွင် ပိုမိုဖိနှိပ်မှုဖြစ်စေသည့် ပါဝါတည်ဆောက်မှုနှင့် အခွင့်ထူးခံမှု စနစ်များကို ဖော်ထုတ်၍ အားလုံးလွှမ်းခြုံသည့် စနစ်သစ်တရပ် ပြောင်းလဲတည်ဆောက်ရေးသို့ ဦးတည်သည်။
ယနေ့ကာလ အတွေးအခေါ်တော်လှန်ရေးကြီးသည် စစ်တပ်တခုတည်းကို တိုက်ပွဲဝင်ခြင်းထက် ပိုမိုလေးနက်ပြီး မတရားမှုများဖြင့် နှစ်ကာလတာရှည် အခိုင်အမာကာရံတည်ဆောက်ထားသည့် စနစ်ကြီး တခုလုံးကိုဖြိုချရန် တိုက်ပွဲဝင်ခြင်းဖြစ်သည်။ တိုင်းပြည်၏ အနာဂတ်ငြိမ်းချမ်းသာယာ၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ် တည်ဆောက်နိုင်ရေးအတွက် “စစ်ဝါဒ၊ ဖိုဝါဒ၊ အာဏာရှင်မှန်သမျှ တိုက်ဖျက်ကြ”ဟူသည့် ကြွေးကျော်သံသည် တပွဲတိုးအောင်ပွဲကို ငြင်းပယ်လျှက် စနစ်ပြောင်း ရည်မှန်းချက်ပန်းတိုင်သို့ အစဉ်တစိုက်ချီတက်နေမည်ဖြစ်သည်။
စစ်ဝါဒနှင့် ဖိုဝါဒတို့ အစဉ်ယှဥ်တွဲနေခြင်းကို သတိပြုလျက် စစ်အာဏာရှင်စနစ် အပြီးသတ်ချေမှုန်းရေး နှင့်အတူ အတွေးအခေါ်ဟောင်းများကို အပြီးတိုင်စွန့်လွှတ်ပြီး တိုင်းရင်းသားများ၏ နိုင်ငံရေးတန်းတူမှု၊ အမျိုး သမီးများ၏ နိုင်ငံရေးတန်းတူမှုတို့နှင့်အတူ ဖယ်ကျဥ်ထားခြင်းခံရသူ လူအုပ်စုအလိုက် နိုင်ငံရေးအရ တန်းတူ အသိအမှတ်ပြုခံပိုင်ခွင့် စသည့်အခြေခံအခွင့်အရေးများ မလွဲမသွေရရှိရေးသည်သာ ဤအတွေးအခေါ် တော်လှန် ရေးကြီး၏ ခရီးဆုံးပန်းတိုင်ဖြစ်ပေသည်။











