အမျိုးသမီးတစ်ဦး သန္ဓေတားဆေးနှင့်ကွန်ဒုံးကိုင်ထားပုံ

“သားဆက်ခြားဖို့တောင် ရုန်းကန်နေရတဲ့ မြန်မာအမျိုးသမီးတွေ”

ဒေဝီ

ဆိုင်မှာ အထည်လာအပ်နေကျ ဖောက်သည်တဦးက မုန့်ဖိုးပေးသွားတဲ့အတွက် ဆိုင်ကလုပ်ဖော်ကိုင်ဖက် ညီမလေးတွေပျော်ပျော်ရွှင်ရွှင်နဲ့  မုန့်စားဝယ်ဖို့ သွားကြပေမယ့် မအေးသူကတော့ ရတဲ့ မုန့်ဖိုး ၅ထောင်ကို  ပိုက်ဆံအိတ်ထဲထည့်သိမ်းလိုက်ရင်း ချုပ်လက်စအင်္ကျီကြယ်သီးကို ထိုင်တပ်ပြီး ကျန်နေရစ်ခဲ့ပါတယ်။

တကယ်တော့ ငွေ ၅‌ထောင်က မများပေမယ့် မအေးသူတယောက်  အဲဒီငွေကို စိတ်ကြိုက်သုံးလို့ မရပါဘူး။  ကလေးတွေရဲ့ မုန့်ဖိုးအတွက် ချန်ထားရသလို နောက် ၄ရက်အကြာ ဆေးခန်းသွားပြီး ၃လ ၁ကြိမ် ထိုးရတဲ့ သန္ဓေတားဆေး ထိုးဖို့အတွက်လည်း ငွေဖယ်ထားရပါတယ်။ 

မိသားစုစီမံကိန်းမှာ ကလေးဘယ်နှစ်ယောက်ယူမလဲ၊ ဘယ်အချိန်မှာ သားဆက်ခြားမလဲဆိုတာ အမျိုးသမီးတွေရဲ့ အခြေခံအခွင့်အရေးဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ စီးပွားရေးကျဆင်းမှုနဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် စီးပွားရေး အကျပ်အတည်း၊ ကုန်ဈေးနှုန်း မြင့်တက်မှုနဲ့ ကျန်းမာရေးဝန်ဆောင်မှုလက်လှမ်းမမှီတာ တွေကြုံနေရပါတယ်။ အိမ်စားဖို့ ဆန်နဲ့ဆီဝယ်ရ တာတောင် ချင့်ချိန်နေရတဲ့အချိန်မှာ ကိုယ်ဝန်မရအောင် တားဆေးအသုံးပြုဖို့အတွက်ပါ ငွေကြေးကို တွက်ချက် နေရတာက မအေးသူတယောက်တည်းရဲ့ ပြဿနာမဟုတ်ပါဘူး။

ပဋိပက္ခဒေသက အမျိုးသမီး တွေလောက် ဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်နေရတာ မဟုတ်ပေမယ့် ဒေါပုံ မြို့နယ်မှာနေထိုင်တဲ့ ကလေး ၂ဦး မိခင် မအေးသူအပါအဝင် မြို့ပြဒေသက ဝင်ငွေနည်းအမျိုးသမီးတွေမှာ  နောက်ထပ်ကိုယ်ဝန်မရအောင် သားဆက်ခြားဖို့က ဝန်ထုတ်တခုလို ဖြစ်လာနေပါတယ်။

နေ့စဥ်သောက်ရတဲ့ တားဆေး ဆေးကဒ်စျေးနှုန်းတွေဟာ  အာဏာမသိမ်းခင်ကာလကတုန်းက အမျိုးအစား အလိုက် ငွေကျပ် ၈၀၀ ကနေ ၁သောင်းကျပ် ဝန်းကျင်သာရှိရာက လက်ရှိမှာ ၅,၀၀၀  ကနေ ၅၀,၀၀၀ ဝန်းကျင် အထိ ရှိလာပါတယ်။ စျေးအသက်သာဆုံးတားဆေးတကဒ် ,၀၀၀ ကျပ်ဝန်းကျင်က အခြေခံ လူတန်းစားတွေ စားတဲ့အနိမ့်ဆုံး ဆန်ကြမ်းတပြည်စျေးနှုန်းဖြစ်တဲ့အတွက် ပုံမှန်ဝင်ငွေရှိတဲ့ သူတွေအဖို့ မသိသာပေမယ့် သာမန် လက်လုပ်လက်စား မိသားစုတွေမှာတော့ ချင့်ချိန်သုံးစွဲရတဲ့အခြေအနေဖြစ်လာတယ်။

ရှိပြီးသားကလေးတွေအတွက်တောင် တခြားကလေးတွေနည်းတူ လိုချင်တာ ဝတ်ချင်တာ မဝယ်ပေးနိုင်၊ လူတန်းစေ့အောင် မထားနိုင်တဲ့အချိန် ကိုယ်ဝန်ရှိရင် အလုပ် မလုပ်နိုင်မှာရော၊ နောက်ထပ်ကလေးတွေရှိလာရင် ကြီးပြင်းအောင်ကျွေးမွေးဖို့ရော စိုးရိမ်ရတဲ့အတွက်  အသက် ၄၀ အရွယ် မအေးသူဟာ ကလေးထပ်မရချင်တော့ ပါဘူး။

အထည်ဆိုင်တခုမှာ ချုပ်ထည်ဝန်ထမ်းအဖြစ် လုပ်ကိုင်တဲ့ သူ့အတွက် လစာ ၄ သိန်းကျော်က ဘယ်လိုမှ မလောက်ငှ။ သူတို့မိသားစု ၄ယောက်အပြင်၊  မောင်ဖြစ်သူ လင်မယားနဲ့ပါ စုပေါင်းနေထိုင်ရတဲ့ သူတို့အိမ်မှာ လစဥ်ပုံမှန်ဝင်ငွေရတာက သူတဦးတည်း ဆိုတော့ လတိုင်း အကြွေးသံသရာလည်နေရပါတယ်။

နေ့စားအလုပ်သမားဖြစ်တဲ့ ခင်ပွန်းဖြစ်သူကလည်း အလုပ်မရှိတဲ့နေ့တွေက များလာတော့ ကလေးတွေရဲ့ ကျောင်းစရိတ်၊ မုန့်ဖိုးနဲ့ တခြားအသုံးစရိတ်တွေပေးပြီးရင် လက်ထဲ ပိုက်ဆံက မရှိသလောက်ပဲ။ ဒီ့အတွက်လည်း  သေရေးရှင်ရေးမှ မဟုတ်ရင် ဆေးရုံဆေးခန်းသွားဖို့ မစဉ်းစားနိုင်ဘူးလို့ မအေးသူကပြောပါတယ်။

သူဟာ နောက်ထပ်ကိုယ်ဝန်မရအောင် သန္ဓေတားဆေးကဒ်ပုံမှန် ဝယ်သုံးပေမယ့် နောက်ပိုင်းမှာ  ဆေးက ပစ္စည်း ပြတ်ပြီး၊ စျေးကလည်း တက်လာတာကြောင့် တလတခါ ကုန်ကျမယ့်အစား ဆေးထိုးတာ အကုန်အကျ သက်သာတဲ့အတွက်  ၃လခံဆေးထိုးပြောင်းထိုးတာ ၂ နှစ်နီးပါး ရှိနေပြီ လို့ဆိုပါတယ်။

ဒီနောက်ဆက်တွဲအနေနဲ့ အခြေအနေအရ မလိုချင်သေးတဲ့ ကိုယ်ဝန်ဆောင်ရတာ၊ မိသားစုမှာ စီးပွားရေးနဲ့ လူမှုရေးဖိအားဖြစ်လာတာ၊ မိခင်နဲ့ကလေးကျန်းမာရေး အန္တာရာယ်တွေကြုံလာမှာ စိတ်ပူပန်ရတယ်လို့ အမျိုးသမီးအရေးနဲ့ မျိုးဆက်ပွားကျန်းမာရေး လုပ်ဆောင်သူတွေကဆိုကြပါတယ်။

မအေးသူလိုပဲ လူမှုစီးပွားအကြပ်အတည်းတွေကြား နောက်ထပ်ကလေးထပ်ရလာမှာကို ပူပန်ရသူက ကလေး ၂ဦးမိခင် မဆွေအေးပါ။

စီးပွားရေးကြပ်တည်းပြီး အလုပ်အကိုင်တွေမကောင်းချိန်၊ ရတဲ့ဝင်ငွေက အိမ်ငှားခ၊ စားဝတ်နေရေး၊ ကလေး ပညာရေး စရိတ်တွေမှာပဲ မဖြစ်မနေ သုံးနေရတဲ့အတွက် ကလေးနောက် တယောက်ရှိလာရင် ပိုကြပ်တည်း လာဖို့ပဲ ရှိတော့တယ်လို့  ဒဂုံဆိပ်ကမ်း မြို့နယ်မှာနေတဲ့ ကလေး ၂ဦးမိခင် အသက် ၂၈နှစ်အရွယ် မဆွေအေးက ပြောပါတယ်။

“အလုပ်မရှိတဲ့နေ့ စားဖို့တောင် မနည်းလုပ်နေရချိန်မှာ ဒီကိစ္စ(သားဆက်ခြား)ဖို့လည်း တမျိုးပေါ့၊ ဆေးကဒ်ဝယ်ဖို့ အတွက် တခါတလေဆို  ပိုက်ဆံက လက်ထဲမှာ အလွယ်တကူ ရှိမနေဘူး“လို့ သူကပြောပါတယ်။

ဒီလိုအမျိုးသမီး မျိုးဆက်ပွားကျန်းမာရေးကိစ္စတွေက သူတဦးတည်းတင် ကြုံရတာတော့မဟုတ်ပါဘူး။ သူ့ပတ်ဝန်းကျင်က တခြားအိမ်ထောင်သည်တွေမှာလည်း တားဆေးထိုးဖို့ ပိုက်ဆံမရှိတာ၊ သောက်နေကျ တာ‌ဆေးက စျေးတက်လို့ စျေးနည်းတဲ့ ဆေးပြောင်းသောက်ရတာ၊ အိမ်ထောင်မရှိတဲ့အပျိုလေးတွေဆိုရင်လည်း လစဥ်သုံးပစ္စည်းတောင် အထုတ်လိုက်မသုံးနိုင်လို့ တခုချင်းစီဝယ်သုံးနေရတာလည်းရှိတယ်လို့ မဆွေအေးက ပြောပါတယ်။

“တချို့အိမ်ထောင်သည်တွေလည်း  ဆေးထိုး(တားဆေး)ရက်ရောက်လို့ ပိုက်ဆံမရှိရင် ဟိုဟိုဒီဒီဆီက ချေးပြီးမှ သွားထိုးရတယ်”လို့ မဆွေအေးက ပြောပါတယ်။

UNFPAရဲ့ ထုတ်ပြန်မှုအရ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်သူ ၁၆ သန်းကျော်ရှိပြီး၊ အမျိုးသမီးနဲ့ မိန်းကလေးသန်းပေါင်းများစွာက မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုနဲ့ ကျား/မ အမခြေပြု အကြမ်းဖက်မှု ကာကွယ်ရေးတွေ လိုအပ်နေတယ်လို့ဖော်ပြထားပါတယ်။

ဒါ့အပြင်ငလျင်၊ ပဋိပက္ခနဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် ကျန်းမာရေးဌာနတွေ ပျက်စီးတာ၊ သွားလာရေး အခက်အခဲ၊ သားဆက်ခြားဆေးဝါး အပါအဝင် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေ ပြတ်လပ်တာကြောင့် အမျိုးသမီးတွေ ဝန်ဆောင်မှုရယူနိုင်ဖို့ ပိုမိုခက်ခဲလာတယ်လို့  ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာအကူအညီနဲ့လုပ်ဆောင်တဲ့ နေအရည်အသွေးပြည့်ဆေးခန်း၊ မာရီစတုပ်စ် မြန်မာ စတာတွေက မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေ ငှက်ဖျား၊ တီဘီ နဲ့ HIV  ရောဂါတွေကို အခမဲ့ ကုသပေးတာ၊ စျေးနှုန်းသက်သက်သာသာနဲ့ ဝန်ဆောင်မှုပေးတာ၊ ကွင်းဆင်းလုပ်ဆောင်ပေးတာတွေရှိခဲ့ပါတယ်။

ဒါပေမဲ့  အာဏာသိမ်းပြီးနောက်ပိုင်းမှာ မျိုးဆက်ပွား ကျန်းမာရေး လုပ်ဆောင်တဲ့အဖွဲ့တချို့ရပ်နားတာ၊ အဖွဲ့အစည်းတချို့က ဆက်လက်ဝန်ဆောင်မှုပေးနေပေမယ့် အရေအတွက် လျော့ကျလာတဲ့အတွက် ကျေးလက်နဲ့ ရပ်ကွက်တွေအထိ ကွင်းဆင်းဆောင်ရွက်တာတွေ လျော့နည်းသွားတယ်လို့  မျိုးဆက်ပွား ကျန်းမာရေး နယ်ပယ် မှာ လုပ်ကိုင်နေသူတွေက ပြောပါတယ်။

“အန်ဂျီအိုအများစု Shrink(လုပ်ငန်းဆောင်ရွက်မှုတွေ ကျဆင်းလာ) သလို အလုပ်လက်မဲ့ များလာတာ၊ စီးပွားရေး ကျဆင်းတာတွေကြောင့် မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှု ရရှိမှုက အရင်ထက် လျော့လာတာ အမှန်ပါပဲ” လို့ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းတွေမှာလုပ်သက် အတွေ့အကြုံ ၁၂နှစ် ရှိတဲ့ ဒေါက်တာ ကယ်ဗင် က ပြောပါတယ်။ 

တခြားအကြပ်အတည်းတခုအနေနဲ့ဆေးနဲ့ ဆေးပစ္စည်းတွေ အရင်လို တင်သွင်းလို့ မရတာကြောင့်လည်း ပုဂ္ဂလိက ဆေးခန်းတွေမှာဝန်ဆောင်မှုကျတာ ဈေးပိုကြီးလာတာတွေ ရှိနိုင်ပါတယ် လို့ သူကဆက်ပြောတယ်။

မြို့နယ်အများစုက အထွေထွေရောဂါကု ဆေးခန်းတွေမှာ သားဆက်ခြားဝန်ဆောင်မှုတွေပေးနေတဲ့ “နေ ဆေးခန်း” တွေက  ၂၀၂၂ ကတည်း မရှိတော့တာလို့ ဒေါပုံနဲ့ သာကေတမြို့နယ်တွေမှာ ဖွင့်လှစ်ခဲ့တဲ့ ဆေးခန်းအချို့ ထံက သိရပါတယ်။

 “နေ(ဆေးခန်း)က မရှိတာကနည်းနည်းကြာပြီ၊ ရှိမယ်ဆိုရင်လည်း အရင်စျေးနှုန်းနဲ့ မရလောက်တော့ဘူး”လို့ သာကေတမြို့နယ်မှာ ဆေးခန်းဖွင့်လှစ်ထားတဲ့ အထွေထွေရောဂါကု ဆရာဝန်တဦးကပြောပါတယ်။

အာဏာမသိမ်းခင်ကာလတွေကတော့ နေဆေးခန်းဝန်ဆောင်မှုရတဲ့ ရပ်ကွက်ဆေးခန်းမှာ ၃လခံဆေးလို့ခေါ်တဲ့ ၃ လတကြိမ်ထိုးနှံရတဲ့ သန္ဓေတားဆေးအတွက် ကျသင့်ငွေက ၁၅၀၀ ကျပ်ကနေ ၃ထောင်ကျပ် ဝန်းကျင်ပဲ ရှိခဲ့ရာ ကနေ “နေဆေးခန်း” ဝန်ဆောင်မှုမရတဲ့နောက် လက်ရှိအချိန်မှာ သာမန်စျေးနှုန်းအတိုင်း ၇,၀၀၀ ကျပ် ကနေ တသောင်းခွဲအထိ ကျသင့်လာတယ်လို့ အထွေထွေရောဂါကု ဆရာဝန်အချို့နဲ့ အမျိုးသမီးအချို့ကပြောပြ ပါတယ်။

မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ မာရီစတုတ်ကတော့ မြို့နယ်အချို့မှာ ပုံမှန်ဝန်ဆောင်မှု အတိုင်း သားဆက်ခြားနည်းတွေဖြစ်တဲ့ Implant (လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း) ၊ IUD( သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း) လုပ်ဆောင်တာတွေ ရှိနေပြီး၊ လက်မောင်းတွင်းထည့်တဲ့ နည်းလမ်းကတော့ ၃နှစ်၊ ၅နှစ် စသဖြင့် နှစ်ကာလပေါ်နဲ့  ပစ္စည်းပေါ်မူတည်ပြီး ကျပ် ၁သိန်းကနေ ၂သိန်းကျော် ကျသင့်တယ်လို့ သိရပါတယ်။

ခေတ်ကာလအခြေအနေအရ ပုံမှန်ဝင်‌ငွေရှိတဲ့ မိသားစုတွေမှာတောင် သားသမီးယူဖို့ အဖက်ဖက်က စဉ်းစားရချိန် မှာ ကျန်းမာရေးအသိပညာအားနည်းပြီး ဝင်ငွေနည်းပါးတဲ့ မိသားစုတွေအတွက်  သားဆက်ခြားဆေးဝါးတွေ လူတိုင်းသုံးဖို့ ခက်ခဲလာတာကြောင့် နောက်ဆက်တွဲအကြပ်အတည်းတွေကြားမှာ ပိုရုန်းကန်နေကြရပါတယ်။

မျိုးဆက်ပွားကျန်းမာရေးနဲ့ သားဆက်ခြားနည်းလမ်းတွေနဲ့ပတ်သက်ပြီး အရင်ကတည်းက နားလည်သဘော ပေါက်ကြသူတွေက နည်းပါးတဲ့အတွက် ဆင်းရဲတဲ့ မိသားစုတွေမှာ ကလေးမွေးနှုန်းများနေရာကနေ လက်ရှိ အချိန်လို စီးပွားရေးကြပ်တည်းတဲ့ကာလမှာ ပိုပြီးတော့ ထိန်းချုပ်ရခက်မယ်လို့ အိမ်ထောင်သည် တဦးဖြစ်တဲ့ ကိုထက်ကပြောပါတယ်။

 “ကျနော်နေတဲ့ရပ်ကွက်မှာတင် ကလေးတွေတသီနဲ့ အလုပ်မယ်မယ်ရရ မရှိတာတွေများနေတာ၊ သားဆက်ခြားဖို့ တောင် မသိကြတာ၊ အခုလိုကြပ်တည်းတဲ့အချိန်ဆို ပိုဆိုးမှာ “လို့ ကိုထက်က ပြောတယ်။

ဒီခေတ်ကာလမှာတော့ ကလေးယူပြီး ကြီးပြင်းအောင် စောင့်ရှောက်ဖို့ဆိုတာ အိမ်ထောင်သည်တွေအတွက် စိန်ခေါ်မှု တခုလိုပဲလို့သူကဆိုတယ်။  ကလေးမွေးစရိတ်ကစလလို့ ကျောင်းတက်မယ့်အရွယ်ထိ စောင့်ရှောက်ဖို့ အတွက်က ဒီခေတ်လို ရုပ်ပိုင်းရောစိတ်ပိုင်းဆိုင်ရာပါကြပ်တည်းတဲ့ကာလမှာတော့ ရေရှည် စဥ်းစားစရာကိစ္စ ဖြစ်လာတဲ့အတွက် သူတို့ဇနီးမောင်နှံလည်း သားသမီးမယူတော့ဖို့ ဆုံးဖြတ်ထားလို့ သူကဆိုတယ်။

“ကလေးယူမလားဆိုတာ ချိန်နေတာကြာပါပြီ၊ အခုကာလမှာတော့ မယူတော့ဖို့ပဲဆုံးဖြတ်ထားတယ်၊ မွေးရုံနဲ့ မပြီးတဲ့ ကာလမှာ ကလေးရော ကိုယ့်အတွက်ပါ စိတ်ဒုက္ခမရောက်စေချင်တော့တာလို့ “ကိုထက်က ပြောပါ တယ်။

ရန်ကုန်တိုင်းထဲက မြို့နယ်အချို့မှာ  အဖွဲ့အစည်းတခုအတွက် လူမှုစီးပွားစစ်တမ်းတခုကို ကောက်ယူပေးခဲ့ဖူးတဲ့ ရန်ကုန်မြို့ခံ ကိုတိုးက  အထူးသဖြင့် လက်လုပ်လက်စားအမျိုးသမီးတွေ၊ ဝင်ငွေနည်းတဲ့သူတွေမှာ ငွေကြေး မတတ်နိုင်တာရော၊ ကလေး မရဖို့အတွက် ကိုယ်ဝန်တားဖို့လိုတယ်ဆိုတဲ့ အသိပညာမရှိတာရောကြောင့် သားဆက်ခြားဖို့ဆိုတာ သူတို့အတွက် ဦးစားပေးအခြေအနေ မဟုတ်ဘူးလို့  ရှင်းပြပါတယ်။

“တချို့တွေဆို ကိုယ်ဝန်မတားဘူး၊ မွေးကြတယ်၊ တချို့ကလည်း ရှိလာရင် ကိုယ်ဝန်ဖျက်ချတယ်” လို့ ကိုတိုးကပြောပါတယ်။

သူစစ်တမ်းကောက်ခဲ့တဲ့ ဆင်ခြေဖုံးမြို့နယ်အချို့ကအိမ်ထောင်သည်အမျိုးသမီး အများစုက လူတိုင်းအတွက် လက်လှမ်းအမှီဆုံးနဲ့ စျေးအသက်သာဆုံး ဖြစ်တဲ့  ၃လခံဆေးထိုးတာ၊ တားဆေးကဒ် သောက်တာက များပြီး၊ ငွေကြေးကြောင့်ရော၊ အသိပညာရရှိမှုအားနည်းတာကြောင့်ရော လက်မောင်းထဲထည့်တာ၊ IUD လုပ်တဲ့ သားဆက်ခြားနည်းတွေကို သိတဲ့သူနည်းတယ်လို့ သူက ရှင်းပြပါတယ်။

လက်ရှိမှာတင် ကလေးမွေးစားဖို့ပေးတာတွေ၊ ကလေးစွန့်ပစ်မှုတွေက မကြာခဏဖြစ်နေပြီး နယ်နဲ့ဆင်ခြေဖုံး မြို့တွေ တင်မက မြို့လည်ခေါင်လိုနေရာဒေသတွေမှာပါ မွေးကင်းစကလေးစွန့်ပစ်တာတွေ၊ တွေ့နေတဲ့အတွက် ဒါတွေကလည်း အမျိုးသမီးတွေ သားဆက်ခြားဖို့ခက်ခဲတာတွေနဲ့ တနည်းနည်း ဆက်စပ်နေတယ်လို့ သူ့ထင်မြင် ယူဆချက်ကို ပြောပြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကာလမှာ မွေးကင်းစကလေးငယ် စွန့်ပစ်မှုက ၂၀ဦးထက်မနည်း ရှိခဲ့ပြီး၊ လသားကလေးစွန့်ပစ်မှုတွေကိုလည်း လူမှုကွန်ယက်မှာ၊ သတင်းမီဒီယာတွေပေါ်မှာ မကြာခဏ တွေ့ရလေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီလိုစွန့်ပစ်မှုတွေဟာ သားဆက်ခြားဖို့ခက်ခဲတာနဲ့  တိုက်ရိုက်ဆက်စပ်နေတယ် ဆိုတဲ့ တိကျတဲ့အချက်အလက်တော့ မရှိသေးပါဘူး။

အာဏာမသိမ်းခင် အရပ်သားအစိုးရ လက်ထက်က NGO တွေ၊ အမျိုးသမီးရေးလုပ်ဆောင်တဲ့ အဖွဲ့တွေက မျိုးဆက်ပွား ကျန်းမာရေးနဲ့ သားဆက်ခြား အသိပညာပေးတွေ၊ ကူညီပံ့ပိုးတာတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း ကိုယ်ဝန်ဖျက်ချတာ၊ မွေးဖွားပြီး စွန့်ပစ်တာ၊ စောင့်ရှောက်သူ မရှိဘဲ လမ်းပေါ်လေလွင့်ကလေးတွေ ဖြစ်လာတာ တွေလည်း အများအပြားရှိခဲ့ပြီး၊ အခုနောက်ပိုင်းမှာတော့ အသေချာအတိအကျ မသိနိုင်တော့ဘူးလို့ တက်ကြွ နိုးကြား ပျိုမေများ လူမှုဘဝတိုးတက်ရေးအဖွဲ့ (AWDI) တည်ထောင်သူ မဖြူပြာဝင်းရဲက ပြောပါတယ်။

သူက “ကလေးဖျက်ချနှုန်းက အချက်အလက်အရ အိမ်ထောင်သည်အမျိုးသမီးတွေဖြစ်ကြပါတယ်၊ အဓိက အကြောင်းရင်းက စီးပွားရေးကြောင့်ပါ၊ မြန်မာပြည်မှာတရားဝင်ဖျက်ချခွင့်မရှိတော့ တရားမဝင်လုပ်ရင်း အသက်ဆုံးရှုံးမှုတွေများကြပါတယ်”လို့ ပြောပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက် ဆင်းရဲမွဲတေမှု ကျန်းမာရေးအသိပညာအားနည်းမှုတွေအပြင်၊ ဆေးဝါး လိုအပ်ချက်တွေနဲ့ မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေနည်းပါးတဲ့နောက် မလိုချင်ဘဲ ကိုယ်ဝန်ရတာ၊ ကိုယ်ဝန်ဖျက်ချတာ၊ မွေးပြီးမှ အကြောင်းအမျိုးမျိုးနဲ့ ကလေးစွန့်ပစ်တာ၊ စီးပွားရေး အဆင်မပြေလို့ ကလေးတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့  အလုပ်ခိုင်းစေတာ၊ လမ်းဘေးကလေးအဖြစ်ကြီးပြင်းရတာ၊ အိမ်တွင်းအကြမ်းဖက်မှုတွေများလာတာ စသဖြင့် နောက်ဆက်တွဲပြဿနာတွေက လက်ရှိကာလမှာ ပိုဆိုးလာတယ်လို့ မျိုးဆက်ပွားကျန်းမာရေးအသိပညာပေးနဲ့ အမျိုးသမီးရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ကုန်သွယ်မှုနဲ့ နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာကန့်သတ်ချက်တွေကြောင့် ဒေါ်လာစျေးနှုန်းကိုသတ်မှတ်တာ၊ ကျပ်‌ငွေနဲ့လဲလှယ်ဖို့ညွှန်ကြားတာ၊ ပြည်ပကနေ တင်သွင်းတဲ့ဆေးနှင့် ဆေးပစ္စည်း တင်သွင်းခွင့်ပါမစ်ကို စစ်ကောင်စီရဲ့ကော်မတီအဆင့်ဆင့်ကို  တင်ပြရတာကြောင့် တင်သွင်းခွင့် ရရှိဖို့ကြန့်ကြာပြီး ဆေးဝါးစျေးနှုန်းတွေတက်တာတွေကလည်း နောက်ဆက်တွဲအနေနဲ့ ဆိုးကျိုးတခုအနေနဲ့ ပေါ်ပေါက်လာပါတယ်။

ဒီလို တာဝန်ရှိအစိုးရရဲ့ လွဲမှားတဲ့ဆုံးဖြတ်ချက်တွေက အခြေတည်လာတဲ့အတွက် မူဝါဒတချို့ ပြောင်းလဲဖြေ လျော့တာမျိုး လုပ်ဆောင်ရမှာဖြစ်သလို အရင်ရှိနေတဲ့ မျိုးဆက်ပွားကျန်းမာရေး ဆေးခန်းတွေ၊ ကွင်းဆင်း ဝန်ဆောင်မှုတွေ ပြန်လည်လုပ်ဆောင်လာရင်တော့ ပြဿနာအချို့ လျော့နည်းသွားမှာဖြစ်တယ်လို့ မျိုးဆက်ပွား ကျန်းမာရေးအသိပညာပေးနဲ့ အမျိုးသမီးရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ဧရာဝတီတိုင်းက မြို့နယ်တချို့မှာ မျိုးဆက်ပွားကျန်းမာရေးလုပ်ဆောင်နေသူ ဆရာဝန်တဦးက အာဏာသိမ်းပြီး နောက်ပိုင်းမှာ နိုင်ငံတကာအကူအညီထောက်ပံ့မှု လျော့နည်းလာတဲ့အပြင် အစိုးရက ဆေးဝါးတွေတင်သွင်းဖို့ ကန့်သတ်တာ ၊ တနယ်နဲ့ တနယ်  ဆေးသယ်ယူခွင့် ခက်ခဲလာတာတွေကြောင့်လည်း မျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင်မှု အချို့ရပ်နားခဲ့ရတာလို့ ပြောပါတယ်။

ဒီအတွက်လည်း အမျိုးသမီးရော၊ အမျိုးသားပါ ပါဝင်တဲ့  မျိုးဆက်ပွားကျန်းမားရေးနဲ့ပတ်သက်တဲ့ ပညာပေး လုပ်ဖို့အရေးကြီးပြီး မိသားစုတွေရဲ့ အခက်အခဲတွေအပေါ် အခြေခံပြီး ဆွေးနွေးတာ၊ သားဆက်မခြားရင် နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေအပေါ်  အသိပညာပေးတာတွေ လုပ်ဆောင်သင့်တယ်လို့ မဖြူပြာဝင်းရဲ က ပြောပါတယ်။

“သားဆက်ခြားတဲ့ ကိစ္စက အမျိုးသမီးတွေ အပေါ်မှာဘဲမတည်ပါဘူး၊ အမျိုးသားတွေကပါ ပူးပေါင်းပါဝင်ရ ပါမယ်၊ ဆေးမလွယ်ကူရင် တခြားသားဆက်ခြားမယ့်နည်းလမ်းကို အသုံးပြုလို့ရပါတယ်”လို့ သူကအကြံပေး ပါတယ်။

သားဆက်ခြားဖို့ဆိုတာ ကလေးမမွေးချင်တာ၊ လူဦးရေ ထိန်းချုပ်တာပဲ မဟုတ်ဘဲ  အမျိုးသမီးတယောက်ရဲ့ ကျန်းမာရေး၊ မိသားစုရဲ့ အနာဂတ်၊ ကလေးတွေဘဝတလျှောက် ပျော်ပျော်ရွှင်ရွင် ကြီးပြင်းနိုင်ခွင့်တွေနဲ့ သက်ဆိုင် နေပြီး၊  ဝင်ငွေနည်းမိသားစုတွေအတွက်တော့ သားဆက်ခြားဖို့တောင် ရုန်းကန်နေရမှုက တိတ်တဆိတ် ခြိမ်းခြောက်လာတဲ့ လူမှုရေး ပြဿနာတခုဖြစ်နေဆဲပါ။

 မအေးသူနဲ့ မဆွေအေးအပါအဝင် ဝင်ငွေနည်းအမျိုးသမီးတွေမှာ တကိုယ်စာတောင် အဆင်ပြေပြေနေနိုင်ဖို့ ရုန်းကန်နေရချိန်မှာ နောက်ထပ် ကလေးတယောက်ကို မွေးပြီး ကြီးပြင်းအောင် စောင့်ရှောက်ဖို့ ဆိုတာ  ဖိအားတွေနဲ့ ပူပန်မှုတွေ အပြည့်ရှိနေပါတယ်။

ဆေးထိုး၊ ဆေးသောက်ဖို့မေ့လျော့လို့ ကလေးထပ်ရရင် အလုပ်မလုပ်နိုင်ဘဲ မိသားစု စားဝတ်နေရေး ပိုကြပ်တည်းလာမှာက အသေအချာ ဖြစ်တဲ့အတွက် လက်ထဲပိုက်ဆံမရှိရင်တောင် ချွေတာပြီး၊ ရှိတာ ချေးငှားပြီး ဆေးထိုးဖို့လုပ်ရတယ်လို့  လို့ မအေးသူကပြောပါတယ်။

“ပါးစပ်တပေါက်တိုးတာ ဘာမှမဖြစ်ဘူးဆိုပေမယ့် ဒီခေတ်စရိတ်ကြီးပုံနဲ့ဆို ကလေးယူဖို့ကို ဘယ်လိုလုပ်ကြမလဲ တွေးတောင်မတွေးချင်ပါဘူး”

ဒါကတော့ သားဆက်ခြားဖို့တောင် ရုန်းကန်နေရတဲ့ မြန်မာအမျိုးသမီးတွေ ထဲမှာ တဦးအပါအဝင်ဖြစ်တဲ့ မအေးသူတယောက် ထမ်းပိုးနေရတဲ့  အဓိက ဝန်ထုတ်တွေထဲက တခုကို ဖွင့်ဟ ပြောပြလိုက်တာပဲ ဖြစ်ပါတယ်။