လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့် ၆လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး
ဒေဝီ
၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဇွန် အထိ အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့မြေပြင် တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံတဝှမ်း အမျိုးသမီး ၃၃၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၃၀၆ဦး ရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU) က ယနေ့ ဇူလိုင် ၁၀ရက်မှာထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှူကြောင့် အမျိုးသမီး ၂၄၂ဦးသေဆုံးခဲ့ပြီး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၄၂ဦး၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ၂၉ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၉ဦး၊ ကျည်ထိမှန်မှုကြောင့် ၇ဦး၊ မြေမြုပ်မိုင်းကြောင့် ၁ဦး ၊ ဆေးကုသခွင့်မရရှိမှုကြောင့် ၁ဦး၊ ပဋိပက္ခကာလအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၁ဦး စုစုပေါင်း အမျိုးသမီး ၃၃၂ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

သေဆုံးခဲ့ရသူတွေထဲမှာ အသက်၁၈နှစ်အောက် အမျိုးသမီးငယ်အရေအတွက်က ၅၈ဦးထိရှိသလို ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၀ ဦး ပါဝင်နေပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသမီး ၂၁၅ဦး ၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၅၀ဦး၊ မြေမြုပ်မိုင်းကြောင့် ၂၆ဦးနဲ့ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ၁၂ဦးနဲ့ ကျည်ထိမှန်မှုကြောင့် ၃ ဦး ရှိခဲ့ပါတယ်။

အသက်ဆုံးရှုံးခဲ့တဲ့အမျိုးသမီး ၃၀၀ ကျော်အနက် စစ်ကိုင်းတိုင်းဒေသကြီးက ၁၀၂ဦးနဲ့ အများဆုံးဖြစ်ပြီး ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့ ပါဝင်နေပါတယ်။
စစ်တပ်ဟာ သူတို့ကိုယ်သူတို့ အစိုးရတရပ်ပုံစံမျိုး ပုံဖော်နေပေမယ့် လက်တွေ့မှာ နိုင်ငံတဝှမ်း လေကြောင်းတိုက်ခိုက်တာ၊ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ညှင်းပန်း နှိပ်စက်တာ အစရှိတဲ့ လုပ်ရပ်တွေကို စဥ်ဆက်မပြတ် တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေပြီး စစ်အုပ်စုရဲ့သရုပ်မှန်အစစ်က အကြမ်းဖက်သမား ပုံဆောင်နေတဲ့အတွက် “အစိုးရ တရပ်” အဖြစ် ဘယ်လိုနည်းနဲ့မှ အသိအမှတ်ပြု လက်ခံလို့ မရနိုင်ဘူးလို့ BWU ကဆိုပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂက သတင်းမီဒီယာတွေမှာ စောင့်ကြည့် လေ့လာမှုအရ ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီကနေ ဒီဇင်ဘာ ၃၁ ရက်အထိ တနှစ်တာကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၇၉၂ ဦး သေဆုံးကာ အမျိုးသမီး ၈၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။










