ဆေးတလုံးရဲ့ နောက်ကွယ်က မိခင်သောကတွေ

စုသွေးနီ


 မျက်နှာချင်းဆိုင် ထိုင်နေတဲ့ လူ ၂ယောက်ကြားမှာ ARV (HIV ပိုးကို ထိန်းချုပ်ဖို့အတွက်သောက်ရတဲ့ ဆေး) ၃ဘူးသာ ကျန်ပါတော့တယ်။ အဲဒီဆေး ၃ဘူးက မိသားစုဝင် ၃ယောက်အတွက် ၁လစာ ပမာဏ ဖြစ်ပါတယ်။

တော်လှန်ရေးနယ်မြေတခုကို ရောက်ရှိနေတဲ့ သူတို့မိသားစုအတွက် ရှေ့မှာဘာဖြစ်မယ်ဆိုတာ မသေချာတော့ပါဘူး။ ဆေးထပ်ရနိုင်မလား မရနိုင်ဘူးလားဆိုတာ ဘယ်သူမှအာမမခံနိုင်တဲ့ အခြေအနေပါ။

ဒါကြောင့် မသီတာကျော်တို့ဇနီးမောင်နှံဟာ  ခက်ခဲလွန်းတဲ့ ဆုံးဖြတ်ချက်တခုကိုချလိုက်ကြပါတယ်။

သူတို့ဆုံးဖြတ်ချက်က သားဖြစ်သူအတွက် နောက်ဆုံးလက်ကျန်တွေဖြစ်တဲ့ ဒီဆေးဘူးတွေကို ချန်ထား ပြီး သူတို့ ၂ယောက်ကတော့ ARV ဆေးသောက်နေတာကို ရပ်လိုက်ကြဖို့ပါပဲ။
“သားလေးအသက်ရှင်ဖို့ပဲ စဥ်းစားခဲ့တာပါ”လွန်ခဲ့တဲ့ ၁နှစ်ကျော်က အခြေအနေတွေကို ပြန်ပြောပြပါ တယ်။

မသီတာကျော်တို့မိသားစုဆုံးဖြတ်ခဲ့ရတဲ့ ဒီရွေးချယ်မှုဟာ လူတယောက်၊ မိသားစုရဲ့အခက်အခဲတခုတင် မဟုတ်ပါဘူး။

ထိုင်း မြန်မာနယ်စပ်တလျောက် HIV ပိုးနဲ့ အသက်ရှင်နေထိုင်ကြတဲ့စစ်ဘေးရှောင်တွေ၊ နိုင်ငံရေးကြောင့် နေရပ်စွန့်ခွါလာရသူတွေ၊ အထောက်အထားမဲ့ ရွှေ့ပြောင်းလာရသူတွေ ရင်ဆိုင်နေရတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကွက်လပ်ကြီးတခုကို  ထင်ဟပ်ပြနေတာပါ။

HIV ကူးစက်ခံထားရသူတွေကို စောင့်ရှောက်ကူညီနေတဲ့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အဖွဲ့အစည်း တခုက တာဝန်ရှိသူတဦးရဲ့ပြောကြားချက်အရ  မဲဆောက်ဒေသတဝိုက်မှာ ARVဆေး လိုအပ်နေသူ ရွှေ့ပြောင်း မြန်မာလူမျိုး ၆၀၀ကျော်ရှိနေပြီး ကူးစက်မှုအသစ်တွေလည်း ရှိနေတယ်ရှိနေတယ်လို့ သိရပါတယ်။ ဒါက သူတို့ တာဝန်ယူလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းရဲ့ စာရင်းဇယားတခုတည်းကို အခြေခံထားတဲ့ အရေအတွက်ဖြစ်ပါတယ်။

မြဝတီမှာ ကူးစက်မှုအလွန်မြင့်နေတဲ့အတွက် လူနာတချို့ထိုင်းဘက်ခြမ်းမှာ ဆေးလာယူနေတာတွေ လည်း ရှိနေပြီး ရှေ့လျောက်လူနာပိုများလာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လူမှုဖူလုံရေးနဲ့ ကျန်းမာရေးအာမခံရှိနေပေမဲ့ တော်လှန်ရေး ယုံကြည်ချက်ကြောင့် နယ်စပ်ဖြတ်ကျော်ခိုလှုံ လာသူတွေ အတွက်တော့ အဲဒီစနစ်တွေက လက်လမ်းမမီနိုင်တဲ့ အိပ်မက်တခုသာဖြစ်နေဆဲပါ။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့မှာ ခိုလှုံနေထိုင်တဲ့ မသီတာကျော်ကို ဆေးရ၊ မရ ဆိုတဲ့ စိုးရိမ်စိတ်က နေ့စဥ်လိုက်လံဖိစီးနေပါတယ်။ အဲဒီစိုးရိမ်မှုက နေထိုင်တဲ့နယ်စပ်ဒေသတင် မကတော့ဘဲ ကမ္ဘာနိုင်ငံရေးအခြေအနေကတောင် ဆေးဝါးထောက်ပံ့မှုကို ထိခိုက်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။


မျက်မှောက်ကာလမှာဖြစ်ပွါးနေတဲ့ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခဂယက်ဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်စီးဆင်းမှုကို များစွာခြိမ်းခြောက်နေပြီး ကုန်သွယ်ရေးလမ်းကြောင်းတွေ အဟန့်အတားဖြစ်ကာ နောက်ဆက်တွဲအဖြစ် အသက်ကယ်ဆေးဝါးတွေနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေပြတ်လပ်မှု အကြပ်အတည်းကို ပူပန်မိတယ်လို့ နိုင်ငံရေးအသိပညာအတော်အသင့်လေ့လာထားတဲ့ မသီတာကျော် က ဆိုပါတယ်။


စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း တော်လှန်ရေးနယ်မြေကို ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချရာမှာလည်း ARV ဆေးဟာ သူ့မိသားစုအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ခဲ့ပါတယ်။ မိသားစုတွေကြား သဘောထား ကွဲလွဲခဲ့ကြပေမယ့် မသီတာကျော်ကတော့ သူမရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကြောင့် ဘာမဆိုရင်ဆိုင်ဖို့၊ စွန့်လွှတ်ဖို့ အသင့်ရှိနေခဲ့ပါတယ်။


  “ဆေးကအရေးကြီးတာသိတယ်။ ဆေးသောက်နေရပြီး စစ်အာဏာရှင် အုပ်ချုပ်တဲ့ အောက်မှာ နေရမှာလည်း ကိုယ့်ကိုယ်ကိုတာဝန်မကျေဘူးလို့ခံစားရတယ်”လို့ မသီတာကျော်ကဆိုပါတယ်။ နောက်ဆုံးမှာတော့ သူက ဆေးထက် ယုံကြည်ချက်ကို ရွေးချယ်ခဲ့ပါတယ်။

အဲဒီရွေးချယ်မှုက သူနဲ့ သူ့မိသားစုကိုတော်လှန်ရေးနယ်မြေမသေချာမှုတွေနဲ့ ပြည့်နေတဲ့ဘဝထဲ ခေါ်ဆောင်သွားခဲ့ပါတယ်။

အလှမ်းဝေးတဲ့ တော်လှန်ရေးနယ်မြေကို ရောက်ရှိပြီးချိန်မှာ ARV ဆေးပေးနေတဲ့ အဖွဲ့အစည်းက ထပ်ပြီး မပံ့ပိုးနိုင်တော့ဘူး ဆိုတဲ့ အကြောင်းကြားစာရခဲ့ချိန်မှာ မသီတာကျော်တို့အဖို့ တုန်လှုပ် ခြောက်ခြားစေခဲ့သလို၊ ကံဆိုးခြင်းတွေရဲ့ အစလို့ ဆိုရမှာပါ။

HIV ပိုးကောင်ရေပိုမိုပွားများမလာအောင် ဆေးဝါးနဲ့ ထိန်းချုပ်ပြီး လူ့သက်တမ်းစေ့နေထိုင်နိုင်ဖို့အတွက် စနစ်တကျကြိုးစားနေရတဲ့ သူတို့အဖို့ ဒီဆေး မရနိုင်တော့ဘူးဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုကြီးတခုပဲလို့ သူက ဆိုပါတယ်။


တော်လှန်ရေးနယ်မြေကို ရောက်ရှိလာပြီးတဲ့နောက်ပိုင်းမှာ မသီတာကျော်တို့ ရင်ဆိုင်ရတဲ့ လက်တွေ့ ဘဝဟာ ထင်ထားတာထက် ပိုပြီး ကြမ်းတမ်းခဲ့ပါတယ်။ နိုင်ငံရေးခံယူချက်အရ စစ်အာဏာရှင်ကို တော်လှန်ဖို့ ဆုံးဖြတ်ချက်က ပြတ်သားခဲ့ပေမယ့် ခန္ဓာကိုယ်တွင်းက HIV ပိုးကို ထိန်းချုပ်ထားရတဲ့ ART ကုထုံးနဲ့ ကင်းကွာရတော့မယ့်အရေးက နေ့စဉ်အမျှ အသက်ရှူကြပ်စေခဲ့ပါတယ်။


ဒါဟာ ARVဆေးရဲ့ သဘောသဘာဝအရ ပုံမှန်သောက်သုံးခြင်း မရှိရင် ဆေးယဉ်ပါးမှုနဲ့ အသက် အန္တရာယ် ရှိနိုင်တာကို သိပေမယ့် ရွေးစရာလမ်း မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။

တဖက်မှာလည်း ရွေးကောက်ခံ ကိုယ်စားလှယ်တဦးဖြစ်ပြီး၊ ပြည်သူ့ဝန်ထမ်းဘဝကနေ အကြမ်းမဖက် အာဏာဖီဆန်ရေးလမ်းကြောင်းဖြစ်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သူ့ကို အချက်အလက် အစုံအလင်နဲ့ ဖမ်းဆီးဖို့အတွက် တယ်လီဂရန်ကတဆင့် လှုံ့ဆော်မှုတွေ လုပ်ခံခဲ့ရတဲ့ အတွက် အသက်ဘေး၊ လုံခြုံရေးအတွက် လွတ်မြောက်နယ်မြေကို မဖြစ်မနေထွက်ခွာသင့်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။  

တော်လှန်ရေးနယ်မြေကို ရောက်လာတဲ့ သူတို့မိသားစုရဲ့ ကျန်းမာရေးပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရာ မှာ ယုံကြည်ရလောက်သူကလည်း ရှားပါးခဲ့ပါတယ်။ တာဝန်ရှိသူ အကြီးအကဲရဲ့ စာနာနားလည်မှု ကြောင့် စိတ်သက်သာရာရခဲ့ပေမယ့် တခြားသူတွေရဲ့ အကြည့်တွေနဲ့ အသိဉာဏ်ပညာ နည်းပါးသူတွေ ကြားထဲမှာ စိတ်ညစ်ညူးစရာတွေလည်း ရှိခဲ့ပါတယ်။

ဆုံးဖြတ်ချက်အတွက် နောင်တမရဘဲ ယုံကြည်တဲ့လမ်းကိုဆက်လျှောက်ဖို့၊ ပြောင်းလဲမှုတခုအတွက် ကိုယ်တတ်နိုင်သလောက်ပါဝင်ဖို့ပဲ စဥ်းစားခဲ့တဲ့ မသီတာကျော်က “တွေ့မိတွေ့ရာလူကို အကူအညီ တောင်းမိ၊ ကိုယ့်အကြောင်းကိုသိသွားတာပဲအဖတ်တင်တာပေါ့လေ၊ ကျမတို့လူ့အဖွဲ့အစည်းမှာ ဒီကိစ္စဟာလျှို့ဝှတ်သိုသိပ်ရမယ့်ကိစ္စအဖြစ်အခုထိရှိနေဆဲပဲ”လို့ သူတွေ့ကြုံခဲ့ရတွေကို ပြောပြပါတယ်။


ပိုးထိန်းဆေးကို ဖြတ်တောက်လိုက်တဲ့ ခင်ပွန်းသည်ရဲ့ကျန်းမာရေးက တဖြည်းဖြည်းယိုယွင်း လာနေတာ ကို သတိထားမိပေမယ့် သူတို့ ၂ယောက်လုံးက တော်လှန်ရေးတာဝန်တွေထဲ နစ်မြုပ်နေခဲ့ကြပါတယ်။


တော်လှန်ရေးနယ်မြေဆီရောက်ရှိခဲ့ပြီး ၆လအကြာမှာတော့ သူ အကြောက်ဆုံး၊  စိုးရိမ်ရတဲ့ အခြေအနေဟာ သူတို့မိသားစုဆီ တကယ်ပဲ ရောက်လာခဲ့ပါတော့တယ်။

ဆေးမသောက်ရတဲ့ကာလ ၆ လအကြာမှာ ခင်ပွန်းဖြစ်သူဟာ ဆေးဝါးပြတ်လပ်မှုနဲ့ ကိုယ်ခံအား ကျဆင်းတာကြောင့် နောက်ဆက်တွဲရောဂါတွေဝင်ရောက်လာခဲ့ပြီး တော်လှန်ရေးနယ်မြေက ဆေးရုံ တခုမှာ ကုသမှုခံယူရင်း  ကွယ်လွန်သွားခဲ့ပါတယ်။

ဆုံးပါးကွယ်လွန်သွားတဲ့ ခင်ပွန်းရဲ့အသက်နဲ့ရင်းပြီးပေးခဲ့တဲ့ ရှင်သန်မှုကိုတန်ဘိုးထားပြီး သားနဲ့အတူ ထိုင်းနယ်စပ်မြို့လေးဆီ ပြောင်းရွှေ့နေထိုင်ရင်း ဆေးရဖို့ကြိုးစားခဲ့ပါတယ်။

အခုတော့ သူတို့သားအမိဟာ  HIV ပိုးထိန်းဆေးဖြစ်တဲ့ ARV ကိုဆက်လက်သောက်သုံးခွင့် ရနေကြ ပါပြီ။ ဒါပေမဲ့ ဆေးရနိုင်အောင်ကူညီပေးတဲ့အဖွဲ့အစည်းတွေဆီက မကြာခဏကြားရတာက ဆေးက အမြဲတမ်းရဖို့ အာမ မခံနိုင်ဘူးဆိုတာပဲ။ အဲဒီစကားလုံးဟာ သူ့ရင်ကိုထိခိုက်စေပါတယ်။

“ထိုင်းကသူ့နိုင်ငံသားမဟုတ်တဲ့သူတွေကို ဆေးမပေးတော့ဘူးဆိုရင်  အဲတွေးက ကျမရဲ့ Trauma (စိတ်ဒဏ်ရာ)တွေကို ပြန်တူးဆွစေတယ်”လို့ မသီတာကျော်က ဆိုပါတယ်။

နိုင်ငံရေးခံယူချက်အရ စစ်အာဏာရှင်ကို တော်လှန်ဖို့ ဆုံးဖြတ်ချက်က ပြတ်သားခဲ့ပေမယ့် မြို့ပေါ်မှာ ဆက်နေဦးမယ်ဆိုရင် ဆေးရရှိနိုင်သေးတဲ့ အခြေအနေတခုကို ထားရစ်ခဲ့ပြီး စွန့်စားခဲ့ကြပုံကို ပြန်ပြော ပြရတိုင်း ရင်ထဲမှာ မိသားစုအပေါ် အပြစ်မကင်းသလို အားနာစိတ်ခံစားရတယ်လို့ မသီတာကျော်က ဆိုပါတယ်။

  မသီတာကျော်ရဲ့ စိုးရိမ်မှုဟာ အခြေအမြစ်မရှိတဲ့စိုးရိမ်မှုတော့ မဟုတ်ပါဘူး။

ထိုင်းနိုင်ငံသားတွေကတော့ Universal Health Coverage(UHC) ဘတ်၃၀တန် ကျန်းမာရေးစနစ် အောက်မှာ ARV ဆေးဝါး ကိုအခမဲ့နီးပါး ရနိုင်ကြပါတယ်။ ဒါပေမယ့် မသီတာကျော်တို့လို့ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော် ခိုလှုံလာသူတွေအတွက်တော့ အခြေအနေက မတူပါဘူး။ သူတို့ဟာ ဆေးရဖို့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ အကူအညီကို အားကိုးနေကြဆဲပါ။


ရွှေ့ပြောင်းလုပ်သားကျန်းမာရေးအာမခံစနစ် MHIS (Migrant Health Insurance Scheme) စနစ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အိမ်အကူ လုပ်သားတွေ ကိုယ်တိုင်မဖြစ်မနေဝယ်ရတဲ့  ၁နှစ်စာ ကျန်းမာရေး အာမခံကြေး ဝယ်ယူထားသူတွေဆိုရင်တောင် ထိုင်းအစိုးရဆေးရုံတွေမှာ ဆေးကုသခွင့်ရကြပေမဲ့ ကင်ဆာရောဂါနဲ့ HIV လို နာတာရှည်ရောဂါတွေအတွက် အကန့်အသတ်တွေရှိနေပါတယ်။
ရွှေ့ပြောင်းလုပ်သားကျန်းမာရေးစနစ် ဝယ်ယူထားတဲ့ HIVလူနာတဦးအတွက် ဆေးဝါးအခမဲ့ရနိုင်ပေမဲ့  CD4 လို့ ခေါ်တဲ့ ခုခံအားဆဲလ်အရေအတွက်စစ်ဆေးခြင်းနဲ့ ပိုးကောင်ရေစစ်ဆေးခြင်း(Viral Load) တွေ အတွက် အဲဒီစနစ်မှာအကျုံးမဝင်ပါဘူး။  HIV ကူးစက်ခံထားရသူတွေအတွက်အရေးကြီးတဲ့ အဲဒီ စစ်ဆေးမှုတွေအတွက် ထိုင်းဘတ်ငွေ ၃၀၀ ကနေ ၅,၃၀၀အထိ ကုန်ကျနိုင်တယ်လို့ FED (Foundation for Education and Development) တာဝန်ရှိသူတဦးက ရှင်းပြပါတယ်။

ဒါ့အပြင် FED ကျန်းမာရေးအစီအစဥ် ညှိနှိုင်းရေးမှူး Mr.Bob Forrester  က “ARVက အခမဲ့ ရသင့် ပါတယ်၊ ရွှေ့ပြောင်းတယောက်ဟာ လိင်တူချစ်သူ၊ လိင်လုပ်သား၊ ထရန်ဂျန်ဒါ (Transgender) ဖြစ်မယ် ဆိုရင် သူတို့ရဲ့ ဂလိုဘယ်ဖမ်းလက်ခံသူ (Global Fund Recipients) တွေက တဆင့် အခမဲ့ရနိုင် ပါတယ်”လို့ FED ကျန်းမာရေးအစီအစဥ်က ရှင်းပြပါတယ်။

ဘန်ကောက်မြို့မှာတော့ အထောက်အထားရှိလူနာအားလုံးကို ဆေးအခမဲ့ ပေးတဲ့ Clinic28 အမည်ရ ဆေးခန်း တခုရှိတယ်လို့ သူက ဆိုပါတယ်။

မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းမှုကို လက်မခံနိုင်လို့ လူထုဆန္ဒပြပွဲတွေမှာပါဝင်ရင်း စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ချက်၊  ကျော်ပိုးအိတ်တလုံးနဲ့ တော်လှန်ရေးနယ်မြေကို ထွက်လာခဲ့တဲ့ မဇာ(အမည်လွှဲ) မဇာဆိုရင်လည်း  HIV ပိုးနဲ့ အသက်ရှင်နေထိုင်သူတဦးဖြစ်ပြီး ART ကုထုံးခံယူနေရသူပါ။

တော်လှန်ရေးနယ်မြေမှာ  စစ်သင်တန်းအပါအဝင် တတ်သင့်သိသင့်တဲ့ သင်တန်းတွေတက်ပြီးရင် ပြည်တွင်းမှာ ထားခဲ့ရတဲ့ အရွယ်မရောက်သေးတဲ့ သားလေးဆီပြန်ဖို့ဆိုတာ သူ့ရဲ့ မျှော်လင့်ချက်ပါ။

ဒါပေမဲ့ အခြေအနေတွေက သူထင်ထားသလို ဖြစ်မလာပါဘူး။ သင်တန်းတွေပြီးချိန်၊ တကျော့ပြန် ကိုဗစ်လှိုင်းတွေနဲ့ မလုံခြုံရေးအခြေအနေတွေဟာ မဇာကိုပြည်တွင်းပြန်ဖို့ အခွင့်အရေး မပေးခဲ့ပါဘူး။ အရင်က ဘဝတူတွေအတွက် သူတက်စွမ်းသလောက်လုပ်မယ်လို့ဆုံးဖြတ်ပြီး ဆေးရရှိဖို့ အကူအညီ ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ခဲ့တာ၊ ချိတ်ဆက်မှုတွေ ရှိနေခဲ့တာကြောင့် ဆေးရရှိခဲ့ပေမယ့် အဲဒါဟာ တရားဝင်လမ်းကြောင်းတော့မဟုတ်ပါဘူး။ သူတို့နေရာမှာတိုက်ပွဲဖြစ်ချိန်မှာတော့ ဆေးဝါးရရှိနိုင်ဖို့ ခက်ခဲတဲ့ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပြန်ပါတယ်။

စစ်သင်တန်းရဲ့ ပင်ပန်းမှုနဲ့စားသောက်ရေးအခက်အခဲဟာ မဇာတို့လို ARV ဆေးသောက်နေရသူတွေ အဖို့ ရေရှည်မှာကျန်းမာရေး ထိခိုက်လာနိုင်တယ်ဆိုတာ သိနားလည်ပေမဲ့ အခြေအနေနဲ့ အချိန်အရ ရွေးချယ်စရာ ရှိမနေခဲ့ပြန်ပါဘူး။ ဆေးသောက်နေရတဲ့ သားဖြစ်သူကို ဆေးရနိုင်တဲ့ ပြည်တွင်းထဲမှာ ထားရစ်ခဲ့ရပြီး လွမ်းဆွတ်နေရတဲ့ သူ့လို မိခင်တယောက်အဖို့ သားနဲ့အတူနေထိုင်နိုင်ရေးက အမြင့်မားဆုံး မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။

မဇာဟာ သားဖြစ်သူကို ရအောင်ခေါ်ထုတ်ပြီး သားနဲ့အတူပါလားတဲ့ ဆေးနဲ့ ဆက်ပြီး ရှေ့ဆက်ခဲ့ရ ပါတယ်။  အခုလက်ရှိမှာတော့ သူတို့သားအမိဟာ ထိုင်းနယ်စပ်က မဲဆောင်မြို့မှာနေထိုင်ရင်း HIV ပိုးနဲ့ အသက်ရှင်နေထိုင်နေကြသူတွေကို ကူညီပေးနေတဲ့ ဆေးခန်းတခုမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေပါတယ်။


မဇာဟာ ထိုင်းနိုင်ငံရဲ့ စည်းမျဥ်း မူဝါဒတင်းကြပ်မှုတွေနဲ့ စစ်ရေး ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် နယ်စပ်ဖြတ်ကျော်ခိုလှုံလာသူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နေ့စဥ်လိုလိုမြင်တွေ့နေရပါတယ်။

ထိုင်းနိုင်ငံဘက်က ARVဆေး ပေးဝေမှု လုံးဝရပ်တန့်သွားတဲ့အခြေအနေမျိုး မဖြစ်လာဖို့ မျှော်လင့် ထားတယ်လို့ မဇာက ဆိုပါတယ်။

“ဆေးပြတ်ရင်ဘယ်လိုဖြစ်မလဲဆိုတာတွေးမနေတော့ဘူး၊ ပြတ်ရင်လည်းပြတ်သလိုရင်ဆိုင်သွားမှာပဲ၊ သားကိုတော့ ဆေးရနိုင်မယ့်နေရာကိုရောက်အောင်ပို့မှာပဲ၊  ကျမအတွက်ကတော့ ဘယ်လောက်ပဲ ရှင်သန်ရ အကောင်းဆုံးလုပ်သွားမယ်၊ ကျမသိတဲ့အသက်ရှင်မှုက အဲဒါပဲ”လို့ သူက ဆုံးဖြတ်ချက် ပြတ်သားတဲ့ လေသံနဲ့ ပြောပါတယ်။

မြန်မာပြည်ဘက်ခြမ်းမှာတော့ စစ်အာဏာသိမ်းမှုနောက်ပိုင်း  ကျန်းမာရေးစနစ်အပါအဝင် အခြေခံ ပြည်သူ့ဝန်ဆောင်မှုတွေ ယိုယွင်းလာတာနဲ့အမျှ HIV ကူးစက်မှုနှုန်းတွေ မြင့်တက်လာနေပြီး မြန်မာနိုင်ငံ အတွင်း HIVနဲ့ အသက်ရှင်နေထိုင်သူတွေအတွက် ARTဆေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး ဟာလည်း ပိုပြီး ခက်ခဲလာနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေကဆိုပါတယ်။


MPWN( Myanmar Positive Women Network)က တာဝန်ရှိသူတဦးက “အခုနောက်ပိုင်း ဆေးကို အစိုးဆေးရုံတွေမှာပဲ ထုတ်ရတော့တယ်၊ အရင်ကလူနာတယောက်ကို ၃လစာပေးပေမယ့် အခု ၁လစာပဲပေးတော့တယ်၊ အသင်းအဖွဲ့တွေရဲ့မူဝါဒအပြောင်းအလဲတွေ၊ သက်ဆိုင်ရာဌာနကို အစီရင် ခံရတဲ့လုပ်ငန်းစဥ်တွေ၊ ဘဏ္ဍာငွေအခက်အခဲတွေကြောင့် အစစ အရာရာ ခက်ခဲလာနေတယ်”လို့ ရှင်းပြပါတယ်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း HIVကူးစက်နှုန်းတွေ မြင့်တက်လာနေပြီး ARVဆေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုရရှိရေးဟာလည်း ပိုမိုခက်ခဲလာနေတယ်လို့ ကျန်းမာရေးအဖွဲ့အစည်းတွေက ထောက်ပြ ကြပါတယ်။

တဖက်မှာလည်း အမေရိကန်ပြည်ထောင်စုဖွံ့ဖြိုးရေးအေဂျင်စီ(USAID)ရဲ့ အစီအစဥ်တချို့ ရပ်ဆိုင်း သွားတာကြောင့် ထောက်ပံ့ရေးတွေလျော့ကျလာခဲ့ပြီး မြန်မာနိုင်ငံက HIVနဲ့အသက်ရှင်နေထိုင်သူ အများအပြားဟာ ထိုင်းနိုင်ငံဘက်မှာ ကုသမှုရှာဖွေရမယ့်အခြေအနေတွေရဲ့ ဖိအားပေးခံခဲ့ရတယ်လို့  Mr. Bob Forrester ကဆိုပါတယ်။

 နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ဒေသတွင်းတိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော်ခိုလှုံလာသူ အရေအတွက် တိုးလာနေသလို  အများအပြားဟာ တရားဝင်ကျန်းမာရေးစောင့်ရှောက်မှုပြင်ပ
မှာပဲ ရှင်သန်နေကြရပါတယ်။


ရွှေ့ပြောင်းလုပ်သားအများစုဟာ ဘာသာစကားအခက်အခဲ၊ အထောက်အထားမပြည့်စုံမှု၊ ဖမ်းဆီးခံရ မှာကြောက်ရွံ့မှုတွေကြောင့် အခမဲ့ဝေနေတဲ့ကွန်ဒုံး၊ HIV စစ်ဆေးရေးဝန်ဆောင်မှုနဲ့ ARV ရယူနိုင်တဲ့ ဆေးခန်းတွေရှိပေမယ့် သွားရောက် အသုံးမပြုရဲကြဘူးလို့ မဲဆောက်မှာ HIVလူနာတွေကို စောင့်ရှောက် ကူညီပေးနေတဲ့ လူငယ်တဦးက ပြောပြပါတယ်။



တဖက်မှာလည်း HIVနဲ့ အသက်ရှင်နေထိုင်သူတွေအပေါ် လူမှုအသိုင်းအဝိုင်းအတွင်း ရှိနေတဲ့ ခွဲခြား ဆက်ဆံမှုတွေက ပြဿနာတရပ်ဖြစ်နေအဖြစ် ရှိနေပါတယ်။

တချို့အဖွဲ့အစည်းတွေကပင် လူနာတွေကို “ရောဂါသည်”အဖြစ်သာ ပုံဖော်ပြောဆိုနေတာကြောင့် အများစုဟာ ကျန်းမာရေးစနစ်အပေါ် ယုံကြည်မှုလျော့နည်းလာပြီး ဆေးကုသမှုကို စွန့်လွှတ်သွားတာ မျိုးလည်းရှိနေတယ်လို့ သူကထောက်ပြတယ်။

လစဥ်ကူးစက်မှုအသစ်တွေတိုးလာနေသလို တဖက်မှာလည်းဆေးမထုတ်ယူတော့တဲ့ လူနာတွေ ရှိနေတယ် ဒါဟာစိုးရိမ်စရာပါသူက ဆိုပါတယ်။

 ဒီအခက်အခဲတွေဟာ HIVနဲ့အသက်ရှင်နေထိုင်သူတွေအတွက်သာမဟုတ်ဘဲ ကာကွယ်ရေးနဲ့ ကုသရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်နေတဲ့ အဖွဲ့အစည်းတွေကိုပါ သက်ရောက်မှု ရှိနေပါတယ်။

 FED ရဲ့အစီအစဥ်တခုဖြစ်တဲ့ HIV နဲ့အသက်ရှင်နေထိုင်သူများတွေ့ဆုံပွဲကို ၄နှစ်ဆက်တိုက် ကျင်းပ လာခဲ့ပေမယ့် ချင်းမိုင်နဲ့မဲဆောက်လို ဒေသတွင်းတွေ့ဆုံမှုတွေအတွက် ဘဏ္ဍာရေးထောက်ပံ့မှုတွေ လျော့နည်းလာတာကြောင့် ရှေရှည်ရပ်တည်နိုင်ရေးကို စိုးရိမ်နေရတယ်လို့ Mr. Bob Forresterက ဆိုပါတယ်။


ထိုင်း ကျန်းမာရေးဝန်ကြီးဌာန(MoPH)ရဲ့ အချက်အလက်တွေအရ နိုင်ငံအတွင်း HIV ပိုးနဲ့ အသက်ရှင် နေထိုင်သူ သိန်းကျော်ရှိနေပြီး ကူးစက်မှုအသစ်တွေလည်း ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ သိရ ပါတယ်။

ထိုင်းနိုင်ငံဟာ PrEP နဲ့ PEP ဝန်ဆောင်မှုတွေကို ဒေသတွင်းမှာ အောင်မြင်စွာ တိုးချဲ့နိုင်ခဲ့တဲ့ နိုင်ငံ တနိုင်ငံဖြစ်သလို Universal Health Coverage (ဘတ် ၃၀ ကျန်းမာရေးစနစ်) အောက်မှာARTဆေးကို ကျယ်ကျယ်ပြန့်ပြန် ပေးဝေနိုင်ခဲ့ပါတယ်။



ဒါပေမယ့် ဒီအောင်မြင်မှုရဲ့နောက်ကွယ်မှာတော့ မသီတာကျော်နဲ့ မဇာတို့လို့ နိုင်ငံသားမဟုတ်သူတွေ၊ အထောက်အထားမဲ့ရွှေ့ပြောင်းလာသူတွေနဲ့ စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ကွက်လပ်တွေ ရှိနေဆဲဖြစ်ပါတယ်။



အထောက်အထားမဲ့နယ်စပ်ဖြတ်ကျော်ခိုလှုံလာသူတွေအတွက် ထိုင်းအစိုးရရဲ့တိုက်ရိုက် ဘတ်ဂျက် လွှမ်းခြုံမှု မရှိသေးပဲ နိုင်ငံတကာအလှူရှင်တွေရဲ့ ရန်ပုံငွေအပေါ် အဓိကမှီခိုနေရတာကြောင့် ရန်ပုံငွေ အပြောင်းအလဲ ဖြစ်ပေါ်လာတဲ့အခါ ဆေးဝါး ပြတ်လပ်နိုင်တဲ့ အန္တရာယ်က အမြဲတမ်းရှိပါတယ်။


မြန်မာနိုင်ငံဘက်မှာ USAID အပါအဝင် နိုင်ငံတကာရန်ပုံငွေတချို့ လျော့နည်းသွားပြီနောက် HIV ပိုးရှိသူ အများအပြားဟာ ထိုင်းနိုင်ငံဘက်မှာ ကုသမှုရှာဖွေလာကြတဲ့ တချိန်တည်းမှာပဲ ထိုင်းနယ်စပ်က NGO တွေ ရရှိနေတဲ့ Global Fund အကူအညီတွေလည်း ရေရှည်အတွက် အာမခံချက်မရှိသေးပါဘူး။



မသီတာကျော်နဲ့မဇာတို့လိုအမျိုးသမီးတွေဟာ ဆေးပြတ်လပ်နိုင်တဲ့ အန္တရာယ်၊ စစ်ပဋိပက္ခရဲ့ ရိုက်ခတ်မှုနဲ့  မရေရာတဲ့အနာဂတ်တွေကြားမှာပင် ရှင်သန်ဖို့ကြိုးစားနေကြပါတယ်။ ဒါပေမဲ့  လူတယောက်ချင်းစီရဲ့ သတ္တိနဲ့ စိတ်ဓာတ်ခွန်အားတခုတည်းပေါ်မှာတော့ ကျန်းမာရေးစနစ်တခုကို တည်ဆောက်ထားလို့မရနိုင်ပါဘူး။


လွန်ခဲ့တဲ့ ၅နှစ်ဝန်းကျင်က ARVဆေး ၃ဘူးကို ရှေ့မှာထားပြီး သားအတွက် ချန်ထားဖို့ ဆုံးဖြတ်ခဲ့ရတဲ့ မသီတာကျော်အတွက် ဆေးတလုံးဟာ သာမာန်ဆေးဝါးမဟုတ်ပါဘူး။ ARV ဆေးတလုံးဟာ ဆေးဝါးတခုထက်ပိုပါတယ်။ အသက်ရှင်ခွင့်၊ မိသားစုကို ဆက်ထိန်းထားနိုင်မယ့် မျှော်လင့်ချက်နဲ့ လူသားဂုဏ်သိက္ခာကို ကိုယ်စားပြုနေတဲ့ အရာတခုဖြစ်နေပါတယ်။ 


ထိုင်းနိုင်ငံရဲ့ HIV ကုသရေးအောင်မြင်မှုနောက်ကွယ်မှာ မသီတာကျော် မဇာတိုလို့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ကျန်ရှိနေတဲ့ကွက်လပ်ကို မဖြည့်ဆည်းနိုင်သေးသရွေ့ ဆေးတလုံးရဲ့ နောက်ကွယ်က သောကတွေ ဆက်ရှိနေဦးမှာပဲဖြစ်ပါတယ်။