ဖုန်းမျက်နှာပြင်နောက်က လောင်းကစားနှင့် အသံတိတ် သားကောင်များ

နန်းလောင်

ည ၉ နာရီခွဲအချိန်တွင်  ပတ်ဝန်းကျင်ဆီက ကျယ်လောင်စွာ ထွက်ပေါ်လာသည့် အော်ဟစ်ဆဲဆို သံကြောင့် လုပ်လက်စအလုပ်ကို ရပ်ပြီး နားစွင့်မိသည်။   

“နင် ဒါလေးတောင် မရှာနိုင်ဘူးလား၊ ငွေထုတ်တဲ့ စာအုပ်မဟုတ်ဘူး၊ ကတ်၊ ငွေထုတ်တဲ့ ကတ်လေ၊ နင် ရှာမတွေ့ရအောင် နင် ကန်းနေလား”

Slot Game ခေါ် စလော့လောင်းကစား ခလုတ်နှိပ်သည့် ‘ချလွင်၊ ချလွင်’ ဆိုသော စက်ရုပ်ဆန်ဆန် အသံများနှင့်အတူ အမျိုးသားတဦး၏ ဒေါသတကြီး အော်ဟစ်သံက တိတ်ဆိတ်လျက် ရှိသော ဘေးပတ်ဝန်းကျင် တိုက်ခန်းများဆီသို့ ပျံ့လွင့်နေသည်။

“သောက်၊ ဒီမိန်းမ၊ ဒါလေးလုပ်ခိုင်းတာကို သောက်တလွဲလုပ်နေ၊ အဲ့ကတ်တွေ့ရင် ပြန်ဖုန်းဆက်၊ ကြားလား၊ အခုလောလောဆယ်၊  ငါ့ကို ငွေ ၂၀,၀၀၀ ကို ကေပေး (KPay) ကနေ ထည့်ပေးလိုက်”  

တဖက်က အမျိုးသမီးမှာ မည်သို့ ပြန်လည်တောင်းပန်နေသည်မသိ။ သို့သော် အမျိုးသားက ရပ်မသွားဘဲ “နင့်အမေကို မေးကြည့်လေ၊ လမ်းထိပ်မှာ ဆိုင်ရှိဦးမှာပေါ့၊  နင် တော်တော် သောက်အာရုံနောက်တယ်” ဟု ထပ်မံအော်ဟစ်ပြီး ဖုန်းချလိုက်သည်။

တိုက်၏ တတိယထပ်တွင် အမျိုးသား ၃ ဦး စုထိုင်ကာ စလော့ဂိမ်းဆော့ရင်း အနိုင်အရှုံးအပေါ် မူတည်ကာ  အိမ်ရှိ အမျိုးသမီးများကို ဖုန်းဆက်ကာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ညှဉ်းပန်း နေကြခြင်းဖြစ်သည်။

မကြာသေးမီကပင် မီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာများထက်တွင် “အွန်လိုင်းလောင်းကစားနှင့် Slot Game များ၏ အန္တရာယ်” အကြောင်း ဆောင်းပါးများစွာ တွေ့ခဲ့ဖူး ဖတ်ခဲ့ဖူးသလို၊ လက်ရှိ မြေပြင် ပတ်ဝန်းကျင်တွင် လောင်းကစားသံသရာသည် ပိုမိုဆိုးရွားလာပြီး မိသားစုများ ဘဝပျက်၊ အိမ် ထောင်ရေးများ ပြိုကွဲနေကြဆဲဖြစ်သည်။

ဤကစားပွဲတွင် ရှုံးနိမ့်သူမှာ လောင်းကစားသမားအမျိုးသားတဦးတည်း မဟုတ်ပါ။ တကယ့်မြေပြင် တွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အလူးအလဲ ဒုက္ခခံနေရသည့် အစစ်အမှန် သားကောင်အများစုမှာ နောက်ကွယ်က အမျိုးသမီးများသာ ဖြစ်သည်။ 

ယနေ့ခေတ် ကုန်ဈေးနှုန်း အဆမတန် မြင့်မားလာမှုကြားတွင် လူအများစုမှာ ဖြတ်လမ်းနည်းဖြင့် ငွေအမြန်ရလိုမှု အောက်၌ လမ်းမှားနေကြသည်။ ဖုန်းမက်ဆေ့ခ်ျ၊ Viber မက်ဆေ့ခ်ျများမှတဆင့် နေ့စဉ် ကြော်ငြာများစွာ ဝင်ရောက်နှောင့်ယှက်နေသည့် အွန်လိုင်းလောင်းကစားဂိမ်းများသည် ယခုအခါ ၂၄ နာရီပတ်လုံး အိပ်ရာထဲကနေပင် လောင်းကစားနိုင်သည့်အထိ လွယ်ကူနေသည်။

ထိုဒစ်ဂျစ်တယ်စနစ် လွယ်ကူလာမှုသည် အိမ်တွင်းရှိ အမျိုးသမီးများအတွက်တော့ “အိမ်တွင်းသူခိုးကို အတောင်ပံ တပ်ပေးလိုက်သလို” ဖြစ်သွားခဲ့သည်။ လောင်းကစားသမားများသည် အိမ်ရှိ မိသားစုများ၊  ၎င်းတို့၏ အမျိုးသမီးများ မသိအောင် ငွေထုတ်ကတ်များ၊ ရွှေထည်များကို ခိုးယူကာ KPay မှတဆင့် လောင်းကစားဒိုင်များဆီသို့ မိနစ်ပိုင်းအတွင်း လွှဲပစ်တတ်ကြသည်။

ပိုက်ဆံပျောက်၍ မေးမြန်းမိပါက သို့မဟုတ် လောင်းကစားရန် ပိုက်ဆံထပ်မပေးနိုင်ပါက ဆဲဆိုကြိမ်း မောင်းခြင်း၊ ရိုက်နှက်ခြင်းများ စတင်တော့သည်။

သန်လျင်မြို့နယ်တွင် ငွေထုတ်ငွေလွှဲ လုပ်ကိုင်နေသည့် မကျင်မွှေးက “ရပ်ကွက်ထဲမှာဆို ငွေပြန်မပါလို့ လင်မယားတွေ တချိန်လုံးရန်ဖြစ်နေကြတာ မြင်ရကြားရတယ်၊ ဂိမ်းဆော့ဖို့အတွက် ငွေလွှဲ ထည့်ပေးတာ တခါထည့်ရင် ၁၀၀ ပဲ တောင်းတာကို တနေ့ကို ၆,၀၀၀ ကနေ ၁၀,၀၀၀ ကြား ရတယ်၊ အများဆုံးလာထည့်ကြတာက ဆိုင်ကယ် ကယ်ရီဆွဲတဲ့သူတွေ၊ နေ့စားတွေ များတယ်၊ ရတဲ့ ပိုက်ဆံကို ၂,၀၀၀၊ ၃,၀၀၀ လာထည့်ကြတာ၊ ရသလောက်ကို ဆော့ကြတာ” ဟု သူ့နေ့စဉ်အတွေ့အကြုံကို ပြောကြသည်။  

ညဉ့်နက်သန်းခေါင် ပတ်ဝန်းကျင်တခုလုံး အိပ်မောကျနေချိန်မှာပင် အသက် ၄၅ နှစ်အရွယ် ဒေါ်စိန်လှ (အမည်လွှဲ) တယောက် အိပ်ပျော်မနေနိုင်ပါ။ သူမ လက်ထဲမှာ ယောက်ျားဖြစ်သူ တနေ့တာ ကစားထားသည့် Slot Game အကြွေးစာရင်းများကို ကြည့်ရင်း သက်ပြင်းရှည်ကြီးကို ချနေမိသည်။

“မီးဖိုချောင်စရိတ်၊ သားသမီး ကျောင်းလခအတွက် စုထားတဲ့ ပိုက်ဆံတင်မကဘူး၊ သိမ်းထားတဲ့ ရွှေနားကပ်လေးပါ မသိအောင် ခိုးယူပြီး ဆော့ပစ်ကြတာ၊ ပိုက်ဆံပျောက်လို့ လိုက်ရှာရင် အကြမ်းဖက် မှုက စတော့တာပဲ” ဟု ဒေါ်စိန်လှက သူမ၏ အတွေ့အကြုံကို ရင်ဖွင့်သည်။

ကလေးနှင့် ဇနီးသည် ရှိပါလျက်နှင့် အကြွေးဆပ်ရန်နှင့် ဂိမ်းဆက်ဆော့ရန်အတွက် မိမိ၏ ခန္ဓာကိုယ်ကို လောက်ကိုင်မြို့ရှိ တရုတ်ဒိုင်များထံ နှစ်ကြိမ်တိုင်တိုင် ရောင်းချပေါင်နှံသည်အထိ ပျက်စီးသွားသည့် အမျိုးသားကို  စာရေးသူကိုယ်တွေ့မြင်တွေ့ခဲ့ဖူးသည်။

ထိုသို့သော အခြေအနေမျိုးတွင် နောက်ကွယ်က အမျိုးသမီးနှင့် မိသားစုဝင်များမှာ သိန်းရာချီတန်သည့် ရွေးနှုတ်ခငွေများကို မရရအောင် ရှာဖွေရွေးထုတ်ပေးရသည်။ မရွေးနိုင်ပါက တရုတ်ခိုင်းတာလုပ်ရခြင်း၊ အခြားသူထံ ပြန်ရောင်းခံရခြင်း သို့မဟုတ် ပြည်သူ့စစ်ထဲ အထည့်ခံရခြင်းတို့ ဖြစ်လာနိုင်၍ အမေနှင့် ဇနီးဖြစ်သူက ငွေလိုက်ချေးကာ ရွေးပေးရရှာသည်။  

ထိုသို့ ဂိမ်းကြောင့် ငွေကြေးဆိုင်ရာ ဝန်ထုတ်ဝန်ပိုးဖြစ်စေသူများထဲတွင်  ကိုယ်ပိုင်ဝင်ငွေမရှိသေးဘဲ မိဘဝင်ငွေဖြင့် မှီခိုနေရသည့် လူငယ်လူရွယ်များလည်း ပါဝင်သည်ကို တွေ့ရသည်။  

ရန်ကုန်မြို့တွင် သတင်းတန်းကျောင်း တက်နေသည့် အသက် ၂၅ နှစ်အရွယ် သားဖြစ်သူအား လစဉ် ၁၅ သိန်းနီးပါး ပို့ပေးနေရပြီး အများစုမှာ ဂိမ်းကစားခြင်းကြောင့် ငွေကြေးဆုံးရှုံးနေရသည်ဟု မအေးက ပြောပြသည်။

“ကျောင်းအတွက် ပေးရတယ် ကျောင်းအတွက် ပေးရတယ် ဆိုပြီး တောက်လျှောက်တောင်းတာ၊ အမေ ဖြစ်သူကတော့ ဟုတ်မှာပါလေ ဆိုပြီး လှမ်းလှမ်းပို့ပေးရတာ၊ နောက်မှ သူငယ်ချင်းတွေကလည်း အကြွေးတွေ လှမ်းတောင်းမှ သားဖြစ်သူက ဂိမ်းတွေဆော့နေတာတဲ့” ဟု လားရှိုးမြို့မှ မအေးက ပြောသည်။  

လောင်းကစားသမားများကြောင့် အမျိုးသမီးများ အဆိုးရွားဆုံး ခံစားရသည့် အပိုင်းမှာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု (Mental Abuse) ဖြစ်သည်။ ဖုန်းမြည်လာတိုင်း အကြွေးရှင်လားဆိုသည့် ထိတ်လန့်မှု၊ အကြွေးရှင်များ အိမ်ရှေ့လာအော်၍ ပတ်ဝန်းကျင်တွင် မျက်နှာမပြရဲတော့သည့် အရှက်ကွဲမှုများကို အမျိုးသမီးများကသာ ရှေ့တန်းက ခံကြရသည်။

သို့သော် လောင်းကစားသမားများကမူ ၎င်းတို့၏ ရှုံးနိမ့်မှုကို လက်မခံဘဲ ဆင်ခြေပေးတတ်ကြသည်။ အွန်လိုင်းဂိမ်းကြောင့် သိန်း ၁၀၀ နီးပါး ဆုံးရှုံးသွားရသည့် ကိုသူရက  ၎င်း၏လောဘကို အပြစ်တင်ရင်း အာပေါင်ရင်းသန်သန်ဖြင့် “ဂိမ်းက နိုင်ဖို့ အခွင့်အရေးတွေ ပေးထားတယ်လေ၊ ကိုယ်ကတော့ လောဘတော့ မကြီးနဲ့ပေါ့၊ ငါက ထပ်ပြီး ပေါက်မလား ပေါက်မလား ဆိုတဲ့ စိတ်နဲ့ ထပ်ပြီး ထိုးလို့ ရှုံးတာ၊ အွန်လိုင်းဂိမ်းကြောင့် မဟုတ်ဘူး၊ ငါ့လောဘကြောင့် ဖြစ်တာ၊ ဘယ်သူ့အပြစ်မှ မဟုတ်ဘူး၊ ငါ့အပြစ်ပဲ၊ သူများတွေ ပြောကြတယ်မလား၊ အွန်လိုင်းဂိမ်းတွေကြောင့် လူတွေက ဘဝပျက်ရတယ်လို့၊ ငါလည်း ဘဝပျက်တာပဲလေ၊ ဒါပေမယ့် ဂိမ်းကြောင့် မဟုတ်ဘူး၊  ငါ့ကြောင့် ငါ့ဘာသာ ငါဖျက်ဆီးတာ၊ ဂိမ်းသာ မကောင်းဘူးဆိုရင် အဲ့ဒီလူတွေ အဲ့လောက်များများ ရှိမလား စဉ်းစားလေ၊ ပေးလည်းပေးလို့ ရလည်း ရကြလို့ ဒီလောက် လူတွေအပြည့် ဖြစ်နေတာပေါ့”ဟု ဆိုလေသည်။  

လောင်းကစားသမားများသည် မိမိကိုယ်ကိုယ် ဖျက်ဆီးနေမှန်း သိသော်လည်း “ငါ့အပြစ်နဲ့ငါ ခံတာပဲ” ဟု ခေါင်းမာတတ်ကြသည်။ သို့သော် ၎င်းတို့ကြောင့် ဖြစ်လာသည့် ဆုံးရှုံးစရာ နောက်ဆက်တွဲ အခြေအနေ များကို နောက်ကွယ်က အမျိုးသမီးများကသာ လိုက်လံထမ်းပိုးနေရခြင်း ဖြစ်သည်။

ထိုထက်ဆိုးသည်မှာ လောင်းကစားသမားများသည် အမျိုးသမီးများ၏ ကြင်နာသနားတတ်သည့်စိတ်နှင့် သံယောဇဉ်ကို ဓားစာခံလုပ်ကာ သွေးစုပ်တတ်ကြခြင်းဖြစ်သည်။

“နောက်တခါ အပြတ်ဖြတ်ပါ့မယ်၊ ဒီတခါပဲ၊ ကယ်ပါဦး” ဆိုသည့် အလိမ်အညာ ကတိစကားများကို ယုံကြည်ကာ မိခင်များက မိမိတို့၏ လုပ်စာ၊ ဇနီးများက မိမိတို့၏ စုဆောင်းထားသည့် ငွေများ  ဖဲ့ပေးရင်း လောင်းကစားသမားနှင့်အတူ ဘဝပါ လိုက်မြုပ်ခဲ့ကြသည်။

အကြွေးများကို လိုက်ဆပ်ပေးခြင်း၊ ဂိမ်းဆော့ရန် ငွေထည့်ပေးခြင်း၊ လောင်းကစားသမားများ အလွယ်တကူ ကတိပေးတတ်သည့် အလိမ်အညာ ကတိစကားများကို ဇနီးသည် သို့မဟုတ် မိခင်များအနေဖြင့် သာမန်အတိုင်း ယုံကြည်နေလိုက်ခြင်းသည် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပိုမိုနှိပ်စက်နိုင်အောင် အခွင့်အရေးပေးလိုက်သလို ဖြစ်နေတော့သည်။

အကျိုးဆက်အနေဖြင့် ပတ်ဝန်းကျင်တွင် အကြွေးပတ်လည်ဝိုင်းကာ လင်မယားကွာရှင်းပြတ်စဲခြင်း၊ အိမ်ထောင်စုလိုက် ထွက်ပြေးတိမ်းရှောင်ရခြင်းနှင့် စိတ်ဓာတ်ကျ သတ်သေခြင်းဟူသော သတင်းဆိုး များကို နေ့စဉ်နှင့်အမျှ ကြားသိနေရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ လောင်းကစားစွဲခြင်းသည် သာမန်အကျင့်ဆိုးမဟုတ်ဘဲ “စိတ်ကျန်းမာရေး ဝေဒနာ” တခုဖြစ်သည်ဟု ဆိုသည်။  

ဖုန်းမျက်နှာပြင်နောက်က ကစားပွဲထဲတွင် လောင်းကစားသမားများ သာယာနေကြဆဲ ဖြစ်သော်လည်း အိမ်ခန်းကျဉ်းလေးထဲက အမျိုးသမီးများ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိဉာဉ်များမှာမူ ဆဲဆိုရိုက်နှက်မှု များအောက်တွင် ကြေမွပျက်စီးလုနီးပါး ဖြစ်နေလေသည်။

ဖုန်းမျက်နှာပြင်ပေါ်က လောင်းကစားဂိမ်း၏ ရောင်စုံမီးလိုင်းများ လင်းလက်နေချိန်တွင် နောက်ကွယ်က ဒေါ်စိန်လှ တို့လို အမျိုးသမီးများ၏ ဘဝတွေ ကတော့ တဖြည်းဖြည်းနှင့် အမှောင်ထုထဲ နစ်ဝင်နေရော့ သလား။

စာဖတ်သူတို့၏ ပတ်ဝန်းကျင်တွင် ထိုသို့သော အသံတိတ် သားကောင်များ မည်မျှအထိ ရှိနေပြီနည်း။