အရည်အချင်းကိုရွေးမလား၊ လိင်စိတ်ခံယူမှုကိုရွေးမလား

လင်းဆက်မေ

“ဥက္ကဌ အခန်းက စာကျပြီ” ဆိုတဲ့ အသိပေး ဖုန်းဝင်လာတော့ လူ့စွမ်းအား အရင်းအမြစ်(HR)ဌာနရဲ့ အကြီးတန်း အရာရှိ ဒေါ်မော်မော်တယောက် ကိုလိုနီခေတ်အဆောက်အဦရဲ့  တခါစီး ၅ ‌ယောက်ပဲ ဆံ့တဲ့ ဓာတ်လှေကားကို စောင့်မစီးတော့ဘဲ  ၅လွှာကို ခပ်သွက်သွက်လေး ပြေးတက်လာခဲ့ပါတယ်။

ဥက္ကဌနဲ့ အမှုဆောင်(EC)တွေရဲ့ အခန်းဝကို ရောက်တော့ ရှေ့က စာဝင်စာထွက်လက်ခံတဲ့ဝန်ထမ်းက အမှုတွဲစာရွက် (Case)ကို သူ့လက်ထဲကို လှမ်းပေးပါတယ်။

ဒီအမှုတွဲဟာ မကြာသေးခင်က သူကိုယ်တိုင်ပါဝင်ခဲ့တဲ့ လူတွေ့အင်တာဗျူးတခုမှာ အရည်အချင်းပြည့်ဝစွာ ဖြေဆိုနိုင်ခဲ့တဲ့ ဝန်ထမ်းသစ် လျှောက်ထားသူတဦးရဲ့ ဖိုင်ဖြစ်ပါတယ်။

ဝန်ထမ်းကောင်းတယောက်ကို ခန့်အပ်နိုင်ခြင်း၊ အလုပ်ခွင်မှာ တည်တံ့အောင် ထိန်းသိမ်းနိုင်ခြင်းတို့ဟာ HR တာဝန်ရှိသူတွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍဖြစ်တာကြောင့် ဒီလိုအရည်အချင်းပြည့်ဝသူတယောက်ကို ခန့်နိုင်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လက်ထောက်ဝန်ထမ်း တယောက် ယောက်ကိုတောင် စာမယူခိုင်းဘဲ ဒေါ်မော်မော်ကိုယ်တိုင် ဖိုင်လာယူခဲ့တာပါ။

ဒါပေမယ့် ဖိုင်ကို လှန်ကြည့်လိုက်တဲ့အခါမှာတော့ သူမျှော်လင့်ထားတာနဲ့ လုံးဝမတူတဲ့ မှတ်ချက်တခုကို တွေ့လိုက်ရပါတယ်။

“လုပ်ငန်းခွင်တွင် အများသူငါ အနှောက်အယှက် ဖြစ်နိုင်၍ အလုပ်ခန့်ရန် မဖြစ်နိုင်ပါ”

ဒီဝန်ထမ်းလျှောက်ထားသူဟာ အင်တာဗျူးအတွင်းမှာ ရေးဖြေ၊ နှုတ်ဖြေ နှစ်မျိုးစလုံးကို ကောင်းမွန်စွာ ဖြေဆိုနိုင် ခဲ့တဲ့အပြင် လုပ်ငန်းလိုအပ်ချက်နဲ့လည်း ကိုက်ညီသူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ အမျိုးသားလို ဝတ်စားဆင်ယင် ပြီး ကိုယ်တိုင်ကို အမျိုးသားအဖြစ် ခံယူထားတဲ့ Transgender man တယောက် ဖြစ်နေပါတယ်။

အင်တာဗျူးအတွင်းမှာပင် ဥက္ကဌနှင့် တာဝန်ရှိသူများက ထမီဝတ်ဆင်ရမယ်လို့ ပြောကြားခဲ့ပေမဲ့ သူကတော့ ဘောင်းဘီသာ ဝတ်ဆင်လိုကြောင်း ပြန်လည်ဖြေဆိုခဲ့ပါတယ်။

နောက်ဆုံး ဆုံးဖြတ်ချက်မှာတော့ အရည်အချင်းထက် ရုံးဝတ်စုံစည်းမျဉ်းကို ဦးစားပေးပြီး ခန့်အပ်မှုကို ပယ်ချလိုက်တာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်တွင်းက တီးတိုးစကားတွေမှာတော့ “သူ့ကို ဘယ်အိမ်သာ သုံးခိုင်းရမှာလဲ” ၊ “မိန်းမကြီးက ဘောင်းဘီတကားကားနဲ့ ရုံးမှာ ဘယ်လိုကြည့်ကောင်းမှာလဲ၊ အားလုံးက စကပ်တောင် မဝတ်ရဘဲ ထမီပဲ ဝတ်တာကို” ဆိုတဲ့ စကာလုံးတွေ ပါဝင်ပါတယ်။   

ဒီလိုအခြေအနေကြောင့် ဒေါ်မော်မော်တယောက် အရည်အချင်းရှိ ဝန်ထမ်းတယောက်ကို လက်လွှတ်လိုက် ရသလို ခံစားခဲ့ရပြီး၊ LGBT ဖြစ်နေတာကြောင့် အလုပ်မရနိုင်ခြင်းကို လက်ခံရပါတော့တယ်။

ဒေါ်မော်မော်အလုပ်လုပ်တဲ့ အသင်းဟာ  ခွဲခြားမှုမရှိခြင်းဆိုတဲ့ အချက်အပါအဝင် အခြေခံမူ ၇ချက် ကို လက်ခံကျင့်သုံးတဲ့  လူမှုကရုဏာအသင်းဖြစ်ပါတယ်။  

“မူဝါဒကောင်းတွေရှိနေပေမယ့် ဦးဆောင်သူတွေ မလိုက်နာရင် ခွဲခြားမှုတွေ ဆက်ရှိနေမယ်” လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုအာကာ (အမည်လွှဲ) က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လိင်စိတ်ခံယူမှု မတူကွဲပြားတဲ့ LGBT တွေအပေါ် ခွဲခြားဆက်ဆံမှုများဟာ အရင်ကတည်းက ရှိနေခဲ့ပြီး လက်ရှိ နိုင်ငံရေးအခြေအနေများကြောင့် ပိုမိုဆိုးရွားလာနေတယ်လို့လည်း သူကဆိုပါတယ်။

“တည်ငြိမ်အေးချမ်းတဲ့အချိန်မျိုးမှာတောင် ရှိခဲ့တာမို့ အခုလို နိုင်ငံရေးအခြေအနေတွေ ရှုပ်ထွေးနေချိန်မျိုးမှာ ဆိုရင် ပိုဆိုးတယ်၊ ခွဲခြားတယ်၊ နှိမ်တယ်၊ ကဲ့ရဲ့အပြစ်တင်တာတွေ များတယ်”လို့ သူက ဆက်ပြောပါတယ်။

LGBTတွေ အပေါ် ဒီလိုမျိုးခွဲခြားဆက်ဆံတာ၊ အလုပ်မခန့်တာတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုတဲ့ အမြင်ကျဉ်းမြောင်းမှုတခုနဲ့ နေရာမပေးတာဖြစ်သလို၊  အစဉ်အဆက်ကတည်းက Brain Wash အလုပ်ခံထား ရလို့ ဖြစ်တာလို့ အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ကိုအာကာက သူ့အမြင်ကို ပြောပါတယ်။

တဖက်မှာလည်း  ပွင့်လင်းတဲ့ခေတ်၊ ပြည်သူ့အစိုးရခေတ်ကို ဖြတ်သန်းစဉ်ကာလက  LGBT တွေရဲ့ ဖြစ်တည်မှုကို လူအများက လက်ခံလာကြသလို လုပ်ငန်းခွင်မှာလည်း အရည်အချင်းကိုက်ညီမှုအလိုက် အလုပ်ခန့်တာတွေ ရှိလာတယ်။ LGBTတွေကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ လိင်စိတ်ခံယူမှုကို ထုတ်ဖော်ပြောကြားလာတာ၊ Relationship အခြေအနေတွေကို တရားဝင်လူသိခံတာမျိုးလုပ်လာကြတဲ့အထိ ပွင့်လင်းလာခဲ့ပါတယ်။  

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ NGO နဲ့ INGO တွေမှာဆိုရင် အသိမှတ်ပြုတာ၊ အလုပ်ခန့်တာမျိုးကို ပိုတောင် တွေ့ရတတ်ပါတယ်။   

ရန်ကုန်က Transgender Woman တဦးဖြစ်တဲ့  နိုင်နိုင်ဟာ ဘွဲ့ရပြီးတဲ့နောက် ကုမ္ပဏီတခုမှာ ဝင်လုပ်ခဲ့ပါတယ်။ မှတ်ပုံတင်ထဲကအတိုင်းအမျိုးသားလို့ပဲ အလုပ်လျှောက်ခဲ့ပြီး အလုပ်ရခဲ့ပါတယ်။ လုပ်ငန်းခွင် ဝင်ပြီး နောက်ပိုင်း မှာ Transgender Woman လို့သိသွားခဲ့ကြပေမယ့် ဘာမှ အပြောင်းအလဲမရှိခဲ့ပါဘူး။  

ဒါပေမဲ့ အာဏာသိမ်းပြီးတော့ သူလုပ်တဲ့ ကုမ္ပဏီက လုပ်ငန်းမလည်ပတ်နိုင်တော့ဖျက်လိုက်ရတဲ့အခါ နိုင်နိုင် တယောက် အလုပ်လက်မဲ့ ဖြစ်သွားခဲ့ပါတော့တယ်။  သူကျွမ်းကျင်တဲ့ ပညာရပ်နဲ့ သက်ဆိုင်ရာ လုပ်ငန်းခွင်တွေ မှာ အလုပ်ပြန်လျှောက်ပေမဲ့ Transgender Woman မို့ မခန့်ကြတဲ့ အတွေ့အကြုံကို ရင်ဆိုင်ခဲ့ရပါတယ်။

သူအလုပ်လျှောက်ထားတဲ့ လုပ်ငန်းခွင်တခုကကျတော့  အမျိုးသားလိုပဲ နေရမယ်ဆိုပြီး ပြောပေမယ့် နိုင်နိုင် အဖို့  အမျိုးသမီးလို ဝတ်စားနေထိုင်နေတာ အသားကျနေပြီမို့ အလုပ်မခန့်ခဲ့ပါဘူး။

“တကယ်ဆို ကျွန်မ အလုပ်လုပ်ချင်တာက ဝန်ထမ်းအလုပ်ပါ၊ ဒါပေမဲ့ မဖြစ်နိုင်ခဲ့ဘူး“ လို့ နိုင်နိုင်က ပြောပြ ပါတယ်။

နောက်ဆုံးမှာတော့ အလှဖန်တီးရှင်ဘဝကိုပဲရွေးချယ်ခဲ့ပါတယ်။ သူက အလှဖန်တီးရှင်ဘဝကို တန်ဖိုးမထားတာ မဟုတ်ပေမဲ့ ဝန်ထမ်းဘဝကို ပိုလိုချင်ခဲ့တာပါ။ ဒါပေမဲ့ မဖြစ်နိုင်တဲ့ အခြေအနေမှာ အကောင်းဆုံးကိုပဲ ရွေးချယ်ခဲ့ ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့က ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ လမ်းတံတားတည်ဆောက်ရေးစတဲ့ လုပ်ငန်း တွေ အများကြီးလုပ်တဲ့ ကုမ္ပဏီကြီးတခုမှာ စီမံအုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့ဝင်တွေ Board of Directors (BOD) ကို ပံ့ပိုးကူညီရတဲ့ အလုပ်လုပ်နေသူတယောက်ဖြစ်တဲ့ ကိုထွန်းထွန်း(အမည်လွှဲ)ကတော့ လုပ်ငန်းခွင်က အဆင်ပြေ တယ်။ ခွဲခြားဆက်ဆံတာမရှိဘူးလို့ဆိုပါတယ်။


ဒါပေမဲ့ ပြည်သူ့အစိုးရ တက်ပြီးနောက်ပိုင်း လုပ်ငန်းတွေက နိုင်ငံတကာနဲ့ ဆက်ဆံမှုတွေများလာတာနဲ့အမျှ ဦးဆောင်သူတွေကလည်း အတွေးအမြင်ပြောင်းလဲ နားလည်လက်ခံလာတဲ့အချိန်မှသာ သူ့ရဲ့ လိင်စိတ်တိမ်းညွတ် မှုကို ပွင့်ပွင့်လင်းလင်း ထုတ်ပြနိုင်ခဲ့တာဟာ စတင်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် မီဒီယာဖွံ့ဖြိုးရေးလုပ်ငန်းတခုရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုဇာနည်(အမည်လွှဲ)က တိုးတက်ပွင့်လင်းတဲ့ အမြင်ရှိသူ လူငယ်တွေအဖို့ LGBT တွေရဲ့ ဖြစ်တည်မှုတွေအပေါ် ခွဲခြားဆက်ဆံစရာ မလိုဘူး၊  လိင်စိတ်ခံယူမှု၊ လိင်စိတ်တိမ်းညွတ်မှုဆိုတာ ကိုယ်ပိုင်လွတ်လပ်ခွင့်သာဖြစ်တယ်၊ ဘယ်သူ့ကိုမှ ဘာကိုမှ မထိခိုက်ဘူးလို့ သတ်မှတ်ကြတယ်လို့ သူ့အဖွဲ့ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ပြောပြပါတယ်။

ကိုဇာနည် ဦးဆောင်တဲ့အဖွဲ့ရဲ့ လုပ်ငန်းခွင်မှာဆိုရင် Transgender Men , Transgender Women တွေ အများအပြားရှိ ကြပါတယ်။ လုပ်ငန်းခွင်အတွင်းမှာလဲ အဆင်ပြေပြေရှိပြီး၊  သူက Gay မို့လို့၊  Lesbian မို့လို့ ဆိုပြီး ခွဲမြင်မိတာ မရှိခဲ့သလို သူတို့ကလည်း အများထက်ထူးခြားမနေပါဘဲ၊ ကိုယ့်တာဝန်ကိုယ် ကျေကျေ ပွန်ပွန်ပဲ ထမ်းဆောင်ကြတယ်။ အနှောက်အယှက်လည်း ဖြစ်မနေခဲ့ဘူးလို့ သူက ဆိုပါတယ်။

အဲဒီအဖွဲ့မှာ လုပ်ကိုင်ခဲ့ဖူးတဲ့ ဝန်ထမ်းဟောင်းအမျိုးသားတဦးက “အဲဒီမှာဆို ကိုယ်က လူနည်းစု (Minority) တောင်ဖြစ်နေခဲ့တာ” လို့ ရယ်ရယ်မောမော ပြောပြပါတယ်။ 

ဒါပေမဲ့ ဒီလိုလူသားအားလုံး ကျား၊ မ မခွဲခြား လူ့အခွင့်အရေး တန်းတူ ဆိုတာတွေဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မှာတော့ အာဏာသိမ်းမှုနဲ့အတူ အငွေ့ပျံပျောက်ဆုံးသွားခဲ့ပါတော့တယ်။ လူ့အခွင့်အရေး အတွက် အလုပ်လုပ် သူတွေအများအပြား အဖမ်းခံရသလို၊  မတရားတာကို လက်မခံတဲ့သူတွေကိုလည်း ဖမ်းဆီးနှိပ်စက်တာတွေကို စစ်အုပ်စုက ပြုလုပ်ခဲ့ပါတယ်။

“မတရားတာကို တရားပါဘူးလို့ပြောကြတဲ့အထဲမှာ ကျွန်တော်တို့ LGBTတွေလည်း ပါခဲ့ပါတယ်၊ အခုအချိန်အထိ လည်း ထောင်ထဲမှာ တော်လှန်ရေးနယ်မြေတွေမှာ ကျွန်တော်တို့ LGBTတွေ တတပ်တအား ပါနေတုန်းပါ၊ ဒါကိုများ ဘာဖြစ်လို့ ဒီလို အမြင်စောင်းနေတာတွေ ရှိနေသေးတာလဲ” လို့ Transgender Man တယောက်ဖြစ်တဲ့ ထူးထူး (အမည်လွှဲ)က ပြောပါတယ်။

“ဘယ်သူတွေက ဘယ်လိုပဲ သတ်မှတ်သတ်မှတ်၊ ခွဲခြားသည်ဖြစ်စေ တန်းတူဆက်ဆံသည်ဖြစ်စေ ကျွန်တော်တို့ သည်လည်း လူသားတွေပဲဖြစ်လို့ ကိုယ့်နိုင်ငံအတွက် ကိုယ့်တာဝန်ကိုယ်ကျေမှာပဲ”လို့ ထူးထူးက ခွန်အားအပြည့် ယုံကြည်မှုအပြည့်နဲ့ ပြောပါတယ်။ 

အာဏာသိမ်းမှုနဲ့အတူ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ ကုမ္ပဏီ (Multinational Company) တွေ ပြန်ထွက်ခွာသွားကြတဲ့အခါ မြန်မာလုပ်သားအသီးသီးအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ လျော့ပါးသွား ပါတယ်။ ဒီအချိန်မှာ အမျိုးသား၊ အမျိုးသမီးတွေက အလုပ်ရနိုင်ခြေ ရှိနေသေးပေမဲ့ LGBTတွေ ကတော့ အလုပ်အကိုင်အခွင့်အလမ်း ပိုပြီးနည်းပါးသွားခဲ့ပါတယ်။   

အလုပ်ကျွမ်းကျင်မှုအရည်အသွေးအပေါ်ကြည့်ပြီး အလုပ်ခန့်တာမျိုးမဟုတ်ဘဲ လူတဦးတယောက်ရဲ့ လိင်စိတ်ခံယူမှုအလိုက် ဝတ်စားဆင်ယင်မှုကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ လုပ်ငန်းခွင်အလိုက် တာဝန်ရှိသူတွေဟာ ရှေးရိုးစွဲအမြင်တွေရှိကြသူတွေဖြစ်တယ်လို့ ဒေါ်မော်မော်က ပြောပါတယ်။

သူတို့အသင်းရဲ့ အလုပ်အမှုဆောင်တော်တော်များများဟာ စစ်တပ်က အငြိမ်းစားယူလာကြသူတွေဖြစ်ပြီး၊ ကျန်တဲ့သူတွေကလည်း ဌာနဆိုင်ရာအသီးသီးကနေ ရာထူးကြီးကြီးနဲ့ ပင်စင်ယူထားသူတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

အချို့ အဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေဟာ မူဝါဒတွေကို စာရွက်ပေါ်မှာ၊ အင်တာနက် စာမျက်နှာတွေမှာ ကြည့်ကောင်းအောင် ရေးဆွဲထားတဲ့  ခွဲခြားဆက်ဆံမှု မရှိခြင်းမူဝါဒ (Non-Discrimination Policy)တွေ၊  လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုနဲ့ အလွဲသုံးစားမှု Protection from Sexual Exploitation and Abuse (PSEA)ကို ကာကွယ်ပေးမယ့် မူဝါဒတွေရှိကြပါတယ်။  ဒါပေမဲ့ လက်တွေ့မှာတော့ လက်ခံ ကျင့်သုံးနေတာ မရှိကြတာကို တွေ့ရပါတယ်။

ဒေါ်မော်မော်တို့အသင်းဆိုရင် Protection, Gender and Inclusion (PGI) ဆိုတာကို သီးသန့်ဆောင်ရွက်နေ သလို၊ လူမှုကရုဏာလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ Gender နဲ့ ပတ်သက်ပြီး လိုအပ်ချက်ဟာကွက်တွေ မရှိအောင် ညှိနှိုင်းရေးမှုး (Coordinator) တောင် သီးသန့်ခန့်ထားပြီး လုပ်ကိုင်နေတာပါ။ ဒါပေမဲ့ Transgender Man တယောက်ကိုတော့ အလုပ်မပေးခဲ့ပါဘူး။

ဒီ PSEA policy, Gender Inclusion နဲ့ အလုပ်သမားအခွင့်အရေးတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေဆိုတာ လုပ်သင့်တာမှန်ပေမဲ့ လုပ်ငန်းရှင်တချို့ အဖွဲ့အစည်းတချို့ကတော့ စိတ်ပါလို့ နားလည်လက်ခံလို့ လုပ်သင့်လို့ လုပ်တာ မဟုတ်ဘဲ  နိုင်ငံတကာက အကူအညီတွေရအောင် Donor တွေပေးချင် အောင် အပြလုပ်တာမျိုးကို တွေ့ရပါတယ်။ တကယ် လူ့အခွင့်အရေးကို လေးစားလိုက်နာချင်တာ မဟုတ်ဘဲ  ဒါရှိလာမေးရင် ရှိတယ်လို့ ပြောနိုင်ရုံလောက်၊ လုပ်ငန်းတွဲလုပ်ခွင့်ရရေးအတွက်လောက်ပဲ အာရုံစိုက်တာလို့ လူအခွင့်အရေး ပညာပေးသူ တဦးက ပြောပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်နဲ့တွဲလုပ်မယ့် လုပ်ငန်း၊ အဖွဲ့အစည်းတခုက ကိုယ်ချမှတ်ထားတဲ့ စည်းမျဉ်း တွေကို ဘယ်လောက် လိုက်နာ လဲ ဘာမူဝါဒတွေရှိသလဲ ဆိုတာ စစ်ဆေးကြည့်ရှုပြီးမှ တွဲဖက်လုပ်ကိုင်ကြ ပါတယ်။        ကိုယ်က လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လိုက်နာမယ့် မူဝါဒရှိတယ်ဆိုရင် ကိုယ်နဲ့ တွဲလုပ်မယ့် သူက ဒီလိုမူရှိသလား၊ ချိုးဖောက်မှုတွေ လုပ်ထားသလား။ မူဝါဒ မရှိရင် ဒါမှမဟုတ် ချိုးဖောက်မှုတွေရှိထားရင် လက်တွဲ မလုပ်ဘူးဆိုတာမျိုးပါ။ ဒီတော့ နိုင်ငံတကာနဲ့တွဲလုပ်ချင်တဲ့ အဖွဲ့တွေ၊ လုပ်ငန်းတွေအပြင် အစိုးရဌာန တချို့တောင်မှ  ဒီအခွင့်အရေးအတွက် ပြင်ဆင်ကြပါတယ်။

“အာဏာသိမ်းပြီးချိန်မှာတော့ နိုင်ငံတကာက အကူအညီတွေ အခွင့်အလမ်းတွေ မရှိသလောက်ရှားသွားပြီမို့ စွပ်ထားတဲ့ မင်းသားခေါင်းတွေ ပြန်ချွတ်ကြတော့တာပါပဲ”လို့  အထက်ပါ လူ့အခွင့်အရေးပညာပေးသူက ဆက်ပြောပါတယ်။  

အဲဒီလိုအခြေအနေမျိုးမှာ အားလုံးက ရှိသင့်ရသင့်တဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးရတာပါပဲ။ လူသားပီပီသသ ဂုဏ်သိက္ခာရှိရှိ ရှင်သန်ရပ်တည်ဖို့အတွက်၊ တန်းတူညီမျှဖို့အတွက်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် မပြောနဲ့ အသက်ရှင်ရပ်တည်ဖို့အတွက်တောင် စိတ်ဖြောင့်ဖြောင့် မရှိရတဲ့အခြေအနေ၊ ဘယ်အချိန် အိမ်တံခါး လာခေါက်မလဲ ၊ ဘယ်အချိန် ဗုံးလာကြဲသွားမလဲ စိုးရိမ်နေရတဲ့အချိန်မျိုးမှာ “ကျွန်တော်တို့ LGBTတွေအတွက် ဆိုတာကတော့ ဘယ်လိုမှ ရှေ့တန်းတင်လို့မရတော့ပါဘူး”လို့ ကိုဇာနည်ရော ကိုအာကာကရော ပြောကြပါ တယ်။   

ဒါပေမဲ့ မိမိလုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ အနီးပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ဒီလိုမျိုး LGBT တွေနဲ့ပတ်သက်လို့ အလုပ် မခန့်တာ၊ မတရားဆက်ဆံခံရတာ၊  ခွဲခြားဆက်ဆံခံရတာမျိုး၊ ကိုယ့်အဖွဲ့အစည်းက  သူတို့ ချမှတ်ထားတဲ့ မူဝါဒတွေအတိုင်းလုပ်သလား ဆိုတာကို စောင့်ကြည့်လေ့လာဖို့၊ မလုပ်ရင် တာဝန်ရှိသူတွေကို တင်ပြဖို့၊ ဒေါ်မော်မော်တို့ရုံးလို  ဦးဆောင်သူ လူကြီးတွေ ကိုယ်တိုင်က တလွဲလုပ်တာမျိုး ကြုံနေရရင် အသံထွက် ပြောဆို ပေးဖို့ ကိုအာကာက တိုက်တွန်းပါတယ်။  

အားလုံးတန်းတူညီမျှပါဝင်မှုရှိတဲ့ နိုင်ငံတော်သစ်ကို သွားကြတဲ့အခါမှာလည်း ဘယ်သူမှ မကျန်ဘဲ အားလုံးရဲ့ အားနဲ့ အတူရှေ့တိုးနိုင်မယ်လို့ သူက ရှုမြင်ပါတယ်။   

တန်းတူညီမျှမှုဆိုတာ စာရွက်ပေါ်က မူဝါဒတခုသာ ဖြစ်နေသေးသရွေ့၊ လူ့စွမ်းအား အရင်းအမြစ်(HR)ဌာနရဲ့ အကြီးတန်းအရာရှိ ဒေါ်မော်မော်တို့လို အလုပ်ခန့်ခွင့်ကို ဆုံးရှုံးသွားရတဲ့ အခိုက်အတန့်တွေက ဆက်လက်ဖြစ်ပွား နေပါလိမ့်မယ်။ မေးခွန်းကတော့အရည်အချင်းကို ကြည့်မလား၊ ဒါမှမဟုတ် အမှတ်အသားကို ကြည့်နေဦးမလား ဆိုတာပဲ ဖြစ်ပါတယ်။