ဟုမ္မလင်းတွင် ပျူစောထီးအဖွဲ့ဝင် ပစ်ခတ်မှုကြောင့် ကျည်ထိမှန်သည့် မသန်စွမ်းအမျိုးသမီး ဆေးကုသခွင့်မရဘဲ သေဆုံး
ရှင်ငြိမ်း
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးက အရက်မူးပြီး အကြောင်းမဲ့ သေနတ်ပစ်ခတ်ခဲ့ရာမှ ကျည်ထိမှန်ခဲ့သည့် မသန်စွမ်းအမျိုးသမီးငယ်တဦးမှာ ဆေးကုသခွင့် မရရှိဘဲ ၃ ရက် အကြာတွင် ဆုံးပါးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၄ ရက် ညနေ ၆ နာရီခွဲခန့်က ကက်သာကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် ၃ ဦးသည် ခေါင်ခမ်းကျေးရွာအတွင်း အရက်သေစာ သောက်စားဝင်ရောက်လာပြီး ထိုအထဲမှ စိုင်းလင်းဦး ဆိုသူက သေနတ်ဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် နေအိမ်ရှေ့တွင် ထိုင်နေသည့် အသက် ၂၀ ဝန်းကျင်အရွယ် မသန်စွမ်းအမျိုးသမီး၏ ဘယ်ဘက်လက်မောင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်နှင့် နားရွက်ပြတ်ရှဒဏ်ရာများ ရရှိခဲ့သည်။
သေဆုံးသူသည် မွေးရာပါ ညာခြေတဖက် မသန်စွမ်းသည့်အပြင် အကြားအာရုံပါ ချို့ယွင်းနေသူ ဖြစ်သည်။ ကျေးရွာအတွင်း ဆေးရုံ၊ ဆေးခန်း မရှိခြင်းနှင့် မြို့ပေါ်သို့ တက်ရောက်ကုသရန် ငွေကြေးမတတ်နိုင်ခြင်း တို့ကြောင့် ရွာရှိ သူနာပြုတဦးက သွေးတိတ်ရုံသာ ကုသပေးနိုင်ခဲ့ပြီး နိုဝင်ဘာလ ၇ ရက်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
“ပစ်တဲ့သူတွေက ဘာတခုမှ မေးမြန်းတာ၊ တာဝန်ယူတာ မရှိဘူး၊ ရွာထဲလည်း ဒီအတိုင်း ဖြတ်သွားနေတာ ဘယ်သူမှ မပြောရဲကြဘူး၊ ကောင်မလေးက ဆေးဘာမှ မကုရတော့ ၃ ရက်လောက်နေပြီး ဆုံးသွားတာ၊ ဒီလိုတွေ ထပ်ဖြစ်မှာလည်း စိုးရိမ်တယ်” ဟု ဒေသခံအမျိုးသမီးတဦးက ပြောသည်။
ရှေးဦးသူနာပြုနည်းဖြင့် ကုသပေးခဲ့သည့် ဒေသခံအမျိုးသားတဦးကလည်း“ကျည်ဆန်တော့ ထုတ်နိုင်တယ်၊ အရက်ပျံထည့်သန့်ရှင်းပေါ့၊ ချုပ်တာတို့၊ သွေးတိတ်ဆေးတို့၊ အနာကျက်ဆေးတို့ မေးခိုင်ကာကွယ်ဆေးတို့ တွေက ဘာမှမရှိတော့ ဒီအတိုင်းလက်လွတ်လိုက်ရတာပေါ့” ဟု ရှင်းပြသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ ပျူစောထီးအဖွဲ့ဝင်က ဆေးကုသစရိတ် တာဝန်ယူပေးခြင်း မရှိသကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း သက်ဆိုင်ရာသို့ တိုင်ကြားပေးခြင်းနှင့် ဆေးရုံပို့ဆောင်ပေးခြင်း တစုံတရာ မရှိခဲ့ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။
လက်နက်ကိုင်ဆောင်ထားသူများက ထင်တိုင်းကြဲနေမှုကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်လုံခြုံမှုမှာ စိုးရိမ်ဖွယ် အခြေအနေသို့ ရောက်ရှိနေကြောင်း ဒေသခံအမျိုးသားတဦးက ပြောသည်။
၂၀၂၆ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ ဟုမ္မလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နှင့် KIA-PDF ပူးပေါင်းတပ်များအကြား စစ်ရေးတင်းမာမှု မြင့်တက်နေပြီး စခန်းသိမ်းတိုက်ပွဲ များနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသည်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ကတ်သာကျေးရွာကို ယခုလ ၁၀ရက်နေ့က စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၅၀ ဝန်းကျင်က ဝင်ရောက်စီးနင်းကာ အသက် ၂၀ ဝန်းကျင်အရွယ်အမျိုးသမီး ၁၀ဦးနဲ့ ကျောင်းသား၊ ကျောင်းသူအပါအဝင် ပြည်သူ ၅၀ ခန့်ကို နေအိမ်အတွင်းအထိ ဝင်ရောက် ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း Zalen သတင်းဌာနတွင်ဖော်ပြခဲ့သည်။ ဖမ်းဆီးခံရသူများကို မည်သည့်နေရာမှာ ထိန်းသိမ်းထားကြောင်း မသိရသေးသလို၊ မိသားစုနှင့် တွေ့ဆုံခွင့်မရရှိသေးကြောင်း ဒေသသတင်းရင်းမြစ်ကို မေးမြန်းရေးသားဖော်ပြထားသည်။ အလားတူ နိုဝင်ဘာလ ၄ရက်နေ့တွင် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၈ရွာကို စစ်ကောင်စီတပ်နဲ့ ၎င်းတို့လက်အောက်ခံ SNA တပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့လို့ အမျိုးသမီး ၁၀ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU)က မှတ်တမ်းတင်ထားသည့် စာရင်းများအရ အာဏာသိမ်း စစ်တပ် ၏ လေကြောင်းနှင့်မြေပြင်တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံတဝန်း အမျိုးသမီးထိခိုက်သေဆုံးမှုများ မှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ ၆၆၄ ဦး၊ ၂၀၂၄ ခုနှစ်အတွင်း ၄၇၈ ဦး၊ ၂၀၂၅ ခုနှစ်အတွင်း ၇၉၂ ဦး၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာထိ ၅၀၈ ဦးအထိရှိခဲ့ပြီး၊ ၆နှစ်နီးပါးတာ ကာလအတွင်း သေဆုံးခဲ့ရသူ စုစုပေါင်း ၂,၄၄၂ ဦး ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ စာရင်းကောက်ယူနိုင်ခြင်းမရှိ၍ မှတ်တမ်းတွင်မပါဝင်သည့် ဖြစ်စဉ်များလည်း ရှိနိုင်ကြောင်း BWU မှ သိရသည်။





