တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ (ဇွန်လ ၁၃ ရက်ကနေ ၁၉ ရက်၊ ၂၀၂၆)

ဇွန်လ ၁၃ ရက်ကနေ ၁၉ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။

ဒီတပတ် အမျိုးသမီးသတင်းတွေထဲမှာ မုဒိမ်းမှုနဲ့ဆက်စပ်ဖြစ်စဉ်တွေဟာ စိုးရိမ်စရာကောင်းလောက်အောင် ပါဝင်နေတာကို တွေ့ရပါတယ်။

ဒီဖြစ်ရပ်တွေဟာ နိုင်ငံရေးပြိုလဲမှုနဲ့အတူ တရားဥပဒေစိုးမိုးရေးယန္တရား လုံးဝပျက်စီးသွားတဲ့အခါ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ အကာအကွယ်မဲ့ဆုံး စစ်မြေပြင်အဖြစ် ပြောင်းလဲသွားကြောင်း သက်သေပြနေတာပါ။ အဆိုးဆုံးကတော့ ဥပဒေကြောင်းအရ ထိရောက်စွာ အရေးမယူနိုင်ခြင်းနဲ့ ပတ်ဝန်းကျင်ရဲ့ နစ်နာသူအပေါ် အပြစ်တင်မှုဓလေ့တွေကြောင့် နစ်နာသူအမျိုးသမီးတွေမှာ တရားမျှတမှုမရဘဲ အသက်ဆုံးရှုံးတဲ့အထိ စိတ်ဒဏ်ရာ ခံစားနေရပါတယ်။

ဒါဟာ အရေးပေါ် ကာကွယ်စောင့်ရှောက်ရေးနဲ့ နစ်နာသူ ဗဟိုပြု တရားစီရင်ရေးစနစ်ကို အရပ်ဘက်နဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ ချက်ချင်းအကောင်အထည်ဖော်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ဖော်ပြနေပါတယ်။

ဒီလို တရားဥပဒေ ကင်းမဲ့မှုနဲ့ စိတ်ဒဏ်ရာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို “လေးတောင်မြို့မှာ အဓမ္မပြုကျင့်ဖို့ ကြံစည်ခံခဲ့ရသူ ကျောင်းသူတဦး အဆုံးစီရင်” ဆိုတဲ့ သတင်းမှာ အထင်အရှား တွေ့မြင်နိုင်ပါတယ်။ ဒီဖြစ်စဉ်ဟာ စစ်ဘေးသင့်ဒေသတွေမှာ အမျိုးသမီးငယ်တွေ ကြုံတွေ့နေရတဲ့ လုံခြုံရေးအန္တရာယ်တင်မကဘဲ၊ အကြမ်းဖက်ခံရပြီးနောက်ပိုင်း ကြုံရတဲ့ “စိတ်ဒဏ်ရာ” နဲ့ “လူမှုပတ်ဝန်းကျင်ရဲ့ ဖိအား” တွေက ဘယ်လောက်အထိ အသက်အန္တရာယ် ပေးနိုင်လဲဆိုတာကို ထင်ထင်ရှားရှား ပြသနေတာပါ။

အမှုအခင်းကို ဥပဒေကြောင်းအရ အရေးယူဖို့ ကြိုးစားပေမဲ့ ကျား-မ အခြေပြု အကြမ်းဖက်မှုရဲ့ သဘောသဘာဝအရ နစ်နာသူဟာ “အရှက်တကွဲ ဖြစ်ရသူ” အဖြစ် ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ခြင်းကို ခံရတတ်ပါတယ်။ ဒါကြောင့် ဒေသတွင်း တရားမျှတမှု ဖော်ဆောင်ရေး ယန္တရားတွေက အမှုအခင်းကို ဥပဒေအရ ကိုင်တွယ်ရုံတင် မကဘဲ၊ နစ်နာသူ အမျိုးသမီး တွေရဲ့ လုံခြုံမှု၊ လျှို့ဝှက်ချက် ထိန်းသိမ်းမှုနဲ့ စိတ်ကျန်းမာရေး ပံ့ပိုးမှုတွေကိုပါ ထည့်သွင်း စဉ်းစားတဲ့ “နစ်နာသူဗဟိုပြု ချဉ်းကပ်မှုကို အရေးတကြီး ကျင့်သုံးဖို့ လိုအပ်နေပါတယ်။

ဒီလို လိုအပ်နေချိန်မှာပဲ မကြာသေးခင် လပိုင်းအတွင်း မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းမှာ သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုတွေကြောင့် အမျိုးသားညီညွတ် ရေးအစိုးရ (NUG) မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ထားတဲ့ တရားခံ မင်းမင်းစိုးဟာ ဖမ်းဆီးထိန်းသိမ်းခံနေရစဉ်အတွင်း အချုပ်ကနေ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသတွင်း သတင်းတပုဒ်ဟာ လူထုရဲ့ မကျေမနပ်မှုနဲ့ ဝေဖန်သံတွေ အဆက်မပြတ်ထွက်ပေါ်နေစေပါတယ်။

ဒီဖြစ်စဉ်ဟာ တော်လှန်ရေးနယ်မြေတွေထဲမှာ ဖြစ်ပွားတဲ့ လိင်အကြမ်းဖက်မှုတွေထဲမှာ ပထမဆုံး အမြင့်ဆုံးပြစ်ဒဏ် (သေဒဏ်)ကို ချမှတ်ခဲ့တဲ့ ဖြစ်စဉ်တခုပါ။ အရပ်သားတဦးရဲ့ လိင်အကြမ်းဖက်လူသတ်အလောင်း ဖျောက်ဖျက်မှုကို အခုလို ပြတ်ပြတ်သားသားအမိန့်ချမှတ်ခဲ့သလို လက်နက်ကိုင်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် လိင်အကြမ်းဖက်သမားအချို့ ကိုလည်း အလားတူ အရေးယူဖို့ တိုက်တွန်းသံတွေ အဆက်မပြတ် ထွက်နေခဲ့တဲ့ အခြေအနေမှာ အခုလို တရားခံ လွတ်မြောက်သွားတာဖြစ်ပါတယ်။

ဒါ့အပြင် စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး စတဲ့ တိုင်းပြည်မငြိမ်သက်မှုတွေကြောင့် ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းပြည်သူတွေ၊ စစ်ဘေးသင့်ပြည်သူတွေနဲ့ ဒေသခံလူငယ်တွေအတွက် ဘဝအခွင့်အလမ်းနဲ့ ပညာသင်ယူခွင့်တွေ ပေးနိုင်ရေး ရည်ရွယ်ဖွင့်လှစ်ထားတဲ့ လေးကေ့ကော်မြို့နယ်၊ ဒေါနလမ်းအမည်ရ ကျောင်းမှာ ကျောင်းအုပ် ဖြစ်သူက ကျောင်းသားနဲ့ ဆရာမတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနဲ့ ကျူးလွန်မှု ဖြစ်စဉ်ကလည်း  လူထုကို စိတ်ပျက်စေတဲ့သတင်းတပုဒ်ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ရဲ့ ကျူးလွန်သူအဖြစ်စွပ်စွဲခံထားရတဲ့ ကျောင်းအုပ်ဖြစ်သူကို တာဝန်ကနေ ရပ်ဆိုင်းကာ ကျောင်းကောင်စီက ထုတ်ပယ်လိုက်ပြီး ရန်ပုံငွေနဲ့ စီမံခန့်ခွဲရေး အခက်အခဲတွေကြောင့် ကျောင်းကိုပါ လုံးဝပိတ်သိမ်းလိုက်ရကြောင်း သတင်းအပြင် အခြားသော သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်တဲ့ အမျိုးသမီး နဲ့သက်ဆိုင်တဲ့ သတင်း ၁၉ ပုဒ် ကို စုစည်းဖော်ပြလိုက်ပါတယ်။

  • နမ့်ဆန်မြို့နဲ့ နမ့်ခမ်းမြို့မှာအသက်မပြည်သူကို  အဓမ္မပြုကျင့်တဲ့ အမျိုးသား ၂ ဦးကို မြို့နယ်တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီး
  • စစ်တွေမှာ အမျိုးသမီးတစ်ယောက်အပါအဝင် စစ်ရှောင်စခန်းတာဝန်ခံနှစ်ယောက် ထပ်ပြီးဖမ်းဆီးခံရ
  • သေဒဏ်ချမှတ်ခံရပြီးနောက် ၂ လကျော်အကြာတွင် ဆောက သက်ငယ်မုဒိမ်းတရားခံ အချုပ်မှ ထွက်ပြေး လွတ်မြောက်နေ
  • မြန်မာမိန်းကလေး ၂၀ ကျော်ကို တရုတ်သို့ လူကုန်ကူးတဲ့ ဂိုဏ်းခေါင်းဆောင် ဘန်ကောက်မှာ ဖမ်းမိ
  • ဒေါနလမ်းကျောင်းက လိင်မှုကျူးလွန်မှုတွေ ပေါ်ပေါက်ပြီးနောက် ကျောင်းကို လုံးဝပိတ်သိမ်းကြောင်း ထုတ်ပြန်
  • လူမှုရေးအဖွဲ့တစ်ခုက ကျောက်ဖြူမှာရှိတဲ့ စစ်ရှောင်အမျိုးသမီး ၁,ဝဝဝ ကျော်ကို လစဉ်သုံးပစ္စည်းတွေ ထောက်ပံ့နေ
  • လိင်ပိုင်းစော်ကားမှုနဲ့ စွပ်စွဲခံရတဲ့မဲဆောက်က မြန်မာပရဟိတကျောင်း ကျောင်းအုပ်ကို အမှုဖွင့်ဖို့ပြင်
  • နတ်တလင်းက စစ်တပ်တပ်စခန်းအနီးမှာ အမျိုးသမီးတစ်ဦး ရုပ်အလောင်းတွေ့
  • ပဋိပက္ခကြား အမျိုးသမီးတွေ တရားမျှတမှုရရှိရေး အရေးကြီးလာလို့ WJIT သင်တန်းတက်ရောက်ဖို့ တိုက်တွန်း
  • လေးတောင်မြို့မှာ အဓမ္မပြုကျင့်ဖို့ ကြံစည်ခံခဲ့ရသူ ကျောင်းသူတစ်ဦး အဆုံးစီရင်
  • အေးသာယာ ပြည့်တန်ဆာရုံမှာ ရောင်းစားခံရတဲ့ မိန်းကလေး ၂ ဦး  ထွက်ပြေးလွတ်မြောက်
  • တော်လှန်ရေးလုပ်လို့ အကျဉ်းကျခံခဲ့ရဖူးတဲ့ သံမဏိနှလုံးသားပိုင်ရှင် ဒေါ်မကျော့လှ ဆစ်ဒနီမြို့မှာ ကွယ်လွန်
  • ပုဏ္ဏားကျွန်းမှာ ဈေးဝယ်ဖို့လာတဲ့ ခရီးသည်တင်စက်လှေတိမ်းမှောက်လို့ အမျိုးသမီး ၅ ဦးအပါအဝင် ၈ ဦးသေဆုံး 
  • ဝက်လက်ကကျေးရွာ ၂ ရွာကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ အမျိုးသမီး ၁ ဦးသေဆုံး
  • ဝက်လက်မှာဗုံးကြဲလို့ ကိုယ်ဝန်သည်အပါ ၄ ဦးသေဆုံး
  • လက်ပံတန်းမှာ အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၅ ဦး သေနတ်နဲ့ ပစ်သတ်ခံရ
  • ဘန်ကောက် လူသတ်မှု ဝရမ်းထုတ်ခံရသူ ဟင်္သာတမှာဖမ်းမိ
  • လားရှိုးမှာ ချွေးမဖြစ်သူကို ခင်ပွန်းနဲ့ မိသားစုဝင်တွေက သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့
  • ဂွကို စစ်တပ် ဗုံးကြလို့ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံး၊ ၈ ဦးဒဏ်ရာရ

နမ့်ဆန်မြို့နဲ့ နမ့်ခမ်းမြို့မှာ အသက်မပြည်သူကို  အဓမ္မပြုကျင့်တဲ့ အမျိုးသား ၂ ဦးကို မြို့နယ်တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီး

Source – ရွှေဖီမြေ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နဲ့ နမ့်ခမ်းမြို့နယ်မှာ သက်ငယ်အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသား ၂ ဦးကို မြို့နယ်တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ TNLA က ဇွန်လ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်က နမ့်ဆန်မြို့မှာ အသက် ၇ နှစ်အရွယ်ရှိတဲ့ ကလေးငယ်ရဲ့ မိဘဖြစ်သူအလုပ်သွားချိန် အသက် ၃၇ နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးက ၎င်းကိုအတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

သက်ငယ်အဓမ္မပြုကျင့်ခံရတဲ့ ကလေးဟာ ကျန်းမာရေးအခြေနေ မူမမှန်တော့တာကြောင့် မိသားစုဝင်တွေက ၎င်းကို ဆေးရုံ ပို့ဆောင်စစ်ဆေးရာမှာ အဓမ္မပြုကျင့်ခံထားရကြောင့် စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေလ ၂၃ ရက်မှာလည်း နမ့်ခမ်းမြို့မှာ  အသက် ၁၈ နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးက အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီဖြစ်စဉ်ကို မိသားစုဝင်က တိုင်ကြားပြီးနောက် မြို့နယ်တအာင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသား ၂ ဦးကို သွားရောက်ဖမ်းဆီးထိန်းသိမ်းထားကာ တရားဥပဒေနဲ့အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ကလေးသူငယ်တွေအပေါ် အကြမ်းဖက်တာတွေ တားဆီးနိုင်ဖို့ လူထုတွေရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးတာကြောင့် သံသယဖြစ်ဖွယ် အခြေအနေ တွေ့ရှိရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ ချက်ချင်းအသိပေး တိုင်ကြားကြဖို့လည်း TNLA က တိုက်တွန်းထားပါတယ်။

စစ်တွေမှာ အမျိုးသမီးတစ်ယောက်အပါအဝင် စစ်ရှောင်စခန်းတာဝန်ခံနှစ်ယောက် ထပ်ပြီးဖမ်းဆီးခံရ

 Source – နိရဉ္စရာ

စစ်အုပ်စုထိန်းချုပ်ထားတဲ့ ရခိုင်ပြည်မြို့တော် စစ်တွေမြို့မှာ မနေ့ညက စစ်ဘေးရှောင်စခန်းတာဝန်ခံ အမျိုးသမီးတစ်ယောက် နဲ့ အမျိုးသားတစ်ယောက်တို့ကို ရဲတပ်ဖွဲ့ဝင်တွေက ဧည့်စာရင်းစစ်ဆေးပြီးနောက် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ စစ်ဘေးရှောင်စခန်းတာဝန်ခံ နှစ်ယောက်ကတော့ သောဘိတာရာမကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ မအေးအေးအောင် (၃၅) နှစ်ဝန်းကျင်လောက်နဲ့ စစ်တွေမြို့၊ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသာဟန် (၅၈)နှစ်တို့ဖြစ်ကြပါတယ်။

သေဒဏ်ချမှတ်ခံရပြီးနောက် ၂ လကျော်အကြာတွင် ဆောက သက်ငယ်မုဒိမ်းတရားခံ အချုပ်မှ ထွက်ပြေးလွတ်မြောက်နေ

Source – CJ Platform

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းမှာ သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုတွေကြောင့် အမျိုးသားညီညွတ် ရေးအစိုးရ (NUG) မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ထားတဲ့ တရားခံ မင်းမင်းစိုးဟာ ဖမ်းဆီးထိန်းသိမ်းခံနေရစဉ်အတွင်း အချုပ်ကနေ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသတွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ ယောအလင်းတန်း မီဒီယာထံမှ သိရပါတယ်။

လက်ရှိမှာ သေဒဏ်ချမှတ်ခံထားရတဲ့ အသက် ၂၁ နှစ်အရွယ် တရားခံ မင်းမင်းစိုး ထွက်ပြေးလွတ်မြောက်နေတာ တစ်ပတ်ကျော်ခန့် ရှိပြီဖြစ်ပြီး၊ တာဝန်ရှိသူတွေက တရားခံကို ပြန်လည်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေတာကြောင့် ပြည်သူတွေအနေနဲ့ တွေ့ရှိပါက သက်ဆိုင်ရာကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးဖို့ အသိပေးထားပါတယ်။

ယောအလင်းတန်းက တာဝန်ရှိသူတစ်ဦးကလည်း “ကျွန်တော်တို့ လက်ရှိ တရားခံ မင်းမင်းစိုးနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းထုတ်ပြန်ဖို့ ရှိပါတယ်။ သက်ဆိုင်ရာအဖွဲ့နဲ့ ပြောဆိုထားတာ ရှိပါတယ်” လို့ CJ Platform ကို ပြောပါတယ်။

အဲဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်နေ့က ဆောမြို့နယ်၊ ရတနာသီရိရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို တရားခံ မင်းမင်းစိုးက ခေါ်ဆောင်သွားရာကနေ ပျောက်ဆုံးပြီးနောက်  ၂၅ ရက် မနက်ပိုင်းမှာ ဆောမြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာအခန်းတစ်ခုအတွင်းကနေ မိန်းကလေးငယ်ရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က တရားခံ မင်းမင်းစိုးကို ဖမ်းဆီးပြီး NUG မြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၀၂ နဲ့ ၂၀၁ တို့နဲ့ တရားစွဲဆိုကာ ၅ လကျော်ကြာ ကြားနာစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ဆေးမှုတွေအတွင်း အဓမ္မပြုကျင့်မှုနဲ့ လူသတ်အလောင်းဖျောက်ဖျက်မှုကို တရားခံကိုယ်တိုင် ဝန်ခံခဲ့တာကြောင့် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂ ရက်နေ့မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ဂ) အရ သေဒဏ်ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ကြောင်း ဒေသခံ သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

လက်ရှိမှာ အဆိုပါ တရားခံဟာ သေဒဏ်ချမှတ်ပြီးနောက် ၂ လကျော်အကြာမှာ အချုပ်ကနေ ထွက်ပြေးလွတ်မြောက်သွား တာကြောင့် ဒေသခံပြည်သူတွေကြားမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

မြန်မာမိန်းကလေး ၂၀ ကျော်ကို တရုတ်သို့ လူကုန်ကူးတဲ့ ဂိုဏ်းခေါင်းဆောင် ဘန်ကောက်မှာ ဖမ်းမိ 

Source – DVB

·မြန်မာနိုင်ငံက မိန်းကလေးတွေကို တရုတ်မယားအဖြစ် ရောင်းစားလို့ တရုတ်အစိုးရက အလိုရှိနေတဲ့  ဝရမ်းပြေး လူကုန်ကူး ဂိုဏ်းခေါင်းဆောင် တရုတ်အမျိုးသားတယောက်ကို ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဖမ်းဆီးရမိပြီလို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အသက် ၄၀ နှစ်ရွယ် တရုတ်အမျိုးသား ကောက်ကျွန့်ဟာ တရားမဝင်နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုမှာ အရေးပါတဲ့ ဂိုဏ်း ခေါင်းဆောင်ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသူ ဖြစ်ပါတယ်။

ဒါ့ကြောင့် တရုတ်အစိုးရအနေနဲ့ မဲခေါင်-လန့်ချန်း ပူးပေါင်းဆောင်ရွက်မှု (MLC) လမ်းကြောင်းနဲ့  အွန်လိုင်းလိမ်လည်မှု တိုက် ဖျက်ရေးဗဟိုဌာန (ACSC) တို့ကနေတဆင့် တရားခံကို အမြန်ဆုံး ဖမ်းဆီးတရားစွဲဆိုနိုင်ဖို့ ထိုင်းအစိုးရထံ ညှိနှိုင်းအကူအညီ တောင်းခဲ့ပါတယ်။

အဲဒီနောက် ထိုင်းနိုင်ငံ ACSC ဌာနက တာဝန်ရှိသူတွေနဲ့ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး  စုံစမ်းထောက်လှမ်းရာ က ကောက်ကျွန့်ဟာ ဘန်ကောက် ဒင်ဒဲန်းနယ်မြေရှိ ဟိုတယ်မှာ ပုန်းအောင်းတည်းခိုနေကြောင်း သိရတာကြောင့်  ဇွန် ၁၆ ရက်က သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

တရားခံရဲ့ အချက်အလက်တွေ စစ်ဆေးချက်အရ ကောက်ကျွန့်ဟာ ထိုင်းနိုင်ငံထဲကို ၂၁ ကြိမ်တိုင် အဝင်အထွက်လုပ်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဗီဇာနဲ့ နေထိုင်ခဲ့ကာ ဒီတခေါက်လည်း မြန်မာပြည်ထဲ ပြန်ဝင်ဖို့ ခရီးစဉ်ရှိနေပါတယ်။

ဒီမတိုင်ခင်က တရုတ်ရဲတပ်ဖွဲ့ဟာ တရားမဝင်နယ်စပ်ဖြတ်ကျော် လူမှောင်ခိုကုန်ကူးဂိုဏ်းတခုရဲ့ အမှုတွဲကို စုံစမ်းခဲ့ပါတယ်။

ဒီဂိုဏ်းဟာ ၂၀၂၄ ခုနှစ်ကစပြီး မြန်မာမိန်းကလေး ၂၀ ကျော်ကို တရုတ်နိုင်ငံထဲ တရားမဝင် ခိုးသွင်းခဲ့တယ်၊ တရုတ် အမျိုးသား ၂၀ ကျော်ကိုလည်း ရန်ကုန်မြို့ကို စေလွှတ်ပြီး တရားမဝင် အိမ်ထောင်ဖက် ရှာဖွေရေးအလုပ် လုပ်စေခဲ့တယ်၊ သူတို့ဟာ နယ်စပ်ဖြတ်ကျော်ဖို့ စာရွက်စာတမ်းအတုနဲ့ မမှန်ကန်တဲ့ အကြောင်းပြချက်တွေနဲ့ စီးပွားရေးဗီဇာ လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

တရုတ်ရဲတပ်ဖွဲ့က ဂိုဏ်းသားတွေကို ဖမ်းဆီးရမိပေမဲ့ အဓိကခေါင်းဆောင်ဖြစ်တဲ့ ကောက်ကျွန့်က ထွက်ပြေးလွတ်မြောက်နေ တာကြောင့် ထိုင်းဘက်ကို အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။

ဒေါနလမ်းကျောင်းက လိင်မှုကျူးလွန်မှုတွေ ပေါ်ပေါက်ပြီးနောက် ကျောင်းကို လုံးဝပိတ်သိမ်းကြောင်း ထုတ်ပြန်

Source – CJ Platform

လေးကေ့ကော်မြို့နယ်မှာ စစ်ဘေးသင့်ပြည်သူတွေနဲ့ ဒေသခံလူငယ်တွေအတွက် ဘဝအခွင့်အလမ်းနဲ့ ပညာသင်ယူခွင့်တွေ ပေးနိုင်ရေး ရည်ရွယ်ဖွင့်လှစ်ခဲ့တဲ့ ဒေါနလမ်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနဲ့ ကျူးလွန်မှု ဖြစ်စဉ်တွေကြောင့် ကျောင်းအုပ်ဖြစ်သူကို တာဝန်ကနေ ရပ်ဆိုင်းကာ ကျောင်းကောင်စီက ထုတ်ပယ်လိုက်ပြီး ရန်ပုံငွေနဲ့ စီမံခန့်ခွဲရေး အခက်အခဲတွေကြောင့် ကျောင်းကိုပါ လုံးဝပိတ်သိမ်းလိုက်ရကြောင်း အဆိုပါကျောင်း အုပ်ချုပ်ရေးကောင်စီရဲ့ တရားဝင်အစီရင်ခံစာအရ သိရပါတယ်။

အဆိုပါကျောင်းဟာ ဖွံ့ဖြိုးတည်ဆောက်ဆဲ အဆင့်မှာသာရှိပြီး ကျောင်းကောင်စီရဲ့ သဘောတူညီချက်မရှိဘဲ ကျောင်းအုပ် ဖြစ်သူက GED သင်တန်းတွေနဲ့ ကျောင်းအိပ်ကျောင်းစားစနစ်တို့ကို မိမိသဘောဆန္ဒအလျောက် ဆောင်ရွက်ခဲ့ရာကနေ ယခုကဲ့သို့ ပြဿနာတွေ ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာ ကျောင်းမှာ စာသင်ကြားနေတဲ့ ဆရာမတွေက နစ်နာသူ ကျောင်းသားအချို့ရဲ့ ကိုယ်စား လိင်ပိုင်းဆိုင်ရာ တိုင်ကြားချက်တွေကို ကျောင်းကောင်စီထံ တင်ပြခဲ့တာဖြစ်ပြီး၊ တိုင်ကြားချက်တွေအရ ကျောင်းအုပ်ဖြစ်သူဟာ ကျောင်းသားတွေနဲ့ ကျောင်းဝန်ထမ်း ဆရာမ စုစုပေါင်း ၅ ဦးနဲ့အထက်အပေါ်  လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီနစ်နာသူတွေထဲက တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ပြုလုပ်ခဲ့တဲ့အပြင် နစ်နာသူတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကျောင်းသားတစ်ဦး ပါဝင်နေကြောင်း သိရပြီး၊ ကျန်နစ်နာသူတွေဟာ အသက် ၁၈ နှစ်နဲ့အထက် ကျောင်းသားတွေနဲ့ ဆရာမတွေ ဖြစ်ကြတာကြောင့် ကောင်စီအနေနဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒတွေအရ ချက်ချင်း အရေးပေါ် ကိုင်တွယ်ခဲ့ရတယ်လို့ ဆိုထားပါတယ်။

ကျောင်းကောင်စီဟာ ဇွန်လ ၅ ရက်နေ့မှာ အရေးပေါ်ဆောင်ရွက်ချက်အဖြစ် တိုင်ကြားခံရသူ ကျောင်းအုပ်ကို လုပ်ငန်းတာဝန်တွေကနေ ချက်ချင်းရပ်ဆိုင်းခဲ့ပြီး၊ ကျောင်းဝင်းအတွင်း ဝင်ရောက်ခွင့်နဲ့ ကျောင်းသားတွေနဲ့ ထိတွေ့ဆက်သွယ်ခြင်း မပြုဖို့ ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ အရေးပေါ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူတွေရဲ့ စားရေးသောက်ရေးနဲ့ နေထိုင်မှုတွေကို ကောင်စီက တာဝန်ယူ စီမံပေးထားပြီး၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့သူတွေအတွက် လိုအပ်တဲ့ စိတ်ကျန်းမာရေး စောင့်ရှောက်မှုတွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆက်လက်ပံ့ပိုးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

လူမှုရေးအဖွဲ့တစ်ခုက ကျောက်ဖြူမှာရှိတဲ့ စစ်ရှောင်အမျိုးသမီး ၁,ဝဝဝ ကျော်ကို လစဉ်သုံးပစ္စည်းတွေ ထောက်ပံ့နေ

Source – ‌ နိရဉ္စရာ

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်နေကြတဲ့ အမျိုးသမီး ၁,ဝဝဝ ကျော်ကို ကျောက်ဖြူအရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့(Kyauk Phyu Emergency Response Group – KP ERG)က လစဉ်သုံးပစ္စည်းတွေ ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ အမျိုးသမီးတွေအတွက်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ဖြစ်တဲ့ Pad ထုပ်၊ အတွင်းခံဘရာ၊ အတွင်းခံဘောင်းဘီနဲ့ ခြင်ထောင်တို့ကို ပြီးခဲ့တဲ့ ဇွန်လ ၁ဝ ရက်ကစလို့ စစ်ရှောင် စခန်းတွေဆီ ကွင်းဆင်းထောက်ပံ့ပေးနေတာပါ။

“ယခုမိုးရာသီအချိန်ရောက်လာသည်နှင့်တပြိုင်နက်တည်း အမျိုးသမီးများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသည်လည်း အရေးတကြီးဂရုစိုက်ကြရမည့်အချိန်လည်းဖြစ်ပါသည်။ အမျိုးသမီးအသုံးအဆောင်ပစ္စည်းဖြန့်ဝေခြင်းသည် အမျိုးသမီးတိုင်းအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးရာလည်း ရောက်ပါသည်။ အမျိုးသမီးတိုင်းအတွက် တတ်နိုင်သည့်ဖက်က ဝိုင်းဝန်းကာကွယ်ပေးကြပါစို့”လို့ အဲဒီအဖွဲ့က ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်မှာ လက်ရှိ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ရှောင်အရေအတွက်လည်း မြင့်တက်နေတယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေးသမားတွေက နိရဉ္စရာကို ပြောဆိုကြပါတယ်။

အဲဒီစစ်ရှာင်တွေထဲမှာ အရွယ်ရောက်ပြီး အမျိုးသမီးတွေမှာ အခုလို တစ်ကိုယ်ရည်သုံးပစ္စည်းတွေ အရေးပေါ်လိုအပ် နေတယ်လို့လည်း ကျောက်ဖြူမြို့နယ်က ဇင်ချောင်းလူငယ်များပရဟိတအသင်းဥက္ကဋ္ဌ ကိုနိုင်လင်းထွန်းက နိရဉ္စရာကို ပြောပါတယ်။

လိင်ပိုင်းစော်ကားမှုနဲ့ စွပ်စွဲခံရတဲ့မဲဆောက်က မြန်မာပရဟိတကျောင်း ကျောင်းအုပ်ကို အမှုဖွင့်ဖို့ပြင်

Source – BBC

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ လိင်ပိုင်းဆိုင်ရာကျူးလွန် နှောက်ယှက်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ ဒေါနလမ်း သက်မွေးပညာ ကျောင်းရဲ့ကျောင်းအုပ်ကို ထိုင်းနိုင်ငံရဲ့ဥပဒေအတိုင်း ဆက်ဆောင်ရွက်မယ်လို့ ကျောင်းတည်ထောင်သူ ရွှေဝါရောင် ဆရာတော် အရှင်ထာဝရက လူမှုကွန်ရက်မှာ ရေးပါတယ်။

စွပ်စွဲခံရသူဟာ ဒေါနလမ်း သက်မွေးကျောင်းမှာ ကျောင်းအုပ်တာဝန်ယူခဲ့သူ အမျိုးသားဖြစ်ပြီး လက်ရှိမှာ သူ့ကို ကျောင်း တာဝန်တွေကနေ ချက်ချင်း ရပ်စဲ ထားပြီး ကျောင်းကိုလည်း ပိတ်ထားလိုက်ပြီလို့ ကျောင်းကောင်စီဘက်က ဒီနေ့မှာ စာထုတ်ပါတယ်။

စွပ်စွဲခံရတဲ့အမျိုးသားဟာ ကျောင်းမှာ တာဝန်ယူတာ လပိုင်းသာရှိခဲ့ပေမဲ့ အဲဒီကာလအတွင်း ကျောင်းသား ၁ ဦးကို လိင်ပိုင်းကျူးလွန်တာ၊ အသက်မပြည့်တဲ့ကျောင်းသား ၁ ဦးအပါအဝင် ကျောင်းသားအချို့ကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တာတွေ လုပ်ခဲ့တယ်လို့ ဒီဖြစ်ရပ်မှာ ကျောင်းသားမိဘတွေဘက်က လိုက်ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

ကျောင်းသားကလေးငယ်တွေ အခုလိုကြုံရတဲ့အကြောင်း တိုင်ကြားစာ ဇွန်လ ၄ ရက်တုန်းက ထွက်ပေါ်လာခဲ့ပြီးတဲ့ နောက်မှာ ကျောင်းကောင်စီဘက်က အခုလို စာထုတ်လာတာဖြစ်ပါတယ်။

စွပ်စွဲတိုင်ကြားခံထားရသူ ကျောင်းအုပ်ကို စစ်ဆေးနိုင်ဖို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ကျောင်း ကောင်စီဘက်က ရေးသားထားပေမဲ့ ဘယ်ရဲတပ်ဖွဲ့ဆိုတာတော့ မပါပါဘူး။

နတ်တလင်းက စစ်တပ်တပ်စခန်းအနီးမှာ အမျိုးသမီးတစ်ဦး ရုပ်အလောင်းတွေ့

Source – People’s Spring

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ မကျီးပင်ကျေးရွာက စစ်တပ်တပ်စခန်းအနီးမှာ အမျိုးသမီးတစ်ဦး သေဆုံးနေတာတွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးနေတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို ဇွန်လ ၁၀ ရက်မှာ မကျီးပင်ရွာအောင်သုခ စက်လှေဆိပ်အနီးမှာ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

“ စက်လှေဆိပ်အနား ကျွန်းခင်းထဲအနံ့ထွက်လို့သွားကြည့်တာ မ…..အသက် ၂၈နှစ်ရဲ့အလောင်းဟာ ပုတ်ပွပြီး ကိုင်လို့ မရအောင် သေဆုံးနေသလိုခါးမှာလဲ ထမိန်မရှိ ကိုယ်လုံးတီးနဲ့ မုဒိန်းကျင့်ပြီးသတ်ထားတဲ့ပုံစံကို မြင်တွေ့ခဲ့ရပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရုပ်အလောင်းတွေ့ရှိခဲ့တဲ့ မကျီးပင်ရွာအောင်သုခ စက်လှေဆိပ်အနီးနေရာဟာ စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ စခန်းအနီးအနားမှာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် မကျီးပင်ရွာက နေဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင် ခဲ့ကြရ ပါတယ်။ သေဆုံးခဲ့တဲ့ အသက် (၂၈)အရွယ် အမျိုးသမီးဟာလည်း စက်လှေဆိပ်အနီးမှာ ပြန်လည်နေထိုင်ခဲ့ပြီးနောက် အခုလို သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဋိပက္ခကြား အမျိုးသမီးတွေ တရားမျှတမှုရရှိရေး အရေးကြီးလာလို့ WJIT သင်တန်းတက်ရောက်ဖို့ တိုက်တွန်း

Source – လွတ်လပ်သောမွန်သတင်းအေဂျင်စီ

စစ်ရေးပဋိပက္ခများအတွင်း အမျိုးသမီးတွေ တရားမျှတမှုရရှိရေးနဲ့ ဥပဒေဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေ အထောက်အကူပြုနိုင်မယ့် Women and Justice Intensive Training (WJIT) အခမဲ့သင်တန်းသို့ တက်ရောက်ကြဖို့ တိုးတက်သောမွန်လူငယ်များအစည်းအရုံး  (MYPO) က တိုက်တွန်းနှိုးဆော်ပါတယ်။

ယနေ့ခေတ် စစ်ရေးပဋိပက္ခများကြောင့် ကျား-မအခြေပြု အကြမ်းဖက်မှု (GBV)တွေ မြင့်တက်လာနေပေမဲ့ ဥပဒေနဲ့ တရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို လုံလောက်စွာ နားလည်မှုမရှိတာကြောင့် လျော်ကြေးနဲ့သာ အဆုံးသတ်သွားတဲ့ ဖြစ်စဉ်တွေ များလာနေပါတယ်။

MYPO တာဝန်ရှိသူတစ်ဦးက “ အမှုကိစ္စတွေမှာဆိုရင် လျော်ကြေးနဲ့ပဲ အဆုံးသတ်နေတာဟာ အမျိုးသမီးတွေ ဥပဒေနဲ့ အခွင့်အရေးတွေကို သေချာနားမလည်ထားလို့ပါ၊ ဘာမှ ပြန်မပြောရ ဘာမှမသိဖြစ်တယ်” လို့ ဆိုပါတယ်။

ဒါ့ကြောင့် အမျိုးသမီးများ ဥပဒေနဲ့ တရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ ပိုမိုပါဝင်ဆောင်ရွက်နိုင်စေဖို့နဲ့ ထိရောက်တဲ့ တရားမျှတမှုတွေ ရရှိစေဖို့ အရေးကြီးကြောင်း ဆိုပါတယ်။

MYPO ဦးဆောင်တဲ့ WJIT သင်တန်းတွေမှာ မြန်မာ့ဥပဒေများ၊ တရားရုံးဖွဲ့စည်းပုံ၊ ဥပဒေအကူအညီပေးရေး၊ ကျား-မရေးရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်တွေအပြင် CEDAW၊ GESI နဲ့ GBV ဆိုင်ရာ အကြောင်းအရာတွေကို သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

“အဓိကက အမျိုးသမီးတွေကို ပိုဦးစားပေးရွေးချယ်သွားမှာဖြစ်ပြီး မွန်ပြည်နယ်ကသာမက အခြားဒေသက စိတ်ဝင်စား သူတွေလည်း လျှောက်ထားနိုင်ပါတယ်” လို့ MYPO မှ တာဝန်ရှိသူက ပြောပါတယ်။

 ဇူလိုင်လ ၂၀ ရက်မှာ လူတွေ့အင်တာဗျူး ပြုလုပ်ကာ သင်တန်းသားရွေးချယ်မှုကို ဇူလိုင်လ ၂၃ ရက်မှာအပြီးသတ် ဆောင်ရွက်သွားမှာဖြစ်တယ်။ ရွေးချယ်ခံရသူတွေကို ဩဂုတ်လ ၁ ရက်မှ စတင်တကာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတစ်နေရာမှာ သင်တန်းပို့ချပေးသွားမယ်လို့ MYPO မှ ထုတ်ပြန်ထားပါတယ်။

လေးတောင်မြို့မှာ အဓမ္မပြုကျင့်ဖို့ ကြံစည်ခံခဲ့ရသူ ကျောင်းသူတစ်ဦး အဆုံးစီရင်

Source -DMG

ULA/AA ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ် (၅) ရပ်ကွက် (ကျောက်တွေရွာ)မှာ ၁၂ တန်းတက်မယ့် အသက် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ဦးမှာ မိမိကိုယ်ကို ကြိုးဆွဲချကာ အဆုံးစီရင်သွားကြောင်း သိရပါတယ်။

ဒီကျောင်းသူဟာ ပြီးခဲ့တဲ့ ဇွန် ၃ ရက်၊ ည ၂ နာရီကျော် နေအိမ်ထဲ အိပ်ပျော်နေစဉ် သံတွဲမြို့နယ်ကနေ စစ်ရှောင်ရင်း ဒီရွာမှာ အိမ်ထောင်ကျနေတဲ့အမျိုးသားတစ်ဦးက ခြင်ထောင်ထဲ ဝင်ရောက်ကာ အဓမ္မပြုကျင့်ဖို့ ကြံစည်မှုဖြစ်ပွားခဲ့တာပါ။

ဒီလိုကြံစည်ရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ထွက်ပြေးတဲ့အခါ ကြံစည်သူရဲ့ပုဆိုးက အခင်းဖြစ်ပွားရာနေရာမှာ ကျွတ်ကျန်ခဲ့ပါတယ်။ ဒီပုဆိုးကို သက်သေခံအဖြစ် မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေက သိမ်းဆည်းကာ ULA ရဲဌာန (DLEPS) အဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။

ဒီအမျိုးသားကို DLEPS အဖွဲ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၆ (ညဉ့်အချိန် အိမ်ကျော်နင်းမှု)နဲ့ အမှုဖွင့်လှစ်ကာ စစ်ဆေးနေစဉ် ဇွန် ၁၄ ရက်မှာ ဒီကျောင်းသူမိန်းကလေးက ကြိုးဆွဲချသေဆုံးခဲ့တာဖြစ်တယ်။

 ဒီမိန်းကလေးမှာ ယခင်ကတည်းက အရှက်အကြောက်ကြီးသူဖြစ်ပြီး အခင်းဖြစ်ပြီးနောက် နေအိမ်မှ အပြင်သို့ မထွက်တော့ဘဲ စိုးရိမ်ကြောက်ရွံ့တဲ့စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ခံစားနေခဲ့ရကြောင်း သိရပါတယ်။

လက်ရှိမှာ ကျူးလွန်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး တရားဉပဒေအတိုင်း ဆက်လက် ဆောင်ရွက်နေကြောင်း သိရပါတယ်။

အေးသာယာ ပြည့်တန်ဆာရုံမှာ ရောင်းစားခံရတဲ့ မိန်းကလေး ၂ ဦး  ထွက်ပြေးလွတ်မြောက်

Source -DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာမြို့မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ် ၂ ယောက်ကို KTV ကာရာအိုကေမှာ အလုပ်ရမယ်လို့ လိမ်လည်စည်းရုံး ခေါ်ဆောင်သွားပြီး ပြည့်တန်ဆာရုံတခုမှာ ရောင်းစားခဲ့ရာကနေ နောက်ဆုံး ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၁၃ ရက်က တောင်ကြီးမြို့နယ်၊ ဘုရားဖြူရပ်ကွက်၊ ရွာသစ်ကုန်းကျေးရွာဘက်မှာ နေထိုင်တဲ့ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် အမျိုးသမီးငယ် ၂ ယောက်ဟာ အလုပ်ရှာဖွေဖို့အတွက် ရွှေညောင်မြို့ကို သွားရောက်ခဲ့ကြပါတယ်။

အဲဒီမှာ အလုပ်အကိုင်ရှာဖွေပေးသူ မဆိုဖီယာနဲ့ မမိုးစက် ဆိုတဲ့ အမျိုးသမီး ၂ ယောက်က အေးသာယာမြို့ရှိ KTV တခုမှာ အလုပ်ရအောင် စီစဉ်ပေးမယ်၊ လစာလည်း ကောင်းကောင်းရမယ်လို့ ပြောဆိုစည်းရုံးခဲ့ပြီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ KTV ကို မပို့ဘဲ အေးသာယာမြို့ရှိ ပြည့်တန်ဆာရုံတခုကို ခေါ်သွားကာ အမျိုးသမီးငယ် ၂ ယောက်ကို တယောက် ငွေကျပ်တသိန်းနှုန်းနဲ့ ရောင်းစားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “သူတို့ကို KTV မှာ အလုပ်ရမယ်ဆိုပြီး ခေါ်သွားတာ။ တကယ်တမ်းကျတော့ ပြည့်တန်ဆာခန်းကို ရောင်းလိုက်တာဖြစ်တယ်။ ကောင်မလေးတွေက ရောက်ရောက်ချင်းပဲ အခြေအနေမဟုတ်တာ သိသွားပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတာ” လို့ ပြောပါတယ်။

နောက်တနေ့ ဇွန် ၁၄ ရက် မနက်အစောပိုင်းမှာ အမျိုးသမီးငယ်တယောက် ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ အကူအညီတောင်းခံခဲ့ရာကနေ ကျန်ရှိနေတဲ့ အမျိုးသမီးငယ်တယောက်ကိုလည်း ပြန်လည်ခေါ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လူမှုကူညီရေးလုပ်ငန်း ဆောင်ရွက်နေသူတယောက်က “အခုလို အလုပ်ရမယ်၊ လစာကောင်းမယ်ဆိုပြီး လူငယ်တွေကို လိမ်ခေါ်သွားတဲ့ ဖြစ်စဉ်တွေ မကြာခဏ ကြားနေရတယ်။ ဒီတခေါက်မှာတော့ ကောင်မလေး ၂ ယောက်စလုံး လွတ်မြောက်လာနိုင်ခဲ့ပေမဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးခြင်း ထိထိရောက်ရောက် အရေးယူခြင်းမျိုးတော့ မတွေ့ရသေးဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပြီး လူကုန်ကူးမှုနဲ့ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ဥပဒေတွေအရ အရေးယူ ဆောင်ရွက်သင့်တယ်လို့ ပြောဆိုနေကြပါတယ်။

တော်လှန်ရေးလုပ်လို့ အကျဉ်းကျခံခဲ့ရဖူးတဲ့ သံမဏိနှလုံးသားပိုင်ရှင် ဒေါ်မကျော့လှ ဆစ်ဒနီမြို့မှာ ကွယ်လွန်

Source –နိရဉ္စရာ

ရခိုင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့အတွက် ထောင်ချခံရပြီး စစ်တွေအကျဉ်းထောင်ထဲက ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံအတွင်း လွတ်မြောက်လာခဲ့သူ သံမဏိနှလုံးသားပိုင်ရှင် ဒေါ်မကျော့လှဟာ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ဇွန်လ ၁၃ ရက်နေ့က ကွယ်လွန်သွားပြီဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

သူမ ကွယ်လွန်ချိန်မှာ အသက် (၈၀)နှစ် ရှိပြီဖြစ်ပါတယ်။  ဒေါ်မကျော့လှဟာ နယူးဆောက်ဝေးလ် (New South Wales)  ပြည်နယ်၊ ဆစ်ဒနီမြို့၊ အော်ဘန်း (Auburn) ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေရင်း ၉၆ ပါးရောဂါနဲ့  ကွယ်လွန် သွားခဲ့တာဖြစ်တယ်လို့ သမီးဖြစ်သူ မစန္ဒာလင်းရဲ့ စာထဲမှာ ရေးသားဖော်ပြထားပါတယ်။ 

ဒေါ်မကျော့လှကို အဖ ဦးရွှေသာအောင်၊ အမိ ဒေါ် မြသိန်းဖြူတို့က ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စစ်တွေမြို့၊ ရူပတောင်ရပ်ကွက်မှာ မွေးဖွားခဲ့ပါတယ်။ 

ဒေါ်မကျော့လှဟာ ၁၉၇၃ ခုနှစ်လောက်ကပင် “နယ်ချဲ့ဆန့်ကျင်ရေး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (နဆရလပ)” ရဲ့ ပေါက်တောမြို့နယ်စည်းရုံးရေးမှူးတာဝန်ကိုထမ်းဆောင်ခဲ့ပြီး  “နဆရလပ” ခေါင်းဆောင်ဟောင်းတဦးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 

ဒီအဖွဲ့ရဲ့ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရခိုင်ပြည်ကွန်မြူနစ်ပါတီ(ACP)က  ၁၉၈၆ ခုနှစ်မှာ မင်းပြား မြို့သိမ်းတိုက်ပွဲ ဖေါ်ဆောင်ရာမှာ ကူညီဆောင်ရွက်ပေးခဲ့တဲ့အတွက် စစ်အုပ်စုရဲ့  ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပြီး စစ်တွေ ထောင်ထဲမှာ အသက် (၂) နှစ် အရွယ်သာရှိခဲ့တဲ့ သားငယ်မောင်နီကိုနဲ့ အတူ ထောင်ချခံခဲ့ရပါတယ်။

၁၉၈၈ ခုနှစ်မှာ ပေါ်ပေါက်ခဲ့သော ရှစ်လေးလုံး အရေးတော်ပုံအတွင်းမှာ စစ်တွေထောင်ကို ဒီမိုကရေစီအရေး လှုပ်ရှားသူများ က ဖွင့်ပေးလိုက်တဲ့ အခါ ဒေါ်မကျော့လှဟာ ထောင်ထဲက လွတ်မြောက်လာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ UNHCR အစောင့်အရှောက်နဲ့ ခိုလှုံ နေထိုင်ခွင့်ရခဲ့ပါတယ်။

ဒါကာမြို့မှာ နေထိုင်စဉ်အတွင်းမှာလည်း ရှစ်လေးလုံးအရေးတော်ပုံအပြီး တော်လှန်ရေးလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ထွက်လာခဲ့ ကြသော ရခိုင်ကျောင်းသားလူငယ်တွေကိုလည်း ညီအစ်ကို မောင်နှမ စိတ်ဓာတ်အပြည့်နဲ့ အတတ်နိုင်ဆုံး ဖေးမ ကူညီစောင့် ရှောက်ခဲ့သလို တော်လှန်ရေးအတွက် အကြံဉာဏ်တွေလည်း ပေးနေခဲ့သူ တစ်ဦးဖြစ်ပါတယ်။

၁၉၉၀ ခုနှစ် ဝန်းကျင်မှာ ဒေါ်မကျော့လှဟာ ဩစတြေးလျှ နိုင်ငံမှာ သမီးကြီးဖြစ်သူ မစန္ဒာလင်း၊ သားဖြစ်သူ ကိုနီကိုတို့နဲ့ အတူ နိုင်ငံရေးခိုလှုံခွင့်ရရှိသွားခဲ့ပါတယ်။

 ဩစတြေးလျှ နိုင်ငံကိုရောက်ရှိသွားပြီး နောက်ပိုင်းမှာလည်း အမျိုးသားရေးအတွက် တက်တက်ကြွကြွဖြင့် ဆောင်ရွက်မှုတွေ အပါအဝင် ရခိုင်တော်လှန်ရေးနဲ့ အမျိုးသားရေးအတွက် အကြံဉာဏ်များပေးတာတွေ၊ မျိုးဆက်သစ်တွေကို အမျိုးသားရေး အသိတရားတွေ မျှဝေခြင်းစတဲ့ အလုပ်တွေကို  ပြုလုပ်နေခဲ့တဲ့  စံပြမျိုးချစ် အာရက္ခအမျိုးသမီးတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

သူမကွယ်လွန်မီထိ သေတပန်၊သက်တဆုံး နိုင်ရာနေရာကနေ အမျိုးသားရေးနဲ့တော်လှန်ရေးကို ဝင်ရောက်ကူညီလုပ်ကိုင် ပေးခဲ့သူတစ်ဦးဖြစ်ပြီး ရခိုင်မျိုးစောင့်အဖွဲ့ (ARG) ဝင် တစ်ဦးလည်း ဖြစ်ကြောင်း သိရှိရပါတယ်။

ပုဏ္ဏားကျွန်းမှာ ဈေးဝယ်ဖို့လာတဲ့ ခရီးသည်တင်စက်လှေတိမ်းမှောက်လို့ အမျိုးသမီး ၅ ဦးအပါအဝင် ၈ ဦးသေဆုံး 

Source – ‌ဧရာဝတီတိုင်းမ်

‎ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး အမျိုးသမီး ၅ ဦးအပါအဝင် လူ ရှစ် ဦး သေဆုံးကာ သုံး ဦး ပျောက်ဆုံးနေကြောင်း ဒေသတွင်းသတင်းဌာနတွေနဲ့ ကယ်ဆယ် ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

‎ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာမှ ကျောက်တော်မြို့ကို ဈေးဝယ်ဖို့ထွက်ခွာလာတဲ့ ဒီစက်လှေဟာ ဇွန် ၁၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်ခန့်က ပုဏ္ဏားကျွန်း ကြိုးတံတားအနီး ကင်းချောင်းအရောက်မှာ ကျောက်ဆောင်နဲ့တိုက်မိကာ တိမ်းမှောက်ခဲ့တာဖြစ်တယ်။

‎စက်လှေပေါ်မှာ စုစုပေါင်း ခရီးသည် ၃၅ ဦး လိုက်ပါလာခဲ့ပြီး လတ်တလော ကယ်ဆယ်ရေး ရရှိထားတဲ့အချက် အလက်တွေအရ ထိခိုက်မှုအခြေအနေမှာ အမျိုးသမီး ငါး ဦးနဲ့ အမျိုးသား သုံး ဦးသေဆုံးပြီး သုံးဦးပျောက်ဆုံးနေကြောင်း သိရပါတယ်။

ဝက်လက်ကကျေးရွာ ၂ ရွာကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ အမျိုးသမီး ၁ ဦးသေဆုံး

Source – မြေလတ်အသံ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နတ်ကုန်းတလိုင်းရွာသစ်နဲ့ ဝက်လူးအိုင်ကျေးရွာတို့မှာ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ မြို့မတိုက်နယ်ပကဖ တာဝန်ရှိသူဆီက သိရပါတယ်။

ဇွန် ၁၆ ရက်ညနေ ၃ နာရီခန့်မှာ ရွှေဘိုလေ့ကျင့်ရေး ၈ တပ်ကနေ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်း ၃ စီးဟာ နတ်ကုန်းတလိုင်းရွာသစ်ထဲ ၂ စီး၊ ဝက်လူးအိုင်ရွာပြည်သူနေအိမ်ထဲ ၁ စီးကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ဒရုန်းဗုံးထိမှန်တာကြောင့် ဝက်လူးအိုင်ရွာက အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးနေရာမှာပင် သေဆုံးပြီး သားဖြစ်သူ အသက် ၂၇ နှစ်အရွယ် အမျိုးသားနဲ့အသက် ၂၁ အရွယ် သမီးဖြစ်သူတို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

နတ်ကုန်းတလိုင်းရွာသစ်မှာတော့ ပဲစင်းငုံစင် မီးလောင်ပြီး နေအိမ် ၂ လုံးအနည်းငယ်ပျက်စီးသွားတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဝက်လက်မှာဗုံးကြဲလို့ ကိုယ်ဝန်သည်အပါ ၄ ဦးသေဆုံး

Source – မြေလတ်အသံ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ကိုယ်ဝန်သည် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။

ဇွန် ၁၇ ရက်နေ့လယ် ၁၂ နာရီ မိနစ် ၄၀ ခန့်မှာ စစ်ကော်မရှင်ရဲ့ဂျက်ဖိုက်တာတစီးဟာ ကျေးရွာအရှေ့တောင်ပိုင်းကို ဗုံးသီး ၂ လုံးကြဲချပြီး ရော့ကတ်နဲ့ပါပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

ဗုံးထိမှန်တာကြောင့် အသက် ၃၀ အရွယ်ကိုယ်ဝန်သည်အမျိုးသမီး ၁ ဦး၊ သမီးဖြစ်သူ အသက် ၂ နှစ်အရွယ် မိန်းကလေးငယ် နဲ့ အသက် ၅၀ အရွယ်အမျိုးသမီး ၂ ဦးတို့သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လက်ပံတန်းမှာ အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၅ ဦး သေနတ်နဲ့ ပစ်သတ်ခံရ

Source – မြေလတ်အသံ

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ ရေနောက်ရွာဟောင်းကျေးရွာမှာ ရွာခံ ၅ ဦးကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူတွေဟာ ရေနောက်ရွာဟောင်းကျေးရွာနေ အသက် ၅၀ ကျော် ဦးတင်သိန်း နဲ့ ဇနီးဖြစ်သူ အသက် ၄၅ နှစ် ဒေါ်ခင်ဦး၊ အသက် ၅၅ နှစ် ဦးလွန်းခိုင်နဲ့ ဇနီးဖြစ်သူ အသက် ၅၀ ဒေါ်မိချို၊ အသက် ၅၇ နှစ် ဒေါ်အေးမြင့်တို့ဖြစ်ပြီး ဇွန်လ ၁၀ ရက် ညပိုင်းက ၎င်းတို့နေအိမ်တွေမှာ အသီးသီးရှိနေချိန် ဝင်ရောက်ပြီး သေနတ်နဲ့ပစ်သတ်သွားတာလို့ ဆိုပါတယ်။

ပစ်သတ်ခံရသူ ၅ ဦးဟာ မျှစ်ချိုး၊ ဝါးခုတ်၊ လက်သမားစတဲ့ ကြုံရာကျပန်းအလုပ်လုပ်ကိုင်ကြတဲ့ သာမန်အရပ်သား လက်လုပ်လက်စားတွေဖြစ်ပြီး စစ်တပ်အပါအဝင် ဒေသတွင်းလက်နက်ကိုင်တပ်တွေနဲ့ ပတ်သက်သူတွေမဟုတ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ရွာခံတွေက ယမန်နေ့ ဇွန်လ ၁၁ ရက်မှာ ကျေးရွာမှာပဲသင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ အရပ်သားပြည်သူတွေကိုသတ်ဖြတ်တာဟာ တော်လှန်ရေးကို ပုံရိပ်ဖျက်နေတဲ့ ကိစ္စရပ်တွေဖြစ်တယ်လို့ ဒေသတွင်းကာကွယ်ရေးအဖွဲ့ဝင်တဦးက မှတ်ချက်ပြုပါတယ်။

ဘန်ကောက် လူသတ်မှု ဝရမ်းထုတ်ခံရသူ ဟင်္သာတမှာဖမ်းမိ

Source – မြေလတ်အသံ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က နေအိမ်မှာ အသက် ၃၄ နှစ်အရွယ် အတူနေအမျိုးသမီးကို သတ်ခဲ့တယ်ဆိုတဲ့ သံသယကြောင့် ထိုင်းအာဏာပိုင်က ဖမ်းဝရမ်းထုတ်ထားတဲ့ အောင်ပြည့် (ခ) အောင်ပေကို ဒီမနက် ဟင်္သာတမြို့နေအိမ်မှာ ဖမ်းဆီးရမိတယ် လို့ မြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွန်းက ပြောပါတယ်။

“သူ့မိသားစုပြောတာတော့ ထိုင်းကနေ မနေ့ကပြန်ရောက်တယ်လို့ပြောတယ်။ ထိုင်းမှာဖြစ်ခဲ့တာကို သူ့မိသားစုကိုပြောပြ တော့ မိသားစုဘက်ကဖျောင်းဖျပြီး ဒီမနက်အစောပိုင်းမှာ သူ့အဖေက လာဖမ်းဖို့ အကြောင်းကြားတာ”လို့ ဦးစိုးမင်းထွန်းက ပြောပါတယ်။

အကောင်းတိုင်းတောင် ပြန်မရတော့တဲ့ အလောင်းကြောင့် ထိုင်းလူထုကြားမှာလည်း ဒီအမှုကို စိုးရိမ်ထိတ်လန့်ခဲ့ကြတယ်လို့ ထိုင်းသတင်းတချို့က ဖော်ပြပါတယ်။

မနက်ပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေပူးပေါင်းပြီး ရဲတပ်ဖွဲ့က အောင်ပြည့်(ခ) အောင်ပေကို မြဝတီရပ်ကွက်၊ သီတာ လမ်းနေအိမ်ဖမ်းဆီးခဲ့တာပါ။ သေဆုံးသူအမျိုးသမီးဟာ ဘန်ကောက်၊ ခလောင်တွိုင်းအရပ်မှာ စားပွဲထိုးလုပ်ကိုင်ပြီး ဇွန် ၅ ရက်ကတည်းက ပျောက်ဆုံးသွားတာပါ။

ဇွန် ၉ ရက်မှာ ဆွေမျိုးတစ်ဦးက ထိုင်းရဲကို တိုင်ချက်ဖွင့်ခဲ့တာဖြစ်ပါတယ်။ စီစီတီဗွီမှတ်တမ်းအရ အောင်ပြည့်က သေဆုံးသူအမျိုးသမီးကို ဇွန် ၅ ရက်မှာ အလုပ်ကနေ လာကြိုခဲ့တာဖြစ်ပါတယ်။

ရဲမှတ်တမ်းအရ အောင်ပြည့်ဟာ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က ခရီးဆောင်အိတ်အကြီးကိုဆွဲပြီး အခင်းဖြစ်တဲ့ နေရာကနေ ထွက်သွားတာတွေ့ရတယ်လို့ ဆိုပါတယ်။

လားရှိုးမှာ ချွေးမဖြစ်သူကို ခင်ပွန်းနဲ့ မိသားစုဝင်တွေက သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့

Source – ရွှေဖီမြေ

ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်-၅ နယ်မြေ (၂၀) မှာ ချွေးမဖြစ်သူ အမျိုးသမီးတစ်ဦးကို ၎င်းရဲ့ခင်ပွန်းနဲ့ မိသားစုဝင်တွေက ရိုက်နှက်လို့ သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက် ညနေပိုင်းမှာ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးကို ၎င်းရဲ့ခင်ပွန်းဖြစ်သူနဲ့ မိသားစုဝင်တွေက ကြိုးတုတ်ပြီး ရိုက်နှက်ခဲ့ရာ လက်လွန်ပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

“ကလေးမက ဘာအပြစ်ရှိလဲ မသိဘူး။ မိသားစုလိုက် ဝိုင်းရိုက်တာ။ ပယောဂကုသသလိုလိုနဲ့ ရိုက်တာ။ ကြိုးတုတ်ပြီး ဝိုင်းရိုက်ကြတာ။ ကလေးမ သေသွားတယ်” လို့ လားရှိုးမြို့ ရပ်ကွက်-၅ ရှိ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အခင်းဖြစ်ပွားပြီး သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ အမျိုးသားဖြစ်သူနဲ့ မိသားစုဝင် ၃ ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးသွားပြီး အဲဒီအမျိုးသမီးကို ရိုက်နှက်ခဲ့တဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူးလို့ ၎င်းက ဆက်ပြောပြပါတယ်။

ဂွကို စစ်တပ် ဗုံးကြလို့ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံး၊ ၈ ဦးဒဏ်ရာရ

Source -DMG

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ရမ္မာကျွန်းရွာကို အာဏာသိမ်းစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတာကြောင့်အရပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိသွားပါတယ်။

ဇွန် ၁၅ ရက်၊ ညနေ ၇ နာရီကျော်မှာ အာဏာသိမ်းစစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံး ၃ လုံး ကြဲချတိုက်ခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးသွားတာဖြစ်တယ်။

သေဆုံးသွားသူများမှာ  ရမ္မာကျွန်းရွာမှ ဦးဝေလင်း (၅၀) နှစ်နဲ့ ဒေါ်သူဇာမိုး (၃၈) နှစ်တို့ဖြစ်ပြီး ဒဏ်ရာရရှိသွားသူများမှာ မယွန်းအိစံ (၁၁ နှစ်)၊ မအေးမြတ်မွန် (၁၂ နှစ်)၊ ဒေါ်အေးသန္တာ(၄၀ နှစ်)၊ ဒေါ်ခင်ဖြူ(၅၂နှစ်)၊ ဒေါ်စုမြတ်မွန်(၄၂ နှစ်)၊ ဒေါ်ခင်ဥ (၇၀ နှစ်)၊ ကိုအောင်သူရဝင်း (၂၆ နှစ်)နဲ့ ဦးကျော်ညွှန့်ဌေး(၅၃ နှစ်) ဖြစ်တယ်။