ကချင်တကျော့ပြန်စစ်ပွဲ ၁၅နှစ်ပြည့်မှာ စစ်ရှောင်စခန်းတွေထဲက ကလေးတွေနဲ့ လူငယ်တွေ ဘာပြောထားလဲ
ရှင်ငြိမ်း စုစည်းတင်ဆက်သည်။
၁၉၉၄ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၁၇ နှစ်တာ ကာလပတ်လုံး ကချင်ပြည်နယ်မှာ သေနတ်သံတွေ ငြိမ်သက်ပြီး အေးချမ်းတဲ့ အပစ်ရပ်ကာလတစ်ခုကို ဖြတ်သန်းခဲ့ရတယ်။
ဒါပေမဲ့ ၂၀၀၉ ခုနှစ်မှာ နအဖ အစိုးရက KIA အား နယ်ခြားစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းလဲဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက် ဝင်ရောက်ဖို့ ဖိအားပေးခြိမ်းခြောက်လာတဲ့အချိန်က စတင်ပြီး ငြိမ်းချမ်းရေးကာလ ပြိုလဲခဲ့ရတယ်။
နောက်ဆုံး နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ကိစ္စ အဆင်မပြေဖြစ်ခဲ့ရာကနေ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်မှာ ၁၇ နှစ်တာ အပစ်ရပ်စာချုပ် ကျိုးပေါက်သွားပြီး စစ်ပွဲတွေပြန်လည်စတင်လာခဲ့ပါတယ်။ ဒါ့အပြင် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်မှာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေကြောင့် တိုက်ပွဲတွေ ခေတ္တလျော့ချနိုင်ခဲ့တယ်။
ဒါပေမဲ့ ၂၀၁၅ ခုနှစ် NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်)မှာ KIA ပါဝင်ခြင်း မရှိခဲ့ပေမဲ့ ၂၀၁၈ နှစ်လယ်ပိုင်းကစလို့ စစ်ရေးလှုပ်ရှားမှုတွေ လျော့ချခဲ့ပြန်တယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် လူထုလှုပ်ရှားမှုတွေ ပေါ်ပေါက်လာချိန်မှာတော့ KIA ဟာ ဒေသကာကွယ်ရေး တပ်တွေနဲ့ပူးပေါင်းပြီး စစ်ရေးအရှိန်မြင့်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စတင်ခဲ့တဲ့ ဒီသေနတ်သံတွေဟာ ယနေ့အချိန်ထိ တချက်မှမစဲဘဲ ကချင်ဒေသ တစ်ခုလုံးကို မီးဟုန်းဟုန်းတောက်စေခဲ့တာ အခုဆိုရင် ကချင်တကျော့ပြန်စစ်ပွဲဟာ ၁၅ နှစ်တိုင်ခဲ့ပါပြီ။
တပြည်နယ်လုံး လူဦးရေ ၁၆ သိန်းပဲရှိတဲ့ ကချင်ပြည်နယ်မှာ လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းနီးပါးဟာ ကိုယ့်အိမ်ကိုယ်စွန့်ပြီး စစ်ဘေးရှောင်နေကြရတာပါ။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)ရဲ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက် အရ စစ်ရှောင်ဦးရေဟာ ၂ သိန်းခွဲနီးပါး (၂၄၄,၅၅၀ ကျော်)အထိ ရှိလာခဲ့ပြီး အပစ်အခတ်ရပ်စဲဖို့ နေနေသာသာ ဒုက္ခသည် အရေ အတွက်ကတော့ တနှစ်ထက်တနှစ် တရိပ်ရိပ် တိုးပွားနေဆဲ ဖြစ်တယ်။
တကျော့ပြန်စစ်ပွဲအစမှာကတည်းက သန္ဓေသားဘဝ၊ အရွယ်ငယ် ကလေးဘဝကတည်းက မိသားစုနဲ့အတူပြေးလွှားခဲ့ရပြီး သူတို့ဘဝအချိန်အားလုံးကို စစ်ဘေးရှောင်စခန်းအသီးသီးမှာ(တချို့က သူတို့လုံခြုံရေးအတွက်စိုးရိမ်ပူပင်တဲ့အတွက် သူတို့ရှိနေတဲ့စခန်းနာမည်ထည့်မရေးဖို့ မေတ္တာရပ်ခံပါတယ်) ၁၅နှစ်တာ ကြီးပြင်းဖြတ်သန်းခဲ့ရတဲ့ လူငယ်တွေရဲ့ နေ့စဉ် လူမူဘဝအခက်အခဲတွေနဲ့ သူတို့ရဲ့အနာဂတ်ရည်မှန်းချက်တွေကို HI-(Honest Information) က အခုလို ဆက်သွယ် မေးမြန်းထားပါတယ်၊၊

မောင်လုဆိုင်း
၁၅ နှစ်အရွယ်
ခေါက်ရှောက် စစ်ရှောင်စခန်း
မြန်မာ – တရုတ်နယ်စပ်ဒေသ
ဒီစခန်းရောက်တာ အရမ်းကြာပြီဆိုတော့ ဘယ်လောက်ကြာပြီလဲဆိုတာတောင် မသိတော့ဘူး။ ကျနော့အမေပြောတာ ကတော့ ပုံမှန် ဒီဗိုက်ကြီးနဲ့ စစ်ပြေးရင် သိပ်မပြေးနိုင်ကြဘူးတဲ့။ ဒါပေမဲ့ နင်ကတော့ အဲ့လိုမဟုတ်ဘူး။ နင့်ကို မွေးချင်လာ တော့ ခိုနားရာစခန်းရောက်မှ မွေးမယ်ဆိုပြီး မွေးချင်တာ အောင့်ထားပြီးပြေးတာတဲ့။ သာမန်သူတွေထက် ဗိုက်ကြီးသည်က အပြေးမြန်လို့ သူများတွေကတော့ နင်တော့ မျောက်လေးမွေးတော့မယ်ထင်တယ်လို့ စနောက်ကြတယ်တဲ့။
အခုဆို တကျော့ပြန်စစ်ဖြစ်တာတောင် ၁၅ နှစ်ရှိပြီဆိုတော့ ကျနော့်အသက်လည်း ၁၅ နှစ်ရှိပြီပေါ့။ ကျနော့်အသက် ၁၅ နှစ် လုံးလုံးမှာ ဒီမှာနေခဲ့ရတော့ အမေတို့နေတဲ့ ကျနော်ရဲ့အိမ်ဆိုတာကို တခါမှ မမြင်ဖူးခဲ့ဘူး။ ကျနော့်အတွက် အိမ်ဆိုတာ ဒီစခန်းရဲ့ အခန်းကျဉ်းလေးရယ်၊ ဘေးပတ်ပတ်လည်က ဝါးထရံတွေရယ်ပဲ။ စခန်းထဲမှာပဲ ကြီးပြင်းလာရတော့ ပုံမှန် ကလေးတွေလို လွတ်လွတ်လပ်လပ် ကစားရတော့ ပျော်ပါတယ်။ ဒါပေမဲ့ ကျနော့်ကို အရင်နေအိမ်ပြန်မလား၊ ဒီစခန်းမှာ ဆက်နေမလားမေးရင်တော့ ကျနော် တခါမှမမြင်ဖူးသေးတဲ့ အိမ်ကို ပြန်ချင်ပါတယ်။
ဘာလို့လဲဆိုတော့ ကျနော့်အိမ်က ကျနော့်အတွက်ပိုလုံခြုံမယ်လို့ ထင်လို့ပါ။ အမေက အမြဲပြောတယ်။ ကျနော်တို့ ရွာလေး မှာ စပါးခင်းတွေ၊ သစ်ပင်တောတောင်တွေနဲ့ အရမ်းလှတယ်တဲ့။ စားစရာဆိုလည်း တောထဲဝင်လိုက်တာနဲ့ တောကောင် တွေရတယ်။ အမေတို့ကတော့ ရွာလေးကို သွားကြည့်ချင်ကြပေမဲ့ ငွေမရှိဘူး။ လမ်းမှာလည်း မိုင်းတွေဘာတွေနဲ့ဆိုတော့ မသွားတော့ဘူး။ အရင်က အဖေသွားကြည့်တော့ အိမ်က သစ်ပင်တွေနဲ့အုပ်နေပြီလို့ ပြောတယ်။ အဲ့ဒါတောင် တော်တော် ကြာပြီလေ။ အခုဆို အိမ်လေးက ရှိတောင်ရှိပါတော့မလား မသိဘူး။ ဒါပေမဲ့ စခန်းက သွပ်မိုးအိမ်ထက်စာရင် အဲဒီမမြင်ဖူး တဲ့ ကျနော့်အမေရဲ့အိမ်လေးကို ပိုနေချင်တယ်။ ဒီမှာက အရမ်းအထင်သေးခံရတယ်။
စခန်းအပြင် ရွာထဲက သူတွေက တခုခုဆိုတာနဲ့ ကျနော်တို့ကို ‘စစ်ပြေးကောင်တွေ’ဆိုပြီး အထင်သေးဆက်ဆံတယ်။ ကျောင်းမှာလည်း ‘မင်းတို့က စခန်းကလာတာ၊ ညစ်ပတ်တယ်’ ဆိုပြီး အနားကိုတောင် ပေးမကပ်ဘူး။ မခေါ်မပြောကြဘူး။ ဆရာ၊ ဆရာမတချို့ဆိုရင်လည်း စခန်းက ကလေးတွေဆိုရင် သိပ်ဂရုမစိုက်ဘူး။ အဲ့လိုတွေဖြစ်တော့ စိတ်ထိခိုက်ရတယ်။ စိတ်မကောင်းတော့ ကျောင်းမသွားချင်တဲ့အထိဖြစ်ခဲ့ဖူးတယ်။ ကျနော်တို့လည်း သူတို့လိုပဲ လူသားတွေပဲလေ၊ ဘာလို့ စစ်ရှောင်ဖြစ်နေလို့ အနှိမ်ခံရတာလဲ။ စစ်ပွဲတွေကြောင့် ကျနော်တို့ပြေးလာရတာလေ။ စစ်ပြေးရတော့ ကျောင်းစာလည်း သေချာမသင်ရဘူး။ စားဖို့လည်း သူများလှူတာတွေ စောင့်ပြီး စားရတယ်။ အမေတို့၊ အဖေတို့လည်း အလုပ်တွေမရှိတော့ တနေ့၊ တနေ့ စားဖို့ရှာရတာ အရမ်းခက်ခဲကြတယ်။
ကျနော့် ဝါသနာကတော့ ပန်းချီဆွဲတာ။ စခန်းအပြင်မှာတော့ ဘာတွေရှိလဲ ကျနော်မသိဘူး။ ဒါပေမဲ့ မိုးကုပ်စက်ဝိုင်းကြီး ရယ်၊ စိမ်းစိုနေတဲ့ တောင်တန်းကြီးတွေရယ်၊ ပြီးတော့ ငှက်ကလေးတွေ ပျံနေတာတွေကြည့်ပြီး စာရွက်အလွတ်လေးတွေမှာ လိုက် ဆွဲရတာပျော်တယ်။ ကျနော့်တို့ စခန်းကို အဝတ်အစားတွေပို့လာရင် အရုပ်တွေ၊ ရောင်စုံခဲတံတွေ၊ ပုံဆွဲစာအုပ် တွေရခဲ့ဖူး တယ်။ တခါမှ အဲ့လိုမရဘူးတော့ ဒါကိုရှိပါလားလို့ တကယ်အံ့သြမိတယ်။ ပျော်လည်းပျော်တယ်။ လှူတဲ့သူတွေလည်း အရမ်းကျေးဇူးတင်မိတယ်။
ကျနော့်ရဲ့ အကြီးမားဆုံး ဆန္ဒကတော့ တနေ့ကျရင် စစ်ပွဲတွေ လုံးဝမရှိတော့တဲ့ နေရာမျိုးမှာ ပန်းချီပြပွဲကြီးတခု လုပ်ချင် တာ။ ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ကျနော့်ဝါသနာကို ဆက်လုပ်ဖို့နေနေသာသာ၊ ဆေးရောင်စုံ ခဲတံလေးတွေ ဝယ်ဖို့ တောင် အမေ့ဆီက ပိုက်ဆံမတောင်းရက်ဘူး။ အမေတို့က နေ့စား အလုပ်လေးတွေ ထွက်လုပ်ပြီး စားဝတ်နေရေးအတွက် အရမ်းရုန်းကန်နေရတာလေ။

ဝိုင်း
၁၅နှစ်
ဂျေယန်း စစ်ရှောင်စခန်း
သမီးက ဒီစစ်ပွဲကြီးစတင်တဲ့ ၂၀၁၁ ခုနှစ်မှာပဲ လိုင်ဇာကေတီစခန်းထဲမှာ မွေးပြီ အဲ့ကနေ ဂျေယန်း စစ်ရှောင်စခန်းကို ရောက် လာတာပေါ့။ အမေက ပြောတယ်။ ရွာကနေ ပြေးလာတုန်းက သမီးကို ဗိုက်ထဲလွယ်ထားရတာမို့ လမ်းမှာ ဗုံးသံတွေကြားရင် ဗိုက်ကို လက်နဲ့အုပ်ပြီး မြေကြီးပေါ် ဝပ်နေခဲ့ရတာတဲ့။ အဲ့မှာ သမီးစမွေးဆိုကတည်းကစစ်ရှောင် စခန်းမှာ နေခဲ့ရတော့ ကိုယ့် အိမ်ဆိုတာ ဘာမှန်းမသိဘူး။ အမေတို့ကတော့ အဲ့ဘက်နားမှာနေကြတာဆိုပြီး လက်ညှိုးထိုးပြတယ်။ သမီးကတော့ ကိုယ့် အိမ်ကိုပဲ ပြန်နေချင်တယ်။
ဒီမှာက အိမ်တန်းရှည်တွေမှာ အကန့်တွေခွဲနေရပေမဲ့ တဖက်က ပြောရင် တဖက်က ကြားနေရတယ်ဆိုတော့ မလုံခြုံဘူး။ လူတွေကလည်း အရမ်းများတော့ အဝတ်လဲတာကအစ၊ ရေချိုး တာ၊ အိမ်သာသွားရင် အမြဲစိတ်ထဲမှာကြောက်မိတယ်။ တယောက်ယောက်က ကြည့်နေသလိုခံစားရတာ။ အိမ်တန်းရှည်တွေမှာ စုနေရတဲ့ ဘဝက လူတိုင်းအတွက် ဆင်းရဲပေမဲ့၊ မိန်းကလေးတယောက်အတွက်ကတော့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လုံခြုံမှု လုံးဝမရှိတဲ့ ငရဲလိုမျိုးပါပဲ။ မိန်းကလေးတယောက်ရဲ့ သဘာဝအရတော့ လုံခြုံစိတ်ချရတဲ့ ကိုယ်ပိုင်နေရာဆိုတာ ရချင်တာပေါ့။ ဒါပေမဲ့ ဒီမှာတော့ အဝတ်လဲတာကအစ အိမ်သာ သွားတာအထိ နေ့တိုင်း အရှက်နဲ့ အကြောက်တရားကို ရင်းနေရတယ်။
နောက် သမီးတို့ မှာ ခက်ခဲတာက အမျိုးသမီးလစဉ်သုံးပစ္စည်းတွေပဲ။ အဲ့ဒါတွေဈေးကြီးတော့ အမေတို့ကလည်း အမြဲဝယ် မပေးနိုင်ဘူး။ တခါတလေတော့ လာလှူတာရှိပါတယ်။ မလောက်ဘူးပေါ့နော်။ အမျိုးသမီးလစဉ်သုံးပစ္စည်းမရှိလို့ အပြင် မထွက်ရဲဘဲ အခန်းထဲမှာ ပုန်းနေရတဲ့ရက်တွေဆို စဉ်းစားမိတယ်။ စစ်ပွဲက သေနတ်သံတွေနဲ့တင် သမီးတို့ဘဝကိုဖျက်ဆီး တာ မဟုတ်ဘူး၊ မိန်းကလေး တယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ လူတောတိုးရဲတဲ့ သတ္တိကိုပါ ဖျောက်ဖျက်ပစ်နေတာနဲ့ အတူတူပဲ။
တခါတလေ သမီးလည်း စဉ်းစားကြည့်ဖူးတယ်။ ဒီစခန်းရဲ့အပြင်ဘက်မှာ ဘာတွေရှိလဲ။ သမီးတို့လိုပဲလားဆိုတာ အရမ်း သိချင်မိတယ်။ တခါတလေ အဖေက သမီးတို့ကို ထမင်းစားရင်းနဲ့ အပြင်ကမ္ဘာမှာနေရတဲ့ လွတ်လပ်မှုအကြောင်း နေ့တိုင်း ပြောပြလေ့ရှိတယ်။ အဲ့ဒီကတည်းက သမီးလည်း လွတ်လပ်မှုအရသာကို ခံစားချင်ခဲ့တယ်။ သမီး အတွက် ပြင်ပကမ္ဘာဆို တာ ဘာကိုမှ ကြောက်စရာမလိုဘဲ ညဘက်ဆိုရင် သေနတ်သံတွေမရှိလို့ အိပ်မက်ဆိုးတွေ မမက်ဘဲ ကောင်းကောင်းအိပ် ပျော်နိုင်မယ့် နေရာမျိုးပေါ့။ ပြီးတော့ မိန်းကလေးတယောက်မို့လို့ ညဘက်အိမ်သာသွား ရမှာကို မကြောက်ရတဲ့၊ ကိုယ့် ဝါသနာဖြစ်တဲ့ ဓာတ်ပုံပညာကို လွတ်လွတ်လပ်လပ် သင်ယူခွင့်ရမယ့် ကမ္ဘာမျိုး ဖြစ်နေမှာပါ။
သမီးမှာ မွေးရပ်မြေ ရွာဟောင်းဆိုတာ မရှိခဲ့ပေမဲ့ လူကြီးတွေပြောပြတဲ့ ရွာလေးကိုတော့ ဓာတ်ပုံထဲမှာ မြင်ရသလိုမျိုး မြင်ဖူး ပြန်ချင်တာမျိုးရှိတယ်။ အခုတော့ ရွာဟောင်းကြီးက မိုင်းတွေနဲ့မို့ သွားကြည့်ဖို့က အိပ်မက်လိုပါပဲ။ သမီးရင်ထဲက တခု တည်းသော စခန်းကို ဖြတ်ကျော်ပြီး ပြင်ပကမ္ဘာကြီးထဲမှာ ဓာတ်ပုံကင်မရာတလုံးနဲ့ လွတ်လွတ်လပ်လပ် လျှောက်သွား ချင်တာပါပဲ။
သမီးရဲ့ဝါသနာကတော့ ဓာတ်ပုံပညာရှင်တယောက် ဖြစ်ချင်တာပါ။ စခန်းကို လာလည်ကြတဲ့ သတင်းသမားတွေ၊ ကင်မရာ အကြီးကြီးတွေ ကိုင်ထားတဲ့လူတွေကို မြင်ရင် အရမ်းအားကျမိတယ်။ ကင်မရာတလုံးနဲ့ သမီးတို့ ပတ်ဝန်းကျင်ရဲ့ အလှအပ တွေကို ရိုက်ထားလို့ရမယ်။ ဓါတ်ပုံရိုက်ဖို့ဆို ကမ္ဘာအနှံသွားရတယ်တဲ့ သတင်းသမားတယောက်က ပြောပြဖူးတယ်။ သမီးမှာသာ ကင်မရာတလုံး ရှိခဲ့ရင် မိသားစုတွေရဲ့လှုပ်ရှားမှုတွေ၊ ဝမ်းနည်းစရာတွေကို ကမ္ဘာကြီးက သိအောင် ဓာတ်ပုံရိုက် ပြီး ပြချင်တယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ဖုန်းအစုတ်လေးတလုံးတောင် မရှိတဲ့ သမီးအတွက် ဓာတ်ပုံပညာရှင် ဆိုတာ တကယ်ကို ဝေးလွန်းတဲ့ အိမ်မက်တခုပေါ့။
ကျောင်းတက်ရတဲ့ အတွေ့အကြုံကလည်း စိတ်နာစရာပဲ။ ကျောင်းသွားတက်တော့ တခြားကျောင်းသားတွေက သမီးတို့ကို နင်တို့က အလှူခံစားနေရတာ၊ ကျောင်းလခတောင် မှန်မှန်မပေးနိုင်ဘဲ လာတက်တယ်ဆိုပြီး အနိုင်ကျင့်ကြတယ်။ စာသင် နေရင်းလည်း ဆံပင်ဆွဲတာတို့၊ ချော်လဲအောင်လုပ်တာလည်းရှိတယ်။ သမီးတို့မွေးရပ်မြေမှာသာဆို သူတို့လုပ်ရဲမှာ မဟုတ်ဘူး။

နော်နော
LGBT လူငယ်၊ ၁၈နှစ်
မဂါးယာန် စစ်ရှောင်စခန်း
စစ်ပွဲတွေစတော့ ကျနော့်အသက်က ၃ နှစ်ပဲ ရှိသေးတာ။ ဘာမှ ကောင်းကောင်းမမှတ်မိပေမဲ့ ညဘက်ကြီး ကျနော့်ကို အဖေက ပွေ့ချီပြေးတာတော့ မှတ်မိနေသေးတယ်။ ဘာကြောင့် ဘာညာဆိုတာတွေကတော့ ဘာမှမသိတော့ဘူး။ လူတွေ အော်ဟစ်ပြီး ပြေးကြလွှားကြတာနဲ့ မီးခိုးလုံးကြီးတွေကိုတော့ ဝါးတားတား မှတ်မိနေသေးတယ်။ အခုဆိုရင် ကျနော်စခန်း ထဲမှာ နေလာတာ ၁၅ နှစ်ရှိပြီဆိုတော့ အသက်လည်း ၁၈ နှစ်ထဲ ရောက်နေပြီပေါ့။
အသက်ကြီးလာတာနဲ့ ကျနော့်ရဲ့စိတ်က ယောကျာ်းလေးတစ်ယောက်လို မဟုတ်ဘဲ မိန်းကလေးတယောက်လို ဖြစ်နေတာကို သတိထားလာမိတယ်။ ဒီလို စစ်ဘေး ရှောင်စခန်းလို ကျဉ်းမြောင်းပြီး ရှေးရိုးစွဲဆန်တဲ့ လူ့အဖွဲ့အစည်းထဲမှာ LGBT တယောက်အနေနဲ့ ရှင်သန်ရတာဟာ ပုံမှန်လူတွေထက် ၂ဆလောက် ပိုပြီး မောရပါတယ်။ စခန်းထဲက လူကြီးတွေက ကျနော့်ကို မြင်ရင် နှာခေါင်းရှုံ့ကြတယ်။ စစ်ရှောင်ရ တဲ့ကြားထဲ ဒီကောင်က တမျိုးဆန်းနေသေးတယ်ဆိုပြီး ကဲ့ရဲ့ကြတယ်။ စစ်ပွဲရဲ့ စိတ်ဒဏ်ရာအပြင် ပတ်ဝန်းကျင်ရဲ့အကြည့်တွေကပါ ကျနော့်ကို နေ့တိုင်း သတ်နေသလိုပဲ။
ကျနော့်ဝါသနာကတော့ အဝတ်အစား ဒီဇိုင်းတွေ ထွင်ရတာ၊ စခန်းထဲမှာ စက်ချုပ်သင်တန်းလာပေးတော့ ကျနော်လည်း သွားတက်တယ်။ အဲ့ဒီမှာစပြီး စိတ်ဝင်စားလာတာပေါ့။ သင်ပေးတဲ့ဆရာမတွေကလည်း ကျနော့်ကို အရမ်းသဘောကျကြ တယ်။ ကျနော့်ကိုလည်း စက်ချုပ်စက်တလုံးပေးသွားတယ်။ စခန်းထဲမှာ ရိုးရာပွဲတွေ၊ မင်္ဂလာဆောင်၊ မွေးနေ့ အဲ့လိုပွဲတွေ ရှိရင် ချုပ်ပေးရတယ်။ အရင်ကတော့ တော်တော်ချုပ်ပေးရတယ်။ အခုနောက်ပိုင်း သိပ်မချုပ်ရတော့ဘူး။ အခုက ပန်းထိုး တာတို့၊ ခေတ်ပေါ်ဒီဇိုင်းတွေ ချုပ်ပေးဖို့ ပစ္စည်းမရှိတော့ မြို့ပေါ်သွားအပ်ကြတယ်။ ကျနော့်ဆန္ဒကတော့ မြို့ကြီးတွေပေါ်မှာ အောင်မြင်တဲ့ ဒီဇိုင်နာတယောက် ဖြစ်ချင်တာ။ ဒါပေမဲ့ စခန်းထဲမှာတော့ အဲဒီအိမ်မက်က တကယ်ကို လှောင်အိမ်ထဲ ပိတ် မိနေသလိုပဲ။
ကျောင်းတက်တုန်းကဆိုရင် ပိုဆိုးတယ်။ ယောက်ျားလေးတွေက ကျနော့်ကို ‘မိန်းမလျာ၊ အခြောက်၊ ဂန်ဒူး’ ဆိုပြီး ဝိုင်းလှောင်ကြတယ်၊ စာအုပ်တွေကို လုယူပြီး မြေကြီးပေါ် ပစ်ချကြတယ်။ တခါတလေ ကျောင်းအိမ်သာသွားရင်တောင် သူတို့က ချွတ်လေ၊ ရှက်လို့လား၊ ကြည့်ရအောင် ဘာညာနဲ့ ဝိုင်းလှောင်တယ်။ ဆရာတွေကို တိုင်တော့လည်း ‘မင်းက မိန်းမလျာလိုနေလို့ အလှောင်ခံရတာ၊ ယောကျာ်းပီပီသသနေပေါ့’ ဆိုပြီး ကျနော့်ပဲ ဆူခံရတယ်။
လောဆယ်မှာ တော့ ကျနော်ရဲ့ဖြစ်တည်မှုကို ဘယ်နေရာမှလက်မခံကြသေးဘူး။ ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ အသက်ငယ်ငယ်နဲ့ မိဘကို ရှာဖွေကျွေးနိုင်တာကို ဝမ်းသာတယ်။ ဘယ်သူဘာပြောပြော နားထောင်မနေတော့ဘူး။
ကျနော် အိမ်ကို သိပ်မှတ်မိတာမျိုး မရှိပေမဲ့ ရင်ထဲကတော့ အိမ်ကို အရမ်းပြန်ချင်နေပြီ။ လူကြီးတွေ ပြောတာက ကျနော်တို့ အိမ်လေးက ခြံဝန်းကြီး အကျယ်ကြီးရှိတယ်၊ သစ်ပင်ရိပ်တွေ ရှိတယ်တဲ့။ ကျနော် အိမ်ပြန်ချင်တာက သစ်ပင်ရိပ်တွေကို မက် မောလို့တင်မဟုတ်ဘူး။ ကိုယ့်အိမ်၊ ကိုယ့်ခြံဝန်းထဲမှာဆိုရင် ကျနော် ဘယ်လိုပဲ ဝတ်ဆင်ပါစေ၊ ဘယ်လိုပဲ နေထိုင်ပါစေ၊ ဘယ်သူ့ရဲ့ကဲ့ရဲ့ရှုံ့ချတဲ့ အကြည့်ကိုမှ ခံစရာမလိုတဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိလို့ပါ။
ကျနော်ရဲ့ဖန်တီးမှု ဝါသနာတွေဟာ စခန်း ထဲက လှောင်အိမ်ထဲမှာ ပိတ်မိနေပေမဲ့၊ တနေ့မှာတော့ ဒီစနစ်ဆိုးတွေကို ဖောက်ထွက်ပြီး လွတ်လပ်တဲ့ ကမ္ဘာမှာ ကျနော်ရဲ့ စွမ်းရည်တွေကို ချပြခွင့်ရမယ်လို့ ယုံကြည်တယ်။ အိမ်ကတော့ အဖေသွားပြန်ကြည့်သေးတယ်။ ကျနော်ကျောင်းသွားလို့ မလိုက်သွားရဘူး။ အဲ့တုန်းကတော့ အိမ်မရှိတော့ဘူး။ တောကြီးလိုဖြစ်နေပြီလို့ ပြောတယ်။

ဘောက်ဂျာ
မသန်စွမ်းအမျိုးသမီးငယ်၊ ၁၇နှစ်
ညီမက မွေးရာပါ ခြေထောက်မသန်စွမ်းတဲ့သူတယောက်ပါ။ ၂၀၁၁ ခုနှစ်၊ အသက် ၂ နှစ်သားအရွယ်မှာ စစ်ပွဲတွေဖြစ်တော့ မိဘတွေက ညီမကို ပွေ့ချီပြီး ပြေးခဲ့ကြရတာ။ ညီမ သိသလောက်တော့ စစ်ပြေးရတာ တကယ့်ကို မလွယ်ပါဘူး။ ညီမကို ချီပြီးပြေးရတော့ ပိုဆိုးမှာပေါ့။ တခါတလေ ညီမ သွားချင်တာမသွားရလို့ ငိုရင် အမေက နင့်ကို ချီပြေးတုန်းက လွတ်ကျခဲ့ မှာစိုးလို့ ဗုံးစထိတာတောင် လွတ်မချခဲ့ဘူး။ သမီးကို မသွားစေချင်လို့ မဟုတ်ဘူး။ သမီးထိခိုက်မှာစိုးလို့ အမေ မပို့တာလို့ ပြောတယ်။
ဒါပေမယ့် ညီမအဖွားကတော့ မသန်စွမ်းဖြစ်နေတာကိုမကြိုက်ဘူး။ အမေ့ကိုလည်း ဘာလို့ မသန်စွမ်း မွေးတာလဲ။ နင်က ကလေးကို အလိုလိုက်တယ်ဆိုပြီး ခဏခဏအပြစ်တင်တယ်။ ညီမကိုလည်း မချစ်ဘူး။ ညီမ စားချင်တာဆိုလည်း မကျွေးဘူး။ သူပဲ စားတယ်။ တခါတလေ ညီမစားနေတာကိုတောင် လုစားတယ်။ ညီမက လိုက်မလုနိုင်တော့ ငိုတာပေါ့။
အမေဆိုလည်း ညီမအတွက်နဲ့ အလုပ်တောင် ကောင်းကောင်းမလုပ်နိုင်ဘူး။ အမေက အဝတ်လိုက်လျှော်တယ်။ အဖေက ပန်းရံအလုပ်သမားပါ။ ညီမ အဖွားနဲ့မနေချင်တော့ အမေအဝတ်လျှော်သွားတဲ့နောက် လိုက်မယ်ဆိုပြီး ငိုတော့ အမေက ခေါ်သွားတယ်။ အမြဲတော့ မဟုတ်ဘူး။ တခါတလေပေါ့။ ညီမကြောင့် အမေအလုပ်ပျက်တာသိသွားတော့ မလိုက်တော့ ပါဘူး။ ညီမက မွေးထဲက လေယာဉ်သံ၊ ဗုံးသံတွေကြားမွေးလာတာဆိုတော့ အဲ့ဒီအသံတွေကြားရင် အလိုလိုကြောက်နေတာ တကိုယ်လုံးတုန်ပြီး အဲ့လိုနေ့ဆိုရင် ညီမဖျားပြီး အန်တော့တာပဲ။ အဲ့လိုတွေကြောင့် ညီမကို အမေက စိတ်မချဘူး။ ဘယ်မှမသွားစေချင်တော့ ညီမဘဝက ဒီအိမ်ထဲမှာ ပိတ်ခံထားရသလိုဖြစ်နေတယ်။
နောက်ပြီး ကိုယ့်ကိုကိုယ် အပြစ်တင်စိတ်နဲ့ ညီမကြီးပြင်းလာရတယ်။ တခုခုဖြစ်ရင် ငါ့ကူပါ့မလား။ ချန်ထားခဲ့မလား။ အကူအညီတွေ ရှိပါ့မလားဆိုတဲ့ အပြစ်တင်စိတ်ပေါ့။ အခု အသက် ၁၇ နှစ် ရှိပြီဖြစ်တဲ့အထိ စခန်းထဲမှာ ရှင်သန်ရတာဟာ စိတ်ရောလူပါ ပင်ပန်းလွန်းပါတယ်။ အရေးပေါ်တခုခုဖြစ်ရင် ဘယ်သူ့ကို အားကိုးရမလဲဆိုတဲ့ ကြောက်စိတ်နဲ့ နေ့တိုင်း ရှင်သန်နေရတယ်။
ညီမဝါသနာကတော့ ကွန်ပျူတာပညာရပ်လေ့လာရတာ။ ခြေထောက်မကောင်းပေမဲ့ လက်တွေက ကောင်းနေသေးတော့ နည်းပညာနဲ့ ကမ္ဘာကြီးကို မြင်ချင်တာ။ ညီမဆန္ဒက အိုင်တီပညာရှင်တယောက် ဖြစ်ချင်တယ်၊ စခန်းထဲက ကလေးတွေ ကိုလည်း ကွန်ပျူတာစာသင်ပေးချင်တယ်။ ဒါပေမဲ့ စခန်းထဲမှာက မီးကလည်း မှန်မှန်မလာ၊ ကွန်ပျူတာလည်း မရှိဘူး။ အဲ့တော့ ညီမ အိုင်တီပညာရှင်ဖြစ်ဖို့ ခဏတော့ မေ့ထားလိုက်တယ်။ ကျောင်းမှာလည်း သူငယ်ချင်းတွေက မသန်စွမ်းတာကို ကြောက်တာလိုလို၊ ရွံတာလိုလိုနဲ့ စနောက်ကြတယ်။ တချို့က သူငယ်ချင်းမဖြစ်ချင်ကြဘူး။ ညီမနဲ့ ခင်တဲ့သူတွေပဲ ပေါင်းတယ်။ သူတို့က ညီမကို ကူညီပေး ကြတယ်။ ဒါပေမဲ့ တချို့ဆရာ၊ ဆရာမတွေက ညီမကို ‘မသန်စွမ်းတာ ကျောင်းလာ တက်နေသေးတယ်၊ အိမ်မှာပဲ နေပါတော့လား’ဆိုပြီး မကြားတကြားပြောတယ်။ အဲ့လိုတွေကြောင့် ညီမ ၉ တန်းအထိပဲ တက်ပြီး ကျောင်းထွက်လိုက်ရတယ်။ ဒါပေမဲ့ ညီမ လက်မလျော့ပါဘူး။ ကွန်ပျူတာ သင်ချင်တဲ့အကြောင်း စခန်းတာဝန်ခံကို ပြောထားတော့ မသန်စွမ်းကျောင်းပို့ပေး မယ်ပြောတယ်။
စစ်ပြေးလာတုန်းက ညီမအသက် ၂ နှစ်ပဲ ရှိသေးလို့ အိမ်ဟောင်းကို ကောင်းကောင်းမမှတ်မိပေမဲ့ အိမ်ကိုတော့ သေလု မတတ် ပြန်ချင်တယ်။ ဘာလို့လဲဆိုတော့ စခန်းထဲက လမ်းတွေ၊ အဆောက်အဦးတွေက မသန်စွမ်းသူတယောက် သွားလာဖို့ ဘာတခု မှ အဆင်မပြေဘူး။ အိမ်သာသွားဖို့ သက်သက်ကို ဒုက္ခခံနေရတာ။ ကိုယ့်အိမ်ကိုယ့်ယာဆိုရင် မိဘတွေက ညီမအတွက် အဆင် ပြေအောင် ပြင်ဆင်ပေးမှာ။ အိမ်ကိုတော့ သွားပြန်မကြည့်တော့ဘူး။ ညီမတို့ထွက်လာကတည်းက အိမ်က မီးလောင်သွားပြီ လို့ အမေတို့က ပြောတယ်။ ကိုယ်မွေးခဲ့တဲ့နေရာဆိုတော့ အိမ်ကို ပြန်သွားကြည့်ချင်ပေမဲ့ ခြေထောက်မကောင်းတဲ့ ညီမ အတွက်တော့ အိမ်ဟောင်းဆီ သွားဖို့ဆိုတာ အိမ်မက်လိုပါပဲ။

ရွယ်ဂျာ
မသန်စွမ်းလူငယ်၊ အသက် ၂၀
စစ်ပွဲစလို့ ပြေးရတော့ ကျမအသက်က ၅ နှစ်။ ကျမက လက်တဖက်က တံတောင်ဆစ်အကျော်ရှိပြီး နောက်တဖက်က ပုခုံးကျော်လေးသာရှိတဲ့ မိန်းကလေးတယောက်ပါ။ မွေးရာပါပေါ့။ ကျမ မှတ်မိသလောက်ဆိုရင် ရွာထဲကို လက်နက်ကြီး တွေ ကျလာတော့ အဖေက ကျမကို ချီပြေး၊ အမေက အဖိုးကို တွဲပြေးကြတာတော့ မှတ်မိနေသေးတယ်။ လက်နက်ကြီး ကျသံက တကယ်နားကွဲမတတ်ဘဲ။ ဗုံးကျတဲ့ မြေကြီးတုန်သွားတာက ခန္ဓာကိုယ်ထဲထိတောင် တုန်သွားသလိုခံစားရတယ်။ အဲ့မှာ လူတွေထိပြီး လက်တွေ၊ အသားစတွေ လာထိလို့ သွေးတွေလည်းပေပေါ့။ အဲဒီတုန်းက ပြေးခဲ့ရတဲ့ကြောက်စရာ အဖြစ် အပျက်တွေက အခု အသက် ၂၀ ရောက်တဲ့အထိ မပျောက်သွားသေးဘူး။ တခါတလေ ညဘက်ဆို အိပ်မက်ဆိုးတွေ အဖြစ် ပြန်ပြန်လာတတ်တုန်းပဲ။
တကယ်တော့ စခန်းထဲမှာ မသန်စွမ်းတယောက်အဖြစ် ရှင်သန်နေရတဲ့မိန်းကလေးတယောက်အတွက် နေရာတိုင်းမှာ အန္တရာယ်ရှိပါတယ်။ တခါက ကျမအပေါ့သွားချင်လို့ အမေ့ကို နှိုးတာမနိုးတော့ ကျမဘာသာသွားလိုက်တယ်။ အိမ်သာက ကျမတို့အိပ်တဲ့နေရာနဲ့ နည်းနည်းဝေးတယ်။ ရေလှောင်ကန်နောက်မှာပေါ့။ ကျမအပေါ့သွားပြီး ထွက်လာတော့ လူတယောက် က အနောက်ကနေ ကျမပါးစပ်ကို လက်တဖက်နဲ့ပိတ်ပြီး နောက်လက်နဲ့ ရင်ဘတ်တွေကို ကိုင်တယ်။ ကျမကိုယ်ပဲ လှုပ်လို့ရ တယ်။ လက်မရှိတော့ သေချာမရုန်းနိုင်ဘူး။ အဲ့မှာ အိမ်သာဘက်လာတဲ့မီးရောင်မြင်တော့ ထွက်ပြေးသွားတယ်။ မှောင်နေတော့ ဘယ်သူဆိုတာ ကျမလည်း မသိလိုက်ဘူး။
ကျမအခန်းပြန်လာတော့ အမေမနှိုးနေသေးလို့ အဲ့ညက မပြော ဖြစ်ဘူး။ မနက်ရောက်မှ ပြောပြရတယ်။ စခန်းတာဝန်ခံကို သွားပြောတော့ ညဘက်သွားတာသတိထားပေါ့လို့ပဲပြောတယ်။ အဲ့တော့ အဖေတို့က စိုးရိမ်လို့ဆိုပြီး သူတို့အလုပ်သွားရင် ကျမကို အခန်းထဲပိတ်ထားခဲ့တယ်။ မိန်းကလေးလည်းဖြစ်၊ မသန်စွမ်းလည်း ဖြစ်နေတော့ စခန်းထဲက လူအချို့ရဲ့ မဖွယ်မရာ ကာမဆိုင်ရာ နှောင့်ယှက်ချင်တဲ့ အကြည့်တွေကို ခံရတာမျိုးလည်း ရှိတယ်။ ဘယ်သူ့ကိုမှလည်း စကားနဲ့ တိုင်တည်လို့ မရတော့ ရင်ထဲမှာပဲ ကြိတ်ပြီး ကြောက်နေရတယ်။
ကျမအတွက်တော့ ကျောင်းတက်ရတဲ့နေ့တိုင်းဟာ စိတ်ဒဏ်ရာအသစ်တွေ ထပ်ရတဲ့နေရာပဲ။ လက်မရှိတဲ့ ကျမအတွက် စာအုပ်စာတမ်းသယ်ဖို့၊ စာရေးဖို့ ခြေထောက်ကိုပဲ သုံးရတဲ့အခါ တခြားကျောင်းသားတွေက ကျမကို လက်ပြတ်ကြီးလို့ခေါ် ကြတယ်။ ပထမတော့ ရှက်တာပေါ့။ နောက်ပြီး ကျမ ပြန်မလုပ်နိုင်မှန်းသိတော့ ကျောကိုဆွဲဆိတ်တာ၊ ကုတ်တာ၊ ခေါင်း ရိုက်တာ တွေလုပ်တယ်။ အိမ်ရောက်ရင် အမေက ဒဏ်ရာတွေ တွေ့ပြီး ငိုတယ်။ ဒါပေမဲ့ အမေရော၊ အဖေပါ ကျမကို ရှင်းပြတယ်။ ဒါက ရှက်စရာ မဟုတ်ဘူး။ သမီးသာ ထူးချွန်သူဖြစ်နေရင် ဒီလိုမလုပ်ရဲဘူး။ သမီးကြိုးစားရင် အရာအားလုံး မဖြစ်နိုင်တာ မရှိဘူးဆိုပြီး ဆုံးမတယ်။ နှစ်သိမ့်နွေးထွေးပေးတယ်။ ဒါပေမဲ့ ကိုဗ စ်နဲ့ စစ်ပွဲတွေကြောင့် ကျမရဲ့ပညာရေး ရပ်တန့်သွားခဲ့ တယ်။ ဒါပေမဲ့ စာဖတ်ဝါသနာပါလာပြီး ကျောင်းနားတဲ့အချိန်မှာ စာဖတ်နေတာပေါ့။
အခုတော့ ကျမရဲ့ဝါသနာက ကဗျာဆရာမတယောက် ဖြစ်ချင်တာပါ။ လက်မရှိပေမဲ့ ရင်ထဲက ခံစားချက်တွေကို ခြေချောင်း လေးတွေကြားထဲ ခဲတံညှပ်ပြီး စက္ကူစုတ်တွေပေါ်မှာ ကဗျာတွေ ရေးစပ်ရတာကို ကျမ အသက်ထက်မြတ်နိုးတယ်။ ကဗျာထဲမှာဆိုရင် ကျမဟာ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်တဲ့ ငှက်တကောင် ဖြစ်သွားသလိုပဲ။ ကဗျာတပုဒ်ဟာ ခန္ဓာကိုယ် မသန်စွမ်းပေမဲ့ စိတ်ဝိဉာဉ်ကတော့ အကောင်းတိုင်း ရှိနေသေးတယ်ဆိုတာကို သက်သေပြနိုင်တဲ့ ကျမရဲ့တခု တည်းသော လက်နက်ပါ။ ကျမသာ တနေ့မှာ အသိအမှတ်ပြုခံရတဲ့ ကဗျာဆရာမတဦး ဖြစ်လာခဲ့ရင် စစ်ရှောင်စခန်းထဲက အမှောင်ချ ခံထားရတဲ့ မသန်စွမ်းအမျိုးသမီးတွေ၊ ကလေးတွေရဲ့ ရင်တွင်းဖြစ် ဒုက္ခတွေကို ကမ္ဘာကြီးက ကြားအောင် ကဗျာတွေနဲ့ လှစ်ဟပြချင်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ စာအုပ်နဲ့ ခဲတံတချောင်း ဝယ်ဖို့တောင် မိဘတွေကို ပူဆာရခက်တဲ့ အခြေအနေမို့ ကဗျာဆရာမဆိုတာ ကျမအတွက် ဝေးလွန်းတဲ့ ကြယ်လိုဖြစ်နေတယ်။
ကျမ အိမ်ကို အရမ်းပြန်ချင်တယ်။ အဖေတို့ ပြောပြဖူးတဲ့ ရွာလေးက ကျမတို့ရဲ့ ကိုယ်ပိုင်မြေ၊ ကိုယ့်ခြံဝန်းလေးနဲ့မို့ အခုလို အခန်းအကျဉ်းလေးထဲမှာ နေ့တိုင်းသောကရောက်ပြီး ပုန်းနေစရာ မလိုဘူးလေ။ ကိုယ့်အိမ်မှာဆိုရင် အဖေတို့ အလုပ်သွား တဲ့အခါ ကျမကို သော့ခတ်ပြီး ထောင်ချသလို ပိတ်ထားခဲ့ရမှာ မဟုတ်သလို၊ ညဘက် အိမ်သာသွားရမှာကိုလည်း ကြောက် စရာမလိုတဲ့ ဘေးကင်းမှုမျိုး ရှိလိမ့်မယ်။
ကျမ ပြန်ချင်တဲ့အိမ်ဆိုတာ အမိုးအကာ ရှိရုံတင်မကဘဲ မသန်စွမ်းတဲ့ မိန်းကလေး တယောက်မို့လို့ ကဲ့ရဲ့ရှုံ့ချတဲ့ အကြည့်တွေ နဲ့ နှောင့်ယှက်ချင်တဲ့ ဘေးရန်တွေကနေ ကင်းဝေးပြီး စိတ်အေးလက်အေး အိပ်ပျော်နိုင်မယ့်၊ လူသားတယောက်လို လွတ်လပ် ခွင့် ရှိမယ့်နေရာမျိုးပါ။ အခုတော့ ကိုယ့်အိမ်လေးရှိတဲ့ အရပ်ဟာ မိုင်းတွေနဲ့ ပြည့်နေလို့ ပြန်ဖို့ လမ်းက ဝေးနေသေးပေမဲ့ ကျမရဲ့ စိတ်ဝိဉာဉ်ကတော့ အဲဒီ ကိုယ်ပိုင်မြေဆီကို နေ့တိုင်းပဲ အရင်ဦးအောင် ပြန်ရောက်နေမိတယ်။









