စိန်ခေါ်မှုကြားက အညာသူမိခင်တို့ရဲ့ မျှော်လင့်ခြင်းမျိုးစေ့များ
ဓာတ်ပုံ – မူအေးမူ
ဖုန်တထောင်းထောင်း ထနေတဲ့ မြေနီလမ်းရိုးတလျှောက်မှာ ယောကျာ်းသားတွေနည်းတူ ထွန်တုန်း ထွန်ခတ်တွေကို ကိုယ်တိုင်တပ်ဆင်၊ နွားနဲ့ထွန်ဆင်ရင်း မြေရိုင်းကို အသက်သွင်းဖို့ ပြင်ဆင်နေကြ သူတွေကတော့ စစ်ကိုင်းတိုင်း၊ တည့်ဆည်မြို့အပိုင် ကျေးရွာတွေဆီက အားမာန်အပြည့်နဲ့ အမျိုးသမီးတွေပါ။
ပုံမှန်အားဖြင့် တခြားသောဒေသတွေမှာ လယ်ယာထွန်ယက်တာကို အမျိုးသားတွေပဲ လုပ်လေ့ရှိတာ မြင်ရတတ်ပေမဲ့ ဒီအထက်အညာသူ အမျိုးသမီးတွေကတော့ လယ်ထွန်တာကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင် နိုင်ကြပါတယ်။
ဒါဟာ သူတို့ရဲ့ မိရိုးဖလာ လုပ်ငန်းတခု ဖြစ်ခဲ့ပေမဲ့ အခုလို ကာလမှာတော့ အခြေအနေတွေက ပိုပြီး ပြောင်းလဲသွားခဲ့ပါတယ်။ အမျိုးသားအများစုက စားဝတ်နေရေးအတွက် တိုင်းတပါးကို ထွက်ခွာသွား ကြရတာ၊ အပြင်အလုပ်သွားကြရတာတွေအပြင် ပုံစံမျိုးစုံ၊ ရည်မှန်းချက်မျိုးစုံနဲ့ နေရပ်ကို စွန့်ခွာသွား ကြရသူတွေ များလာတာကြောင့် အခုအချိန်မှာတော့ ခက်ခဲတဲ့ စိုက်ပျိုးရေး လုပ်ငန်းခွင် တခုလုံးကို အမျိုးသမီးတွေကပဲ အဓိက ဦးဆောင်ပြီး တာဝန်ယူထားကြတာပါ။
အခုလို မိုးဦး အစဟာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာတွေအတွက်တော့ မြေပဲ စိုက်ပျိုးတဲ့ ရာသီအချိန်အခါ ဖြစ်ပါတယ်။ ဒီဒေသက ပြည်သူတွေဟာ စပါးနဲ့ မြေပဲကို အဓိကထား စိုက်ပျိုးကြပါတယ်။
ဒီဒေသဟာ ဟိုတုန်းက မြေပဲနဲ့ စပါး အမြောက်အမြား ထွက်ရှိခဲ့တဲ့ သီးနှံစိုက်ပျိုးရေး အချက်အခြာ ဒေသကြီးတခု ဖြစ်ပါတယ်။ ဒီကထွက်တဲ့ မြေပဲဆံတွေဟာ ဒေသတွင်း ဖူဖူလုံလုံစားသုံးဖို့တင် မကဘဲ ရန်ကုန်၊ မန္တလေး ပွဲရုံတွေကနေတဆင့် ပြည်ပနိုင်ငံတွေအထိ တင်ပို့ပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင် ခဲ့တဲ့အထိ အောင်မြင်ခဲ့တာပါ။
ဒါပေမဲ့ အခုအချိန်မှာတော့ ကုန်ဈေးနှုန်းဒဏ်နဲ့ ရာသီဥတုဒဏ်ကြားမှာ အရင်ကလို အဆင်မပြေလှတော့ ပါဘူး။
စိုက်ပျိုးရေးမှာ မရှိမဖြစ်လိုအပ်တဲ့ မြေဩဇာနဲ့ ပေါင်းသတ်ဆေး စတဲ့ သွင်းအားစု စရိတ်တွေကလည်း ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် ဒါဟာ သူတို့အတွက် နောက်ထပ် စိန်ခေါ်မှုကြီးတခု ဖြစ်နေပါတယ်။
လက်ရှိအချိန်မှာတော့ တန့်ဆည်ဘက်မှာ မြေပဲဆီတပုံးကို ကျပ် ၂သိန်းခွဲအထိ ဈေးရှိနေပြီး ၁၆ ပြည် ပါတဲ့ စပါးတတင်းကိုတော့ ကျပ် ၃သောင်း ၃ထောင် ဈေး ပေါက်နေပါတယ်။
တန့်ဆည်နယ် တောင်သူမိသားစုက မွေးဖွားလာပြီး၊ အသက် ၄၀ ရှိပြီဖြစ်တဲ့ မသူဇာရဲ့ ပြောပြချက်အရ ပြီးခဲ့တဲ့နှစ် မိုးရာသီ မြေပဲစိုက်ပျိုးမှုမှာ မိုးဖျက်ခဲ့တာကြောင့် အရှုံးအမြောက်အမြားနဲ့ ရင်ဆိုင်ခဲ့ရပြီး၊ ဆောင်းတွင်း စိုက်ပျိုးမှုမှာတော့ မြေပဲအနည်းငယ်ပဲ ပြန်ရခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အရှုံးတွေ၊ ဒဏ်ရာတွေ ဘယ်လောက်ပဲရှိရှိ မိခင်တဦးရဲ့ ရင်ထဲမှာတော့ ကြီးမားတဲ့ မျှော်လင့်ချက်တခု ရှိနေဆဲပါ။
“အခုတခေါက် ပဲပေါ်လို့ ဆီကြိတ်ရရင်တော့ သားဖြစ်သူကို ဗုဒ္ဓဘာသာတို့ရဲ့ ဓလေ့ထုံးတမ်းအညီ ရှင်ပြု ပေးမယ်” လို့ အားတက်သရော ပြောပြပါတယ်။
ဒီလို မျှော်လင့်ချက်အပြည့်နဲ့ပဲ သူတို့ဟာ ရိုးရာမပျက် စုပေါင်းလက်တွဲပြီး ထွန်ကြောင်းရာ အတိုင်း ပေါ်ထွက်လာတဲ့ မြေပွပွထက်မှာ မျှော်လင့်ချက်အစေ့အဆန်တွေကို တစေ့ချင်း ဂရုတစိုက် ချပြီး စိုက်ပျိုးကြပါတယ်။
ဒီအစေ့တွေက တနှစ်တာ ဝမ်းစာနဲ့ မိသားစုအရေးအတွက် သေချာစစ်ဆေးပြင်ဆင်ထားတဲ့ မျိုးစေ့တွေ ဖြစ်သလို၊ တလှမ်းချင်း လျှောက်ရင်း ဘဝနဲ့ သားသမီးတွေရဲ့ အနာဂတ်ကိုပါ မြေထဲမြှုတ်ပြီး စိုက်ပျိုး နေကြတာလည်း ဖြစ်ပါတယ်။
လုပ်ငန်းခွင်ကြားထဲ ပင်ပန်းမှုတွေကို ခဏမေ့ဖျောက်ပြီး ယာခင်းစပ် သစ်ရိပ်ငယ်လေးအောက်မှာ ပါလာတဲ့ ရိုးရှင်းတဲ့ ထမင်းထုပ်၊ သရေစာလေးတွေကို အတူမျှဝေစားသောက်ရင်း အမောဖြေကြတဲ့ အချိန်လေးဟာလည်း တကယ့်ကို ရိုးစင်းတဲ့ အညာသူအညာသားတို့ရဲ့ နေထိုင်မှုဘဝတစိတ်တပိုင်းကို ဖော်ပြနေပါတယ်။
အပူပိုင်းဒေသ ယာခင်းကျယ်ကြီးထဲက အထက်အညာဒေသခံတွေဟာ ပင်ပန်းနွမ်းနယ်လွန်းလို့ မျက်နှာပေါ်မှာ ချွေးစက်တွေ ခိုတွဲနေပေမဲ့ မနှစ်က ကျန်ရစ်တဲ့ ပဲပင်ပေါက်လေးတွေကို နုတ်ယူရင်း “ဒီနေ့ညနေတော့ ဟင်းတခွက်ရပြီ” လို့ တွေးပြီး ပြုံးနိုင်ကြသူတွေပါ။ စိုက်ပျိုးပြီးစ မြေပဲခင်းလေးတွေ ဖြစ်ထွန်းအောင်မြင်စေဖို့ ပေါင်းသတ်ဆေးဖျန်းကာ ကာကွယ်စောင့်ရှောက်ကြရင်းနဲ့ပဲ တနေ့တာ လုပ်ငန်းခွင်ဟာ နေဝင်ရီတရောအချိန်ကို ရောက်ရှိလာခဲ့ပါတယ်။
တောင်သူမိခင်တွေနဲ့ ကျေးလက်နေအမျိုးသမီးတွေဟာ မိသားစုနဲ့ ဒေသအနာဂတ်အတွက် မိမိတို့ရဲ့ ထွန်တုံးနဲ့ သစ္စာရှိလှတဲ့ နွားအုပ်ကို ဦးဆောင်ပြီး ကျေနပ်ပီတိပြည့်ပြည့်ဝဝနဲ့ အိမ်ပြန်လမ်းကို လျှောက်လှမ်းကြပါတော့တယ်။




















