“စစ်၊ ဖိုဝါဒနဲ့ ရာသီဥတုဘေးဒဏ်ကြားက မြန်မာအမျိုးသမီးတွေ”
ခင်ဘုန်းမို့ စုစည်းတင်ဆက်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံဟာ စစ်ရေးပဋိပက္ခတွေနဲ့ စီးပွားကြပ်တည်း မှုတွေနဲ့ ရင်ဆိုင်လာရပါတယ်။ ဒါ့အပြင် သယံဇာတ တူးဖော်ထုတ်လုပ်မှုတွေ၊ သဘာဝဘေးအတွက် အရေးပေါ်စီမံခန့်ခွဲမှုတွေအားမကောင်းတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဒဏ်တွေကို တနှစ်ထက် တနှစ် သိသိသာသာခံစားလာကြရပါတယ်။
ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တာရာယ်တွေကြုံတွေ့လာရတဲ့အခါမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အမျိုးသားတွေထက် ၁၄ ဆအသက်ဆုံးရှုံးနိုင်ခြေပိုများတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ဖွံဖြိုးမှုအစီအစဉ် (UNDP) ကထုတ်ပြန်ထားပါတယ်။
ဒါကြောင့် လက်ရှိကာလမှာ ရာသီဥတုပြောင်းလဲမှုတွေဟာ အမျိုးသမီးတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနေလဲ။ ရာသီဥတုပြောင်းလဲမှုနောက်ဆက်တွဲအခြေအနေတွေက အမျိုးသမီးတွေ အပေါ်ဘယ်လိုရိုက်ခတ်မှုတွေရှိနေလဲ။
စစ်ဘေး၊ ဖိုဝါဒကြီးစိုးမှုတွေအပြင် ရာသီဥတုဖောက်ပြန်မှု ကြောင့် မြန်မာအမျိုးသမီးတွေ ရင်ဆိုင်ခံစား နေရတဲ့ နောက်ဆက်တွဲခံစားနေရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး နယ်ပယ်အသီးသီးက သဘာဝ ပတ်ဝန်းကျင်နဲ့ အမျိုးသမီးအရေး လှုပ်ရှားနေသူတွေရဲ့အမြင်ကို HI – Honest Information က စုစည်းဖော်ပြလိုက်ပါတယ်။

ဝတ်ရည်ချမ်းမြေ့
သဘာဝပတ်ဝန်းကျင်နှင့်အမျိုးသမီးအရေး လှုပ်ရှားသူ
ရာသီဥတုပြောင်းလဲမှုတွေက အမျိုးသမီးတွေအပေါ်မှာ တိုက်ရိုက်ရော အကျိုးဆက်အနေနဲ့ရော သက်ရောက်မှုတွေရှိပါတယ်။
အထူးသဖြင့် ကျေးလက်ဒေသတွေမှာဆိုရင် အမျိုးသမီးတွေဟာ သောက်သုံးရေနဲ့ စားနပ်ရိက္ခာ ရှာဖွေဖို့အတွက်ကို တာဝန်ယူရတာကြောင့်၊ မိုးခေါင်ရေရှားတာတွေကြောင့် ပိုပြီးပင်ပန်းခက်ခဲ လာပါတယ်။ ကျန်းမာရေးနဲ့ အစာအာဟာရမလုံလောက်တာတွေလည်း ရင်ဆိုင်ကြုံတွေ့ကြရတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာတော့ အခြေအနေက ၂ဆပိုဆိုးတာပေါ့။ ရာသီဥတုဘေးဒဏ်နဲ့ စစ်ဘေးတို့ ပေါင်းစပ်သွားတဲ့အခါမှာ အမျိုးသမီးတွေဟာ လုံခြုံရေးအန္တရာယ်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေနဲ့ အိုးအိမ်ပျက်စီးမှုတွေကို တပြိုင်နက် ရင်ဆိုင်နေ ကြရပါတယ်။
၂၀၂၁ နောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ဘက်မှာလည်း စနစ်တကျ စောင့်ကြည့် ထိန်းချုပ်မှုတွေ လျော့နည်းသွားတယ်။ အဲဒါကြောင့် သစ်တောခုတ်ယူတာတွေ၊ သဘာဝ သယံဇာတ အလွန်အကျွံ ထုတ်ယူတာတွေ၊ မတရားသတ္တုတူးဖော်တာတွေ တိုးလာတယ်။
အကြမ်းဖက်စစ်အာဏာသိမ်းမှုကြောင့် အာဏာရှင်စနစ်ဆိုးရဲ့အောက်မှာ သဘာဝရင်းမြစ်တွေကို ထိန်းချုပ်မှုမရှိဘဲ အသုံးချလာတာက ဆိုးဆိုးရွားရွား ရေညစ်ညမ်းတာတွေ၊ ရေထဲမှာ အာဆင်းနစ် များလာလို့ သောက်မရတော့တာတွေ၊ မြေရှားသတ္တုတူးသွားတဲ့ဒေသတွေမှာ အပင်တွေ ထပ်ပြီးတော့ စိုက်လို့မရတော့တာတွေကြောင့် ရာသီဥတုပြောင်းလဲမှုကို ပိုပြီးတော့ ဆိုးရွားစေပါတယ်။ အခုဆိုရင် မြစ်ဆုံစီမံကိန်း ပြန်စနေကြပြီ၊ ပဋိပက္ခကာလမှာ မြစ်ဆုံရေကာတာစီမံကိန်းကို အတင်းအဓမ္မ အကောင်အထည်ဖော်နေတာက ပဋိပက္ခပြဿနာပိုကြီးနိုင်တယ်။
စစ်ဘေး၊ ရာသီဥတုဖောက်ပြန်မှုနဲ့ ဖိုဝါဒကြီးစိုးမှုတွေက တခုနဲ့တခုချိတ်ဆက်မှုရှိနေတယ်လို့ မြင်ပါ တယ်။ စစ်ဘေးကြောင့် အိုးအိမ်တွေပျက်စီးဆုံးရှုံးရတဲ့အချိန်မှာ သဘာဝဘေးနဲ့ထပ်ဆုံတော့ ပိုပြီး ထိခိုက်ခံစားရတယ်။ အဲမှာမှ ဖိုဝါဒကြီးစိုးမှုကြောင့် ကျမတို့နိုင်ငံရဲ့ အမျိုးသမီးတွေက ခေါင်းဆောင်မှု အပိုင်းတွေ ဆုံးဖြတ်ချက်ချရတဲ့နေရာတွေမှာ ပါဝင်မရဘူး၊ ပါဝင်ဖို့အခွင့်အလမ်းလည်း နည်းတယ်၊ လုံခြုံရေးအန္တရာယ်နဲ့ စီးပွားရေးကျဆင်းမှုတွေကို တပြိုင်နက်ခံစားနေရပါတယ်။
တချို့သော ထုံးတမ်းအစဉ်အလာတွေက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူ ပြုနိုင် ပေမယ့် တချို့ကတော့ အမျိုးသမီးတွေကို ဆုံးဖြတ်ချက်ချတဲ့နေရာမှာ မပါဝင်စေတဲ့ အာဏာဖွဲ့ စည်းပုံ တွေကို လက်ကိုင်စွဲထားတာတွေရှိတယ်။ ဒီလိုအခြေအနေတွေကြောင့် သဘာဝရင်းမြစ်တွေကို မျှမျှ တတစီမံခန့်ခွဲခွင့်မရတဲ့အခါမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။
အမျိုးသမီးတွေက သဘာဝပတ်ဝန်းကျင်နဲ့ နေ့စဉ်ဘဝမှာ နီးစပ်မှုရှိတယ်ဆိုတာကို ကျွန်မတို့ ငြင်းလို့ မရဘူး၊ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ လေ့လာတာ ပညာပေးမျှဝေတဲ့နေရာတွေမှာဆိုလည်း အမျိုးသမီးတွေက ပိုပြီးစိတ်ဝင်စား ပါဝင်မှုပိုများတယ်။ ကျွန်မသိတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး၊ မျှဝေရေးတွေကို ကိုယ်ထူကိုယ်ထ ဦးဆောင်နေကြတဲ့သူတွေဆိုလည်း အမျိုးသမီးလူငယ်တွေပဲ၊ ဆိုတော့ အမျိုးသမီးပါဝင်မှုအခန်းကဏ္ဍကို မေ့ထားလို့မရဘူး။
အဖွားတို့ခေတ်က ရှိတယ်လေ၊ မိန်းကလေးဆို သေစာရှင်စာလေးတတ်ရင် ရပါပြီဆိုတာမျိုး၊ အဲဒါမျိုး အတွေးအခေါ်တွေက ဒီဘက်ခေတ်အထိ ရှိတယ်။ ပညာရေးနဲ့အခွင့်အလမ်း မလုံလောက်တာရယ်၊ ဂျဲန်ဒါတန်းတူမညီမျှတာရယ်၊ အထူးသဖြင့် ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာဆိုရင် လုံခြုံရေးအန္တရာယ် ရှိနေတာရယ်၊ ဆုံးဖြတ်ချက်ချတဲ့နေရာမှာလည်း ပါဝင်ခွင့်နည်းတာတွေ၊ အမျိုးသမီးတွေကို ပါတယ် ဆိုရုံ မဖြစ်မနေအပြသဘောမျိုးနဲ့ တယောက်တလေပဲ ပါဝင်ခွင့်ပေးတာတွေကြောင့် အခက်အခဲတွေ တော့ ရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေက ရေရှည်တည်တံ့တဲ့ ဖြေရှင်း နည်းတွေကို ထိထိရောက်ရောက် ဖန်တီးနိုင်မယ်လို့ မြင်ပါတယ်။
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကလည်း တကယ်ကို ဆက်စပ်နေပါတယ်။ သဘာဝဘေးအန္တရာယ်တွေ၊ စစ်ဘေးတွေ၊ အိုးအိမ်ရွှေ့ပြောင်း ရတာတွေ ဖြစ်လာတဲ့အခါမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေက ပိုပြီးတော့ ထိခိုက်လွယ်တဲ့ အနေအထားမှာ ရှိသွားတယ်။
ဥပမာ- ဒုက္ခသည်စခန်းတွေ၊ ယာယီခိုလှုံရတဲ့နေရာတွေမှာ လုံခြုံရေးမရှိတာ၊ သီးသန့်အကာကွယ် နေရာတွေ မရှိတာ၊ စည်းကမ်းချမှတ်ထားတာတွေ အားနည်းတာကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုတွေ ဖြစ်လာနိုင်ခြေများတယ်။ တချို့အမျိုးသမီးတွေဆိုရင် ဆက်ပြီးအသက်ရှင်ဖို့ အတွက်တောင် အလုပ်အကိုင်မရှိတာနဲ့ စားဝတ်နေရေးအခက်အခဲတွေရှိတယ်။ ဒါကြောင့် သဘာဝ ပတ်ဝန်းကျင် အရေးကို ပြောတဲ့အခါ Gender Justice ကိုလည်း ခွဲပြီးကြည့်လို့မရဘူးလို့ ကျွန်မထင်ပါတယ်။ Climate Justice ဆိုတာ Gender Justice ပါပဲ။
အရေးအကြီးဆုံးကတော့ သဘာဝပတ်ဝန်းကျင်ကို အမြတ်ထုတ်စရာ resource(အရင်းအမြစ်) တခုလို့မမြင်ဘဲ လူတွေရဲ့ အသက်ရှင်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အရာအဖြစ် မြင်ဖို့လိုတယ်။ ပြီးတော့ သစ်တောထိန်းသိမ်းရေးကို အားကောာင်းအောင်လုပ်ဖို့၊ သဘာဝသယံဇာတထုတ်ယူမှုတွေကို တာဝန် ယူမှုရှိရှိ စီမံဖို့၊ ဒေသခံအသိုင်းအဝိုင်းတွေရဲ့ အသံကို နားထောင်ဖို့၊ အမျိုးသမီးတွေ လူငယ်တွေကို ဆုံးဖြတ်ချက်ချတဲ့ဦးဆောင်မှုအပိုင်းမှာ ပါဝင်ခွင့်ပေးဖို့ လိုအပ်ပါတယ်။
နောက်တခုက စစ်ပွဲနဲ့ သဘာဝပျက်စီးမှုဟာ ချိတ်ဆက်နေတဲ့အတွက် ငြိမ်းချမ်းရေးမရှိဘဲ Environmental Sustainability (သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေး) ကို တည်ဆောက်ဖို့ ခက်တယ်လို့လည်း မြင်ပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ သစ်ပင်စိုက်တာတခုတည်း မဟုတ်ပါဘူး။ ဒါဟာ လူ့အခွင့်အရေး၊ ဂျဲန်ဒါတန်းတူရေး၊ ဒီမိုကရေစီ တွေနဲ့ ချိတ်ဆက်နေတဲ့ အရာတခုပါ။ အထူးသဖြင့် မြန်မာနိုင်ငံလို ပဋိပက္ခနဲ့ သဘာဝဘေးကို တပြိုင်နက်ရင်ဆိုင်နေရတဲ့နိုင်ငံမှာ Environmental Justice ကို ပြောမယ်ဆိုရင် အမျိုးသမီးတွေ၊ တိုင်းရင်းသားအသိုင်းအဝိုင်းတွေ၊ ဒေသခံပြည်သူတွေရဲ့ အသံကို မဖြစ်မနေထည့်သွင်းစဉ်းစားရမယ်လို့ ထင်ပါတယ်။ ပြီးတော့ အမျိုးသမီးတွေကို Vulnerable Group (ထိခိုက်လွယ်အုပ်စုများ)အဖြစ်မမြင်ဘဲ Change makers တွေ၊ ဒေသတွင်း ဦးဆောင်နိုင်သူတွေအဖြစ် မြင်ဖို့လည်း အရေးကြီးပါတယ်။

မဥ
တာဝန်ခံ
Clean Mountains
အခုဆိုရင်ရေကြီးတာတွေ၊ မြေပြိုတာတွေကြောင့် တောင်ပေါ်ဒေသတွေမှာဆို ရေရှားပါးတာမျိုးတွေ၊ နောက်တခုက တောင်ယာတွေ၊ လယ်ယာတွေ ပျက်စီးတာမျိုးတွေကြုံတွေ့ရတယ်။ အဲ့အခါ မိသားစု ဝမ်းရေးအဆင်မပြေတဲ့အတွက် တောင်ယာလယ်ယာလုပ်ကိုင်နေတဲ့သူတွေကို မေးကြည့်လိုက်တဲ့အခါ အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့တန်းတူပဲ စိုက်တဲ့အချိန်ကစလို့ ရိတ်သိမ်းတဲ့အချိန်အထိ အလုပ်ပမာဏဝန်ကိုထမ်းကြရတယ်။
ဒါပေမယ့်အမျိုးသမီးတွေအတွက်ကျ ဘာပိုသွားလဲဆိုတော့ မိသားစုရဲ့ဝမ်းရေးအတွက် အလုပ်ကို တန်းတူလုပ်ရတဲ့အပြင် ကိုယ့်ရဲ့ ကျား၊ မ ကဏ္ဍပေါ့နော်။ ဒီအလုပ်က မိန်းကလေးလုပ်ရမယ် ဆိုတဲ့ အလုပ်လို့ သတ်မှတ်ထားတာကြောင့် ရေရရှိဖို့အတွက် ရေကိုဝေးဝေးမှာသွားခပ်ရတဲ့ အခါမျိုးတွေ ထင်းရှာတဲ့အခါမျိုးတွေ၊ နောက်တခုက အိမ်မှုကိစ္စ ထမင်းဟင်းချက်တာကအစ ကလေးပြုစုတာအစ အိမ်မှုကိစ္စအဝတ်လျှော်တာကအစ အမျိုးသမီးတွေအပေါ်မှာ ပိုပြီးသက်ရောက်မှုတွေရှိလာတယ်။
နောက်တခုက ကျတော့ ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေမှာဆိုရင် မုဆိုးမတွေ၊ လင်ယောက်ျား သေဆုံးသွားတဲ့ အိမ်ထောင်စုတွေများလာတဲ့အခါမှာ အမျိုးသမီးတွေအတွက်က မိသားစုဝမ်းရေး အပြင် အိမ်မှုကိစ္စတွေနဲ့ ဒီဝန်နှစ်ခုလုံးကိုပိုပြီးထမ်းလာရတာမျိုးတွေတွေ့ရတယ်။
ဒီလိုခက်ခဲတဲ့အခြေအနေတွေ ကြားထဲမှာတောင်ယာလုပ်ကိုင်ဖို့အတွက် ဒါမှမဟုတ် လယ်လုပ်ကိုင်ဖို့ အတွက် ရေရရှိဖို့အတွက် သွားရတယ်ဆိုရင်တောင် နယ်မြေမလုံခြုံမှုတွေကြောင့် စိတ်မလုံခြုံမှု ဖြစ်တာတွေ ဘေးန္တရာယ်ကျရောက်တဲ့ ဟာမျိုးတွေလည်း မြေပြင်မှာကြုံရတဲ့အရာမျိုးတွေရှိတယ်။
၂၀၂၁ နောက်ပိုင်း ရာသီဥတုပြောင်းလဲမှုအခြေအနေကတော့ စစ်တပ်အာဏာသိမ်းတာကြောင့် လူ့အခွင့်အရေးတွေဆုံးရှုံးလာတယ်။ ထိန်းသိမ်းရေးလုပ်ငန်းတွေ အားယုတ်လာတယ်၊ အားလျော့ လာတယ်။ အကုန်လုံးက အိုးပျောက်အိမ်ပျောက် တိုင်းပြည်ပျောက်သွားတဲ့အချိန်မှာ သဘာဝ သယံဇာတ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုတွေက ပိုပြီးအခြေအနေဆိုးလာတယ်။
အဓိကက စစ်ကောင်စီမှမဟုတ်ပါဘူး။ လက်နက်ကိုင်ပြီးတော်လှန်နေရတဲ့ နေရာဒေသတော်တော် များများမှာလည်း စစ်ရေးဘက်ဂျက်ကို ဘယ်ကနေ အဓိကရှာရလဲဆို သဘာဝသယံဇာတ အရင်းအမြစ်ကနေပဲ ရှာဖွေသုံးစွဲနေရတဲ့အခါမှာ သစ်တောပြုန်းတီးမှုတွေပိုဖြစ်လာတယ်။ သဘာဝ အရင်းအမြစ်တွေ ရေညစ်ညမ်းမှုတွေ ရွှေထုတ်လုပ်ရေးတွေ၊ ခဲထုတ်လုပ်မှုတွေ၊ မြေရှားသတ္တု ထုတ်လုပ်မှုတွေကြောင့် သဘာဝ ဂေဟစနစ်ပျက်ဆီးတာတွေ သစ်တောပြုန်းတီးမှုတွေက ပိုများလာ တယ်။
အဲ့လိုရဲ့အကျိုးဆက်တွေ ဖြစ်တဲ့အခါမှာဆိုလည်း ရေကြီးတဲ့အခါ အရေးပေါ်တုန်ပြန်မှု အရေးပေါ် ကယ်ဆယ်ရေးတွေ ရှိနေရမယ့် နေရာမျိုးမှာ ဒါမျိုးတွေ မလုပ်ဆောင်နိုင်တာကြောင့် ပြည်သူလူထုရဲ့ အသက်တွေပိုပြီး ဆုံးရှုံးထိခိုက်မှုတွေ သဘာဝဘေးဒဏ်ကိုခံလိုက်ရပြီဆိုလည်း အများကြီး လိုအပ်ချက်ရှိပြီး၊ အားနည်းချက်တွေရှိလာတယ်။
မနှစ်ကဆို ငလျင်တွေလှုပ်တယ်။ ရေကြီးတဲ့ကိစ္စမှာဆိုလည်း ရှိကောင်းရှိနိုင်တယ်၊ သိသာသွားတာက ငလျင်လှုပ်တဲ့ကိစ္စမှာ ကယ်ဆယ်ရေးတွေ လုပ်ချင်ရင်တောင် စစ်ကောင်စီ စစ်အာဏာရှင်တွေကနေ ညမထွက်ရ အမိန့်ထုတ်ပြန်တာမျိုးတွေ လူထုဆီရောက်မယ့် အရေးပေါ်ကယ်ဆယ်ရေး အထောက်အပံ့ တွေ ရရှိသွားမှာကို သူတို့တအားစိုးပြီးတော့ ပိတ်ပင်တားဆီးမှုတွေကြောင့်လည်း ထိခိုက်နစ်နာမှုတွေ တအားများတယ်။
ဖိုဝါဒကြီးစိုးမှုတွေက အခုမှမဟုတ်ဘူးပေါ့နော်၊ ဟိုးအရင်ထဲကရှိလာခဲ့တာတွေကြောင့် အဲ့အကျိုးဆက် တွေကြောင့် အမျိုးသမီးတွေက ခံစားနေရတာပေါ့။ မိန်းကလေးဆိုတာ အိမ်ထဲမှာပဲနေရမယ်၊ အမျိုးသမီးအခွင့်အရေးတွေ၊ အမျိုးသမီးအသံတွေက ပိတ်ဆို့ ခြင်းခံခဲ့ရတယ်။ ဥပမာ အခုလက်တွေ့ မြေပြင်မှာ ဘာကြုံရလဲဆိုတော့ အမျိုးသမီးတွေအနေနဲ့ အစည်းအဝေးတွေ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ ဘာလို့မပါဝင်လာနိုင်ရတာလဲဆိုတာ ပြန်ပြီးသုံးသပ်ကြည့်လိုက်တဲ့အခါမှာ အရင်တုန်းက ကျေးလက်ဒေသတွေထဲမှာလည်းကောင်း မိသားစုတွေထဲမှာ အမျိုးသမီးတွေအနေနဲ့ ဒါသည် အိမ်ထောင်ပြုတယ်၊ အိမ်ထောင်ကျတယ်ဆိုရင် တခြားသူရဲ့ သူလို့သတ်မှတ်သွားပြီးတဲ့အခါ ပညာရေးဆုံးခန်းတိုင်အောင်မသင်ရတာမျိုးတွေ ပညာရေးအခွင့်အလမ်းမရတဲ့ အရာမျိုးတွေ ကြောင့် သူတို့အနေနဲ့ လူတောမတိုးတာပိုပြီးဖြစ်လာတယ်။
သူတို့ရဲ့နေ့တဒူဝနဲ့ သူတို့ရဲ့ ဘဝကကျတော့ အိမ်ထဲမှာပဲပိတ်လှောင်ပြီးတော့ မိန်းမဆို ထမင်းဟင်း ချက်ရမယ် ၊မိန်းမဆို ယောကျ်ားကိုပြုစုရမယ်၊ မိန်းမဆို အိမ်ကိစ္စ သူပဲလုပ်ရမယ်ဆိုပြီးတော့ ဒါလုပ်လာရတဲ့အခါတွေမှာ လူမှုရေး ကဏ္ဍတွေမှာသော်လည်းကောင်း ဒီလို ကဏ္ဍတွေမှာ အမျိုးသမီးပါဝင်မှုတအား အားနည်းလာတယ်။
အဲ့ဒီမှာ ဆုံးဖြတ်ချက်ချတဲ့အပိုင်း သာရေးနာရေးအပိုင်းတွေ ရပ်ရွာအပိုင်းတွေ နိုင်ငံရေးအထိ ဒါတွေ အားလုံးက ယောက်ျားတွေအလုပ်လို့လက်ခံထားတဲ့ အမျိုးသမီးတွေလည်းရှိသလို ဒါတွေကိုပဲ ယောက်ျားတွေက ဆုံးဖြတ်ချက်တွေမှာလွှမ်းမိုးမှုတွေရှိနေတုန်းပဲ။
ဒီရာသီဥတုဖောက်ပြန်မှုတွေ စစ်ဘေးတွေကြောင့် ခံစားတဲ့အခါမှာ ဝန်ကတော့ အမျိုးသမီးမှာရော အမျိုးသားမှာရော အလုပ်ဝန်တွေရော မိသားစုရဲ့ဝန်တွေရော လောကဓံကိုပိုရင်ဆိုင်ရပေမယ့် မိန်းကလေးမှာကကျတော့ ဒါမိန်းမတွေလုပ်ရမယ့် အလုပ်လို့သတ်မှတ်တာကြောင့် ပိုပြီးတော့ မိသားစုမှာရရှိတဲ့ ဖိအားတွေကပိုများမယ်လို့တော့မြင်တယ်။
ထုံးတမ်းအစဉ်အလာတွေအရမှာဆိုလည်း အခုလက်ရှိအထိ တောင်ပေါ်ဒေသမှာဆို ဘာကြုံတွေ့ နေရလဲဆို တောင်ယာမီးရှို့မှုကကျတော့ ဒါက အယူဝါဒ ရှေးရိုးစွဲအနေနဲ့ ရှိနေတယ်။ ဒါကြီးက ကောင်းတယ်၊ ဘိုးဘွားအစဉ်အဆက်အရ လက်ခံကျင့်သုံးနေတာဖြစ်တဲ့အတွက် ဒါကိုဒီဘက်ဒေသတွေ မှာဆို ပွဲလုပ်ပြီးတော့ မီးရှို့ပွဲကျင်းပကို ကျင်းပကြတာဖြစ်တဲ့အတွက် ဒါကဘယ်လောက်ပဲ ရာသီဥတု ဖောက်ပြန်တယ်၊ လေထုညစ်ညမ်းတယ်၊ ဒီဟာက ရေတိုအတွက်ပဲကောင်းတယ်၊ မြေဆီလွှာ ပျက်စီး တယ်ပဲပြောပြော လူတွေရဲ့ ယုံကြည်မှုနဲ့ ရှေးရိုးစွဲဖြစ်တဲ့အတွက် ဒီဟာလေးတွေကတော့ တဖြေးဖြေးချင်း ညှိယူရတဲ့အရာမျိုးတွေ ဖြေးဖြေးချင်း တည်ဆောက်ရတဲ့ အရာမျိုးလေးတွေတော့ ရှိတယ်။
ဒီဘက်မှာကြုံတွေ့ရတာက တောင်ယာမီးရှို့မှုကြောင့် သဘာဝပတ်ဝန်းကျင်ပိုပြီးပျက်စီးလာတယ်။ သစ်တောပြုန်းတီးမှုတွေပိုများလာတယ်။ သစ်တော့ပြုန်းတီးမှုတွေကြောင့် ရေကြီးမှုတွေ မြေပြိုမှုတွေ ပိုဆိုးလာတာတွေရှိတယ်။
သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာကတော့ မြို့ပေါ်အနေနဲ့ဆို ယောက်ျား မိန်းမတန်းတူ အခွင့်အရေးတွေက ပြောနေတာက ကြာခဲ့ပြီဖြစ်တဲ့အတွက် အမျိုးသမီးတွေရဲ့ဦးဆောင်မှုက တော်တော်လေး မြင့်တယ်လို့ပြောလို့ရတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာလည်း ယောက်ျားတွေနဲ့ယှဉ်မယ်ဆိုရင်တော့ အမျိုးသမီးတွေက ပိုပြီးတော့ပါဝင်တဲ့ဟာမျိုးတွေ စိတ်အားထက်သန်တဲ့ အရာမျိုးတွေတွေ့ရတယ်။ အမျိုးသားတွေက ကျန်တဲ့ အင်ဂျင်နီယာတို့ သင်္ဘောသားတို့အဲ့လိုမျိုး ပိုပြီးတော့ဝင်ငွေရရှိမယ့် အလုပ်ဘက်ကိုသွားတယ်။
ထိန်းသိမ်းရေးလောကမှာလည်းအမျိုးသမီးတွေ ပါဝင်မှုနဲ့ ဦးဆောင်မှုက ပိုပြီးမြင်မြင်သာသာ တွေ့ရ တယ်။ ဒါပေမယ့် ကျေးလက်နဲ့ မြို့နယ်တွေဘက်လို တခြားသော နယ်ဒေသတွေကိုကြည့်မယ်ဆို အမျိုးသမီးရဲ့ ဦးဆောင်မှုက တအားနည်းနေတယ်လို့မြင်ရတယ်။
ဘာကြောင့်လဲဆို ကျေးလက်တွေမှာအခုချိန်ထိ ဖိုဝါဒီကြီးစိုးမှုတွေ၊ မိန်းကလေးဆိုတာ ဘယ်လို ဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ဘောင်တွေကြောင့် အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်နဲ့ သူတို့ရဲ့ အခွင့်အရေးတွေက ပိတ်ပင်ခြင်းခံရတာရှိနေတုန်းပဲ။
ပဋိပက္ခဖြစ်နေတဲ့ဒေသမှာဆို စစ်ရေးရော ကိုယ့်ရဲ့မိသားစုမှာ တပူပေါ်နှစ်ပူဆင့်ထပ်ပေးလိုက်တာ သဘာဝဘေးပေါ့။ အဲ့မှာကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းတွေနဲ့ ဝမ်းရေးကထိခိုက်လာတဲ့အခါမှာ ကျွန်မတို့စိတ်ခံစားချက်တွေ အဆင်မပြေတော့တဲ့အခါမှာ လင်မယားချင်းသော်လည်းကောင်း၊ မိသားစုမှာသော်လည်းကောင်း အိမ်တွင်းအကြမ်းဖက်မှု ပိုပြီးဖြစ်လာနိုင်တဲ့ အရာမျိုးတွေ တွေ့ရတယ်။ ပိုပြီးစကားများတဲ့အရာမျိုးတွေ တွေ့ရတယ်။
ဒီဘက်ဒေသမှာတော့ အဲ့မေးခွန်းတွေမေးကြည့်တာတော့ တချို့ကတော့ အရက်မူးပြီး ရိုက်နှက်တာ မျိုးရှိတယ်။ လူသတ်တဲ့အထိတော့ မဖြစ်ဘူး။ ရိုက်နှက်တာမျိုးတွေ ဆဲဆိုတာမျိုးတွေ ကြုံတဲ့ဟာ မျိုးတွေတော့ကြားတယ်။ ပိုပြီးတော့ရှိလာနိုင်ချေရှိတယ်လို့လည်း မြင်တယ်။
သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုလျော့နည်းဖို့ဆို အစုအဖွဲ့ ၃ခုလိုတယ်။ ပထမဦးဆုံး အရေးကြီးဆုံးနဲ့ အားအကောင်းဆုံးအဖြစ်နိုင်ဆုံးက အခုလက်ရှိသွားနေတဲ့ Bottom Up Advocacy ပုံစံမျိုး ဖက်ဒရယ်မှာလည်း သွားနေတဲ့အတိုင်းပဲ။ ပြည်သူသာလျှင် အကြီးမားဆုံးပါဝါဆိုတဲ့အတိုင်းပဲ ပြည်သူလူထုကဦးဆောင်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရွေ့ ၊ ပြည်သူလူထုရဲ့ဆုံးဖြတ်ချက်နဲ့ ပြည်သူလူထုရဲ့သဘောထားကို အဓိကကြည့်တဲ့ အရွေ့တခုကိုသွားဖို့လိုအပ်တယ်။ ပြည်သူလူထုရဲ့ အင်အားတွေ အများကြီးလိုအပ်တယ်။ ပြည်သူလူထုရဲ့ ပါဝင်မှုတွေအများကြီးလိုအပ်တယ်။
ကိုယ့်ရဲ့ဒေသတွင်းမှာ CSO – Civil Society Organization (အရပ်ဘက်လူမှုအဖွဲ့အစည်း)၊ CBO- Community-Based Organization(ရပ်ရွာအခြေပြု လူထုအဖွဲ့အစည်းတခု) တွေ၊ ဒေသကို အခြေစိုက်တဲ့ အဖွဲ့တွေအများကြီးလိုအပ်တယ်။ နောက်တခုကကျတော့ တကယ့်စာအုပ်ထဲမှာတင်ပဲ ဥပဒေတွေ မူဘောင်တွေရေးဆွဲနေတာမဟုတ်ဘဲနဲ့ လက်တွေ့ဆန်ပြီးတော့ ကိုယ့်ရဲ့သဘာဝ ပတ်ဝန်းကျင်နဲ့ လူတွေကြားမှာ ပြည်သူလူထုကြားမှာ သဟဇာတဖြစ်အောင်ဘယ်လိုနေမလဲဆိုတဲ့ ဒါကိုလုပ်ဆောင်နိုင်တဲ့အစိုးရဌာနတွေ နိုင်ငံရေးအဖွဲ့အစည်းတွေအများကြီးလိုအပ်တယ်။
နောက်တခုက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ဆို လောဘနဲ့ထုတ်မယ်ဆို ထုတ်တော့ထုတ်၊ လုပ်တော့လုပ်။ လောဘနဲ့လုပ်မယ်ဆိုပေမယ့် ကျင့်ဝတ်နဲ့အညီ သဘာဝပတ်ဝန်းကျင်ကိုလည်း ကြည့်။ ထိခိုက်ခံစားရမယ့် လူအစုအဖွဲ့ ဒေသခံတွေကိုကြည့်ပြီးတော့ တာဝန်သိတတ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေလည်းအများကြီးလိုအပ်တယ်။
အဓိကကတော့ အသက်ဝင်တဲ့ဥပဒေတွေ မူဘောင်တွေ အရေးယူမှုတွေ ဆောင်ရွက်မှုတွေ အများကြီး လိုအပ်တယ်။ ပြည်သူ့အသံကိုနားထောင်ဖို့လိုအပ်တယ်။ ပြည်သူလူထုကိုထိခိုက်မယ့် မည်သည့် စီမံကိန်းမဆို မလုပ်ပါဘူးဆိုတဲ့ လာဘ်ပေးရင်တောင်၊ လာဘ်ထိုးရင်တောင်လက်မခံတဲ့ အစိုးရ ဌာနတွေအများကြီးလိုအပ်တယ်။ တာဝန်သိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအများကြီးလိုအပ်တယ်။
အခုလက်ရှိကြုံတွေ့နေရတဲ့ အချိန်အခါတော့ မတရားမှုကိုဆန့်ကျင်တယ်၊ တော်လှန်တယ်။ အာဏာရှင်ကိုတော်လှန်နေတဲ့ အခင်းအကျင်းကို ကျွန်မတို့ ကြုံနေရတယ်။ သဘာဝပတ်ဝန်းကျင်က တဖြေးဖြေးပျက်စီးလာပြီ သဘာဝဘေးက တနှစ်တနှစ်ပိုဆိုးလာတဲ့အခါမှာ ဒါကြီးပြီးသွားရင်တောင် သဘာဝဘေးတွေပြီးသွားရင်တောင် ရှင်သန်ရေးနဲ့ အနာဂတ်အတွက်ဆက်လက်ပြီးတော့ လှုပ်ရှား ဆောင်ရွက်ရမယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ အစိမ်းရောင်တော်လှန်ရေးကတော့ ကြုံတွေ့နေရဖို့ရှိတဲ့အတွက် ပြည်သူလူထုကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ပတ်သက်တဲ့ အသိအမြင် တွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေးတွေက ဘာလဲ၊ လူထုရဲ့ဆုံးဖြတ်ပိုင်ခွင့်တွေကဘာလဲ ဆိုတာကိုတော့ များများအမြင်ဖွင့်ပေးဖို့လိုအပ်နေပြီပေါ့နော်။
- အဆိပ်သင့် မြစ်နံဘေးက အသံများ
- “သဘာဝဘေးဒဏ်ကြားက မြန်မာအမျိုးသမီးများ”
- ဒီတခါတော့ ကျမကလေးလေးကို အသက်ရှင်စေချင်တယ်

ဗန်နှဲမ်ပါရ်
Director
Minu Au-aw Group (MAG)
ကျွန်မတို့ကိုယ်တိုင်လည်း ပဋိပက္ခဖြစ်တဲ့ နေရာမှာနေတဲ့သူလည်းဖြစ်တယ်။ ကျွန်မတို့လည်း ရင်ဆိုင်ရ တယ်။ တော်တော်များများ အမျိုးသမီးတွေကိုယ်တိုင်လည်း ရေကြီးခြင်း၊ မုန်တိုင်း ဒဏ်တွေ၊ မိုးခေါင် တာရယ်၊ ရေရှားပါးတာရယ်၊ သီးနှံဆုံးရှုံးမှုတွေ ရင်ဆိုင်နေကြရတယ်။ ရာသီဥတု အရမ်းပူလို့ ပိုးအရမ်း ကျတယ်၊ သီးနှံဆုံးရှုံးမှုကြောင့် စားနှပ်ရိက္ခာမလုံလောက်မှုတွေလည်းရှိတယ်။
အပူဒဏ်တွေ၊ ကျန်းမာရေးအန္တရာယ်တွေ အဲ့ဒီကြားထဲမှာ နေရပ်စွန့်ခွာရတယ်။ နေရပ်စွန့်ခွာပြီး လုပ်ခ မရတဲ့ အလုပ်တာဝန်တွေတိုးလာတယ်။ ပဋိပက္ခကြောင့် တောရွာမှာနေတဲ့အချိန်မှာ အဆင်လုံးဝ မပြေ ဘူး။ ရာသီဥတုလည်းမမျှဘူး၊ အရမ်းပူတယ်။ အဲ့လိုဆိုတော့ ကျန်းမာရေးမှာလည်း သက်ရောက်မှု အများကြီးရှိတယ်။ ပဋိပက္ခကြောင့်၊ ရာသီဥတု ပြောင်းလဲမှုကြောင့် အများစု ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု လို့ ပြောလို့ရပါတယ်။
အခုကျွန်မတို့ချင်းပြည်နယ်ဆို အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ကိုယ့်ရဲ့နယ်မှာ နေလို့ မရတဲ့လို့ ၊ ရွာမှာလုံးဝအဆင်မပြေတော့လို့ တောဘက်မှာသွားရှောင်နေတော့ လူဦးရေက တောမှာများလာတော့ မလိုအပ်ဘဲနဲ့ သစ်တော ပြုန်းတီးမှုက အရင်ကထက် အများကြီး ဖြစ်လာတယ်။ တနေရာက တနေရာ သွားလာတဲ့အခါမှာလည်း အရင်ကထက် ပူပြင်းတဲ့ ဒဏ်တွေခံရတယ်။
အခုချိန်မှာဆို ကျွန်မတို့ကိုယ်တိုင်လည်း ကိုယ်တယောက်ထဲ သွားလာဖို့ဆို လုံးဝ အဆင်မပြေ တော့ဘူး။ ကြောက်ရွံ့မှုတွေကများလာတယ်။ ကျွန်မကိုယ်တိုင်လည်း ရွာဘက် ခရီးသွားဖို့ဆို လုံးဝ မလုံခြုံဘူး။ အကာကွယ်မဲ့တယ်လို့ ခံစားရတယ်။ အဲ့လိုတော်တော်များများဖြစ်တယ်။ ဒုတိယအနေနဲ့ ကျတော့ အသက်မွေးဝမ်းကြောင်းပျက်စီးတယ်။ အဆင်ပြေတဲ့ တောမှာပဲဖြစ်ဖြစ် သွားနေတဲ့အချိန်မှာ ကိုယ့်ရဲ့ အရင်က အသက်မွေးဝမ်းကျောင်းအလုပ်တွေလည်းမရှိတော့ အသက်မွေးဝမ်းကျောင်း တွေလည်း ပျက်စီးလာတယ်။
ကျွန်မတို့ကိုယ်တိုင်က ရောက်တဲ့နေရာမှာ အမြဲတမ်း အကြမ်းဖက်ခံရနိုင်တယ်။ အဲ့လိုမျိုးပြောလို့ ဘယ်သူဘယ်ဝါ ဆိုတာတော့မပြောချင်ဘူး။ အဲ့လိုမျိုးအခြေအနေမှာရှိတဲ့အတွက် လုံခြုံမှုနဲ့ ကြောက်ရွံ့မှုကတော့ အရင်ကထက်များလာတယ်။ ဘယ်နေရာသွားသွား အမျိုးသမီးတွေအတွက် အဆင်မပြေတဲ့ကြောက်ရွံ့မှုတွေ၊ မလုံခြုံမှုတွေ များတယ်။
ထုံးတမ်းအစဉ်အလာအနေနဲ့ပြောမယ်ဆို ချင်းမှာဆို ဖိုဝါဒကြီးစိုးမှုကတော်တော်လည်းများတယ်။ ဥပမာ – တခုခုရွေ့ပြောင်းမယ်ဆို အိမ်ထောင်ဦးစီးရဲ့ဆုံးဖြတ်ချက်နဲ့ အမြဲတမ်းလိုက်နာရတာ၊ မိရိုးဖလာ ပုံစံနဲ့သွားတယ်။ အဲ့လိုဆိုတော့ ကိုယ့်အတွက်အဆင်မပြေတဲ့နေရာဆို လိုက်သွားဖို့၊ ဆုံးဖြတ်ချက်ချတဲ့ အချိန်မျိုးမှာဆိုလည်း ဖယ်ခံရတာများတယ်။
သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတခုခု တုန့်ပြန်မှုလုပ်ငန်းတွေဆောင်ရွက်တယ်ဆိုလည်း အမျိုးသမီးတွေရဲ့ အသံနဲ့ ဆုံးဖြတ်ပိုင်ခွင့် တော်တော်လည်းနည်းတယ်။ ကျွန်မသိသလောက်ဆို ကော်မတီတွေလည်း ရှိတယ်။ ပြန်လည်ထူထောင်ရေးဆို အမျိုးသမီးတွေပါဝင်မှု တော်တော်လည်း နည်းတယ်။ ရှေးရိုးစွဲ ဖိုဝါဒအုပ်စိုးမှုက ဒီနေ့ခေတ်အထိသက်ရောက်မှုရှိတယ်။
ပဋိပက္ခဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အရင်ကထက်တော့ (ရာခိုင်နှုန်းနဲ့ပြောရမယ်ဆို ၅ ရာခိုင်နှုန်းလောက်) အမျိုးသမီးတွေကလည်း တယောက်၊ ၂ယောက်တော့ ပါဝင်လာတာရှိတယ်။ ဥပမာအနေနဲ့ ကျွန်မတို့ ကိုယ်တိုင် အမျိုးသမီးတွေဖြစ်ပေမယ့် ဘေးအန္တရာယ်တခုခုဖြစ်မယ်ဆို ကျွန်မတို့ကိုယ်တိုင်က နယ်မြေမှာ တုန့်ပြန်မှုလုပ်ငန်းတွေ ကိုယ်တိုင်လုပ်နိုင်တဲ့ အခြေအနေတွေလည်းရှိတယ်။
မိရိုးဖလာ ရှေးရိုးစွဲအယူဝါဒတွေတော့ အများကြီးကျန်သေးတယ်။ ဆုံးဖြတ်ချက် ချတဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ အမျိုးသမီးတွေရဲ့ လိုအပ်ချက်အသံနားထောင်ပေးဖို့ အများကြီးဖိနှိပ်မှုရှိသေးတယ်လို့ မြင်သေးတယ်။
တောမီးရှို့တာ၊ တောင်ယာမီးရှို့တာ၊ တချို့ဆိုတောမီးလောင်တာတွေလည်း ရှိနိုင်တယ်။ ထုံးတမ်းအစဉ် အလာအရ တောင်ယာမီးရှို့တာကျတော့ ထုံးတမ်းအရ ဒီလိုပဲသွားတယ်ဆိုတော့ ထပ်ပြီးမှ မီးရှို့ကြ တယ်။ ရွေ့ပြောင်းတောင်ယာဆိုတော့ အပင်တွေအများကြီးခုတ်ရတယ်။
ကျွန်မတို့ကိုယ်တိုင်လည်း ဘာအခက်အခဲရှိလဲဆို တချို့ဆို သိပ်ပြီး လက်မခံနိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ရဲ့ အမျိုးသမီးဖြစ်ခြင်းကြောင့် တကယ်ရော လုပ်နိုင်မလား၊ တကယ်ရော ဦးဆောင် နိုင်မလားဆိုတဲ့ အကြည့်နဲ့ အမြဲတမ်း အကဲဖြတ်ခြင်းကိုခံရတယ်။
ဒုတိယအနေနဲ့ သူတို့က တကယ့်ကို အစားအသောက်အဆင်မပြေတဲ့ ဒီလိုအခြေအနေမှာ ရာသီဥတု ပြောင်းလဲမှုအကြောင်း သွားပြောရင်လည်း တချို့အတွက်ဆို လုံးဝ နားဝင်မချိုဘူးပြောရမလား။ ဒါကတကယ့်ကို လတ်တလော လိုအပ်နေတဲ့ အကြောင်းအရာလားဆို မသဲကွဲတဲ့ တချို့သော အပြောအဆိုလေးတွေလည်း ခံစားရတယ်။ တချို့ဆို အမျိုးသားကြီးတွေက သူတို့က အရမ်းသိတယ်။ အဲ့လိုသူတို့လုပ်ဖူးတယ်။ လုပ်ပြီးသားတွေ အဲ့လိုပုံစံမျိုးနဲ့ ပြောတဲ့သူတွေလည်း ရှိတယ်။ အဲ့လို ပုံစံမျိုးနဲ့ အခက်အခဲလေးတွေ စိန်ခေါ်မှုတွေလည်းရှိတယ်။
ကိုယ့်ရဲ့ဒေသမှာတော့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အထိအဲ့လောက်ကြီးတော့မတွေ့ရဘူး။ ဘာတွေတွေ့ရလဲဆို ကျွန်မတို့ အရင်ကထက် ရာသီဥတု ကလည်း မိုးရွာတာလည်း အဆင်မပြေတော့ စိုက်ပျိုးတာလည်း အရင်ကထက် အလုပ်လည်း ပိုများလာတယ်။
အဲ့အချိန်မှာ ဘာတွေဖြစ်လဲဆို မိသားစုထဲမှာ သူတို့လင်မယားနှစ်ယောက်ဆို ရန်ဖြစ်တယ်ဆိုတာထက် အရမ်းစကားများတယ်။ တခါလုပ်မယ့်ဟာကို ၂ကြိမ်၃ ကြိမ်သွားလုပ်ရတယ်။ မိုးရွာတာလည်း အချိန် မမှန်ဘူး။ ဇနီးနဲ့ အမျိုးသား ကိုယ်ထိလက်ရောက်တော့မဟုတ်ပေမယ့် စကားများပြီး အငြင်းအခုန် တော့ တော်တော်လည်းများတယ်။ တမိသားစု၊ ၂မိသားစုတင်မကဘူး။ အများကြီးရှိတယ်။
မိုခါတုန်းကဆို ထောက်ပံ့မှုသွားလုပ်တဲ့အချိန်မှာ အကြမ်းဖက်တာတော့မဟုတ်ပေမယ့် သူတို့က အိမ်မရှိဘူး။ အိမ်ပျက်စီးသွားတော့ သူတို့မှာ ဘယ်မှာသွားအိပ်ရမလဲမသိဘူး။ သူ့ဦးလေး အိမ်မှာ သွားအိပ်တယ်။ သူ့ဦးလေးက ဘာမှလုပ်တာမျိုးမဟုတ်ပေမယ့် သူ့ဟာသူ မလုံခြုံဘူးလို့ ခံစားရတယ်။ အဲ့လိုမျိုးပြောတာတော့ကြုံဖူးတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့အချိန်မှာ အမျိုးသမီးတွေ အနေနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကတော့ တော်တော်လေးဖြစ်နိုင်တယ်။ အကြောင်းအမျိုးမျိုး ကြောင့် ဖြစ်နိုင်တဲ့အခြေအနေမှာတော့ရှိတယ်။
ပြီးတော့ ကျွန်မတို့ကိုယ်တိုင်လည်း သဘာဝပတ်ဝန်းကျင်တုန့်ပြန်မှုလုပ်ငန်းတွေမှာလည်း ပါဝင်ဖို့လို တယ်။ အမျိုးသမီးတွေ ကိုယ်တိုင်ပါဝင်နိုင်အောင် ပိုပြီးကြီးမားတဲ့ အထောက်အပံ့တွေလည်း လုပ်ဖို့ လိုတယ်လို့ မြင်တယ်။ အဲဒါနဲ့တပြိုင်ထဲ အသက်မွေးဝမ်းကျောင်းနဲ့ ရာသီဥတု လိုက်လျောညီထွေ ဖြစ်တဲ့ ပူးတွဲစီမံကိန်းလုပ်ငန်းတွေ ဒီထက်မက လုပ်ပေးနိုင်ရင်တော့ အဆင်ပြေတယ်။
ရာသီဥတုဖောက်ပြန်မှုနဲ့ပြောမယ်ဆို အမျိုးသားတွေလည်းခံရတယ်။ ဒါပေမယ့်အမျိုးသမီးတွေ ၂ဆင့်ခံ ပုံစံလိုပြန်ဖြစ်သွားတယ်။ ကျွန်မတို့ဘက်မှာဆို မြေပြိုတာအရမ်းများတယ်။ လူနည်းစုလူမျိုးတွေ အတွက်ဆို သွားလာရေး အခက်အခဲအများကြီးကြုံရတယ်။ ကျန်းမာရေးဝန်ဆောင်မှုနဲ့ အလှမ်းဝေးတဲ့ ကျေးရွာတရွာမှာ ကိုယ်ဝန်ဆောင် တယောက်ဆို မိုးရွာသီ၊ လမ်းမြေပြိုမှုတွေများတဲ့အချိန်မှာ ဆေးခန်းပြဖို့ သွားဖို့ဖြစ်နေတဲ့အချိန်မှာ လုံးဝသွားလို့မရဘူး။
ကျွန်မတို့ကိုယ်တိုင်လည်း အရင်ကဆို ကျွန်မတို့နယ်ပယ်မှာ စိုက်ပျိုးရေးတို့ တပိုင်တနိုင်အိမ်ခြံမြေတို့ လုပ်နိုင်တယ်။ ပဋိပက္ခကြောင့်နေရပ်ကိုစွန့်ခွာပြီးမှ တခြားနေရာကိုလာတဲ့အချိန်မှာ ဘာအခက်အခဲတွေရင်ဆိုင်ရလဲဆို ရာသီဥတုက အရမ်းကိုပူပြင်းလာ တယ်။ တနှစ်ပြီးတနှစ် ရေမလုံလောက်ဘူး။ ရေဘယ်လို ရမလဲဆိုတဲ့ စိတ်ပိုင်းဆိုင်ရာတခုတင် မဟုတ်ဘူး။ ကိုယ့်ရဲ့ဝမ်းစာဖူလုံရေးအတွက် အမြဲတမ်း စိုးရိမ် နေရတယ်။ ပူတဲ့အချိန်မှာ အရင်ကထက် အလုပ်မလုပ်နိုင်တော့ဘူး။ အခက်အခဲတွေဖြစ်တယ်။ ငွေရေးကြေးရေး ဆိုလည်း ကျွန်မတို့မတတ်နိုင်ဘူး။ အဲ့လိုလုပ်နိုင်တဲ့ အခွင့်အရေးတွေ အရမ်းနည်းလာတဲ့အချိန်မှာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုက တနေ့ပြီးတနေ့ မြင့်တက်လာတယ်။ စားဝတ်နေရေးလည်း အဆင်မပြေ တော့ဘူး။ ဒါတွေကိုပြန်ကြည့်မယ်ဆိုရင်တော့ သဘာဝဘေးအန္တရာယ် ရာသီဥတု ဖောက်ပြန်မှုနဲ့ ဆက်စပ်တယ်။
သဘာဝတရားအနေနဲ့ ဖြစ်လာတာရှိသလို လူကလုပ်လို့၊ အခုဆိုလည်း မိုင်းတွေ၊ လေထုညစ်ညမ်းမှု တွေလည်း အရမ်းဖြစ်လာတယ်။ ဒီလိုမျိုးအခြေအနေဟာဆို ထိလွယ်ရှလွယ်အုပ်စုအတွက် သူတို့ရဲ့ ကျန်းမာရေးအစ အစစအရာရာ သာမာန်လူတွေထက် ပိုပြီး စိန်ခေါ်မှုပြသနာ အခက်အခဲတွေ ဖြစ်လာ တယ်။
ရာသီဥတုဖောက်ပြန်မှုအတွက် လုပ်နိုင်သမျှသေးသေးမွှားမွှားဖြစ်ရင်လည်း အသိတရားလေးနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့လုပ်ငန်းတွေဆောင်ရွက်ဖို့လိုတယ်။ ရာသီဥတု ဖောက်ပြန်မှုရဲ့ သက်ရောက်မှုက ကျွန်မတို့ ကိုယ်တိုင်မဟုတ်ဘဲနဲ့ ကမ္ဘာကြီးအားလုံးကရင်ဆိုင်နေရတဲ့ ပြဿနာလည်း ဖြစ်တဲ့အတွက်ကြောင့် ရာသီဥတု ဖောက်ပြန်မှုကို ကာကွယ်နိုင်မယ့်အတွေးလေးနဲ့ ဒေသမှာရှိတဲ့ ကိုယ်လုပ်နိုင်တဲ့အပင်စိုက်တာပဲဖြစ်ဖြစ်၊ သစ်တော မပြုန်းတီး အောင် ထိန်းသိမ်းတာပဲဖြစ်ဖြစ်၊ တောင်ယာလုပ်တဲ့အချိန်မှာလည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မယ့်နည်းလမ်းလေးတွေ အသုံးပြုပြီးရှေ့ဆက်သွားရင် အများကြီးပြောင်းလဲမှုရှိမယ်လို့ ပြောချင်ပါတယ်။

Cindy Aung
Coordinator
Myanmar women environmental Human Right Defender Networking Group
ရာသီဥတုပြောင်းလဲမှုကတော့ အမျိုးသမီးတွေအပေါ်မှာ တိုက်ရိုက်သက်ရောက်မှုရှိတယ်။
ဘယ်လို သက်ရောက်မှုရှိလဲလို့ပြောရင်တော့ ကျွန်မတို့မြန်မာနိုင်ငံက ဖိုဝါဒကြီးစိုးတဲ့ လူမှုအသိုင်းအဝိုင်းဖြစ်တော့ အိမ်တွင်းလုပ်ငန်းတွေ၊ ထမင်းချက်၊ ရေခပ်၊ အဝတ်လျှော်၊ ဒီလုပ်ငန်းတွေက နေ့တဓူဝလုပ်တဲ့အရာတွေက အမျိုးသမီးတွေပဲလုပ်ကြတာလေ။
နေပူပူမိုးရွာရွာ ထမင်းဟင်းချက်တာ အိမ်မှုကိစ္စတွေက အမျိုးသမီးတွေပဲလုပ်ရတဲ့ဟာပေါ့။ မိုးရွာလို့ ရေကြီးလို့ ဈေးမသွားနိုင်ဘူးဆိုလည်း အဲ့တနေ့အတွက် တအိမ်သားလုံးက စားစရာမရှိဘူး။ အဲ့လိုမျိုး ပေါ့။ တောမှာဆိုလည်း တောမှာပဲမှီခိုရတာလေ။ သစ်တောက ဒေသခံတွေအတွက် ဟင်းသီးဟင်းရွက် တွေ၊ ယူတာ၊ ခူးတာ ဒီတောမှာမှီခိုကြတာ။ ကျေးလက်နေလူတွေက အဲ့မှာရေကြီးရေလျှံမှုတွေ ရာသီဥတုကဖောက်ပြန်သွားတဲ့အချိန်မှာ သူတို့မှီခိုနေတဲ့ တောထဲမှာထွက်တဲ့ ဘယ်လဆို ဘာတွေ ထွက်တယ်၊ ဝါးမြစ်တွေထွက်တဲ့အချိန်ရှိတယ်။ မှိုတွေထွက်တဲ့အချိန်ရှိတယ်။ အဲ့လိုအချိန်တွေက ရာသီဥတုကြောင့် သူတို့မှီခိုနေတဲ့ယန္တရားကြီးက ပုံမှန်မဖြစ်တော့ဘူး။
အခုလိုမျိုး စစ်မက်ဖြစ်နေတဲ့အချိန် နေရာတိုင်းမှာ အမျိုးသမီးတွေက တောထဲသွားမယ်ဆိုလည်း စစ်ဖြစ်နေတယ်။ မိုင်းတွေလည်းကြောက်နေရတယ်။ လေယာဉ်ပေါ်ကနေ ဗုံးကြဲတိုက်ခိုက်မှာကို မနက် ဖြစ်မလား၊ နေ့ဖြစ်မလား၊ ညဖြစ်မလား၊ စိုးရိမ်ကြောင့်ကျစွာနဲ့ အသက်ရှင်နေရတဲ့ဟာဖြစ်တယ်။ အဲ့လိုဖြစ်နေရတဲ့အထဲမှာ အိမ်တွင်းအကြမ်းဖက်မှုရှိတယ်။ ကျားမ ခွဲခြားဆက်ဆံမှုတွေရှိတယ်။ ရာသီဥတု ပြောင်းလဲဖောက်ပြန်တဲ့အချိန်ပိုဆိုးသွားတာပေါ့။ စစ်ကလည်းဖြစ်တယ်။ အသက်လုံခြုံဖို့ ကလည်း စိုးရိမ်ပူပန်နေရတဲ့အချိန်မှာ ကျား၊ မ ခွဲခြားဆက်ဆံမှုပြဿနာတွေကလည်းရှိတယ်။
တဆက်ထဲမှာ ရာသီဥတုပြောင်းလဲမှုတွေဖြစ်တယ်။ မြေပြိုတယ်။ ရေကြီးတယ်။ ငလျင်လည်း ဖြစ်တယ်။ တကယ့်ဒုက္ခပေါင်းများစွာ အမျိုးသမီးထုတွေမှာသွားပြီး ထိနေတာ။ တကယ်ဆိုးရွားတဲ့ အခြေအနေ ဖြစ်တာပေါ့နော်။ ရာသီဥတုပြောင်းလဲ ဖောက်ပြန်လာတဲ့အပေါ်မှာ ပြုပြင်ပြောင်းလဲရေး၊ စိုက်ပျိုးမွေးမြူရေးအလုပ်၊ ဒါတွေကို အစိုးရကကြိုတင်ပြင်ဆင်ဖို့လုပ်ရတယ်။ နိုင်ငံတနိုင်ငံမှာ ကိုယ့်ရဲ့ ပြည်သူတွေအတွက် အဓိကတာဝန်ခံတာက အစိုးရလေနော်။
ကျွန်မတို့လက်ရှိဖြစ်နေတဲ့အခြေအနေက စစ်အာဏာသိမ်းမှုဖြစ်နေတဲ့အချိန်ကျ ရေကြီးလို့ သွားကယ် မယ့် အဲ့ယန္တရားကြီးကမရှိနေဘူး။ တာဝန်ယူမှုတာဝန်ခံမှုမရှိဘူး။ ငလျင်ဖြစ်တယ်။ ရေကြီးတယ်၊ မြေပြိုတယ်။ အဲလိုမျိုးဖြစ်နေတဲ့အချိန်မှာ ကောင်းမွန်တဲ့ အစိုးရယန္တရားမရှိနေဘူး။ တကယ်တမ်း အသက်မသေသင့်ပဲနဲ့ သေဆုံးသွားတဲ့လူအများကြီးဖြစ်တယ်။ ပိုပြီးမြင်သာတာက ၂၀၂၅ ငလျင် ဖြစ်သွားတယ်။ အဲ့ဒီအချိန်မှာ နိုင်ငံတကာကအကူအညီတွေ တကယ်ဆိုကြိုတင်ပြီးတော့ ငလျင်ဒဏ် ရေဒဏ်၊ မီးဒဏ်ဒါတွေကို လျော့ချတဲ့အရာတွေ ကြိုတင်ကာကွယ်ဖို့လုပ်ထားတာ အစိုးရရဲ့ တာဝန် ဖြစ်တယ်။
ဒီမှာ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွေရှိတယ်။သို့ပေမယ့် စစ်တပ်ကနေ ပြီးတော့ အာဏာသိမ်းမှုဖြစ်တဲ့အခါမှာ ဒီယန္တရားတွေကမလည်ပတ်တော့ဘူး။ စီဒီအမ်လုပ်ကြတယ်။ အစိုးရဝန်ထမ်းတွေ၊ ပညာတတ်တွေ၊ တကယ် ဒီမိုကရေစီလိုလားတဲ့ဝန်ထမ်းတွေ၊ ပြည်သူအားလုံးက ဆန့်ကျင်ကြတဲ့အချိန်မှာ ဒီယန္တရားကမလည်ပတ်တဲ့အချိန်မှာ CSO တွေကလည်းကိုယ့်ရဲ့အသက် လုံခြုံဖို့အတွက် ပြည်ပကိုတိမ်းရှောင်ရတယ်။ လုံခြုံတဲ့နေရာ တိမ်းရှောင်ရတဲ့အတွက် ဒီလိုမျိုးငလျင် ဖြစ်နေတဲ့ဟာကို ကူညီချင်တာတောင် ကြောက်နေရတယ်။ ကိုယ့်ကိုဖမ်းသွားမလား ဖမ်းလည်း တကယ်ဖမ်းတယ်လေ။
ပြီးရင် နိုင်ငံတကာရဲ့ ကူညီမှုတွေအပေါ်မှာ တကယ်မြန်မြန်ဆန်ဆန် ထိရောက်တဲ့ နစ်နာတဲ့သူတွေဆီ မရောက်ပဲနဲ့ စစ်တပ်ရဲ့ ရန်ပုံငွေ သူတို့ရဲ့အထဲမှာ ထိန်းချုပ်မှုအောက်မှာရောက်သွားတာ ဒါကအရမ်းကို ဆိုးရွားတယ်။ လူသားချင်း စာနာထောက်ထားပြီး စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တယ်၊ ရှုံ့ချတယ်။ သို့သော်ငြားလည်း လူသားချင်းစာနာထောက်ထားမှုအနေနဲ့ သဘာဝဘေးဒဏ်ဖြစ်လို့၊ ငလျင်ဖြစ်လို့ လာကူတဲ့ပိုက်ဆံတွေက ပြည်သူတွေဆီမရောက်ဘူးဆိုတာ ဒါက အဆိုးဝါးဆုံးဖြစ်တဲ့အရာ မြင်ရတာ ပေါ့။
သစ်တောပြုန်းတီးတာတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်တယ်။ စစ်ဖြစ်တယ်။ ဒါကိုအခွင့်ကောင်း ယူပြီးတော့ သယံဇာတတူးဖော်တာက အလွန်အမင်း စက်ယန္တရားကြီးတွေနဲ့ မတရား နေ့နေ့ညည တူးဖော်တာတွေက မရပ်သွားဘူး။ အဲ့ဒါတွေကလည်း သစ်တောပြုန်းတီးမှုတွေဖြစ်တယ်။ သဘာဝ သယံဇာတ အလွန်အကျွံထုတ်တယ်။ ရွှေတူးတယ်။ မြစ်တလျှောက်လည်းတူးတာပဲ၊ သဘာဝကို ဘယ်လိုထိခိုက်မလဲ၊ မိုင်းနင်းလုပ်ရင် ပြည်သူတွေကို ဘယ်လိုထိခိုက်မလဲ၊ အဲ့မှာသုံးရင် သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လိုစံမံခန့်ခွဲမယ့်အစီအစဉ် သစ်တွေတော့ခုတ်လိုက်ပြီ၊ ဘယ်လိုထပ်စိုက်မလဲ၊ သုံးလိုက်တဲ့နေရာမှာပြန် Recovery ဖြစ်အောင်ဘယ်လိုလုပ်ဆောင်မလဲ အစီအစဉ်တွေနဲ့အတူ စီမံကိန်းတွေကိုပလန်ဆွဲရတယ်။
အခုက ဘာမှမရှိတော့ဘူး။ ထူးဆိုတူး ဘာမှလည်းမလုပ်ထားဘူး။ အဲ့မှာ ဓာတုပစ္စည်းတွေ ရေထဲမှာ သွန်ချလိုက်တယ်။ နောက်ပြီး လူသွားလမ်းတွေဘာမှမစဉ်းစားဘူး။ ကိုယ့်ကိုယ်ကျိုးအတွက်ပဲ လူတွေ က လုပ်သွားတာ၊ အဲ့ထဲမှာ အခုတော်လှန်ရေးမှာလုပ်နေတဲ့ လက်နက်ကိုင်တွေလည်း ဒီမှာတာဝန်ရှိ တယ်။ အခုကျွန်မတို့အာဏာသိမ်းတဲ့ စစ်တပ်ကနေလည်း တာဝန်ရှိတယ်။ စစ်ကတော့ ဖြစ်နေတယ်။ ဒါပေမယ့်သူတို့ရဲ့ ကုမ္မဏီအကျိုးတူတွေကပေါင်းပြီးတော့ သယံဇာတ တူးဖော်နေကြတာတွေ ဖြစ်နေ တာ။
စစ်ဖြစ်နေတယ်။ နေ့နေ့ညညတိုက်ခိုက်မှုတွေဖြစ်တယ်။ နေရာတကာပေါ့။ နေရာဒေသအားလုံးမှာ အညာဆိုလည်းအညာမို့ အဲ့လိုစစ်ဖြစ်နေတဲ့အချိန်မှာပြည်သူတွေက စစ်ဘေးရှောင်ဖြစ်ပြီးတော့ လုံခြုံတဲ့နေရာကိုထွက်ပြေးရတယ်။ သူတို့စားဖို့သောက်ဖို့ ကူညီတဲ့လူမရှိဘူး။ အဲ့ထဲမှာ ရာသီဥတု ကလည်း ဖောက်ပြန်တယ်။ စစ်ဖြစ်လို့ ပြေးပါတယ်ဆို တောမှာသွားရှောင်နေပါတယ်ဆို ရေကကြီး၊ ဘယ်မှာမှပြေးစရာမရှိဘူး။
အဲ့မှာမှ ကျွန်မတို့ရဲ့ဖိုဝါဒကြီးစိုးတဲ့စနစ်ဖြစ်တယ်။ နှစ်ပေါင်းများစွာ အမျိုးသားထုတွေပဲ ဆုံးဖြတ်ချက် ချတဲ့နေရာ၊ ဘယ်အဖွဲ့အစည်းပဲကြည့်ကြည့် ဘာသာရေးပဲ ကြည့်မလား ကျောင်းပညာရေး၊ ဆုံးဖြတ်ချက် ချတဲ့နေရာမှာဆို အမျိုးသားတွေဖြစ်နေတယ်။ နေ့တဓူဝ အိမ်လုပ်ငန်းတွေ သားသမီး ပြုစုရတာတွေက အမျိုးသမီးတွေဖြစ်နေတယ်။ လက်နက်ကိုင်အဖွဲ့အစည်းမှာကြည့်မလား အမျိုးသမီးတွေ နေရာပေးတာမရှိဘူး။ ဆုံးဖြတ်ချက်ချတဲ့နေရာမှာမရှိဘူး။ စီးပွားရေးပဲကြည့်မလား။
အဲ့လိုဖြစ်နေတဲ့အချိန်မှာ ပိုဆိုးရွားစေတာက ကိုယ့်ရဲ့လက်တွဲဖော်အမျိုးသား၊ ကိုယ့်ရဲ့ ညီကို မောင်နှမ တွေ၊ ဦးလေးတွေကလည်း မစာနာဘူး။ ဒီခွဲခြားဆက်ဆံမှုတွေဖြစ်တဲ့အရာ၊ ကျားမ၊ ဂျဲန်ဒါမတူတဲ့ အပေါ်မှာ ခွဲခြားဖိနှိပ်တဲ့ လူမှုအဖွဲ့အစည်းအရာဖြစ်နေတဲ့အရာကလည်း ပိုပြီးဆိုးရွားစေတာပေါ့နော်။
တောမီးရှို့တာနဲ့ပတ်သက်ပြီးတော့ ရိုးရာစိုက်ပျိုးရေ တောင်ယာလုပ်ကြတယ်လေ။ တောင်ယာလုပ်တဲ့ အထဲမှာ ပုံမှန်ပေါ့။ နှစ်စဉ်တောင်ယာရှို့ကြတယ်။ ဒီစနစ်ကလည်း မလိုလားအပ်ပဲနဲ့ တောမီး ကူးသွားတဲ့ဟာ ဖြစ်စေတယ်။ သေချာလေး ကြပ်မတ်ပြီး လုပ်ရတဲ့ဟာမျိုးပေါ့။ ရေရှည် တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်တွေကို သုံးဖို့လိုတယ်။ နည်းပညာလည်းလိုတယ်။ လှေကားထစ် စိုက်ပျိုးရေးစနစ်တွေ လုပ်လို့ရတယ်။ တောင်ယာထက် လယ်ယာတွေဖော်လို့ရတယ်။ တကယ်ဆို ကျွန်မတို့မှာမြေတွေ အများကြီးရှိတယ်။
သို့သော်လည်း ဒီလယ်လုပ်ဖို့ တည်တည်တံ့တံ့တနေရာထဲမှာလုပ်ရတယ်။ စစ်ပြေးနေရတဲ့အချိန် လေယာဉ်ဒဏ်၊ ဗုံးဒဏ်တွေကို နေ့တဓူဝ စိုးရိမ်နေရတဲ့အချိန်ကျတော့ စိုက်ပျိုးရေးအပေါ်မှာ အားမစိုက် နိုင်ဘူး။ လယ်ယာတွေမလုပ်နိုင်ဘူး။ ဒါကြောင့် စိုက်ပျိုးတဲ့လူမရှိတော့ သီးနှံ့တွေ မလောက်ငှတာတွေ၊ ဒါတွေကလည်းသွားပြီးဆက်စပ်မှုတွေရှိတယ်။ လွန်ခဲ့တဲ့လအထိ မြန်မာနိုင်ငံရဲ့ ဒေသတလျှောက် တောမီးရှို့တာကြောင့် ကူးပြီးတောမီး လောင်တာတွေ ထိုင်းရဲ့သတင်းဌာနတွေ ထောက်ပြတာ မြင်ရ တယ်။
ဒါကလည်း ရိုးရာရဲ့စိုက်ပျိုးရေးကလည်း သဘာဝပတ်ဝန်းကျင်ကိုသွားပြီး ထိခိုက်နေတာမျိုးတော့ မြင်ရတယ်။ ငြင်းလို့တော့မရဘူး။ သို့သော်လည်း တောင်ယာစိုက်ပျိုးတာထက် သယံဇာတကို အလွန်အမင်းတူးဖော်တာ မြေရှားတူး တာ၊ ရွှေတူးတာ၊ သစ်တောခုတ်တာတွေက သဘာဝ ပတ်ဝန်းကျင်ကို ပိုပြီး ပျက်စီးတယ်ဆိုတာ ပြောပြချင်တာ။
ဖိုဝါဒကြီးစိုးတယ်လို့ပြောကတည်းက ကျွန်မတို့မှာ ကျားမရေးရာအပေါ်အခြေပြုပြီး အကြမ်းဖက်တဲ့ အမှုတွေတော့ ရှိတယ်။ အဲ့ဒါကအိမ်တိုင်းလိုလို ရှိတယ်လို့တောင် ပြောလို့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခုနပြောတဲ့မညီမျှမှု တန်ဖိုးမထားတာ၊ အမျိုးသမီးတွေကို တန်ဖိုးမထားတာ၊ ခွဲခြား ဆက်ဆံ တာ၊ နင်ကမိန်းမပဲ မိန်းမဆိုတာနောက်လိုက်၊ အမြဲတမ်းမှီခို၊ အဲ့လိုမျိုးဖြစ်တော့ အဲ့ဒါတွေက အိမ်တိုင်းလိုလိုဖြစ်တယ်လို့တောင် ပြောလို့ရတယ်။
ဘာလို့ဆို စစ်ကလည်းဖြစ်နေတယ်။ စားဖို့ သောက်ဖို့ကလည်း ခက်နေတယ်။ ကိုယ့်ရဲ့အမျိုးသမီးကို နိုင့်ထက်စီးနင်းလုပ်တယ်။ တခုခုဆို ရိုက်၊ ဒေါသထွက် အကြမ်းဖက်မှုတွေအပြင် ကျား၊ မ အကြမ်းဖက်မှုတွေက ရှိနေတယ်လို့မြင်ရတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းလာ ဖို့ ဆိုတာကယ်တမ်းသက်ဆိုင်ရာ အာဏာပိုင်တွေမှာ နံပတ် ၁ တာဝန်ရှိတာပေါ့နော်။
အစိုးရလို့ပြောတဲ့ အခါ အခုအခြေအနေပြောရရင် အရမ်းပြောရခက်တယ်။ ကျွန်မတို့က ဘယ်သူမှလည်း သဘောမတူထားဘူး။ သူ့ဟာနဲ့သူ အတင်းအဓမ္မ ရွေးကောက်ပွဲလုပ်ပြီးတော့ အစိုးရဆိုပြီး နိုင်ငံတကာမှာ လုပ်နေတာ။ သို့သော်ငြားလည်း ဒေသခံ အစိုးရပေါ့။ တိုင်းရင်သား တော်လှန်ရေးလက်နက်ကိုင်တွေ။ သူတို့မှာလည်း ဌာနတွေရှိတယ်။ အစိုးရတခုလို လည်ပတ်နေတာ ပေါ့။
လက်ရှိမှာဆိုရင် ကျွန်မတို့မြန်မာနိုင်ငံရဲ့အခြေအနေအရဆိုရင် ဒေသခံအာဏာပိုင်တွေ လက်နက်ကိုင် တော်လှန်ရေးအစိုးရ အစုအဖွဲ့တွေမှာ တာဝန်ရှိတယ်။ တော်လှန်ရေးမှာ ငွေလိုတယ်။ ရွှေတူးဖို့လိုတယ်။ ကျောက်စိမ်းတူးဖို့လိုတယ်။ မြေရှားတူးဖို့လိုတယ်။ ဆိုတာထက် မထိခိုက် မပျက်စီးအောင် ဘယ်လို လုပ်မလဲ။ သူ့ရဲ့နိုင်ငံတကာ စံချိန်စံညွှန်းဆိုတာရှိတယ်။ ပထမဦးဆုံးက ဒေသခံတွေနဲ့ လွတ်လပ်ပြီး သဘောတူညီတဲ့ တွေ့ဆုံမှုတွေ ဆွေးနွေးမှုတွေကို လုပ်သင့်တယ်။ ဒီဒေသမှာ ဧက ဘယ်နှစ်ဧက တူးဖော်ရေးတွေလုပ်မယ်။ စိုက်ပျိုးရေးတွေလုပ်မယ်။ စီမံကိန်းတွေလုပ်မယ်ဆိုရင် ဒေသခံတွေကို အစအလယ်ဆုံး နားလည်အောင်ရှင်းပြရတယ်။ Social Impact Assessment (SIA) (လူမှုဆိုင်ရာ သက်ရောက်မှု ဆန်းစစ်အကဲဖြတ်ခြင်း)လုပ်ရတယ်။
လူထုတွေနဲ့ Free, Prior and Informed Consent (FPIC)(လွတ်လပ်၍ ကြိုတင်အသိပေးထားသော သဘောတူညီချက်) ဒါတွေလုပ်ကိုလုပ်ရတယ်။ လိုက်နာရတယ်။ အဲ့မှာ ခြိမ်းခြောက်တဲ့ဟာမျိုးလည်း မဖြစ်ရဘူး။ ဥပမာ မြစ်ဆုံစီမံကိန်းဆိုရင် မြစ်ဆုံစီမံကိန်းကိုခိုင်မာတဲ့ အကြောင်းပြချက်မရှိပဲ ကန့်ကွက်တယ်ဆိုရင် ပုဒ်မအရရေးယူမယ်ဆို ထုတ်ထားတာရှိတယ်။ ဒီလိုမျိုးခြိမ်းခြောက်စာတွေ ရှိနေပြီး လူထုစည်းရုံးပွဲတွေလုပ်နေတော့ ဘယ်သူမှ သဘောမတူပေမယ့် ကန့်ကွက်ပါတယ်လို့ ထမပြောဘူး။ လူထုတွေ ဒေသခံတွေ သဘောမတူတဲ့စီမံကိန်းဖြစ်တယ်။ အဲ့လိုမျိုးဆိုလုံးဝ မလုပ်ရဘူး။ တခြားသော မိုင်းနင်းကိစ္စ၊ ကျောက်စိမ်းကိစ္စ၊ မြေရှားစီမံကိန်းပဲလုပ်လုပ်၊ လူထုနဲ့အတူ ဆွေးနွေးမှု၊ တိုင်ပင်မှု သဘောတူညီမှုတွေက ခြိမ်းခြောက်မှုမပါပဲနဲ့ လုပ်ဆောင်ရတယ်။
အဲ့ဟာတွေ မလုပ်ခင်မှာ Complain Mechanism (လုပ်ငန်းစဉ် ယန္တရား) လို့ခေါ်တဲ့ တခုခုဖြစ်လာတယ် ဆို ဘယ်လိုမျိုးနစ်နာမှုတွေကို ကုသပေးမလဲ ကျန်းမာရေး၊ ရေရရှိရေး၊ စားဝတ်နေရေး အလုပ်အကိုင်၊ စိုက်ပျိုးမွေးမြူရေး ဆိုတဲ့ဟာမျိုး ဒါတွေကို ထည့်သွင်းစဉ်းစားပြီးတော့ လူထုကနေပြီးတော့ ဦးဆောင် ဦးရွက်ပြုတဲ့ တိုင်တန်းမှု ယန္တရားတွေဖော်ဆောင်ထားသင့်တယ်။ သက်ဆိုင်ရာ ဒေသခံအစိုးရတွေ၊ အာဏာပိုင်တွေနဲ့ ထားရှိရမယ်၊ ဒေသခံတွေကနေဦးဆောင်ပြီး တိုင်တန်းမှုယန္တရားတွေလုပ်ရမယ်။ သက်ဆိုင်ရာဒေသခံအစိုးရ နောက်ပြီး တခြားသော သုံးပွင့်ဆိုင် ဒါမျိုးတွေလုပ်ရတယ်။ ဒါတွေမှပဲ တကယ်ရေရှည်တည်တံ့တဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးနဲ့လုပ်ဆောင်နိုင်မှာဖြစ်တယ်။
ပြီးတော့အမျိုးသမီးတွေက အရမ်းစိတ်ရှည်တယ်။ မြေပြင်မှာဒီဒေသမှာ ဘယ်အပင်ကရှင်နိုင်လဲ အိမ်မှာကအစ ဘယ်လိုအပင်တွေဆိုရှင်နိုင်သလဲ ဆိုတဲ့အရာတွေ သစ်ပင်ပျိုးပင်တွေကို ပျိုးတာကအစ အရမ်းစိတ်ရှည်တယ်။ အမျိုးသမီးတွေပဲဒါတွေကိုလုပ်တယ်။ စစ်လည်းဖြစ်နေတယ်။ သဘာဝဘေး ဒဏ် ဖြစ်၊ အကြမ်းဖက်မှုတွေဖြစ်နေတဲ့ကြားထဲမှာတောင် အော်ဂဲနစ် (Organic) Garden လုပ်နေတာ အမျိုးသမီးတွေ။ အမျိုးသမီးတွေအစွမ်းအစရမ်းများတယ်။ အရမ်းကြီးတယ်။ ခံနိုင်ရည်အား ကြံကြံခံ နိုင်မှုအားလည်းရှိတယ်။
သဘာဝပတ်ဝန်းကျင်ကို ဥယျာဉ်လုပ်မလား၊ စိုက်ပျိုးမွေးမြူရေးလုပ်မလား။ လူဦးရေ ထက်ဝက် ကျော်က အမျိုးသမီးတွေဖြစ်တယ်။ ဒီလိုအချိန်မှာတော့ နည်းနည်းတော့ ခက်တယ်။ ဒေသက သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်ဘဲနဲ့ လုပ်လို့ရတဲ့ စီမံကိန်းတွေမှာ အမျိုးသမီးတွေ ပါဝင်ဖို့လိုတယ်။ စီမံကိန်း အကောင်အထည်ဖော်မယ်ဆိုရင် အမျိုးသမီးတွေ ဆုံးဖြတ်ချက်တွေမပါလာဘူး။ အသိအမှတ်ပြုခြင်း မခံရဘူး။
ဒါတွေကြာင့် အခုလိုမျိုးစစ်ဖြစ်နေတယ်။ သဘာဝဘေးဒဏ်အရမ်းဖြစ်တယ်။ ဒီလိုမျိုးအခြေအနေမှာ အမျိုးသမီးတွေအသံ နားထောင်မယ် လက်ရှိဖြစ်နေတဲ့အရာတွေ သူတို့ အနေနဲ့ဘယ်လိုဖြစ်ချင်လဲ၊ ပူးပေါင်းပါဝင်မှုနေရာပေးမှု ဆုံးဖြတ်ချက်ချတဲ့နေရာမှာ၊ သဘာဝပတ်ဝန်းကျင်ကာကွယ်တဲ့ နေရာမှာ ပါဝင်သင့်တယ်လို့ ပြောချင်ပါတယ်။
အခုကလည်း ကျွန်မတို့ မြန်မာနိုင်ငံမှာ ကူညီပေးတဲ့လူတွေကလည်း အရမ်းနည်းသွားတယ်။ ကမ္ဘာစစ် ဖြစ်မှုတွေ၊ စစ်ဖြစ်နေသော်ငြားလည်း အလှူရှင်တွေပံ့ပိုးမှုတွေ ထောက်ပံ့ပေးမှု အရမ်းနည်းတယ်။ အဲဒီထဲမှာ ရေရှည်တည်တံ့တဲ့စိုက်ပျိုးရေးတွေထည့်မယ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ Donar တွေကအစ ဒေသခံအာဏာပိုင်တွေ၊ တော်လှန်ရေးအစုအဖွဲ့တွေကအစ ဒါတွေကို စဉ်းစားဖို့ လိုတယ်။





