ရခိုင်ပြည်နယ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် ယခုနှစ် ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၆၃ဦး သေဆုံးခဲ့
ဒေဝီ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာမှာဖြစ်ပွားခဲ့တဲ့ လေကြောင်းကနေ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၁၃ဦး သေဆုံးမှုအပါအဝင် ယခုနှစ် ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၆၃ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) က ထုတ်ပြန်ပါတယ်။
၂၀၂၆ခု၊ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှူကြောင့် အမျိုးသမီး ၄၆ဦး သေဆုံးခဲ့ပြီး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၈ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၇ဦးနဲ့ ကျည်ထိမှန်မှုကြောင့် ၂ဦး စုစုပေါင်း အမျိုးသမီး ၆၃ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့ရသူတွေထဲမှာ အသက်၁၈နှစ်အောက် အမျိုးသမီး ၁၈ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ဦးပါဝင်နေပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရှိမှုတွေက လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသမီး၄၁ဦး ၊လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၃ဦး၊ မြေမြုပ်မိုင်းကြောင့် ၁၀ဦးနဲ့ ပဋိပက္ခနဲ့ဆက်နွှယ်သောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် ၂ဦး စုစုပေါင်း အမျိုးသမီး ၆၆ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
အသက်ဆုံးရှုံးခဲ့တဲ့အမျိုးသမီး ၆၃ဦးထဲမှာ ရခိုင်ပြည်နယ်က ၂၂ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးက ၁၂ဦး၊ မကွေးတိုင်းဒေသကြီးက ၁၁ဦးပါဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၅၅ဦး သေဆုံးခဲ့ပြီး အမျိုးသမီး၅၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ BWUရဲ့ လစဉ်ထုတ်ပြန်တဲ့ စာရင်းတွေအရ ၂၀၂၆ခုနှစ်၊ ၂လအတွင်း အမျိုးသမီး ၁၁၈ဦး သေဆုံးပြီး၊ ၁၂၀ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ဒီအချက်အလက်တွေဟာ တိကျခိုင်လုံတဲ့သတင်းမီဒီယာတွေနဲ့ မြေပြင်စာရင်းကောက်ယူနိုင်တဲ့ အချက်အလက်တွေအပေါ်အခြေခံထားပြီး လက်လှမ်းမမီတဲ့ ကိန်းဂဏာန်း၊ အချက်အလက်တွေ ရှိနိုင်သေးတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ယခုနှစ်ပိုင်းမှာ သိသာထင်ရှားတဲ့ဖြစ်စဉ်အဖြစ် အာဏာသိမ်း စစ်အုပ်စုက လေကြောင်းကနေရော မြေပြင်ကပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တွေပါကျူးလွန်လာသလို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းမှာ အာဏာသိမ်း စစ်တပ်က ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၃၀ ထက်မနည်းကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) တို့ကလည်း မတ်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂက သတင်းမီဒီယာတွေမှာ စောင့်ကြည့် လေ့လာမှုအရ ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီ ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ၁ နှစ်တာအတွင်း စစ်အုပ်စုရဲ့ လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေ ကြောင့် အမျိုးသမီး ၇၉၂ ဦး သေဆုံးကာ အမျိုးသမီး ၈၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။








