တန်းတူညီမျှရေးကို ရှေးရှုမှ လူထုတော်လှန်ရေးအောင်မြင်မယ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ တဖန်နိုးကြားလာခဲ့သော မြန်မာပြည်စစ်အာဏာ ရှင်စနစ်အောက်မှ လွှတ်မြောက်ရေးတိုက်ပွဲ (နွေဦးတော်လှန်ရေး) သည် စစ်အာဏာရှင်ကျဆုံးရေး ရည် မှန်းချက်သက်သက်သာမဟုတ် စနစ်တစ်ခုလုံးပြောင်းလဲရေးအတွက် အခြေခံကျသည့် အတွေးအခေါ် ပြုပြင်ပြောင်းလဲရေးအပေါ် အခြေခံသော လူထုတော်လှန်ရေးတစ်ရပ်အဖြစ် တဖြည်းဖြည်းအသွင် ပြောင်းလာခဲ့ပြီးဖြစ်သည်။ လက်နက်အခြေပြု မတရားမှုအပေါင်းမှ ကိုယ်စီကိုယ်ငှ ရုန်းထွက်ကြရန် လူထုတရပ်လုံးက စိတ်အားထက်သန်မှုအပြည့်ဖြင့် ပါဝင်လာခဲ့ကြပြီး  အဆုံးစွန်သော စွန့်လွှတ်စွန့်စားမှု ကိုယ်စီဖြင့် တော်လှန်ရေးအောင်မြင်ရေးအတွက် ပါဝင်သက်သေပြခဲ့ကြသည်မှာလည်း ၅ နှစ်ကျော် ကာလသို့ တိုင်ခဲ့ပေပြီ။

စစ်အာဏာရှင်စနစ်သည် ခွဲခြားဆက်ဆံမှု၊ ဖယ်ကျဥ်မှု၊ အနိုင်ကျင့်မှုအလုံးစုံကို မဟာဗျူဟာအရ ၁၀ စုနှစ်ပေါင်းများစွာ ဆုတ်ကိုင်ထားပြီး ထိုသို့ခွဲခြားဆက်ဆံမှု၊ ဖယ်ကျဥ်အနိုင်ကျင့်မှုများရှိနေကြောင်း ကို အစဉ်တစိုက်ငြင်းဆန်ခဲ့သော်လည်း လူမျိုးအရခွဲခြားမှု၊ ဘာသာအရ ခွဲခြားမှုများဖြင့် နှစ်ပေါင်းကြာ ရှည် လက်နက်အားကိုးအကြမ်းဖက်အုပ်ချုပ်မှုများက အမြစ်တွယ်ခဲ့ပြီးဖြစ်သည်။ တိုင်းရင်းသားတန်း တူရေးကို ပစ်ပယ်ခြင်း၏အကျိုးဆက်ကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်ကြီးဖြစ်ပွားခဲ့ရပြီး ဤတိုင်းရင်းသားတန်းတူရေး တိုက်ပွဲရှည်ကာလအတွင်း၌ပင် ပြောင်းလဲနေသောဒီမိုကရေစီစံနှုန်းများ အရ ခေတ်အဆက်ဆက်ပါဝင်လာခဲ့ကြသော လူငယ်များ၏ ကျားမတန်းတူရေး၊ ဂျဲန်ဒါတန်းတူရေး အယူအဆများလည်း တဖြည်းဖြည်းထွန်းကားပြန့်ပွားလာခဲ့သည်။ ထိုအယူအဆ၊ အတွေးအခေါ်များ သည် လူငယ်မျိုးဆက်အဆင့်ဆင့်သို့ လက်ဆင့်ကမ်းလာရာမှ တော်လှန်ရေးတည်းဟူသော ပြေးလမ်း ပေါ်တွင် နေရာယူလာခဲ့ပြီဖြစ်သည်။ လူမျိုးစု၊ လူအုပ်စုများ၏ ဖြစ်တည်မှုအပေါ် အသိအမှတ်ပြုရန် လိုအပ်ခြင်းမှသည် လူဖြစ်ခြင်း၏စံတန်ဖိုးများအပေါ် အခြေခံ၍ ပြည်သူတစ်ဦးချင်းစီ၏ ဖြစ်တည်မှု အပေါ် အလေးထားသော လူ့အဖွဲ့အစည်းတစ်ရပ်အထိ အသွင်ပြောင်း၊ စနစ်ပြောင်းရန် လက်ရှိတော် လှန်ရေးက လမ်းညွှန်နေပြီဖြစ်သည်။

ယနေ့ကာလတွင် တော်လှန်ရေးအောင်ပွဲသို့ရည်မျှော်လျက် မိမိတို့အထူးရပ်တည်ဖော်ပြလို သည်မှာ တော်လှန်အင်အားစုများအနေဖြင့် စစ်အာဏာရှင်စရိုက်ဆိုးကို အပြီးသတ်ရိုက်ချိုးဖျက်သိမ်း နိုင်ရေးအတွက် လက်နက်ကိုင်တပ်ကြီးထွားရေးသက်သက်အမြင်ဖြင့် တော်လှန်ရေးကို တည်ဆောက် နေခြင်းထက် လူထုအခြေပြုဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွေးအမြင်ကို အခြေခံ၍ အတွေးအခေါ်အရ တည်ဆောက်ရေးကို ပထမဦးစားပေးလုပ်ငန်းစဉ်အဖြစ် လုပ်ဆောင်ရန် လိုအပ်နေ သည်။   နယ်မြေသိမ်းပိုက်ရေးစီမံချက်များနှင့်တန်းတူ ပကတိလိုအပ်ချက်ဖြစ်သော မိမိတို့တပ်ဖွဲ့များ၏ သဘောတရားအရ တည်ဆောက်ရေးစီမံချက်များကို အရှိန်အဟုန်တိုးမြှင့်လုပ်ဆောင်ကြရမည်။

တပြိုင်နက်တည်းပင် ဤတော်လှန်ရေးအတွင်း အမျိုးသမီးများနှင့် ဂျဲန်ဒါစုံအင်အားစုများ ရင်ဆိုင်နေရသော လိင်အခြေပြု အနိုင်ကျင့်အကြမ်းဖက်မှုများ လုံးဝရပ်တန့်ရန်၊ ကျူးလွန်ခဲ့ပြီးသော ပြစ်မှုများ အားလုံးအတွက် တရားမျှတမှု ပြန်လည်ဖော်ထုတ်ရန်၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုခြင်းများကို (လုံးဝ) လက်သင့်မခံသည့်မူထားရှိခြင်းဖြင့် ယန္တယားတည်ဆောက်ခြင်းနှင့် ကျူးလွန်ခံရသူများအပေါ် အကာအကွယ်ပေးရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို (ချက်ချင်း) စတင်လုပ်ဆောင်ရမည်ဖြစ်သည်။

ထို့နည်းတူ ခွဲခြားဆက်ဆံမှု၊ အုပ်စုဖွဲ့ဗိုလ်ကျမှု၊ ငါနှင့်မတူငါ့ရန်သူသတ်မှတ်မှုများမှတဆင့် လူထုတော်လှန်ရေး၏တန်ဖိုးနှင့် အရှိန်အဟုန်ကို ထိခိုက်ပျက်ပြားစေသော အောက်ခြေတပ်ဖွဲ့အချို့၏ လုပ်ဟန်များကို အမြန်ဆုံးပြုပြင်ရမည်။ သဘောတရားအရ တည်ဆောက်ရေး၊ လုပ်ဟန်အရတည် ဆောက်ရေး၊ စည်းကမ်းအရ တည်ဆောက်ရေး၊ အမိန့်အရတည်ဆောက်ရေး၊ အတတ်ပညာနှင့် ကျင့်ဝတ်အရ တည်ဆောက်ရေးတို့ကို ပစ်ပယ်သော မည်သည့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း မဆို အောင်ပွဲသို့ ချဥ်းကပ်နိုင်မည်ဟု မိမိတို့အနေဖြင့် မယုံကြည်ပါ။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်သည် စစ်ရေးဗဟိုပြုချဉ်းကပ်မှုဖြင့် ပြည်သူတရပ်လုံးကို ဓားမိုးအုပ်ချုပ်ခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပေပြီ။ တော်လှန်မျိုးဆက်အသီးသီးတို့ အသက်ဘဝ ပေး၍ ဆန့်ကျင်တော်လှန်ခဲ့သော်လည်း အာဏာရှင်စစ်တပ်၏ စစ်အုပ်ချုပ်ရေးယန္တယားကို မဖြိုချနိုင်ခဲ့ ကြကြောင်း ဝန်ခံရမည်ဖြစ်ပြီး မကုန်ဆုံးနိုင်သော ဤသင်ခန်းစာများကို နှလုံးသွင်း၍ တော်လှန်ရေးမာန် မတက်ပဲ တည်ဆောက်ရေး ၅ ရပ်ကို လက်ကိုင်ထားကာ ရှေ့ခရီးဆက်ကြမှသာ အဆုံးသတ်တိုက်ပွဲသို့ ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း HI Honest Information က တိုက်တွန်းထောက်ပြအပ်ပါသည်။  

( မတ် ၈ရက်မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အထိမ်းအမှတ်အဖြစ် အမျိုးသမီးသတင်းဌာန (HI Honest Information)ရဲ့ သတင်းစကား)