အဆိပ်သင့် ဖျော်ဖြေရေး

ထနောင်းမေ  

“ဗီဒီယိုရွှေခေတ်”လို့တင်စားခဲ့တဲ့  ၂၀၀၀ ခုနှစ်အစောပိုင်းနဲ့ ၂၀၁၀ အရှေ့ပိုင်းကာလတွေမှာ မင်းသား၊ မင်းသမီးတွေပါတဲ့ပိုစတာအကြီးကြီးတွေ  ထောင်ထားတဲ့ ဆိုင်ခန်းငယ်လေးတွေဟာ ရပ်ကွက်တွေရဲ့ နေရာတော်တော်များများမှာ နေရာယူခဲ့ကြပါတယ်။

စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မြန်မာပြည်သူလူထုအတွက် တခုတည်းသောဖျော်ဖြေရေးပစ္စည်းက ဗီဒီယိုအငှားဆိုင်ကနေ မက်မက်မောမော ငှားကြည့်ရလေ့ရှိတဲ့ မြန်မာဗီဒီယိုဇာတ်ကားတွေပါ။

အဲ့ဒီအချိန်ကာလတုန်းက ကျွန်မတို့ကိုယ်တိုင်လည်း ညနေဆို အခွေဆိုင်သွား၊ ဇာတ်ကားအသစ် ထွက်ရင် ဦးအောင်ပေးဖို့ ဆိုင်ရှင်နဲ့တည့်အောင်ပေါင်းထားရတာ၊ အခွေအများဆုံးငှားလေ့ရှိတဲ့ ဖောက်သည်ဆိုရင် အသစ်ထွက်တဲ့ဇာတ်ကားကို တခြားသူတွေထက်ဦးအောင် ငှားခွင့်ရတာ စတဲ့ကာလတွေကိုဖြတ်သန်းခဲ့ဖူးပါတယ်။

အဲ့ဒီခေတ်က စာအုပ်တွေဆိုတာကလည်း ဆင်ဆာစနစ်အောက်က  အသက်ငွေ့ငွေ့နဲ့ရှင်သန်နေရတဲ့ စာအုပ်တွေသာဖြစ်ပါတယ်။ မဂ္ဂဇင်းတခေတ်မှာလည်း အနုပညာရှင်တွေအကြောင်း ဖောဖောသီသီ ဖော်ပြလေ့ရှိတဲ့ ရုပ်ရှင်မဂ္ဂဇင်းတွေကိုသာ စာဖတ်သူကရွေးချယ်ခွင့်ရှိခဲ့တာပါ။

ပြည်သူလူထုအဖို့ ဖျော်ဖြေရေးနဲ့ အနုပညာခံစားခွင့်ဟာ အုပ်ချုပ်သူတွေက ပေးသလောက်နဲ့သာ ရောင်ရဲတင်းတိမ်ခဲ့ရတယ်။

တခြားများများစားစားရွေးချယ်ခွင့်မရှိတဲ့ကာလမှာ မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုတွေက လူတန်းစားအလွှာ အသီးသီးအတွက် စိတ်ထွက်ပေါက်တခုဖြစ်ခဲ့ပါတယ်။ အဖက်ဖက်က ဖွံ့ဖြိုးမှုနောက်ကျနေပြီး မျက်စိပိတ်နားပိတ်ကာလမှာ အနုပညာဖန်တီးမှုနဲ့ ခံစားမှုဟာလည်း တခြားသောနိုင်ငံတွေထက် နောက်ကျကျန်ခဲ့ရပါတယ်။

အဲ့ဒီကာလမှာ LGBT(လိင်စိတ်ခံယူမှု ကွဲပြားသူ) တွေကိုရယ်စရာအဖြစ်ပုံဖော်ထားတဲ့၊ ဟာသကားလို့ ခေါင်းစဉ်တပ်ထားတဲ့  ဇာတ်ကားတွေဟာ လူကြိုက်အများဆုံးဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းတွေထဲမှာ LGBT ဇာတ်ကောင် တွေဟာ အလှဖန်တီးရှင်၊နတ်ကတော်၊အိမ်ဖော် စသဖြင့်ပါဝင်ပြီး  ဇာတ်ကား တခုလုံးမှာပါဝင်တဲ့ အမျိုးသားသရုပ်ဆောင်တွေအားလုံးဟာ မိန်းမလျာဇာတ်ရုပ်အဖြစ် ရိုက်ကူး ထားတဲ့ဇာတ်ကားတွေ ဟာလည်း လူကြိုက်များကြပါတယ်။   အရပ်အခေါ် “အခြောက်” ဇာတ်ကား အသစ် ထွက်ရင် အခွေငှားဆိုင်မှာ လက်မလည်ပါဘူး။

ဒီဇာတ်ကားတွေထဲမှာ LGBT တွေဟာ အမြဲအလွဲလွဲအချော်ချော်ဖြစ်နေတတ်ပြီး၊ မထော်မနန်း အဝတ်အစားတွေနဲ့ နှုတ်ခမ်းနီခပ်ရဲရဲ၊ မိတ်ကပ်အဖွေးသားနဲ့ လူတွေအဖြစ်သာ အမြဲမြင်တွေ့ရလေ့ ရှိပါတယ်။ သူတို့ဟာ ဇာတ်ဆောင်မင်းသားကို အတင်းလိုက်ကြိုက်နေသူ၊ အမျိုးသားတွေကို ငမ်းငမ်းတက်ဖြစ်နေသူတွေအဖြစ်သာ ပုံဖော်ခံရလေ့ရှိပါတယ်။

LGBT တွေရဲ့ဖြစ်တည်မှုနဲ့ သူတို့ရဲ့စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး ဖော်ပြခံရတဲ့ဇာတ်ကားက မရှိသလောက်ပါပဲ။ ဒီလိုပုံဖော်မှုတွေကိုမြင်ရဖန်များလာတဲ့အခါ LGBT တွေဟာ လှောင်ပြောင်လို့ ရသူတွေ၊ ခွဲခြားဖိနှိပ်လို့ရတဲ့သူတွေအဖြစ် ပြင်ပလူမှုအသိုင်းအဝိုင်းက သတ်မှတ်လာပါတယ်။

ကျွန်မမှတ်မိသလောက်ဆိုရင် အဲ့ကာလတုန်းက ကျွန်မတို့အိမ်ပတ်ဝန်းကျင်က အသက်(၇)နှစ်အရွယ် ယောကျာ်းလေးငယ်တဦးက ကျွန်မတို့လမ်းထဲက LGBT တယောက်ကိုတွေ့တိုင်း “အခြောက်မ၊ အခြောက်မ” ဆိုပြီး လိုက်စနေတာကို မြင်ခဲ့ဖူးပါတယ်။ ကလေးမိခင်ဖြစ်သူက အဲ့လိုမခေါ်ဖို့ ဆုံးမတဲ့ အခါ ကလေးဖြစ်သူက အမေတို့ကြည့်တဲ့ မြန်မာကားတွေထဲမှာ အဲ့လိုပဲခေါ်တာလေဆိုပြီး ပြန်ပြော တာကို ကြုံခဲ့ဖူးပါတယ်။

ဒါတင်မကသေးပါဘူး။ ဒီဇာတ်ကားတွေထဲမှာ အရပ်ပုသူ၊ ခန္ဓာကိုယ်ဝသူ၊ အသားမည်းသူ စတဲ့ ဖြစ်တည်မှုတွေကို ဟာသလုပ်လှောင်ပြောင်ထားတဲ့ ဇာတ်လမ်းတွေကိုလည်း ဖောဖောသီသီ ရိုက်ကူးလေ့ရှိကြပါတယ်။

ဒါ့အပြင် စကားထစ်တာ၊ စကားမပီတာ၊ အကြောလိုက်တာ၊ လမ်းလျှောက်ပုံ၊ လက်လှုပ်ရှားပုံ၊ ပိုလီယို စသဖြင့် ခန္ဓာကိုယ်မသန်စွမ်းမှုတွေကိုလည်း ဟာသလို့ခေါင်းစဉ်တပ်ပြီးရိုက်ကူးခဲ့ကြပါတယ်။

နိုင်ငံတကာဇာတ်ကားတွေမှာလည်း ဒီလိုရိုက်ကူးမှုတွေရှိပေမယ့် ဇာတ်လမ်းမစခင်မှာကတည်းက ဒါတွေဟာ စိတ်ကူးယဉ်ဇာတ်ကောင်တွေသာဖြစ်တယ်လို့ ကြိုတင်အသိပေးတာမျိုးတွေရှိပါတယ်။

LGBT ဇာတ်ရုပ်တွေ၊ မသန်စွမ်းမှုကိုလှောင်ပြောင်တာ၊ ခန္ဓာကိုယ်ဖြစ်တည်မှုတွေကို ဟာသ လုပ်တာ တွေ အပြင် အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာထိပါးတဲ့ ဇာတ်ကွက်နဲ့ စကားလုံးတွေ ပါဝင်တဲ့ ဇာတ်လမ်းတွေဟာလည်း ရေတွက်လို့တောင်မရပါဘူး။

ဇာတ်ဆောင်မင်းသမီးကို နောက်ပြောင်တာ၊ ထိကပါးရိကပါးပြောတာ၊ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို လိင်ပိုင်းဆိုင်ရာထိပါးတဲ့ အကြည့်နဲ့ ကြည့်တာ စတဲ့ ပြကွက်တွေပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်းအရာတွေမှာလည်း အမျိုးသားဇာတ်ဆောင်က အမျိုးသမီးဇာတ်ဆောင်ကို အလိုမတူဘဲ  အဓမ္မပြုကျင့်ပြီးနောက် ကိုယ့်အပေါ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သူနဲ့ လက်ထပ်လိုက်ရတာမျိုးတွေ၊ အမျိုးသမီးကိုအလိုမတူဘဲကားတင်ပြေးတာမျိုးတွေ၊ အဓိက အမျိုးသားဇာတ်ဆောင်က အမျိုးသမီးဇာတ် ဆောင်ကိုကယ်တင်ဖို့အတွက် ဗီလိန်ဇာတ်ဆောင်တွေက အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာရယူဖို့ ကြိုးစားတာတွေ၊ အိမ်တွင်းအကြမ်းဖက်မှု ဇာတ်ဝင်ခန်းတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လက်စားချေတဲ့လက်နက်တခုလို ဖော်ပြတာစတဲ့ ပြကွက်တွေဟာ လည်း ဘယ်မြန်မာဇာတ်ကားကိုကြည့်ကြည့် လက်ညိုးထိုးမလွဲပါဘူး။

အိမ်တွင်းအကြမ်းဖက်မှုကိုအားပေးတဲ့  “မယားနေစ ကြောင်သေမှ ”၊ “အရိုး ကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တယ်” စတာတွေကိုလည်း ဖော်ပြရိုက်ကူးလေ့ရှိပါတယ်။

၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်ကား ၈၃ ကားထဲက ၃၆ ကားဟာ အမျိုးသမီး တွေနဲ့ LGBT ဇာတ်ကောင်တွေရဲ့ စွမ်းဆောင်ရည်ကို တန်ဖိုးလျှော့ချခြင်း၊ လိင်ကွဲပြားမှု အခြေခံ ခွဲခြားဆက်ဆံမှု တွေပါဝင်ခဲ့တယ်လို့ ၂၀၁၈ ခုနှစ်က ပညာအလင်းပွင့် မြန်မာသုတေသန ဖောင်ဒေးရှင်းက ထုတ်ဝေခဲ့တဲ့ မြန်မာ့ ရုပ်ရှင်‌လောက၏ ကျား-မဆိုင်ရာ အသိအမြင်နိုးကြားမှု စာတမ်းမှာဖော်ပြထားပါတယ်။

မြန်မာရုပ်ရှင်၊ ဗီဒီယိုတွေသာ မကဘဲ အငြိမ့်တွေ၊ လူရွှင်တော်တွေပြောတဲ့ ပြက်လုံးတွေမှာလည်း ဒီလိုအကြောင်းအရာတွေက နားနဲ့မဆံ့အောင်ပါပဲ။

ပြည်သူရွေးချယ်တင်မြှောက်တဲ့ အရပ်သားအစိုးရလက်ထက်မှာတုန်းကလည်း ဒါရိုက်တာ တယောက် က သူ့ရဲ့ဇာတ်ကားအတွက် ဇာတ်ဆောင်ရွေးချယ်ရာမှာ မုဒိမ်းကျင့်တဲ့အခန်းကို ပီပြင်အောင် သရုပ်ဆောင်ခိုင်းတဲ့  ရွေးချယ်ပွဲ လုပ်ခဲ့လို့ တက်ကြွလှုပ်ရှားသူတွေရဲ့ဝေဖန်မှုကိုခံခဲ့ရပါသေးတယ်။    ဒါတွေကခေတ်အဆက်ဆက် ရှိနေခဲ့ပြီး  လက်ရှိစစ်အာဏာသိမ်းတဲ့ကာလအထိ အရိုးစွဲနေတုန်းပါပဲ။

ပြီးခဲ့တဲ့နှစ်ပိုင်းက အများပြည်သူအခမဲ့ကြည့်ရှုလို့ရတဲ့ ရုပ်သံလိုင်းမှာပြသတဲ့ ဇာတ်ဝင်ခန်းမှာ  “ယောကျာ်းပီသချင်ရင် မုဒိန်းကျင့်တာကိုပါ စိတ်ကူးယဉ်နေရမယ်” ဆိုတဲ့ပြောစကားတွေပါဝင်တဲ့ ဇာတ်ဝင်ခန်း တခုဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

ဒီဇာတ်ဝင်ခန်းမှာ အမျိုးသားဇာတ်ဆောင်တွေဟာ အမျိုးသားသရုပ်ဆောင်ကောင်း တယောက် ဖြစ်ချင်ရင် အရက်သေစာသောက်စားတာ၊ လောင်းကစားပြုလုပ်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာတွေက အစ ပြုလုပ်တတ်ရမှာ ဖြစ်ပြီး၊ မုဒိမ်းကျင့်တာကိုပါ ကျူးလွန်ရမယ်ဆိုတာကို ပြောဆိုနေတဲ့ ဇာတ်ဝင်ခန်း ဖြစ်ပါတယ်။

အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေပပျောက်ဖို့ ကြိုးစားရုန်းကန်နေချိန်မှာ လူထုကြားထဲမှာတော့ ဒီလိုအကြောင်းအရာပါဝင်တဲ့ ဖျော်ဖြေရေးတွေဟာ အလွယ်တကူ တိုးဝင်နေတုန်းပါပဲ။ လူထုနဲ့ အများဆုံး ထိတွေ့မှုရှိတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေမှာ ပါဝင်တဲ့ပြကွက်နဲ့ စကားလုံးအနှုန်းတွေဟာ လက်တွေ့ လူမှုဘဝကို သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာတော့ မြန်မာနိုင်ငံဟာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဖက်ဖက်က နိမ့်ကျမှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေဟာလည်း ပိုမိုကောင်းလာဖို့ မျှော်လင့်လို့မရတဲ့ အခြေအနေထဲမှာ ပါဝင်ပါတယ်။

လက်တလော အငြင်းပွားမှုတွေများခဲ့တဲ့ နာမည်ကြီးဇာတ်သဘင်က မသန်စွမ်းဖြစ်တည်မှုကို လှောင်ပြောင်သရုပ်ဖော်မှုကိုကြည့်ခြင်းအားဖြင့်လည်း ကျွန်မတို့ ပြည်သူလူထု ရရှိနေရတဲ့  ဖျော်ဖြေရေး ရသဟာ ဟိုးအောက်ဆုံးမှာပဲရှိနေတာကို  ဝမ်းနည်းစွာတွေ့လိုက်ရပါတယ်။

ဒါဟာလည်း ဖျော်ဖြေရေးအသိုင်းအဝိုင်းကသူတွေရဲ့အပြစ် ၁၀၀ ရာခိုင်နှုန်းလို့တော့ ဆိုလို့မရပါဘူး။ အရင်းစစ်တဲ့အခါ တရားခံကတော့ စစ်အုပ်ချုပ်ရေးအောက်မှာ စနစ်တကျဖျက်စီးခံခဲ့ရတဲ့ ပညာရေး နိမ့်ကျမှုတွေရဲ့ အကျိုးဆက်တွေလည်း ပါဝင်ပါတယ်။

လူထုကို အဆိပ်အတောက်ဖြစ်စေတဲ့ ပြကွက်နဲ့အသုံးအနှုန်းတွေဟာ အရင်ကတည်းက ရှိခဲ့တာ မှန်ပေမယ့် အာဏာရှင်နဲ့အတူ ကျား၊ မခွဲခြားမှုတွေ၊ ရှေးရိုးစွဲအယူအဆတွေကိုပါ တွန်းလှန်နေတဲ့ ကာလဖြစ်တဲ့အတွက် ဒီလို အဆိပ်အတောက်တွေကို လူထုက အထိုက်အလျောက်တော့ ငြင်းပယ် လာကြပြီဖြစ်ပေမယ့် တဖက်မှာလည်းစိမ့်ဝင်မှုတွေရှိနေတုန်းပါပဲ။

အရိုးစွဲကျန်နေသေးတဲ့ ခွဲခြားမှုတွေအကြောင်းပြောတဲ့အခါ အငြင်းပွားမှုတွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒါဟာ ကျွန်မတို့ လူ့အဖွဲ့အစည်းထဲမှာ ရောဂါကိုစောစောထဲက မကုခဲ့တဲ့ အကျိုးဆက်ပဲဖြစ်ပါတယ်။ အခုရှုပ်မှနောင်ရှင်း ဆိုသလို  နိုင်ငံတော်အသစ်ကို အတွေးအခေါ်အသစ်တွေနဲ့ သွားမယ်ဆိုရင် အခုကတည်းက ပြောကြ၊ ထောက်ပြကြရမှာ ဖြစ်ပါတယ်။

ဒါတွေကအရင်ထဲက ဒီလိုပဲ၊ ဒီလိုပြောနေကြပဲဆိုပေမယ့် အာဏာရှင်နဲ့အတူ စနစ်ကိုဖြိုဖျက်မယ်လို့ ကြွေးကြော်ပြီးစတင်ခဲ့ကြတဲ့ ကျွန်မတို့နွေဦးတော်လှန်ရေးမှာတော့ ဒါတွေဟာ ထပ်ခါထပ်ခါ ထုတ်ပြောနေရမယ့် အချိန်ပဲဖြစ်ပါတယ်။

ဒါ့ပေမယ့် လက်ရှိတော်လှန်ရေးကာလမှာ ဒါတွေကိုသိလာပြီပြောလာပြီ၊ ဝေဖန်ထောက်ပြတဲ့ အတိုင်းအတာအထိ  လုပ်လာနိုင်ပြီဆိုတာကတော့ ကောင်းတဲ့အရွေ့လို့ဆိုရမှာပါ။ 

ဒါကြောင့်  ဒီအချိန်မှာ အာဏာရှင်စနစ်နဲ့အတူ အတွေးအခေါ်ဟောင်းတွေကိုပါ တော်လှန်နိုင်မှ  ကျွန်မတို့ရဲ့ အနုပညာခံစားမှုတွေဟာ  ထိပ်ဆုံးမရောက်နိုင်တောင် လူအခွင့်အရေးကိုနားလည်ပြီး တန်းတူညီမျှမှုဘောင်အတွင်းက အနုပညာဖန်တီးမှုနဲ့ ခံစားမှုတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

ကျန်းမာရေးနောက်ကျ၊ လူမှုစီးပွားနောက်ကျ၊ ပညာရေးနောက်ကျ အစစနောက်ကျနေရင်းနဲ့ နှလုံးသားနဲ့ ခံစားရတဲ့ အနုပညာခံစားမှုတွေကိုတော့ နောက်ကျကျန်မနေစေချင်တော့ပါဘူး။