တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
မတ်လ ၂၁ ရက်မှ ၂၇ ရက်အထိ တပတ်တာကာလအတွင်း သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်ရပ် တွေထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်ကောက်နှုတ် စုစည်းဖော်ပြအပ်ပါတယ်။
ဒီတပတ်အတွင်း သတင်းတွေထဲမှာ ကမ္ဘာ့လောင်စာဆီအကြပ်အတည်းရဲ့ သက်ရောက်မှုကို မြန်မာပြည်သူပြည်သားတွေ ခါးစည်းခံစားနေရတာကို ပြသနေတဲ့ သတင်းတွေအဆက်မပြတ် ထွက်ပေါ်နေခဲ့ပါတယ်။ အဲဒီအထဲမှာ စက်သုံးဆီရရှိနိုင်ဖို့ နွေနေပူပူမှာ နာရီနဲ့ချီ စောင့်ဆိုင်းနေရတဲ့ဖြစ်စဉ်ကြောင့် မြန်မာပြည်က တချို့ မြို့ကြီးတွေမှာ လူသေဆုံးမှုတွေ၊ မူးမေ့ သတိလစ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။
မန္တလေးမြို့က အသက် ၆၀ကျော်အရွယ်၊ နာတာရှည်ရောဂါအခံရှိတဲ့ အမျိုးသမီးကြီးတဦးဟာ စက်သုံးဆီဝယ်ယူခွင့်ရဖို့ နေ့တဝက်နီးပါး တန်းစီစောင့်ဆိုင်းခဲ့ရပြီး ညနေပိုင်း နေအိမ်ပြန်ရောက်ချိန်မှာ ဆုံးပါးခဲ့ရပါတယ်။ ဒီသတင်းဟာ မြန်မာပြည်သူပြည်သားတွေရဲ့ ပုံစံမျိုးစုံနဲ့ ကြုံတွေ့နေရတဲ့ ဒုက္ခအခက်အခဲတွေထဲက တခုပဲဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းမှုကြောင့် မြို့ပေါ်နေလူထုဖြစ်စေ၊ ကျေးလက်နေလူထုဖြစ်စေ လူ့အသက်တွေတန်ဖိုးမဲ့နေသလို ဖြစ်နေတာကို ထင်ထင်ရှားရှား ပြသနေတဲ့ တခြားဖြစ်စဉ်တွေကတော့ ထီးလင်း၊ ကောလင်း၊ ကျောက်ဖြူနဲ့ မြောင်မှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရရှိတာ စတဲ့ သတင်းတွေပဲဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကာလ တလျှောက်လုံးနဲ့ လူထုလက်မခံတဲ့ ဂုဏ်သိက္ခာ မဲ့ စစ်ကော်မရှင်ရွေးကောက်ပွဲကာလတလျှောက်လုံး အရပ်သား ပြည်သူတွေအထိနာစေတဲ့ လေကြောင်း ဗုံးကြဲမှုတွေကို အဆက်မပြတ်ကျူးလွန်ခဲ့တဲ့သတင်းတွေဟာ သတင်းစာမျက်နှာ တွေပေါ်မှာ နေ့စဉ် မှတ်တမ်းဝင်လျှက် ရှိပါတယ်။
နောက်ထပ် သတင်းတပုဒ်ကတော့ ရခိုင်ဒေသမှာ သက်ငယ်မုဒိမ်းမှုတွေ များလာတဲ့အတွက် AA က ပြစ်ဒဏ်တွေ တိုးမြှင့် သတ်မှတ်လိုက်တဲ့ သတင်းပါ။ မုဒိမ်းမှုတွေ များလာတာတဲ့အတွက် အမျိုးသမီးနဲ့ ကလေးတွေအတွက် ဘဝလုံခြုံမှု မရှိတော့တဲ့အခြေအနေကို ရင်ဆိုင်နေရတဲ့ ဒေသခံတွေဘက်ကတော့ ပြစ်ဒဏ်တိုးရုံတင်မကဘဲ တရားစီရင်ရေးမှာ ပိုပြီးပွင့်လင်းမြင်သာဖို့ မေးခွန်းထုတ်နေကြတာကို တွေ့ရပါတယ်။
ထိုင်းနိုင်ငံနယ်စပ်မြို့၊ မဲဆောက်မှာ ပစ္စည်းလုယက်သတ်ဖြတ်ခံလိုက်ရတဲ့ LGBT တဦးဖြစ်သူ ဧရာဝတီမအမှုမှာ ၂လပြည့်တဲ့အထိ တရားခံ မမိသေးတဲ့ သတင်းတပုဒ်အပါအဝင် မြန်မာသတင်းမီဒီယာအသီးသီးမှာ ဖော်ပြထားတဲ့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ သတင်း ၁၂ ပုဒ်ကို ပြန်လည် စုစည်းဖော်ပြအပ်ပါတယ်။
–မန္တလေးမှာ ဆီတန်းပြီးပြန်လာတဲ့အမျိုးသမီး အိမ်အရောက် ကွယ်လွန်
– မြောက်ဦးမှာ မိန်းကလေး လေးဦးကို အဓမ္မပြုကျင့်ဖို့ကြံစည်တဲ့ ဘကကျောင်းဆရာအား ဒီလပ်ဖမ်းဆီး
– မူဆယ်မှာ ပြည့်တန်ဆာလုပ်ဖို့ ဖိအားပေးခံရတဲ့ အမျိုးသမီး ၃ ဦးကို ၁၇ သိန်းပေးပြီး ကယ်ထုတ်ခဲ့ရ
– မုဒိမ်းမှုဖြစ်စဉ်တွေ ပွင့်လင်းမြင်သာမှု အားနည်းလို့ ULA တရားရေးအပေါ် မေးခွန်းထုတ်
– ရိုက်နှက်နှိပ်စက်ခံထားရတဲ့ ဒဏ်ရာနဲ့ တအာင်းအမျိုးသမီးတစ်ဦး တရုတ်ကနေ ရန်ကုန်သို့ရောက်ရှိ
– သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို ထောင်ဒဏ် တစ်သက်(သို့မဟုတ်) နှစ် ၂၀ ထိချမှတ်မယ်လို့ AA ထုတ်ပြန်
– မဲဆောက်မှာ အသတ်ခံရတဲ့ ဧရာဝတီမရဲ့အမှုမှာ နှစ်လပြည့်တဲ့အထိ တရားခံ မမိသေး
– မြောင်မှာ လေကြောင်းကဗုံးကြဲလို့ အမျိုးသမီး ၃ ဦးအပါအဝင် ၆ ဦးသေဆုံး
– ကောလင်းကို စစ်တပ်ဗုံးကြဲလို့ ကိုယ်ဝန်ဆောင်အပါအဝင် ၅ဦး သေဆုံး
– ကျောက်ဖြူမှာ ရက်ဆက်ဗုံးကြဲလို့ အမျိုးသမီး ၂ ဦးအပါအဝင် ၄ ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရ
– ထီးလင်းမှာ လေကြောင်းတိုက်ခိုက်လို့ မပြေးနိုင်တဲ့ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရ
– တရားမဝင်လုပ်သားတွေကို အခန်းငှားပေးတဲ့ မြန်မာအမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ
– ရွှေဘိုအကျဉ်းထောင်မှာ လာဘ်ပေးမှုရှိနေကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ ထုတ်ပြန်
– ရန်ကုန်၊ တာမွေရှိ ဟိုတယ်တစ်ခုပေါ်ကနေ အမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံး
– ကြို့ပင်ကောက်မြို့နယ် NLD အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဌ ပစ်ခတ်ခံရပြီး သေဆုံး
မန္တလေးမှာ ဆီတန်းပြီးပြန်လာတဲ့အမျိုးသမီး အိမ်အရောက် ကွယ်လွန်
Source – People’s Spring
မန္တလေးမြို့မှာ စက်သုံးဆီတန်းစီပြီး ပြန်လာတဲ့ အမျိုးသမီးကြီးတစ်ဦး အိမ်အရောက်မှာ ကွယ်လွန်သွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂၅ ရက် နေ့လယ်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်းပိုင်းက ဆီဆိုင်တစ်ဆိုင်မှာ နာရီနဲ့ချီပြီး ဆိုင်ကယ်ဆီဝယ်ယူခွင့်ရဖို့ တန်းစီခဲ့တဲ့ (၆၁)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ ညနေ ၄နာရီခွဲလောက်မှာ အိမ်ပြန်ရောက်ချိန် ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“လေးငါးနာရီတန်းစီပြီး အိမ်အရောက် သွေးတိုးဆီးချိုတွေလည်းရှိတော့ လဲကျရင်း အသက်ပါသွားတာ”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ကွယ်လွန်သူ အမျိုးသမီးဟာ မြန်မာ့သစ်လုပ်ငန်း၊ မန္တလေးတိုင်းရုံးက အကြီးတန်းစာရေး ဒေါ်သက်သက်အောင်ဖြစ်ကြောင်း သိရပါတယ်။
မန္တလေးမြို့မှာ အပူဒဏ်ပြင်းနေပြီး မော်တော်ယာဥ်တွေဟာ စက်သုံးဆီရဖို့ နေပူထဲ အချိန်လေးနာရီထက်မနည်း တန်းစီစောင့်ဆိုင်းကာ ဝယ်ယူနေရကြောင်း မြို့ခံတွေက ပြောပါတယ်။
နိုင်ငံတဝန်း စက်သုံးဆီတန်းစီဝယ်ယူသူအချို့ဟာ နွေအပူဒဏ်ကြောင့် သေဆုံးမှုတွေနဲ့ သတိလစ် မူးလဲသွားသူတွေ ဒီရက်ပိုင်း ဆက်တိုက်ဖြစ်နေပါတယ်။
ဒီကနေ့ မနက် ၁၀နာရီကျော်ကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စက်သုံးဆီဝယ်ဖို့ တန်းစီရင်း အသက်(၈၀)ကျော် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး မူးလဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မတ်လ ၂၆ရက်ကလည်း ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ် ဟာမစ်တစ်မှတ်တိုင်အနီးမှာ အဆိုတော် ပက်ထရစ်တင်ထွန်းဆိုသူဟာ ဆီတန်းစီရင်း သူမောင်းလာတဲ့ တက္ကစီယာဥ်ပေါ်မှာပဲ သတိလစ် ကွယ်လွန်ခဲ့ပါသေးတယ်။
မြောက်ဦးမှာ မိန်းကလေး လေးဦးကို အဓမ္မပြုကျင့်ဖို့ကြံစည်တဲ့ ဘကကျောင်းဆရာအား ဒီလပ်ဖမ်းဆီး
Source – နိရဉ္စရာ
ရခိုင်ပြည်၊ မြောက်ဦးမြို့မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် ၄ ဦးကို အဓမ္မပြုကျင့်ရန်ကြံစည်တဲ့ ဘုန်းတော်ကြီး သင်ပညာရေး(ဘက)ကျောင်းတစ်ကျောင်းမှ ကျောင်းဆရာတစ်ဦးကို တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန- DLEPS(ဒီလပ်)က ဖမ်းဆီးခဲ့ကြောင်း အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်းတွေ ထုတ်ပြန်ရေးအဖွဲ့က မတ်လ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် ၄ ဦးကို အဓမ္မပြုကျင့်ရန်ကြံစည်မှုနဲ့ ဖမ်းဆီးခံရသူမှာ မြောက်ဦးမြို့ရှိ ဘက ကျောင်းတစ်ကျောင်းမှ ကျောင်းဆရာ ဦးမောင်ငယ်(ခ)မောင်တင်နု (၅၆)နှစ်ဖြစ်တယ်။
သူ့ကို မတ်လ ၁၁ ရက်မှာ ဒီလပ်တပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်မှာ အဲ့ဒီကျောင်းမှာ ပညာသင်နေတဲ့ အသက် ၈ နှစ်အရွယ် KG တန်း ကျောင်းသူ လေးတစ်ဦးရဲ့မအင်္ဂါစပ်အား သူရဲ့လက်ညှိုးနဲ့ ထိုးသွင်းကာ မဖွယ်မရာ ပြုလုပ်ခဲ့တယ်လို့ ပြုကျင့်ခံရသူမိန်းကလေးငယ်က သူရဲ့မိခင်ဖြစ်သူအား ပြန်လည်ပြောပြခဲ့တာလို့ သိရပါတယ်။
ဆက်လက်စုံစမ်းချက်အရ ဦးမောင်ငယ်(ခ)မောင်တင်နုဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကလည်း အသက် (၆)နှစ်၊ (၇)နှစ်နဲ့ (၈) နှစ် အရွယ်ရှိ KG ကျောင်းသူလေး ၃ ဦးရဲ့မိန်းမကိုယ်ကိုလည်း သူရဲ့လက်ညှိုးနဲ့ ထိုးသွင်းကာ မဖွယ်မရာပြုလုပ်ခဲ့တယ်လို့ ထပ်မံသိရတဲ့အတွက် ကျူးလွန်ခံရသူမိဘတွေက မတ်လ ၆ ရက်မှာ ဒီလပ်တပ်ဖွဲ့ကို လာရောက်တိုင်တန်း အမှုဖွင့်ခဲ့ကြ တယ်လို့ ဆိုပါတယ်။
ဒီလပ်ဌာနဟာ ကနဦး စုံစမ်းမှုတွေပြုလုပ်ကာ အမှုအမှတ် (ပ) ၁၄/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ နဲ့ အမှုဖွင့်ပြီး ဦးမောင်ငယ် (ခ) မောင်တင်နုကို မတ်လ (၁၁) ရက်မှာ ဖမ်းဆီးကာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင် ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
မူဆယ်မှာ ပြည့်တန်ဆာလုပ်ဖို့ ဖိအားပေးခံရတဲ့ အမျိုးသမီး ၃ ဦးကို ၁၇ သိန်းပေးပြီး ကယ်ထုတ်ခဲ့ရ
Source – ရွှေဖီမြေ
တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ပြည့်တန်ဆာလုပ်ဖို့ ဖိအားပေးခံရတဲ့ အမျိုးသမီး ၃ ဦးကို လူမှု ကူညီရေးအသင်းတွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသက် ၂၀ ဝန်းကျင်အရွယ်သာ ရှိသေးတဲ့ အဲဒီအမျိုးသမီး ၃ ဦးဟာ နေပြည်တော်မှာ နေထိုင်ကြသူပြီး မူဆယ်မြို့မှာ အလုပ်လုပ်ဖို့ တက်လာသူတွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်မှာ နေပြည်တော်ကနေ မူဆယ်မြို့ဘက် အလုပ်လုပ်ဖို့ တက်လာတဲ့ အမျိုးသမီး ၃ ဦးဟာ မူဆယ် မြို့သို့ ရောက်ရှိပြီးနောက် ပြည့်တန်ဆာလုပ်ဖို့ ဖိအားပေးခံရတာကြောင့် လူမှုကူညီရေးအသင်းတွေထံ ဆက်သွယ်ကာ အကူအညီ တောင်းခံခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“သူတို့က မူဆယ်ကို အလုပ်လုပ်ဖို့လာတာ အနှိပ်ခန်းသီးသန့် ရိုးရိုးအနှိပ်ခန်းပဲ ခေါ်တာပေါ့။ အဲဒါကြောင့် သူတို့က လိုက် လာတာပေါ့ မူဆယ်ကို။ မူဆယ်လည်းရောက်ရော တစ်ရက်နှစ်ရက်နားပြီး ရိုးရိုးအနှိပ်ခန်း မဟုတ်ဘူး ပြည့်တန်ဆာ လုပ် ခိုင်းတယ်။ သူတို့က သဘောမတူတော့ အကူအညီ လှမ်းတောင်းလာပြီး သွားကြိုလိုက်တာ”
အလုပ်ရှင်တွေထံ ကျပ်ငွေ ၁၇ သိန်း ပေးကာ သူတို့ကို ကယ်ထုတ်ခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီအမျိုးသမီး ၃ ဦးကို လူမှုကူညီရေးအသင်းရုံးမှာ ယာယီ နေရာချပေးထားတယ်လို့ သိရပါတယ်။
မုဒိမ်းမှုဖြစ်စဉ်တွေ ပွင့်လင်းမြင်သာမှု အားနည်းလို့ ULA တရားရေးအပေါ် မေးခွန်းထုတ်
Source – DMG
ရခိုင်ဒေသအတွင်း မုဒိမ်းမှုနဲ့ သက်ငယ်မုဒိမ်းမှုဖြစ်စဉ်တွေ တစ်စတစ်စ မြင့်တက်လာနေပေမယ့် အရေးယူဆောင်ရွက်မှု အပိုင်းမှာ ပွင့်လင်းမြင်သာမှု အားနည်းနေလို့ ULA တရားရေးအပေါ် ဒေသခံတွေက မေးခွန်းထုတ်နေကြပါတယ်။
မုဒိမ်းမှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို ဘယ်လိုအရေးယူဆောင်ရွက်နေတာကို လူထုရှေ့ ပွင့်လင်းမြင်သာ စွာ ချပြမှု မရှိသလောက်နည်းပါးတာက မုဒိမ်းမှုဖြစ်ပွားတာကို မြင်ပတက်လာစေတယ်လို့ ပတ်သက်၍ ကျူးလွန်သူများကို အမျိုးသမီးအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။
ပုဏ္ဏားကျွန်းဒေသခံ လူငယ်အမျိုးသမီးတစ်ဦးက“ဒီလို ပြစ်မှုတွေကျူးလွန်မှု များပြားလာတာက အမျိုးသမီးတွေရဲ့ဘဝ လုံခြုံမှုနဲ့ မိသားစုတွေရဲ့ လူမှုဘဝတွေကို လုံခြုံမှုကင်းမဲ့စေတာ အမှန်ပဲ။ ဒီလို ပြစ်မှုတွေ တိုးစေတာက တရားရေးဌာနနဲ့ ဥပဒေရေးရာဌာနက ပြစ်မှုကျူးလွန်သူတွေကို လူထုရှေ့ စံပြ ပြစ်ဒဏ် ချမပြတာ၊ ကျူးလွန်သူတွေကို ဘယ်ပြစ်မှု၊ ပြစ်ဒဏ်ပေးလိုက်တာကို လူထု ချမပြတာတွေကြောင့် တိုးလာတာလည်းဖြစ်နိုင်တယ်”လို့ ပြောပါတယ်။
၂၀၂၆ ခုနှစ်ရဲ့ ပထမ ၃ လမှာ မြောက်ဦး၊ ပေါက်တောနဲ့ မောင်တောမြို့နယ်မှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်ဖို့ ကြိုးပမ်းမှု ၄ ကြိမ်ထိ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်ထဲမှာလည်း အလားတူ ဖြစ်စဉ် ၈ ကြိမ်ထက်မနည်း ရှိခဲ့ကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူတွေထံမှ သိရပါတယ်။
အသက် (၃၀) အရွယ် အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူ မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက “အခုလက်ရှိဖြစ်နေတဲ့ မုဒိမ်းမှုတွေက တိကျပြတ်သားတဲ့ ဥပဒေကို ပြည်သူကို ချမပြခြင်းတွေရဲ့ ဆိုးကျိုးလို့ မြင်တယ်။ ဥပဒေကို အကောင်အ ထည် ဖော်လို့ရှိရင်လည်း အဲဒီဥပဒေကို ငွေကြေး ပါဝါ၊ ရာထူးပါဝါတွေနဲ့ မဖုံးဖိနိုင်အောင် တရားမျှတတဲ့ အရေးယူမှုတွေကို ပြသဖို့ လိုအပ်တယ်။ မုဒိမ်းကျူးလွန်သူတွေကို မွေးစားရာ မကျအောင်အတွက် မုဒိမ်းမှု ကျူးလွန်သူတွေကို ပြည်သူတွေရဲ့ မျက်မှောက်ရှေ့မှာ ဥပဒေအားနဲ့ ကိုယ်တွယ်ရမယ်”လို့ ပြောပါတယ်။
တစ်ဖက်မှာလည်း အာရက္ခတပ်တော် ထိန်းချုပ်ရာ ဒေသတွေမှာ မုဒိမ်းမှု ကျူးလွန်သူအချို့ ထွက်ပြေးလွတ်မြောက်နေတာ ကလည်း လုံခြုံရေးအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ရိုက်နှက်နှိပ်စက်ခံထားရတဲ့ ဒဏ်ရာနဲ့ တအာင်းအမျိုးသမီးတစ်ဦး တရုတ်ကနေ ရန်ကုန်သို့ရောက်ရှိ
Source – ရွှေဖီမြေ
ရိုက်နှက်နှိပ်စက်ခံထားရတဲ့ တအာင်းအမျိုးသမီးတစ်ဦး ရန်ကုန် လေဆိပ်သို့ ပို့ဆောင်ခံထားရပြီး မိသားစုဝင်နဲ့ ဆက်သွယ် ဖို့ အကူအညီ လိုအပ်နေကြောင်း ခေါ်ဆောင်ထားသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မတ်လ ၂၂ ရက်မှာ သက်ဆိုင်ရာက လေဆိပ်ကနေ တအာင်းစာပေယဉ်ကျေးမှုကို ဆက်သွယ်ပြီး လက်ရှိမှာတော့ ရန်ကုန် သာသနာ့ရောင်ခြည်ဦး (ပလောင်)ကျောင်းသို့ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
ဒီအမျိုးသမီးဟာ အသက် ၂၀ ဝန်းကျင်အရွယ်ဖြစ်ပြီး တရုတ်ပြည်ကနေ ရန်ကုန်လေဆိပ်သို့ ပြန်ပို့ခံရတာလို့ ဆိုပါတယ်။ သူ့ကို လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးပေးမှာဖြစ်ပြီး မိသားစုအနေနဲ့ အမြန်ဆုံး ဆက်သွယ်လာပေးဖို့ ခေါ်ယူစောင့်ရှောက် ထားသူတွေက ပြောပါတယ်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို ထောင်ဒဏ် တစ်သက် (သို့မဟုတ်) နှစ် ၂၀ ထိ ချမှတ်မယ်လို့ AA ထုတ်ပြန်
Source – DMG
ရခိုင်ဒေသရှိ သက်ငယ်မုဒိမ်းမှု ကျူးလွန်ပါက ထောင်ဒဏ် တစ်သက်ဖြစ်စေ၊ ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ကို ချမှတ်သွားမှာဖြစ်ကြောင်း အာရက္ခတပ်တော်(AA)ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ထုတ်ပြန်ထားပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၃)အရ မည်သူမဆို အသက် (၁၂)နှစ်အောက် အမျိုးသမီးကို မုဒိမ်းမှု ကျူးလွန်းလျှင် ဒီပြစ်ဒဏ် တွေ ကျခံရမယ်လို့ DLEPS ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါ့အပြင် မုဒိမ်းကျင့်ဖို့ ကြံစည်အားထုတ်မှုမြောက်ပါကလည်း ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပြီး ဒီပြစ်မှုမြောက်ရင် ရာဇတ်သတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ်ချမှတ်မယ်လို့ ပြဌာန်းထားပါတယ်။
ပြည်သူတွေအနေနဲ့ သက်ငယ်မုဒိမ်းမှု မဖြစ်စေဖို့နဲ့ မုဒိမ်းမှုကျူးလွန်ဖို့ ကြံစည်အားထုတ်မှ လွတ်မြောက်ဖို့အတွက် ကလေး ငယ်တွေကို ကြိုတင်ကာကွယ်တာ၊ သံသယဖြစ်ဖွယ်ရာ တွေရှိပါက သတင်းပေးပို့တာ၊ ဥပဒေအကြောင်း သိနားလည် အောင်လုပ်ဆောင်တာ၊ ကျူးလွန်သူတွေကို အကာအကွယ်မပေးဘဲ ဝိုင်းဝန်းရှုတ်ချတာနဲ့ ကလေးငယ်းတွေ ပွင့်လင်းစွာ ပြောဆိုနိုင်အောင် ပြုစုပျိုးထောင်ကြဖို့လည်း DLEPS က တိုက်တွန်းထားပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်ဒေသအတွင်း သက်ငယ်မုဒိမ်းမှုဖြစ်စဉ် များလာတဲ့အတွက် ကျူးလွန်သူတွေကို ထိထိရောက် ရောက် အရေးယူပေးဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ရခိုင်ပြည်သူတွေက တောင်းဆိုနေကြပါတယ်။
မဲဆောက်မှာ အသတ်ခံရတဲ့ ဧရာဝတီမရဲ့အမှုမှာ နှစ်လပြည့်တဲ့အထိ တရားခံ မမိသေး
Source – Delta News Agency
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အသတ်ခံရတဲ့ ကိုတင့်ဇော်ထွေး (ခ) ဧရာဝတီမရဲ့ အမှုမှာ နှစ်လပြည့်တဲ့အထိ တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ ကိုတင့်ဇော်ထွေး(ခေါ်) ဧရာဝတီမဟာ လိငိစတ်ခံယူမှု ကွဲပြားသူတဦးဖြစ်ပြီး ဧရာဝတီတိုင်း ငပုတောမြို့ ဇာတိဖြစ်ပါတယ်။
တရားခံကို ဖမ်းဆီးရမိနိုင်ဖို့အတွက် ထိုင်းရဲတပ်ဖွဲက မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေပေမယ့် အင်တိုက်အား တိုက် လိုက်လံဆောင်ရွက်နေတဲ့သူတွေ၊ အဖွဲ့အစည်းတွေနဲ့ ဧရာဝတီမရဲ့ မိတ်ဆွေတချို့က ပူးပေါင်းဆောင်ရွက်မှု အားနည်းတာကြောင့် သတင်းအချက်အလက်တွေ အလုံအလောက်ရရှိဖို့ ခက်ခဲမှုတွေ ရှိနေတယ်လို့ အမှုမှန်ပေါ်ပေါက်ရေး လိုက်လံ ကူညီဆောင်ရွက်ပေးနေသူ တဦးက ဆိုပါတယ်။
လူမှုကွန်ရက်စာမျက်နှာတွေမှာ အဝတ်အထည်၊ အလှကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ရောင်းချရင်း ဧရာဝတီမလို့ လူသိများ ခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် ကိုတင့်ဇော်ထွေးကို ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက် နားမှာ သေဆုံးလျှက် ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်။
မြောင်မှာ လေကြောင်းကဗုံးကြဲလို့ အမျိုးသမီး ၃ ဦးအပါအဝင် ၆ ဦးသေဆုံး
Source – မြေလတ်အသံ
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သောင်ကြီးကျေးရွာမှာ စစ်ကော်မရှင်တပ်က လေကြောင်းကဗုံးကြဲတာကြောင့် အမျိုးသမီး ၃ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရတယ်လို့ နဘတ်တိုက်နယ်ပကဖ တာဝန်ရှိသူဆီက သိရပါတယ်။
မတ်လ ၂၃ ရက် မနက် ၁၂ နာရီခန့်မှာ ဂျက်ဖိုက်တာ ၁ စီးနဲ့ရွာထဲကို ဗုံး ၄ လုံးကြဲချခဲ့ရာ ရွာလယ်ပိုင်းရှိနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲခံရတာကြောင့် အသက် ၆ နှစ်အရွယ် ယောကျ်ားလေး ၁ ဦးအပါအဝင် အသက် ၄၀ ကနေ ၅၀ ကြား အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး နေရာမှာတင်သေဆုံးကာ ကလေးငယ်တွေအပါအဝင် ဒဏ်ရာရသူ ၂၀ ကျော်ရှိတယ်လို့ ကနဦးသိ ထားရပြီး ထိခိုက်သေဆုံးသူ အရေအတွက်ပိုများနိုင်သေးတယ်လို့ ဆိုပါတယ်။
ကောလင်းကို စစ်တပ်ဗုံးကြဲလို့ ကိုယ်ဝန်ဆောင်အပါအဝင် ၅ဦး သေဆုံး
Source – People’s Spring
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို မတ်လ ၂၅ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် ဒေသခံ ၅ဦး သေဆုံးခဲ့ပါတယ်။
ကောလင်းမြို့ အရှေ့ပိုင်း၊ ဖလဲရွာက မိသားစုဝင်ငါးဦးရှိတဲ့ အိမ်ပေါ်တည့်တည့်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ သက်ကြီးပိုင်း အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦးတို့ သေဆုံးခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဖလဲရွာကိုလေကြောင်းတိုက်ခိုက်သွားတာလို့ မြို့ခံတွေက ပြောပါတယ်။
ကျောက်ဖြူမှာ ရက်ဆက်ဗုံးကြဲလို့ အမျိုးသမီး ၂ ဦးအပါအဝင် ၄ ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရ
Source – သံလွင်ခတ်
အာရက္ခတပ်တော် (AA)နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ထဲ အရပ်သားတွေ နေထိုင်ရာ ကျေးရွာတွေကို စစ်ကောင်မရှင်က ဒရုန်းနဲ့ လေကြောင်းအသုံးပြု ရက်ဆက်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး နှစ်ဦးနဲ့ အပါအဝင် လေးဦး ထိခိုက်ဒဏ်ရာတွေရခဲ့ကြပါတယ်။
မတ်လ ၂၃ ရက်၊ မွန်းတည့် ၁၂ နာရီခန့်မှာ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ အလယ်ပိုင်းရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်း ၄ စီးနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်။
ဒီတိုက်ခိုက်မှုကြောင့် မောင်မောင်ကြီး (၁၃ နှစ်)၊ ကိုဟိန်းထက်ဇော် (၂၁ နှစ်)၊ မမြင့်ရွှေရည် (၂၉ နှစ်) နဲ့ ဒေါ်မခင်သိန်း (၇၅ နှစ်)တို့ ဒဏ်ရာရခဲ့ကြပြီး နီးစပ်ရာ ဆေးပေးခန်းတွေမှာ အရေးပေါ်ကုသမှု ခံယူနေရကြောင်း သိရပါတယ်။
ထီးလင်းမှာ လေကြောင်းတိုက်ခိုက်လို့ မပြေးနိုင်တဲ့ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရ
Source – မြေလတ်အသံ
စစ်ကိုင်းတိုင်း၊ ထီးလင်းမြို့နယ်၊ ကန်စွန်းထောင့်ရွာသစ်ကို လေကြောင်းနဲ့ဗုံးကြဲတာကြောင့် သက်ကြီးပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေထံက သိရပါတယ်။
မတ်လ ၂၆ ရက် နေ့လယ် ၁ နာရီကျော်မှာ စစ်ကော်မရှင်ရဲ့ဂျက်ဖိုက်တာ ၁ စီးဟာ အိမ်ခြေ ၂၀ ခန့်သာရှိတဲ့ ရွာသစ်ထဲကို ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးထိမှန်တာကြောင့် မပြေးနိုင်တဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသားရဲ့ပေါင်နဲ့ အမျိုးသမီး ၁ ဦးရဲ့ လက်မှာ ဒဏ်ရာရ တာဖြစ်တယ်။
ကွတ်ခိုင်ရှိ တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း မိုင်းကွဲပြီး ကလေး ၂ ဦးအပါ ၃ ဦး ဒဏ်ရာရ
Source – DVB
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းထဲ မတ် ၂၅ ရက် ဒီနေ့ နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲပြီး ကလေး ၂ ယောက်အပါ ၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်လုပ်မိုင်း ပေါက်ကွဲတာကြောင့် ကွတ်ခိုင်မြို့ ဒေသခံ ၃ ယောက်ဖြစ်တဲ့ ဒေါ်အေးရွှေ (၆၃ နှစ်)၊ မောင်နိုင်မင်းထွန်း (၁၃ နှစ်)၊ မဆုကလျာ (၁၀ နှစ်) တို့ ထိမှန်ဒဏ်ရာရခဲ့ပြီး မဆုကလျာနဲ့ ဒေါ်အေးရွှေကိုတော့ သိန္နီဆေးရုံဆီ ပို့ဆောင်ကုသပေးနေရ ပါတယ်။
ဒေသခံတယောက်က “ကွတ်ခိုင် အမျိုးသမီးရုံးမှာ အရင်က TNLA တပ်သားတွေ နေတာရှိတယ်။ အဲဒီမှာ ကျန်ခဲ့တဲ့ ကျည်ကာဦးထုပ်အောက်မှာ မိုင်းရှိနေတာ။ TNLA တပ်တွေမရှိတော့ ဝင်ပြီး သွားဖယ်လိုက်တော့ ပေါက်ကွဲသွားတာ။ ရုံးဝင်းထဲ ထင်းသွားယူဖို့ အုပ်ချုပ်ရေးရုံးကို ဖုန်းဆက်အကြောင်းကြားတယ်။ အုပ်ချုပ်ရေးရုံးက ရှင်းလင်းရေးမလုပ်ရသေးလို့ မသွားဖို့ပြောတာ။ ရုံးဝင်းအရှေ့ပေါက်က သော့ပိတ်ထားလို့ အနောက်ဘက်ခြုံတွေထဲကနေ ဝင်ပြီး ထင်းဝင်ကောက်ကြတာ” လို့ ပြောပါတယ်။
တရားမဝင်လုပ်သားတွေကို အခန်းငှားပေးတဲ့ မြန်မာအမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ
Source – DVB
ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်းခရိုင် စမွတ်စခွန်းမြို့မှာ တရားမဝင်မြန်မာလုပ်သားတွေကို အခန်းငှားပေးတဲ့ မြန်မာ အမျိုးသမီးတယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
တရားမဝင် ဝင်လာသူတွေကို လုပ်ငန်းခွင်အသီးသီး မပို့ဆောင်ခင် စမွတ်စခွန်းမြို့ ခုတ်ခမ်ရပ်ကွက်ရှိ အငှားအိမ်ခန်းတွေ မှာ ယာယီသိုဝှက်ထားကြောင်း သတင်းရတာကြောင့် ခရိုင်တရားရုံး ဖမ်းဝရမ်းစာနဲ့ မတ် ၂၅ ရက်က အဆိုပါနေအိမ်ကို သွားရောက်စစ်ဆေးခဲ့တယ်လို့ စမွတ် စခွန်းခရိုင် လဝက ရဲမှူးကြီး ဆုမိတ် ကျိန်းနုန်းဖိထတ်က သတင်းထောက်တွေကို ပြောပါတယ်။
အဲ့ဒီအိမ်ကနေ အသက် ၃၈ နှစ်ရွယ် မြန်မာအမျိုးသမီး ခင်စန်းကြည် ဆိုသူကို ဖမ်းဆီးရမိပြီး တရားမဝင်လုပ်သားတွေ အတွက် နေထိုင်ဖို့ အခန်းစီစဉ်ငှားရမ်းပေးသူ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။
သူဟာ အခန်းငှားပေးရုံတင်မကဘဲ မြန်မာပြည်ကနေ ထိုင်းမှာ အလုပ်လာလုပ်လိုသူတွေကို ရှာဖွေတာ၊ ထိုင်းထဲ ဝင်လာ လို့ရအောင် ခေါ်ဆောင်တာတွေမှာ အဓိကကျတဲ့ ဦးဆောင်သူတယောက် ဖြစ်တယ်လို့ ရဲမှူးကြီးက ပြောပါတယ်။
ရွှေဘိုအကျဉ်းထောင်မှာ လာဘ်ပေးမှုရှိနေကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ ထုတ်ပြန်
Source – ကေအိုင်စီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုအကျဉ်းထောင်ထဲ ထောင်အာဏာပိုင်တွေက လုပ်ပိုင်ခွင့်ကိုအသုံးပြုပြီး လာဘ်ပေး လာဘ်ယူတာတွေ ကျူးလွန်နေကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့- Women’s Organization Of Political Prisoners က ယမတ်လ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပေါ့ပေါ့ပါးပါး အလုပ်များရရှိဖို့၊ မိသားစုနဲ့ ထောင်ဝင်စာတွေ့ဆုံဖို့၊ တိုက်ပိတ်ခံရတဲ့ အခြေအနေမှ အကျဉ်းဆောင်ကို ပြန် ပြောင်းဖို့ လွတ်ရက်လျှော့ရဖို့ စတာတွေကို အကျဉ်းသူတွေထံကနေ ငွေလက်ခံရယူပြီး လုပ်ဆောင်နေတာလို့ ဆိုသည်။
“ငွေကြေးယူပြီး လွတ်ရက်လျှော့ပေးတဲ့ကိစ္စက နိုင်ငံရေးအကျဉ်းသူတွေရောပါမပါ မသေချာပေမယ့် ကျမတို့ဆီမှာ ရလာ တဲ့စာရင်းအရဆို အခြားအမှုနဲ့ထောင်ကျတဲ့သူတွေကိုပဲ သူတို့(ထောင်ဝန်ထမ်းတွေ)က ငွေကြေးရယူပြီး လုပ်ပေးတာပါ“ လို့ WOOP ရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ထောင်အာဏာပိုင်တွေက အကျဉ်းထောင်ထဲ့ အသုံးပြုနေတဲ့ စက်ပစ္စည်းဝယ်ယူပြုပြင်ရေးကုန်ကျစရိတ်တွေအတွက်ပါ အကျဉ်းသူတွေထံမှ ငွေကြေးကောက်ခံတာ ရှိနေတာဖြစ်တယ်။
ရန်ကုန်၊ တာမွေရှိ ဟိုတယ်တစ်ခုပေါ်ကနေ အမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံး
Source – BBC
ရန်ကုန်မြို့၊ တာမွေမြို့နယ်က အကြည်တော်ဟိုတယ်ပေါ်ကနေ မတ် ၂၆ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ အသက် ၃၀ ကျော်အရွယ် အမျိူးသမီးတစ်ဦးပြုတ်ကျသေဆုံးခဲ့တယ်လို့ တာမွေမြို့နယ်အခြေစိုက်လူမှုကူညီရေး အသင်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ လားရှိုးမြို့က အသက် ၃၂ နှစ်အရွယ် အမျိုးသမီးဖြစ်တယ်။ ဟိုတယ်ပေါ်က ပြုတ်ကျသူရဲ့ မိသားစုနဲ့တော့ အဆက်အသွယ်မရသေးဘူးလို့ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
လက်ရှိမှာ ရဲမှတ်တမ်း၊ဆေးမှတ်တမ်းနဲ့ မှုခင်းစစ်ဆေးချက်တွေကို သိရတာမရှိသေးလို့ ပြုတ်ကျတဲ့ပုံစံနဲ့ သေဆုံးခဲ့တယ်ဆို တာနဲ့ပတ်သက်တဲ့ အသေးစိတ်တိကျတဲ့အချက်အလက်တွေကို သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
ကြို့ပင်ကောက်မြို့နယ် NLD အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဌ ပစ်ခတ်ခံရပြီး သေဆုံး
Source – မြေလတ်အသံ
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD အမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဌ ပစ်ခတ် ခံရပြီးသေဆုံးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မတ်လ ၂၂ ရက် နေ့လယ် ၁၂ နာရီခန့်မှာ အသက် ၅၄ နှစ်အရွယ် ဥက္ကဌ ဒေါ်တင်တင်နု နေအိမ်မှာရှိနေချိန် သေနတ် သမား ၁ ဦးက ဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
ပစ်ခတ်သွားသူက တော်လှန်ရေးအင်အားစုတွေဘက်က လာရောက်ပစ်ခတ်တာမဖြစ်နိုင်ဘဲ လူမှုရေးကိစ္စ၊ ပုဂ္ဂျိလ်ရေးကိစ္စ မကျေနပ်ချက်တွေကြောင့် လာရောက်ပစ်ခတ်တာနဲ့ စစ်ကော်မရှင်တပ်တွေဘက်က ပစ်ခတ်တာဖြစ်နိုင်တယ်လို့ အထက်ပါ နီးစပ်သူက ခန့်မှန်းပါတယ်။
ဒေါ်တင်တင်နုဟာ ၂၀၂၀ ရွေးကောက်ပွဲ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၂ မှ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ် (မြို့နယ်ပါတီ ဒုဥက္ကဌ)ရဲ့ ဇနီးဖြစ်ပြီး ပစ်ခတ်ခံရပြီးနောက်မှာ အလောင်းကိုတော့ စစ်ကော်မရှင်အဖွဲ့တွေက ကြို့ပင်ကောက်ဆေးရုံကို သယ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အိမ်ထောင်သည် ရဲမေ ၂ ဦးကို သူရဘွဲ့ ချီးမြှင့်
Source – DVB
လွတ်လပ်ရေးပြီးနှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ သူရ မချစ်ပို ပြီးရင် သူရဘွဲ့ရရှိတဲ့ အိမ်ထောင်သည် ရဲမေ ၂ ယောက်ကို ဒီကနေ့မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဖက်ဆစ်တော်လှန်ရေးနေ့လို့ ခေါ်တဲ့ ၈၁ နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားမှာ စစ်ကောင်စီက စစ်တပ်အတွက် အလုပ်အကျွေးပြုခဲ့သူ သူရဘွဲ့ ၃ ယောက်၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၇ ယောက်နဲ့ ရဲဗလ ၃၂ ယောက်ကို ဂုဏ်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
သူရဘွဲ့ ရရှိသူ ၃ ယောက်မှာ ဗိုလ်မှူးဇော်မျိုးနိုင်၊ အိမ်ထောင်သည် ရဲမေ ၂ ယောက်ဖြစ်တဲ့ ဒေါ်စန်းမော်အေးနဲ့ ဒေါ်စနေမတို့ဖြစ်ပြီး သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ၇ ယောက်မှာ ဗိုလ်မှူးအောင်နိုင်မိုးလှိုင်၊ ဗိုလ်မှူးရဲဇော်ထွန်း၊ ဗိုလ်မှူးရှားလူ၊ ဗိုလ်ကြီးမင်းကြည်ဟိန်း၊ ဗိုလ်သက်ပိုင်မြင့်၊ ဗိုလ်ပြည့်စုံအောင် နဲ့ ဒုတပ်ကြပ်သူရိန်အောင်တို့ ဖြစ်ပါတယ်။
သူရဘွဲ့မှာ အောင်ဆန်းသူရိယဘွဲ့နဲ့ သီဟသူရဘွဲ့ပြီးလျှင် စစ်တပ်မှာ အမြင့်မားဆုံး ဆုတံဆိပ် ဖြစ်ပြီး တိုက်ပွဲအတွင်း မိမိရဲ့ အသက်ကို ပဓာနမထားပဲ စစ်တပ်အကျိုးအတွက် ရွပ်ရွပ်ချွံချွံ စွန့်လွှတ်စွန့်စား တိုက်ခိုက်တဲ့ စစ်သည်တွေကို ပေးတာလို့ စစ်မှုထမ်းဟောင်းတယောက်က ပြောပါတယ်။
“လွတ်လပ်ရေးရပြီး ၁၉၄၉ ခုနှစ်က သူရဘွဲ့ ရတဲ့ မချစ်ပိုပြီးရင် နှစ်ပေါင်း ၇၆ အတွင်းမှာ ဒုတိယ အကြိမ် ထပ်ရတာရတဲ့။ အမျိုးသမီး ၂ ယောက်ကလည်း မှီခိုတွေ။ စစ်တပ်အခေါ်အဝေါ်ဆို အိမ်ထောင်သည် ရဲမေတွေပေါ့။ ဗိုလ်မှူးချုပ်အဆင့်တွေတောင် စခန်းက စွန့်ခွာထွက်ပြေးနေချိန် သူရဘွဲ့ရတယ်ဆိုတော့ အတော်သတ္တိကောင်းတဲ့ အမျိုးသမီးတွေ။”
ဒီကနေ့ စစ်ကောင်စီကပေးတဲ့ ရဲဗလဘွဲ့ရရှိသူ ၃၂ ယောက်ထဲမှာလည်း တပ်မိသားစုဝင်ထဲက ၅ ယောက်ပါပြီး ကျန် ၂၇ ယောက်မှာ ပြည်သူစစ်နဲ့ အရပ်ဘက်ဌာနဆိုင်ရာဝန်ထမ်းတွေ ဖြစ်ပါတယ်။
အမျိုးသမီးထဲမှာ သူရဘွဲ့ကို ၁၉၄၉ ခုနှစ်က BE တပ်မှ တပ်ကြပ်လှမောင်ရဲ့ ဇနီးဖြစ်သူ အသက် ၄၂ နှစ်အရွယ် မချစ်ပိုက ပထမဦးဆုံးအကြိမ်ရရှိခဲ့တာဖြစ်ပါတယ်။








