အာဏာသိမ်းကာလ ၅နှစ်အတွင်း စစ်ကောင်စီသတ်ဖြတ်မှုကြောင့် လူငယ်၊ အမျိုးသမီးနဲ့ ကလေးသူငယ် ၁သောင်းကျော်သေဆုံးခဲ့
ဒေဝီ
အာဏာသိမ်းကာလ ၅နှစ်အတွင်း စစ်ကောင်စီရဲ့သတ်ဖြတ်မှုကြောင့် လူငယ်၊ အမျိုးသမီးနဲ့ ကလေးသူငယ် သေဆုံးမှု ၁သောင်းကျော်ရှိတဲ့အနက် အမျိုးသမီးနဲ့ ကလေးသူငယ်သေဆုံးမှုက ၃၅ရာခိုင်နှုန်းကျော်ရှိခဲ့တယ်လို့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဌာနက နွေဦးတော်လှန်ရေး ၅နှစ်ပြည့်တဲ့ ဒီနေ့ ထုတ်ပြန်လိုက် ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၅ ဒီဇင်ဘာ ၃၁အထိ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် မတရားညှင်းပန်း နှိပ်စက်သတ်ဖြတ်မှုကြောင့် ကလေး၊ လူငယ်နဲ့ အမျိုးသမီးဦးရေ သေဆုံးမှုမှာ ၁၁,၄၇၂ ဦးရှိတဲ့ အနက် အမျိုးသမီးဦးရေက ၂,၆၅၂ဦး သေဆုံးသူအားလုံးအနက် ၂၃.၁ ရာခိုင်နှုန်း၊ ကလေးသေဆုံးမှုမှာ ၁,၃၇၉ ဦး သေဆုံးသူအားလုံးအနက် ၁၂ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

အမျိုးသမီးနဲ့ကလေးသူငယ်သေဆုံးမှုဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မကွေးတိုင်း ဒေသကြီးတို့က အများဆုံးဖြစ်ပြီး၊ ဧရာဝတီတိုင်းဒေသကြီးက သေဆုံးမှုအနည်းဆုံး၊ နေပြည်တော်နဲ့ အမည်မသိဒေသလို့ဖော်ပြထားတဲ့ဒေသတို့က သေဆုံးမှုမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
ကလေးသေဆုံးမှု စာရင်းတွေအရ ၂၀၂၁ ခုနှစ်မှာ ၉၅ ဦး၊ ၂၀၂၂ မှာ ၁၇၇ ဦး၊ ၂၀၂၃မှာ ၃၅၅ ဦး၊ ၂၀၂၄မှာ ၃၅၇ ဦးနဲ့ ၂၀၂၅ မှာ ၃၉၅ ဦး သေဆုံးခဲ့ပြီး၊ အမျိုးသမီးသေဆုံးမှုက ၂၀၂၁ ခုနှစ်မှာ ၁၀၆ ဦး၊ ၂၀၂၂ မှာ ၃၁၄ ဦး၊ ၂၀၂၃မှာ ၅၉၉ ဦး၊ ၂၀၂၄မှာ ၈၁၃ ဦးနဲ့ ၂၀၂၅ မှာ ၈၂၀ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ နှစ်အလိုက် သေဆုံးမှုတွေဟာ တနှစ်ထက်တနှစ် အရေအတွက် တိုးလာတာကို တွေ့ရပါတယ်။
စစ်ကောင်စီကို တော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းဒေသကြီးက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ မြို့ရွာမရှိ သလောက်ရှားပါးတဲ့အတွက် စစ်ကိုင်းက စစ်ကောင်စီရဲ့ ပစ်မှတ်ထား ခံရတဲ့ဒေသတခုဖြစ်လာခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုဒဏ်ကို အဆိုးရွားဆုံးခံရတဲ့ဒေသတခုလည်းဖြစ်နေတာလို့ စစ်ကိုင်းတိုင်းဒေသအခြေစိုက် အမျိုးသမီး ရဲဘော် တဦးဖြစ်သူ မေသူကပြောပါတယ်။
သူက “အရပ်သားဆို ဖြစ်နိုင်ပါတယ်၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်တာတွေကြောင့်လို့ ပြောရမယ် စစ်ရှောင်ရသူလည်းအများဆုံးပါ” လို့ HI – Honest Information ကို ပြောတယ်။
နိုင်ငံတဝန်း အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှုအဖြစ် ၂၀၂၃ ဧပြီလမှာဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်က ပဇီကြီး ဖြစ်စဉ်ဟာ လူအများအပြားသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တခုဖြစ်ပြီး ကလေးသူငယ် အမျိုးသမီး နဲ့ ပြည်သူ ၁၇၀ ကျော်သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် အာဏာသိမ်းကာလ ၅နှစ်အတွင်း နိုင်ငံတဝှမ်းရှိ အပြစ်မဲ့ပြည်သူ ၂သောင်းခွဲကျော်သေဆုံးခဲ့ပြီး၊ နေရပ်စွန့်ခွာထွက်ပြေးရသူ ပေါင်း ၃.၆သန်းကျော်အထိ ရှိတယ်လို့ အရပ်ဖက်နဲ့ နိုင်ငံတကာစစ်တမ်းများ အရသိရပါတယ်။











