ထောင်ထဲက ပေးစာများ

//အက်ဆေး//

နေအေး

ကျွန်မ နိုင်ငံရေးပုဒ်မနဲ့ထောင်ထဲမှာ ၄နှစ်နီးပါးလောက် နေခဲ့ရတယ်။

ထောင်ထဲမှာ စာအုပ်၊ စာရွက်၊ ဘောပင်၊ ခဲတံတွေက တားမြစ်ပစ္စည်းတွေဖြစ်ပါတယ်။ ထောင်စာကြည့်တိုက်မှာ ရှိတဲ့ စာအုပ်တွေဖတ်ခွင့်ရပါတယ်။ အိမ်ကနေသွင်းပေးတဲ့ စာအုပ်တွေကို ထောင်ကခွင့်ပြုရင် ကိုယ့်လက်ထဲ ရောက်လို့ ဖတ်ခွင့်ရတယ်။

ဒါပေမယ့် ကျွန်မတို့က မိသားစုဆီကို တရားဝင်စာရေးတဲ့အချိန်မှအပ ခွင့်ပြုချက်မရှိဘဲ စာရေးခွင့်၊ စာရေး ကိရိယာကိုင်ခွင့် မရှိပါဘူး။ ခွင့်ပြုချက်က ဘယ်သူတွေကို ပေးလဲဆိုတော့ ဘယ်သူ့ကိုမှ မပေးပါဘူး။

ဒုတိယထောင်ပိုင်ရဲ့ အဆောင်တွေစစ်ဆေးဖို့လာတဲ့လမ်းကြောင်းမှာ ဘာသာစကားသင်ကြားမှုတွေ လုပ်ချင်လို့  ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို ကိုယ်တိုင်မေးဖူးပါတယ်။ ထောင်မှာတော့ ပုံမှန်အားဖြင့် ခွင့်ပြုလေ့ မရှိပေ မယ့်၊ သက်ဆိုင်ရာအဆောင်မှူးတွေက တာဝန်ယူရင် လုပ်လို့ရကြောင်း ဖြေကြားဖူးပါတယ်။ အဲ့ဒါကြောင့် အဆောင်မှူးတယောက်ဆီကို ဘာသာစကားသင်ချင်လို့ ဆိုတာမျိုး ကိုယ်တိုင်ခွင့်တောင်းဖူးပါတယ်။ အဆောင်မှူး ရဲ့ အဖြေကရှင်းတယ်။ သူ့ကတော့ခွင့်မပြုဘူး၊ ဒါပေမယ့် သင်ချင်ရင်သင်၊ ဝန်ထမ်းဆရာမတွေနဲ့ စာအုပ်တို့၊ ခဲတံ၊ ဘောပင်တို့ ဝယ်သွင်း၊ သူမသိချင်ယောင်ဆောင်ပေးထားမယ် တဲ့။ ခွင့်ပြုချက်ဆိုတာ အဲ့ဒီလိုမျိုးပါ။

ကျွန်မတို့အကျဉ်းသူ၊ အကျဉ်းသားတွေဆိုတာက အဲ့ဒီ တင်းကျပ်ကန့်သတ်မှုတွေကြားမှာ ကိုယ့်တကိုယ်ရည် အရည်အသွေးတိုးတက်ဖို့ ဆိုတာထက် မဆုတ်ယုတ်အောင် စဉ်းစားလုပ်ကိုင်ပြီး ကြိုးစား အသက်ရှင်ကြရ ပါတယ်။ ကျွန်မတို့လို တော်လှန်ရေးကာလမှာ အဖမ်းခံရပြီး၊ ထောင်ထဲရောက်လာတဲ့ ကော်လံဖြူလုပ်သားတွေနဲ့ ကျောင်းသူအရွယ်လူငယ်တွေအတွက်လည်း ထောင်မှာ ဘာအစီအစဉ်မှ ရှိမနေတာ တွေ့ရပါတယ်။

ဒီလိုဖြစ်နေတာကလည်း ဖြစ်နိုင်ခြေတွေရှိပါတယ်။ အစောပိုင်းမှာ ထောင်အာဏာပိုင်တွေအနေနဲ့ နိုင်ငံရေး အမှုတွေကို ခဏပဲနေပြီးပြန်သွားမယ့် လူတွေလို့ ထင်မှတ်ခဲ့ကြတာဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၂၁ ခုနှစ်အတွင်း၊ အစောပိုင်းအဖမ်းခံရသူတွေနဲ့ စကားပြောကြည့်တဲ့အခါ ထောင်အာဏာပိုင်တွေရဲ့ သူတို့အပေါ် လေးစားမှုထား ဆက်ဆံတဲ့အပိုင်းတွေအရ သိရတာဖြစ်ပါတယ်။

နောက်တခုက ထောင်မှာက အခြားရာဇဝတ်မှုဆိုင်ရာ နှစ်ကြီးသမားတွေအတွက်ပဲ အသက်မွေးကျောင်းအတက် သင်ပေးတာတွေ ရှိနေပြီး၊ ၂နှစ်နဲ့အောက် ပြစ်ဒဏ်ကျသူတွေအတွက် သင်ကြားရေးအစီအစဉ်တွေကို မတွေ့ရ ပါဘူး။ ကျွန်မအပါအဝင် နိုင်ကျဉ်းအမျိုးသမီးတွေက အများသောအားဖြင့် ထောင်ရဲ့သင်ကြားရေး အစီအစဉ် တွေမှာ ပါဝင်တာမျိုးမလုပ်ကြပါဘူး။ ဘာလို့လဲဆိုတော့ ထောင်ရဲ့သင်ကြားရေးတွေဟာ ထောင်ရဲ့ဝင်ငွေနဲ့ ဖြစ်စေ၊ ထောင်အရာရှိတွေအတွက်ဝင်ငွေနဲ့ ချိတ်ထားတဲ့အစီအစဉ်တွေဖြစ်နေလို့ပါ။

ကျွန်မ ထောင်ထဲမှာ နေခဲ့တဲ့ ၄ နှစ်နီးပါးအတွင်း စာမတတ်တဲ့သူတွေကို အ သုံးလုံးသင်ပေးတာကို တကြိမ် လက်တွေ့မြင်ခဲ့ရဖူးပါတယ်။ အသက် ၂၀ ကျော်ကနေ ၆၀ ကျော်အထိ ရှိနေတဲ့ စာမတတ်သူတွေကို အ သုံးလုံး သင်ပေးတဲ့အစီအစဉ်မှာ သင်ရိုးက သူငယ်တန်းပြဌာန်းစာအုပ်တွေဖြစ်ပါတယ်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ၃ ဘာသာ သင်ပါတယ်။

သင်တဲ့ဆရာတွေက တက္ကသိုလ်ကျောင်းပြီးထားတဲ့ အကျဉ်းသူအချို့ ဖြစ်ပြီး၊ သင်တဲ့ ကာလက ၃ လဖြစ်ပါ တယ်။ သင်တန်းဖွင့်ပွဲလုပ်ပြီး ထောင်ပိုင်ကိုယ်တိုင်တက်ရောက်ပါတယ်။ သင်တန်းဆင်းပွဲမှာလည်း ထောင်ပိုင် ကိုယ်တိုင်တက်ရောက်ပြီး စာမေးပွဲမှာ အမှတ်အများဆုံးသူတွေကို ဆုပေးပါတယ်။ ဒါတွေအကုန်လုံးကို မှတ်တမ်းဓာတ်ပုံရယူတာတွေ့ရပါတယ်။

သင်တန်းကာလအတွင်းမှာ သင်တန်းတက်သူတွေက စာအုပ်နဲ့ခဲတံကို အသုံးပြုခွင့်ရပါတယ်။ ဒါပေမဲ့  တားမြစ် ပစ္စည်းတွေဖြစ်လေတော့ လူတိုင်းက လိုချင်လို့ တောင်းသုံးကြပါတယ်။ ဒီမှာတင် ပေးသုံးတဲ့လူတွေကို အလွဲ သုံးစားပြုတယ်လို့ ယူဆပြီး စာသင်ချိန်ကလွဲလို့ ပေးမသုံးတော့ပါဘူး။ စာသင်ချိန်တနာရီမှာပဲ စာအုပ်နဲ့ခဲတံကို သုံးခွင့်ရပြီး၊ ကျန်အချိန်တွေနဲ့ ပိတ်ရက်တွေမှာ သုံးခွင့်မရပါ။ ဒါက ထောင်ရဲ့သင်ကြားရေးအစီအစဉ်တခုကို ဖော်ပြခြင်းသာဖြစ်ပါတယ်။

ကျွန်မလို စာရေးခြင်းက အသက်မွေးကျောင်းတရပ်ဖြစ်နေသူအတွက် စာရေးခွင့်မရတာဟာ အရည်အသွေး ဆိုင်ရာ ဟန့်တားခံရမှုလို့ မြင်တယ်။ စာရေးခြင်းကို ကာလကြာရှည်ရပ်ထားတဲ့အခါ ကျွန်မရဲ့ စဉ်းစားတွေးခေါ်မှု နဲ့ ရေးသားမှုအတတ်ပညာတွေကို ရေလောင်းပေါင်းသင်ခွင့်မပေးဘဲ ပေါင်းပင်တောထဲ ပစ်ထားတဲ့ စပါးပင်ပမာ ကြီးထွားရင့်သန်မှု နည်းပါးလာတယ်လို့ ခံစားရပါတယ်။

ကျွန်မတို့လိုနိုင်ငံရေးအမှုနဲ့ ထောင်ကျသူတွေအတွက် စာပေဟာ စည်းရုံးမှုတရပ်၊ စည်းလုံးမှုတရပ်၊ စိတ်ဓာတ် ခွန်အားတရပ်ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်ရှည်လများ စက်ရုပ်လိုလှုပ်ရှားနေပြီး၊ အပြင်လောကနဲ့ သဟဇာတ ပြန်ဖြစ်ဖို့ဆိုတာမှာ စိတ်ဓါတ်ခွန်အားများစွာလိုအပ်ပါတယ်။ ဒါတွေကို ကျွန်မတို့ စာအုပ်တွေကနေရတယ်။ စာတွေဖတ်ရာက တဆင့်မြှင့်လို့ စာတွေကို ကိုယ်တိုင်ဖန်တီးချင်လာတဲ့အခါ ကျွန်မတို့ဟာ အတားအဆီးကို ကြိုတွေးထားရပါတယ်။

ဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ ဘာလဲဟဲ့လူ့ငရဲဆိုတဲ့ ထောင်အတွေ့အကြုံစာအုပ်မှာ ဆရာကြီးရဲ့ စာရေး ချင်တဲ့ရောဂါ၊ စာဖတ်ချင်တဲ့ရောဂါကို ဖြေဖျောက်ဖို့ ကြိုးပမ်းမှုတွေကို မြင်ရတဲ့အခါ ကျွန်မသိပ်အားတက် တယ်။ ဆရာကြီးတို့က တိုက်ပိတ်ခံရတဲ့ နာမည်ကြီးနိုင်ငံရေးသမားတွေဖြစ်ပါတယ်။ ကျွန်မတို့ကတော့ သူလိုငါလိုပဲ နိုင်ငံရေးအမှုနဲ့ ထောင်ထဲရောက်ပြီး လူပေါင်းရာချီ တန်းစီအိပ်ရတဲ့ အဆောင်မှာနေရသူတွေ ဖြစ်ပါတယ်။

ဆရာကြီးရဲ့ အုတ်နီခဲကိုသွေး၊ အမှုန့်လုပ်၊ ရေဖျော်၊ အခဲပြန်လုပ်ပြီး မြေဖြူခဲလိုလုပ်ပြီး ထောင်နံရံမှာ ရေးတာ တွေကို ကျွန်မတို့လို စောင့်ကြည့်သူ ဘာယာ၊ တန်းစီးတွေနဲ့ နေရတဲ့ အဆောင်မှာ လုပ်ဖို့အဆင်မပြေပါဘူး။ နေရာတကာမှာ အားနည်းချက်၊ အားသာချက်ရှိတယ်ဆိုသလိုပဲ ထောင်ဝန်ထမ်းတွေကို ပိုက်ဆံပေးရင် ဘောပင်နဲ့ ခဲတံဝယ်လို့ရတဲ့ နေရာမှာ ကျွန်မရှိနေခဲ့တယ်။ ကျွန်မရဲ့ အာသီသအတွက် ကျွန်မလာဘ်ထိုးခဲ့တယ်လို့ မရှက်တမ်းဝန်ခံပါရစေ။

အဲ့လိုလာဘ်ပေးပြီးရလာတဲ့ ဘောပင်တွေ၊ ခဲတံတွေနဲ့ ခံစားမှုဆိုင်ရာ စာရှည်ရှည်တွေ ရေးခဲ့တယ်။ အင်္ဂလိပ် သတင်းတွေကို မြန်မာဘာသာပြန်တဲ့လေ့ကျင့်ခန်းတွေလုပ်ခဲ့တယ်။ တရုတ်စာသင်ယူတယ်။ အင်္ဂလိပ်စာ သင်ယူ တယ်။ ပြီးတော့ ထောင်ကလွတ်ရင် သယ်သွားဖို့ စာတွေရေးခဲ့တယ်။  နိုင်ငံရေးအကျဉ်းသူတွေအတူ ရေးခဲ့ကြ ပါတယ်။ ဘာတွေရေးခဲ့၊ သယ်ခဲ့တာလဲဆိုတော့ အကျဉ်းထောင်ထဲမှာ ကျန်နေခဲ့သေးတဲ့ ကျွန်မတို့ရဲ့ နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားတွေရဲ့ အသံတွေ ဖြစ်ပါတယ်။

ထောင်ထဲကနေ စာတွေထုတ်ဖို့ဆိုတာက ထောင်တွင်းပြစ်မှုမြောက်ပါတယ်။ သယ်ဖို့ကြိုးစားတဲ့သူတွေမှာလည်း  အကန့်အသတ်တွေ သိပ်များပါတယ်။ ဒါပေမယ့်ကျွန်မလုပ်နိုင်ခဲ့တယ်။ ကျွန်မတို့အကျဉ်းသူ ညီအစ်မတွေအတူ လုပ်နိုင်ခဲ့တယ်။ ထောင်ထဲကလူတွေရဲ့အသံနဲ့ သူ့တို့ရဲ့စိတ်ဆန္ဒတွေကို အပြင်ကလူတွေသိနိုင်ဖို့ သတင်းစကား ပြောကြဖို့ပါ။ ဘယ်လိုစကားလုံးတွေသုံးပြီးရေးကြမလဲ၊ စာကြောင်းဘယ်နှစ်ကြောင်းလောက် ရေးကြမလဲ။ ကျွန်မတို့အမျိုးမျိုးဝိုင်းဝန်းစဉ်းစားကြပါတယ်။

ထောင်ထဲကလူတွေရဲ့ လက်ရှိအခြေအနေအပေါ် သဘောထားဆိုတာမျိုး ရေးကြမလားဆိုတာလည်းပါတယ်။ ထောင်ထဲက လူတွေရဲ့ တောင်းဆိုချက်ဆိုတာမျိုး ရေးမလား အကြံပြုကြတယ်။ စာကြောင်းရေများမယ်၊ တကယ်လို့ မိသွားရင် သယ်လာတဲ့ကျွန်မအနေနဲ့ အမှုကြီးနိုင်တယ်ဆိုတာမျိုးတွေလည်း ဝိုင်းစဉ်းစားကြရင်း နောက်ဆုံးမှာ ကျွန်မတို့ စဉ်းစားမိတာက သယ်တဲ့လူလည်း တာဝန်ပေါ့အောင်၊ တကယ့်လိုချင်နေတဲ့ ဆန္ဒလည်း ဖြစ်တဲ့ စာတကြောင်းကို ကျွန်မတို့ရေးကြမယ်။ ပြီးတော့ ကျွန်မကသယ်သွားမယ်ပေါ့။

အဲ့ဒီရည်ရွယ်ချက်တွေ၊ ဆွေးနွေးချက်တွေနဲ့ ဒီစာ(၁)စောင် အသက်ဝင်လာခဲ့တယ်။ နိုင်ငံရေးအကျဉ်းသူတွေပဲ ပါဝင်ပြီး လက်မှတ်တွေထိုးခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့  တောင့်တချက်ပဲဖြစ်ပါတယ်၊ ကိုယ့်အိမ်ကိုယ့်ယာမှာ နေခွင့်မရသူတွေအားလုံးရဲ့ ဆန္ဒဖြစ်ပါတယ်၊ တောထဲမှာ လက်နက်ကိုင်စွဲ တိုက်ပွဲဝင်နေ ကြတဲ့ သူတွေရဲ့ မျှော်လင့်ချက်ဖြစ်တယ်၊ တော်လှန်ရေးကို ပုံစံမျိုးစုံနဲ့ ထောက်ပံ့ပါဝင်နေကြသူတွေရဲ့ လိုလားချက်ဖြစ်ပါတယ်။ ဟုတ်တယ်၊ ကျွန်မတို့ အားလုံး အိမ်ပြန်ချင်တယ်။

အိမ်ပြန်ချင်တယ်ဆိုတဲ့ စာတကြောင်းဖြစ်ပေါ်လာပုံက လပေါင်းများစွာကြာတယ်။ ရေးစရာတခုပေါ်မှာ စာလုံးလေး ၄ လုံးကို မျဉ်းနှစ်ကြောင်းနဲ့ ပုံဖော်ရတယ်။ မျဉ်း၂ကြောင်းနဲ့ ၂ထပ်စာလုံး လုပ်ရတဲ့ အကြောင်း အရင်းက မျဉ်း ၂ကြောင်းကြားက နေရာလွတ်မှာ နိုင်ငံရေးအကျဉ်းသူတွေရဲ့ လက်မှတ်တွေ ရေးထိုးကြဖို့ ဖြစ်ပါတယ်။ စာလုံးပုံဖော်တာတွေ၊ လက်မှတ်ထိုးတာတွေကို လူအများသတိမထားမိတဲ့အချိန်တွေ၊ နေရာတွေမှာ လုပ်ရပါတယ်။ ထောင်မှာက ဒီလိုအခြေအနေရဖို့ဆိုတာ နေ့စဉ်နဲ့အမျှစောင့်ဆိုင်းနေရတာပါ။

ဒီလိုနဲ့ အကျဉ်းသူတဦးချင်းစီကို ချဉ်းကပ်၊ ရည်ရွယ်ချက်ကိုရှင်းပြပြီး လူမမြင်အောင် ခိုးဝှက်ပြီး လက်မှတ် ထိုးခိုင်းရတယ်။ လက်မှတ်ကောက်ယူရာမှာ နှုတ်လုံသူတွေနဲ့ လက်မှတ်ထိုးဖို့ ဖြစ်နိုင်ချေရှိသူတွေကို ရွေးချယ် ရပါတယ်။ ပါးစပ်ဖွာတဲ့သူပါလာရင် စာအပြင်မရောက်ခင်မှာပဲ သယ်မယ့်သူကော၊ လက်မှတ်ထိုးတဲ့သူတွေကော ထောင်တွင်းပုဒ်မ အတပ်ခံရနိုင်လို့ပါ။ စာကိုထုတ်ချိန်မှာ အစစ်အဆေးတွေဖြတ်ရတော့ ကျွန်မတို့အားလုံး ရင်ခုန်ခဲ့ရတယ်၊ ဇောချွေးတွေပြန်ခဲ့ရတယ်။ ဒါတွေကို အခုလိုရေးပြလိုက်တော့ စာတပုဒ်ပဲရှိတယ်၊ ကျွန်မတို့ကြိုးစားခဲ့ရတာ အနည်းဆုံး ၆ လကြာခဲ့ပါတယ်။

အကျဉ်းသူ၊ အချုပ်သူတွေဟာ အမျိုးသမီးဝန်ထမ်းတွေရဲ့ အနီးကပ်အုပ်ချုပ်မှုအောက်မှာ နေရတယ်။ ကျွန်မရဲ့ အမြင်မှာတော့ အကျဉ်းထောင်ဝန်ထမ်းတွေဟာ ရှေးရိုးစွဲသမားတွေ များလှတယ်။ သူတို့မှာ အမျိုးသမီး ဆိုရင် ဘယ်လို၊ အမျိုးသားဆိုရင်ဘယ့်နှယ်ဆိုတာတွေက အတိအကျ ရှိလွန်းတယ်။ ဥပမာပြောရရင် အကျဉ်းသူ/ အကျဉ်းသားတွေအတွက် ဝတ်စုံကို ၁၈၉၄ခုနှစ် အကျဉ်းထောင်များအက်ဥပဒေနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင် လက်စွဲတို့အရ လုံချည်ကိုသာ တရားဝင်ခွင့်ပြုထားပေမယ့် အကျဉ်းသားတွေဟာ ဘောင်းဘီကို ပုံစံမျိုးစုံ ဝတ်ခွင့်ရကြပါတယ်။ ဒါပေမဲ့ အကျဉ်းသူတွေမှာတော့ ဘောင်းဘီရှည်ဝတ်ခွင့် ရဖို့ကိုတောင် တောင်းယူ၊ တိုက်ယူရတဲ့ အနေအထားဖြစ်ပါတယ်။

ထို့အတူပဲ စာအုပ်စာပေသွင်းခွင့်ပြုတာမှာလည်း အမျိုးသမီးဆောင်တွေဟာ ပိုမိုပိတ်ပင်လေ့ရှိပါတယ်။ ဒါဟာ စာအုပ်သွင်းခွင့်နဲ့ပတ်သက်တဲ့ အမိန့်တွေနဲ့သက်ဆိုင်သလို ကြီးကြပ်တဲ့ဝန်ထမ်းတဦးချင်းစီနဲ့လည်း သက်ဆိုင် ပါတယ်။ ကျွန်မလွတ်လာပြီးနောက်ပိုင်း အထဲမှာကျန်ခဲ့တဲ့ ညီအစ်မတွေအတွက် ထောင်ဝင်စာပါဆယ်နဲ့အတူ စာအုပ်တွေကို ထည့်ပေးဖူးပါတယ်။ တကြိမ်မှာတော့ အခြားသောစာအုပ်တွေနဲ့အတူ ဂျော့ရှ်အော်ဝဲလ်ရဲ့  Burmese’s Days ကို မြန်မာပြည်နေရက်များအဖြစ် ဆရာမောင်မြင့်ကြွယ်က ဘာသာပြန်ထားတဲ့စာအုပ်ကို ထည့်ပေးဖူးပါတယ်။ သို့ပေမယ့် ထောင်ဝန်ထမ်းရဲ့ ငြင်းပယ်မှုကို ခံခဲ့ရပါတယ်။ မြန်မာပြည်အကြောင်း စာအုပ်တွေ အသွင်းမခံဘူးလို့ ဆိုပါတယ်။

ကျွန်မက မြန်မာပြည်ကလူတွေက မြန်မာပြည်အကြောင်းမဖတ်ရရင် ဘာအကြောင်းဖတ်ရမှာလဲလို့ အထွန့်တက်မိပါတယ်။ ဆိုတဲ့အခါကျတော့ ခင်ဗျားစကားပြောတာဆင်ခြင်ပါ> နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာအုပ်တွေ သွင်းလို့မရဘူး လို့ ထပ်ပြောပါတယ်။ အဲ့ဒီအခါကျတော့ ကျွန်မက ဒါက နိုင်ငံရေးစာအုပ် မဟုတ်ကြောင်း၊ ကိုလိုနီခေတ်မြန်မာနိုင်ငံအကြောင်း ဖြစ်ကြောင်း ထပ်ရှင်းပြပါတယ်။ ဒါပေမဲ့လည်း ဝန်ထမ်းအမျိုးသားက လက်မခံတဲ့အပြင် ကျွန်မပေးတဲ့ပါဆယ်ကို လက်ခံယူမယ့် အကျဉ်းသူရဲ့ နာမည်၊ အဖအမည်နဲ့ အဆောင်ကို မေးပြီး စာရွက်ပိုင်းတခုမှာ ချရေးပါတယ်။ ပြီးတော့ အင်္ကျီအိတ်ကပ်ထဲ ထည့်သိမ်းလိုက်တယ်။

ကျွန်မဟာလည်း ထောင်ကလွတ်လာတာ မကြာသေးသူဖြစ်လို့ ဒါဟာ အထဲက အကျဉ်းသူနဲ့မဆိုင်သလို၊ အထဲက အကျဉ်းသူကိုလည်း အရေးယူလို့ရနိုင်တဲ့ကိစ္စမဟုတ်ဘဲ ပါဆယ်ပို့သူကိုသာ  စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတခုဆိုတာကို သိပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ကျွန်မတို့မိသားစုတွေကနေ ပို့ပေးတဲ့ စာအုပ်ပါဆယ်တွေဟာ ကျွန်မတို့ဆီကို ရောက်မလာနိုင်ဖြစ်ခဲ့ရပါတယ်။ နောက်ထပ် ပိတ်ပင်မှုတွေကြားကနေမှ မိသားစုက ပို့ပေးလိုက်တဲ့ စာအုပ်ပါဆယ်တွေဟာ ထောင်ဝန်းထဲအထိ၊ သက်ဆိုင်ရာ အဆောင်တွေအထိ ရောက်ပြီးကာမှ အဆောင်မှူးတွေက ထပ်ပြီးကန့်သတ်ချက်တွေကြောင့် ကျွန်မတို့လက်ထဲကို မရောက်လာတာ တွေကိုလည်း အဆောင်ရုံးခန်းမှာ အလုပ်လုပ်ဖူးခဲ့တဲ့ကျွန်မက မျက်မြင်သိခဲ့ရပါတယ်။

အမျိုးသမီးချင်း၊ အမျိုးသားချင်း ချစ်ကြိုက်တဲ့အကြောင်း ရေးထားတဲ့စာအုပ်တွေကို ကန့်သတ်ထားပါတယ်။ တချို့စာရေးဆရာနာမည်တွေကို မှတ်ထားပြီး ကန့်သတ်ပါတယ်။ တရားဝင်သတ်မှတ်ချက်တွေအတိုင်း ထုတ်ဝေ ထားကြတဲ့ စာအုပ်တွေကိုပဲ၊ အသက်၁၈နှစ်ပြည့်ပြီးသူ၊ အကျဉ်းထောင်ထဲက အမျိုးသမီးတွေဟာ အမျိုးသား တွေထက်ပိုပြီး ပိတ်ပင်ခံရမှုများနေတယ်ဆိုတာကို အပြင်ကို ရောက်လာပြီးနောက်ပိုင်း အကျဉ်းသားဟောင်း တွေနဲ့ တွေ့ဆုံတဲ့အချိန် မေးမြန်းကြည့်လို့မှ သိလိုက်ရတာ ဖြစ်ပါတယ်။ အဲ့လို ပိတ်ပင်ကန့်သတ်မှုတွေကြားက ရောက်လာတဲ့ စာအုပ်တွေဟာ ကျွန်မတို့အတွက် တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ။ ဒီစာအုပ်တွေကြောင့်ပဲ ကျွန်မတို့ အကျဉ်းသူတွေဟာ ပိုပြီးတော့ ရင်ဘတ်ချင်းနီးလာကြရပါတယ်။

အတားအဆီးနဲ့ ကန့်သတ်မှုတွေအမျိုးမျိုးကြားကနေပဲ ကျွန်မတို့က စာဖတ်ဝိုင်းတွေလည်း လုပ်ကြတယ်။ စကားဝိုင်းတွေလည်း လုပ်ကြတယ်။ စာဖတ်ဝိုင်းတွေမှာ သာမန်ဝတ္ထုစာအုပ်တွေကနေ နာမည်ကြီး စာရေးဆရာတွေရဲ့  ဝတ္ထုတွေအထိ ပါသလို၊ ဘာသာရေးစာအုပ်တွေအကြောင်းလည်းပြောတယ်။ နည်းပညာ အကြောင်းလည်းပြောတယ်။ အချစ်အကြောင်းလည်းဆွေးနွေးကြသလို အမျိုးသမီးကျန်းမာရေးနဲ့ သားဆက်ခြားတဲ့အကြောင်းလည်းပါတယ်။

ပြီးရင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စကာားဝိုင်းတွေလည်း လုပ်ဖြစ်ပါတယ်။ တခါတရံမှာ နိုင်ငံရေး ခေါင်းစဉ်တွေကို ရွေးချယ်ပြီး ဆွေးနွေးကြည့်ကြတယ်။ မှတ်မှတ်ရရ အကူးအပြောင်းကာလ လူမှုရေး၊ စီးပွားရေး၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ဖွဲ့စည်းမယ့် ပုံစံတွေကိုလည်း ကျွန်မတို့ ကြိုစဉ်းစားပြီး ဆွေးနွေးခဲ့ကြဖူးပါတယ်။ ဒီလိုဆွေးနွေးပွဲတွေ၊ စာဖတ်ဝိုင်းတွေဆိုတာ စောင့်ကြည့်မှုအပြည့်ကြားမှာ လုပ်ဆောင်ခဲ့တာတွေလည်း ဖြစ်တယ်။ ပါဝင်သူတွေရဲ့ စာရင်းဟာ အမျိုးသမီးဆောင်ရဲ့ ရုံးခန်းမှာ အမြဲရောက်နေကျပါ။ ဒါပေမဲ့လည်း အာဏာပိုင်တွေက ပေါ်ပေါ်တင်တင် လာမတားမချင်း လုပ်ကြတာပါပဲ။

ဓားအိမ်ထဲထည့်ထားခံရတဲ့ဓားနဲ့စာရင် မသုံးရရင်တောင် သွေးနေတာက တုံးမသွားဘူး ဆိုတဲ့ သဘောနဲ့ ကျွန်မတို့ လုပ်ခဲ့ကြတယ်။ တချို့သော ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိသလောက်ရှိတယ်ဆိုပေမယ့် ကျွန်မတို့အမျိုးသမီးအကျဉ်းသူတွေမှာ စုစည်းမှုလေးတရပ်ရလာသလို တဦးကိုတဦး ယုံကြည်လေးစားမှုတွေ ပိုတိုးတက်လာတယ်လို့ ကျွန်မမြင်တယ်။ တချို့လည်း ဇာတ်ကြောင်း ပြောတာ တိုးတက်လာတယ်။ ဒီလိုယုံကြည်မှုတွေကနေ လှုပ်ရှားမှုတွေဖြစ်ပေါ်လာရပါတယ်။ “အိမ်ပြန်ချင် တယ်” လိုပဲ ကျွန်မမှာ သယ်လာတဲ့ နောက်ထပ်စာတစောင် ရှိသေးတယ်။ ကျွန်မရဲ့ စာသယ်တဲ့ လုပ်ငန်းစဉ်ဟာ ယုံကြည်မှုအပေါ်မှာ အခြေတည်တယ်။

ကျွန်မနဲ့ မမအုန်းနဲ့က တခန်းတည်း၊ တဆောင်တည်း နေကြရသူတွေဖြစ်ပါတယ်။ မမအုန်းဟာ အရပ်ဖက် အဖွဲ့အစည်းတွေမှာ အလုပ်လုပ်သူဖြစ်ပါတယ်။ သူကလည်း နိုင်ငံရေးပုဒ်မ(၂)ခုအတပ်ခံရပြီး၊ ထောင် ၁၃ နှစ် ကျခံရသူဖြစ်တယ်။ နိုင်ငံရေးဗဟုသုတရှိတယ်။ မဟုတ်ရင်မခံသူဖြစ်တယ်။ ကျွန်မတို့ရဲ့ အဆောင်တံခါး၊ အခန်းတံခါးတွေကို သော့ခတ်ချိန် (တန်းပိတ်ချိန်) တွေဆိုရင် ကျွန်မက မမအုန်းနဲ့ စကားပြောလေ့ရှိပါတယ်။

ကျွန်မတို့ရဲ့ စာဖတ်ဝိုင်းတွေ၊ စကားဝိုင်းတွေမှာ သူစိတ်ဝင်စားတဲ့ ခေါင်းစဉ်ဆို မမအုန်းက လာနားထောင်လေ့ ရှိတယ်။ ကျွန်မတို့အပြန်အလှန်ဖတ်ထားတဲ့ စာအုပ်တွေအကြောင်းလည်း ဆွေးနွေးကြတယ်။ အိမ်ပြန်ချင်တယ် ဆိုတဲ့ စာတစောင် ဖြစ်မြောက်လာအောင်လည်း မမအုန်းပဲ ကမကထလုပ်ပါတယ်။ အဲ့ဒီစာကနေ တဆင့် အပြင် ရောက်ရင် ပြောချင်တဲ့အကြောင်းအရာတွေအကြောင်းပြောကြရင်း၊ ဦးကိုကိုကြီးရဲ့ နိုင်ငံရေး လှုပ်ရှားမှု တွေကို ဆွေးနွေးဖြစ်ပါတယ်။

ပြည်သူ့ပါတီဥက္ကဌဦးကိုကိုကြီးရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ထောင်ထဲမှာဖတ်ခွင့်ရတဲ့ ကြေးမုံ၊ မြန်မာ့အလင်း၊ မြဝတီ သတင်းစာတွေကနေတဆင့် ကျွန်မတို့ မြင်ခဲ့၊ ကြားခဲ့ရပါတယ်။ မမအုန်းဟာ ဦးကိုကိုကြီးကို နိုင်ငံရေး သမားတယောက်အနေနဲ့ လေးစားသူဖြစ်ပါတယ်။ ၂၀၂၀တုန်းက ဦးကိုကိုကြီးကို မဲပေးခွင့်ရရင် မဲပေးချင်ခဲ့သူ တဦးဖြစ်ခဲ့ပါတယ်။ ၂၀၂၀ရွေးကောက်ပွဲရလဒ်ကို ပြည်သူ့ပါတီက လက်ခံကြောင်း စာထုတ်ခဲ့တာကို မမအုန်းက အခိုင်အမာကိုးကားပါတယ်။ ပြည်သူနဲ့တသားတည်း ရပ်တည်မယ့် ထုတ်ပြန်ချက်တွေအကြောင်း သူပြန်ပြောင်း ပြောပြပါတယ်။

သို့ပေမယ့် ဦးကိုကိုကြီးဟာ ဘာဖြစ်လို့များ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်တာလဲဆိုတာကို သူနားမလည်နိုင်ဖြစ်နေပါတယ်။ အဲ့ဒါနဲ့ အဲ့ဒီမေးခွန်းကို သူချရေးခဲ့တယ်။ ကျွန်မက ဒါကို အခွင့်ရရင် ဦးကိုကိုကြီး ထံကိုပေးဖို့အတွက် သယ်လာခဲ့ပါတယ်။ ဒီစာကို ရေးတဲ့ အချိန်အထိ ဦးကိုကိုကြီးဆီကို ဒီမေးခွန်းကို ကျွန်မ လူကိုယ်တိုင် သွားမပေးနိုင်သေးပါဘူး။ ဒီစာတစောင် ထောင်အပြင်ရောက်ဖို့အတွက် (၈)လကြာခဲ့တယ်။ ဦးကိုကိုကြီးလက်ထဲကို ဘယ်တော့မှ ထည့်ပေးနိုင်မလဲ ကျွန်မမသိသေးဘူး။

ဒါပေမယ့်  ကျွန်မအပြင်ကို ရောက်လာတဲ့အချိန်မှာတော့ ဦးကိုကိုကြီးဟာ ဒီမေးခွန်းကို ပုံစံမျိုးစုံနဲ့ဖြေခဲ့ပြီးပြီ ဆိုတာ သိလိုက်ရတယ်။ ပြီးတော့ အာဏာသိမ်းစစ်ကောင်စီက ဦးဆောင်ပြုလုပ်တဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ ဦးကိုကိုကြီးကိုယ်တိုင်ရှုံးနိမ့်ခဲ့ပြီဖြစ်တယ်။

ထောင်ထဲကလူတွေအဖို့ အလုပ်တခုက စောင့်ဆိုင်းခြင်းဖြစ်ပြီးတော့၊ အပြင်ကလူတွေအတွက် အလုပ်ကတော့ ရှေ့ဆက်သွားနေဖို့ပဲ ဖြစ်ပါတယ်။ အပြင်ကလူတွေနဲ့ ကျွန်မတို့လို အပြင်ရောက်လာတဲ့လူတွေက ရှေ့ဆက်သွား နေမှလည်း ဒီလိုမေးခွန်းမျိုးတွေကို ထောင်ထဲကနေစွန့်စားထုတ်ယူစရာ မလိုတော့မှာဖြစ်ပါတယ်။ နိုင်ကျဉ်းတွေ ဟာ မတရားသဖြင့် ထောင်ချခံထားရလို့ နှစ်တွေအများကြီး ထောင်ကျနေကြရပါတယ်။ ဘယ်နေ့အိမ်ပြန်ရမလဲ မသိနိုင်အောင် ထောင်ကျနှစ်များတဲ့သူတွေအပါအဝင် နှစ်အကန့်အသတ်မရှိနဲ့ သေဒဏ်ချခံထားရသူတွေ အများကြီး ရှိနေတယ်။ သူတို့ရဲ့မျှော်လင့်ချက်က လွတ်ရက်မဟုတ်ပါဘူး၊ တော်လှန်ရေး အောင်မြင်မယ့်နေ့ ဖြစ်ပါတယ်။

ထောင်ထဲမှာက အာဟာရချို့တဲ့မှု၊ ၂ပေသာသာ အိပ်စရာနေရာ၊ မလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ အကျင့်ပျက်ချစားမှုတွေအပြင် အမျိုးသမီးအကျဉ်းသူတွေမှာဆိုရင် မိန်းမဖြစ်လို့ဆိုတဲ့အပေါ် ကန့်သတ်မှုတွေပဲ ရှိတယ်။ အသက်ဆက်ချင်စရာ၊ အသက်ဆက်ရှင်နိုင်စရာ အကြောင်းပြချက်က မိသားစုပြီးရင် နိုင်ငံရေးအရ ခံယူရပ်တည်ချက်တွေပဲ ရှိပါတယ်။

နေအေး

မနက် ၁၂နာရီ၊ ၄၃မိနစ်၊ ဖေဖော်ဝါရီ(၄)ရက်၊ ၂၀၂၆။