ထောင်နံရံအလွန်က နိုင်ကျဉ်းအမျိုးသမီးတွေရဲ့ မလွတ်မြောက်သေးတဲ့ဝေဒနာတွေ
ခင်ဘုန်းမို့
နိုင်ငံရေးအကျဉ်းသူအဖြစ် ထောင်နံရံတွေရဲ့နောက်မှာ ၄ နှစ်တာကာလကြာနေထိုင်ခဲ့ရတဲ့ မမိုးဖြူ (လုံခြုံရေးစိုးရိမ်ချက်အရ အမည်လွှဲထားပါတယ်)တယောက် ပြင်ပလေကို ဝဝလင်လင်ရှုရှိုက်ခွင့်ရတဲ့ နေ့ရက်တွေကို အတော်ကြာကြာ ဖြတ်သန်းပြီးတဲ့နောက် ဒီနေ့မနက်ပိုင်းမှာတော့ လက်ခံထားတဲ့အလုပ်ကို စဖို့ပြင်ဆင်လိုက်ပါတယ်။
ကွန်ပျူတာကိုဖွင့်၊ အလုပ်စလုပ်ပြီး နာရီဝက်လောက်အကြာမှာ ခေါင်းထဲက တဆစ်ဆစ် ကိုက်တဲ့ဝေဒနာကို မမိုးဖြူ စတင်ခံစားလိုက်ရတယ်။ သူခံစားနေရတဲ့ အာရုံကြောအားနည်းတဲ့ရောဂါက အလုပ်ဆက်လုပ်လို့ မရအောင် နှိပ်စက်လိုက်တာဖြစ်ပါတယ်။
ကွန်ပျူတာကို အသုံးပြုပြီး အလုပ်လုပ်ရတဲ့ သူ့ဘဝအတွက် ကြီးမားပြင်းထန်တဲ့ရိုက်ခတ်မှုတခုလို့ သူက ဆိုပါတယ်။
“မနေ့ကပဲ အလုပ်စလုပ်တယ်၊ ဒီနေ့ကို ခေါင်းတွေကိုက်နေတယ်၊ အဲ့လိုမျိုး ဖြစ်နေတဲ့အခါကျ အလုပ်လုပ်ဖို့အတွက် အရမ်းကို အဟန့်အတား ဖြစ်နေတယ်” လို့ မမိုးဖြူက ပြောပါတယ်။
သူဟာ အကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့ပေမယ့် ထောင်ထဲကရလာတဲ့ ဝေဒနာတွေဆီကတော့ မလွတ်မြောက်နိုင်သေးပါဘူး။
သူအပါအဝင် အကျဉ်းထောင်အသီးသီးကနေ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ကျဉ်းအမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို နောက်ဆက်တွဲ ဆက်လက်ခံစားနေရဆဲဖြစ်တယ်လို့ တညီတညွတ်တည်း ပြောပါတယ်။
နိုင်ငံရေးအကျဥ်းသူများအဖွဲ့(WPP)တာဝန်ခံ မဇူးဇူးမေယွန်းက အကျဉ်းထောင်တွေထဲက ပြန်လည်လွတ်မြောက် လာတဲ့ အမျိုးသမီးတွေဟာ အရေပြားရောဂါ၊ သားအိမ်အားနည်းတာစတဲ့ ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေအပြင် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ၊ စိတ်ဒဏ်ရာတွေကို ခံစားနေကြရတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများကွန်ရက်-မြန်မာ (Political Prisoners Network-Myanmar) က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ညှင်းပမ်းနှိပ်စက် စစ်ဆေးခံရတာ၊ မလျော်မကန်ပြုမူခံရတာ၊ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရရှိတာတွေကြောင့် ၂၀၂၁ ကနေ ၂၀၂၅ ဇူလိုင်လအထိ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၁၉၀ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
မမိုးဖြူဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့အတွက် ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးထောင်ချခံခဲ့ရသူတယောက် ဖြစ်ပါတယ်။
အခု သူခံစားနေရတဲ့ အာရုံကြောအားနည်းတဲ့ရောဂါက အကျဉ်းထောင်အတွင်း စာဖတ်ခဲ့ရာက ရခဲ့တာပါ။ ရသမျှအချိန်တွေကို စာဖတ်ဖြတ်သန်းရတဲ့အခါ အလင်းရောင်ကောင်းကောင်း မရတဲ့အတွက် အာရုံကြော အားနည်းတဲ့ရောဂါ ရခဲ့တာလို့ ဆိုပါတယ်။

“အထဲမှာက စာဖတ်တယ်ဆိုပေမယ့် အလင်းရောင်ရလို့ မဟုတ်ဘူး၊ အချိန်တွေအားနေလို့သာ စာဖတ်ရလောက်တဲ့အလင်းရောင် ကောင်းရနေတာမျိုးတော့မရှိဘူး” လို့ မမိုးဖြူက ဆိုပါတယ်။
အကြောတက်တာ၊ ခေါင်းကိုက်တာတွေ ဖြစ်လာတဲ့အတွက် ထောင်ဆေးခန်းကိုသွားပြတဲ့အခါ အာရုံကြော အားဆေးကုန်နေတဲ့အတွက် မရခဲ့ပါဘူး။ နောက်ပိုင်းမှသာ ထောင်ထဲက ဘဝတူမိတ်ဆွေတဦးဆီက မျှဝေတဲ့အာရုံကြောဆေးကို သောက်ခဲ့ရတယ်။ အကျဉ်းထောင်ထဲက ပြန်လည်လွတ်မြောက်လာတဲ့အထိ အာရုံကြောနဲ့ပတ်သက်ပြီး မမိုးဖြူဟာ အခုထိ ဆေးကု၊ ဆေးသောက် ပြုလုပ်နေရဆဲပါ။
မမိုးဖြူ ခံစားနေရတဲ့ နောက်ထပ် ဝေဒနာတခုက အကျဉ်းထောင်ထဲမှာ အမျိုးသမီးတွေ အများစုဖြစ်တတ်ကြတဲ့ အဖြူဆင်းတဲ့ပြဿနာပါ။ သူဟာ အဖြူဆင်းပြဿနာကို နှစ်နဲ့ချီခံစားခဲ့ရတယ်။ ထောင်ချမခံရခင် အပြင်မှာတုန်းက ဖြစ်ဖူးခဲ့ပေမယ့် အနံထွက်တာမျိုးလောက်အထိ မဆိုးခဲ့ပါဘူး။
ထောင်ဆေးခန်းပြတော့လည်း ပိုးသတ်ဆေးတွေ၊ မိန်းမကိုယ်ထဲထည့်တဲ့ဆေးတွေပေးပေမယ့် မသက်သာခဲ့ ပါဘူး။ အမျိုးသမီးတွေ အဖြူဆင်းတဲ့ပြဿနာအတွက် ထောင်ဆေးခန်းက ပိုးသတ်ဆေး အလုံအလောက် မပေးနိုင်ပါဘူး။ ဒါအပြင် ထောင်အတွင်းမှာ အမျိုးသမီးဆရာဝန် သီးသန့်မရှိဘူးလို့ သူကဆိုပါတယ်။
အဖြူဆင်းပြီး အနံ့အသက်မကောင်းတဲ့ပြဿနာကို တနှစ်ခွဲလောက်ရင်ဆိုင်ခံစားပြီးတဲ့နောက်မှာတော့ အထူးကုနဲ့ ပြသခွင့်ရခဲ့ပါတယ်။
သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ ပြသခွင့်ရတဲ့အခါမှာ သူပေးတဲ့ဆေးကြောင့် အဖြူဆင်းတဲ့ပြသနာက အနည်းငယ်သက်သာသွားခဲ့ပါတယ်။
အဖြူဆင်းတဲ့ကျန်းမာရေးပြဿနာကိုလည်း အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း ဆေးခန်းထပ်ပြနေရဆဲဖြစ်ပြီး၊ ရာနှုန်းပြည့် မပျောက်ကင်းပေမယ့် အဆင်ပြေသလောက်တော့ရှိနေပြီလို့ သူက ဆိုပါတယ်။
အကျဉ်းထောင်အတွင်း ဆေးဝါးကုသပေးမှုနဲ့ပတ်သက်လို့ မမိုးဖြူက အခုလို မှတ်ချက်ပြုပါတယ်။
“ထောင်ကျနေတဲ့လူတွေ ဆေးကုချင်ရင်တော့ အိမ်ကနေပိုက်ဆံတောင်းရတယ်၊ ကုနိုင်တယ်ဆိုရင်ကု၊ မကုနိုင်ဘူးဆိုရင် ထောင်ထဲမှာ သေဖို့ပဲရှိတယ်”
မမိုးဖြူဟာ အကျဉ်းထောင်နံရံတွေနောက်မှာ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်ပုံ ညံ့ဖျင်းမှု၊ ဆေးဝါးမပြည့်စုံ၊ မလုံလောက်တာတွေကိုလည်း ဖြည့်စွက်ပြောပြပါတယ်။
ဖမ်းဆီးအကျဉ်းချခံရစ ကာလတွေတုန်းက ရဲစခန်းအချုပ်မှာ တပတ်လုံးရေမချိုးရတဲ့အတွက် အင်းစိန်ထောင်ရောက်တဲ့အခါ ရေချိုး၊ ခေါင်းလျှော်လိုက်ရာက မမိုးဖြူတယောက် နေမကောင်းဖြစ်ခဲ့ပါတယ်။
မနက်ရောက်လို့ ဆေးခန်းပြဖို့ ကြိုးစားပေမယ့် ဆရာဝန်နဲ့ ပြသခွင့်မရသလို လူနာတွေကို ကြည့်ရှုစမ်းသပ်တာ မလုပ်ဘဲ ကျန်းမာရေးဝန်ထမ်းလည်းမဟုတ်တဲ့ ထောင်ဝန်ထမ်းတွေက ဆေးတွေပေးလိုက်ပါတယ်။
တခါလည်း မမိုးဖြူတယောက် အစာအိမ်အောင့်တဲ့အတွက် ညဘက်ကြီးအသည်းအသန်ဖြစ်လို့ ထောင်ဆေးရုံကို ကိုယ်တိုင်အရောက်အားတင်းပြီး အရေးပေါ် သွားခဲ့ရတယ်။ ထောင်ဝန်ထမ်းတွေရှိပေမယ့် လူနာကို တွဲကူတာမျိုးမရှိဘဲ ထွက်ပြေးသွားမှာစိုးလို့ လုံခြုံရေး လိုက်စောင့်ပေးတာမျိုးသာဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ထောင်ရဲ့ဆေးကုသမှုပုံစံက ဘယ်လိုပဲသေကောင်ပေါင်းလဲ ဖြစ်နေဖြစ်နေ ဆေးကုတဲ့လူက သူ့နေရာမှာပဲသူ နေတယ်၊ အကုခံရမယ့်လူနာက အဲ့ဒီကုတဲ့လူရှိတဲ့နေရာကို မရောက်ရောက်အောင် သွားရတယ်” လို့ မမိုးဖြူက ထောင်တွင်းက အခြေအနေကိုပြောပြပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် မရရှိတာ၊ နှိပ်စက်သတ်ဖြတ်ခံရတာ၊ ငလျင်ဒဏ်ကြောင့် ဒဏ်ရာရပြီး နောက်ဆက်တွဲဆေးဝါးကုသမှု မခံရတာတွေကြောင့် ၂၀၂၁ ကနေ ၂၀၂၅ စက်တင်ဘာလအထိ နိုင်ငံရေးအကျဉ်းသူ ၃၇ ဦးဟာ အကျဉ်းထောင်ထဲမှာပဲ သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) ရဲ့ စာရင်းအရ သိရပါတယ်။
အကျဉ်းထောင်တွေထဲမှာ သတ်ဖြတ်ခံရတဲ့အခြေအနေတွေဟာ ပုံမှန်သတ်ဖြတ်နေတဲ့ အခြေအနေမျိုး မဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ထားပြီး ထောင်ပြောင်းတွေမှာ သတ်ဖြတ်တာ၊ ထောင်ထဲမှာပဲ စစ်ကြောရေးလုပ်ပြီး သတ်ဖြတ်တာမျိုးတွေရှိတယ်လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆိုပါတယ်။
“နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားတွေကို ဦးတည်ချက်ထားပြီးရိုက်နှက်တာ နှိပ်စက်တာတွေက အကျဉ်းထောင်တိုင်းနီးပါး လတိုင်းလိုလိုမှာ ဖြစ်စဉ်က တခုမဟုတ်တခုဖြစ်နေတဲ့အနေအထားဖြစ်ပါတယ်” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
မမိုးဖြူဟာ အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွေ့ခဲ့ရပါသေးတယ်။ သာယာဝတီထောင်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုက အင်းစိန်ထောင်ထက် ပိုမိုဆိုးရွားတယ်လို့ ဆိုပါတယ်။ အကျဉ်းသူတွေ တော်တော်များများက သွေးတိုးရောဂါတွေ ခံစားနေကြရပြီး သွေးတိုးကျဆေးလည်း အလုံအလောက် မရကြပါဘူး။
ဒါ့အပြင်အမျိုးသမီးအချုပ်ဆောင်မှာ အမျိုးသမီးဆရာဝန်မရှိဘဲ အမျိုးသားဆရာဝန်က တပတ်ကို ၃ရက်ဆေးခန်းလာထိုင်ပါတယ်။ အဲဒီဆရာဝန်ပြောင်းသွားတဲ့နောက်ပိုင်း အကျဉ်းဦးစီးဌာနဝန်ထမ်းထဲက သူနာပြုသင်တန်းတက်ထားသူတဦးက ဆေးမှူးအရာရှိအဖြစ် တာဝန်ကျပါတယ်။ ဆရာဝန်လို ကျွမ်းကျင်မှုမရှိတဲ့ အတွက် အခက်အခဲတွေနဲ့ ကြုံရတဲ့အပြင် အဲဒီဆေးမှူးက သူနဲ့ ပုဂ္ဂိုလ်ရေးအဆင်ပြေသူတွေကိုသာ လွယ်လွယ်ကူကူ ဆေးပေးလေ့ရှိပြီး၊ သူနဲ့အဆင်မပြေသူတွေကို ဆေးမပေးတာမျိုးလည်း ကြုံခဲ့ရတယ်လို့ ဆိုပါ တယ်။
မမိုးဖြူနည်းတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်ထဲက ပေးလိုက်တဲ့ ရောဂါဝေဒနာကို ခံစားနေရသူ နောက်တဦးကတော့ မဆိုဖီ(လုံခြုံရေးစိုးရိမ်ချက်အရ အမည်လွှဲထားပါတယ်) ပဲဖြစ်ပါတယ်။ သူဟာ အကျဉ်းထောင်ထဲက ကူးစက်လာတဲ့ အရေပြားရောဂါကို အခုအချိန်ထိ ကုသနေရဆဲဖြစ်ပါတယ်။
“အရေပြားရောဂါဆိုတော့ သိတဲ့အတိုင်းပဲ၊ သူ့ရဲ့ပိုးတွေကအသွင်ပြောင်းတယ်၊ ဒီဆေးနဲ့ ဒီပုံစံပွေးဆိုလည်း ဆေးနိုင်သွားရင် တခြားပုံစံအသစ်ပေါက်တယ်” လို့ သူက ဆိုပါတယ်။
မိုးရာသီအတွင်းမှာ ဖမ်းဆီးခံရပြီး စစ်ဆေးမေးမြန်းတဲ့နေရာမှာ ရက်အတော်တော်ကြာနေရတဲ့အခါ မဆိုဖီဟာ နဂိုကတည်းက လေးဖက်နာရောဂါရှိတဲ့အတွက် ရောဂါအခြေအနေပိုဆိုးလာပြီး နေမကောင်းဖြစ်တဲ့အထိပါ ဖြစ်ခဲ့ရပါတယ်။ စစ်မေးရင်း အရိုက်ခံရတာ၊ သူတို့ထိုင်ခိုင်းတဲ့ပုံစံမျိုး ထိုင်ရတာမျိုးတွေကြောင့် မဆိုဖီဟာ ဘယ်ဘက်ပုခုံးနဲ့ကျောပြင်ဟာ ဒဏ်ဖြစ်သွားပြီး နှိပ်လို့၊ ထိလို့မရလောက်အောင် ခံစားခဲ့ရပါတယ်။

အကျဉ်းထောင်ထဲမှာ အဲဒီဝေဒနာကို ကုသဖို့ အိမ်ကပို့ပေးတဲ့ မြန်မာ့ဆေးဖြစ်တဲ့ လေးဘက်နာဆေးသာ အားကိုးပြီးသောက်ခဲ့ရတယ်လို့ သူကဆိုပါတယ်။ သူဟာ အင်းစိန်ထောင်ကနေ ရခိုင်ပြည်၊ ကျောက်ဖြူထောင်၊ သံတွဲထောင်တွေကို ပြောင်းရွေးခံရပြီး ထောင်ထဲမှာ အလုပ်လုပ်ရတဲ့အခါ လေးဖက်နာရောဂါက ပိုဆိုးလာခဲ့ပါတယ်။
ထောင်တွင်းဆေးခန်းကိုပြသခဲ့ပေမယ့် ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာ၊ နှလုံးရောဂါ၊ ဆီးချို၊ ကိုယ်ဝန် ဆောင်သည်စတဲ့ မည်သည့်လူနာဖြစ်စေ ပါရာစီတမော့ပဲ ပေးတယ်လို့ သူက ဆိုပါတယ်။
နေထိုင်ရတာမသန့်ရှင်းတဲ့အတွက် ခြေထောက်မှာ အနာတွေပေါက်လာခဲ့ပါတယ်။ သံတွဲထောင်ရောက်တော့ လည်း ရေမလုံလောက်တာကြောင့် အကျဉ်းသူအများစုဟာ ပွေး၊ ဝဲ စတဲ့အရေပြားရောဂါတွေ အဖြစ်များကြတယ်လို့ မဆိုဖီက ပြောပါတယ်။
“ထောင်ထဲမှာဆို စနောက်နေကြတာရှိတယ်၊ ယားနာမပေါက်ရင်ဒီကနေ လွှတ်မှာမဟုတ်ဘူး၊ ယားနာပေါက်မှ ဒီကနေလွှတ်မှာဆိုပြီး ဝိုင်းစကြတယ်” လို့ သူက ပြောပါတယ်။
သူဟာ အကျဉ်းထောင်ထဲက လွတ်မြောက်လာခဲ့ပေမယ့် ထောင်အတွင်းက ရလာခဲ့တဲ့ အရေပြားရောဂါနဲ့ ရိုက်နှက်နှိပ်စက်ခံခဲ့ရတဲ့ ခန္ဓာကိုယ်ပေါ်က နာကျဉ်မှုဝေဒနာတွေကိုတော့ ဆေးထိုး၊ ဆေးသောက် ဆက်လက် ကုသနေရဆဲ ဖြစ်ပါတယ်။
“ပုခုံးဒဏ်က အရမ်းအေးတာမျိုး၊ အလုပ်ကြမ်းကြမ်းလုပ်တာမျိုးဆို နာတယ်၊ ရင်ဘတ်အောင့်တယ်” လို့ ဆိုပါတယ်။
အရေပြားရောဂါဆိုရင်လည်း လေးဘက်နာရောဂါသမားဖြစ်တဲ့အတွက် အသားအရည်မကောင်းတာ၊ ဆေးတွေ သောက်နေရတဲ့အတွက် အသားတွေပွတာမျိုးတွေဖြစ်ပြီး ထောင်နံရံအပြင်ဘက်ရောက်တဲ့နောက်ပိုင်း ဆေးခန်းပြလိုက်၊ ဆေးထိုး၊ ဆေးလိမ်းလိုက်နဲ့ လုံးဝအရှင်းမပျောက်နိုင်သေးဘူးလို့ သူက ရှင်းပြပါတယ်။
“လက်ရှိနေထိုင်မှုမှာတော့ အရင်လိုမျိုး မဟုတ်ဘဲနဲ့ ရောဂါတွေတိုးလာတယ်” လို့ စစ်အာဏာရှင်ရဲ့ ဖမ်းဆီးထောင်တာ မခံရခင်နဲ့ ထောင်ကလွတ်လာပြီးနောက်ပိုင်း အခြေအနေကို မဆိုဖီက နှိုင်းယှဉ်ပြပါတယ်။
အကျဉ်းထောင်အသီးသီးကနေ ပြန်လည်လွတ်မြောက်လာကြတဲ့အမျိုးသမီးတွေဟာ အခုလို ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ကုသနေရဆဲဖြစ်သလို စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်မှုဒဏ်၊ လိင်ပိုင်းဆိုင်ရော စော်ကားပြော ဆိုခံရမှုဒဏ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေလည်း ဆက်လက်ခံစားနေရဆဲဖြစ်ပါတယ်။
တာမွေသပိတ်စစ်ကြောင်းမှာ မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရတဲ့ မလင်းလက်ဆူးဆိုရင် စစ်ကြောရေးမှာ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်လှောင်ပြောင် စော်ကားခံရမှုငရဲခန်းမှာ ၅ ရက်ကြာ ဖြတ်သန်းခဲ့ရပါတယ်။
စစ်ကြောရေးမှာ ဆန္ဒပြကြွေးကြော်သံတွေကို ဟာသလုပ်ပြီးကြွေးကြော် လှောင်ပြောင်တာ၊ လက်သုံးချောင်း ထောင်ပြီး မတ်တပ်ရပ်ခိုင်းတာ၊ ကောင်းကောင်းမဖြေရင် ပါးရိုက်ပစ်မယ်၊ ဝန်မခံရင် နေ့လားညလား မသိတဲ့နေရာကို ပို့ပြီးစစ်မယ်ဆိုပြီး အကြိမ်ကြိမ် ခြိမ်းခြောက်ခံခဲ့ရတယ်လို့ သူက ပြောပြပါတယ်။
ဒါအပြင် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုတာမျိုးတွေကိုပါ သူက ကြုံတွေ့ခဲ့ရပါသေးတယ်။
“နင်တို့အိတ်တွေထဲမှာ ဆေးတွေ တွေ့တယ်၊ ကွန်ဒုံးတွေ တွေ့တယ်၊ ဆန္ဒပြပြီးတာနဲ့ ဟိုတယ်တွေကလည်း သွားဖို့အဆင်မပြေဆိုတော့ ခြုံတိုးကြမလို့ မဟုတ်လား ဆိုတာမျိုးတွေအထိ ပြောဆိုခံခဲ့ရတယ်” လို့ မလင်းလက်ဆူးက ပြောပါတယ်။
စစ်ဆေးနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ရောက်လာကြတဲ့ တချို့အမျိုးသမီးတွေမှာဆိုရင် အမျိုးသမီး အင်္ဂါနေရာကို ခြေထောက်နဲ့ ဆောင့်ကန်ခံရတာတွေအထိ ကြုံတွေ့ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီးဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေဟာ စစ်ကြောရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နှုတ်နဲ့ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ထိပါးမှုဒဏ်ကို တနည်းမဟုတ်တနည်း ခံခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသူ မမိုးဖြူက ဆိုပါတယ်။
သူဟာ နဂိုကတည်းက ခန္ဓာကိုယ်ပိန်သူဖြစ်ပြီး စစ်ကြောရေးမှာ ၃ ရက်ဆက်တိုက် မအိပ်ခိုင်းဘဲ စစ်ဆေးမေးမြန်းခံခဲ့ရတဲ့အခါ အိပ်ရေးပျက် မျက်ကွင်းညိုနေတဲ့အတွက် ဆေးသမားလို့ စွပ်စွဲခံရတာ၊ ရည်းစားအယောက် ၄၀ လောက်ရှိတယ်ဆိုပြီး ပြောဆိုခံရတာ၊ ခန္ဓာကိုယ်က ဘယ်လိုပုံစံဖြစ်နေပြီ စတဲ့ လိင်ပိုင်းဆိုင်ရာထိပါးပြောဆိုတာမျိုးတွေ ကြုံခဲ့ရပါတယ်။
အကျဉ်းထောင်ထဲရောက်တဲ့အခါ စကားဆက်စပ်မိလို့ စစ်ကြောရေးအကြောင်း ဝိုင်းဖွဲ့ပြန်ပြောကြတဲ့ စကားဝိုင်းတွေမှာ အမျိုးသမီး ၅ ယောက်ရှိရင် ၅ယောက်လုံး၊ ၁၅ ယောက်ရှိရင် ၁၅ ယောက်လုံးက စစ်ကောင်စီတပ်သားတွေရဲ့ လိင်ပိုင်းဆိုင်ရာထိပါးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သူက ဆိုပါတယ်။
“တော်လှန်ရေးကာလမှာ ဖမ်းခံရတဲ့ အမျိုးသမီးတိုင်းက သူတို့အတွက် ပါးစပ်နဲ့အာသာဖြေစရာ မိန်းမတွေရသွား သလိုပဲ၊ နောက်ပြီး ဒီမိန်းမတွေကို ဒီလိုမျိုးစော်ကားလို့လည်း သူတို့မှာ အပြစ်မရှိဘူးလို့ သူတို့က ယူဆတယ်” လို့ မမိုးဖြူက ပြောပါတယ်။
စစ်ကြောရေးမှာ ၄ရက်ဆက်တိုက် မအိပ်ရ၊ အစာမစားရဘဲ စစ်ဆေးခံခဲ့ရတဲ့ မဆိုဖီဆိုရင်လည်း စစ်ဆေး မေးမြန်းခံရတဲ့အခါ “ပုခုံးကိုင်လိုက်၊ မေးကိုင်လိုက်၊ ခါးကိုင်လိုက်ပေါ့၊ ကျွန်တော်ကတော့ လုံးဝ မခံဘူး၊ သူတို့ကို အသံအကျယ်ကြီးနဲ့ ပြန်အော်တာ” လို့ ဆိုပါတယ်။
အမျိုးသမီးနိုင်ငံရေးအကျဉ်းသားတွေဟာ စစ်ကြောရေးမှာပဲဖြစ်ဖြစ် အကျဉ်းထောင်ထဲမှာဖြစ်ဖြစ် လိင်ပိုင်းဆိုင်ရာအရ ကိုယ်ထိလိုက်ရောက် အကြမ်းဖက်တာမျိုးမဟုတ်ဘူးဆိုရင်တောင်မှ စကားလုံးတွေနဲ့ အပြောခံရတာ၊ ညှင်းပန်းနှိပ်စက်ခံရတာတွေက ရေရှည်ထိခိုက်မှုဖြစ်စေနိုင်တယ်လို့ စိတ်ကုထုံးသင်တန်းနည်းပြ တဦးလည်းဖြစ်၊ စိတ်ကျန်းမာရေး Counsellor (အတိုင်ပင်ခံ) တဦးလည်းဖြစ်တဲ့ မချယ်ရီစိုးမြင့်က ရှင်းပြပါတယ်။
“ကြောက်ရွံ့ထိတ်လန့်မှုတွေ ခံစားရတာမျိုး၊ ကိုယ့်မှာ လုပ်နိုင်စွမ်းမရှိဘူး၊ စွမ်းအားမရှိဘူးဆိုတဲ့ဟာမျိုးကို ခံစားရစေတာမျိုးတွေ၊ ကိုယ့်ကိုကိုယ်တန်ဖိုးထားယုံကြည်မှုတွေ ကျဆင်းတာမျိုးလည်း ဖြစ်နိုင်တယ်”လို့ မချယ်ရီစိုးမြင့်က မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံထားရတာ၊ စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာအသားပေး စော်ကားပြောဆိုခံရတာ၊ မိသားစုနဲ့ခွဲခွာပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတာစတဲ့ ဖြစ်ရပ်တွေက အများကြီးဖြစ်နေတဲ့အတွက် လူတွေကိုစိတ်ဒဏ်ရာဖြစ်စေတယ်လို့ သူက ဆိုပါတယ်။
“ရုပ်ပိုင်းဆိုင်ရာအရ အဓမ္မပြုကျင့်မှု မမြောက်ဘူးဆိုရင်တောင်မှပဲ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုဆိုတာကလည်း လူတွေရဲ့ Memory မှာ ခက်ခဲတဲ့ဘဝရဲ့ကြုံတွေ့ရတဲ့ဖြစ်ရပ်မျိုးတွေဆိုတဲ့ဟာကို စွဲမြဲမှတ်သွားစေနိုင်တယ်၊ ပြီးတော့ ဒါတွေနဲ့ပတ်သက်ပြီးတော့မှ ဆက်စပ်တဲ့အကြောင်းအရာတွေကို ရှောင်တာမျိုးတွေ၊ ဒါတွေနဲ့ ပတ်သက်ပြီး ပြန်မပြောချင်တော့ဘူး၊ ပြန်မတွေးချင်ဘူး ဆိုတာမျိုးတွေဖြစ်တယ် အိမ်မက်ဆိုးတွေ မက်တယ်”လို့ မချယ်ရီစိုးမြင့်က ရှင်းပြပါတယ်။
ဒီလက္ခဏာတွေကိုယေဘူယျအားဖြင့် PDST လို့ခေါ်တဲ့ စိတ်ဖိစီးမှုဖြစ်တဲ့အလွန်မှာ ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာအဖြစ် သတ်မှတ်တယ်လို့ဆိုပါတယ်။
“နောက်ဆက်တွဲဘာတွေပါလာလဲဆိုတော့ တချို့တွေမှာဆိုလို့ရှိရင် Anxiety လို့ပြောတဲ့ စိုးရိမ်ပူပန်စိတ် ကြီးတာမျိုးတွေ၊ Depression လို့ပြောတဲ့ နောက်ဆက်တွဲ စိတ်ဓာတ်ကျတဲ့လက္ခဏာတွေ ပေါ်ပေါက်လာတာမျိုးတွေ၊ ဒါနဲ့ပတ်သက်ပြီးတော့ပြန်တွေးတိုင်း ကိုယ့်ကိုကိုယ် ရှက်ရွံ့စိတ်ခံစားရတယ်၊ ကိုယ့်ကိုကိုယ် အပြစ်တင်တာမျိုးတွေလည်းရှိနိုင်တယ်၊ ဒါတွေကတော့စိတ်ပိုင်းဆိုင်ရာမှာ ပေါ်လာတတ်တဲ့ ရေရှည်သက်ရောက်မှုမျိုးတွေဖြစ်ပါတယ်”လို့ မချယ်ရီစိုးမြင့်က ရှင်းပြပါတယ်။
စစ်ကြောရေးကို ၁၀ရက်ကျော်ဖြတ်ခဲ့ရပြီး အကျဉ်းထောင်ထဲမှာ ၃နှစ်နေခဲ့ရတဲ့ မတွယ်တာခင်က “ကျန်းမာရေးအခြေအနေက အရမ်းအေးတယ်ဆို ပိုဆိုးတယ်၊ စိတ်ပိုင်းဆိုင်ရာအနေနဲ့တော့ စိတ်အတက်အကျ မြန်တယ်၊ အခုကောင်းနေပေမယ့် ခဏနေ စိတ်ကျသွားတယ်ဆို ၂ရက်၊ ၃ရက် မထနိုင်တဲ့ အခြေအနေမျိုးတွေ၊ တော်တော်လေး အခက်အခဲတွေရှိပါတယ်”လို့ ဆိုပါတယ်။
လွတ်မြောက်လာပြီးတဲ့နောက်မှာ မလုံခြုံတာတွေခံစားရပြီး စိတ်ပိုင်းဆိုင်ရာအရ ခြေသံကြားရင်လန့်တာမျိုး၊ ညဘက်ရောက်လို့ အိမ်တွေကိုစစ်ဆေးတာကြားရင် ထိတ်လန့်တာမျိုးတွေ၊ စစ်သားတွေ ရဲတွေနဲ့တွေ့ရင် မလုံခြုံမှုတွေ ခံစားရတယ်လို့ ဆိုပါတယ်။
“အရင်ကဆို ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်၊ ဘာပဲဖြစ်ဖြစ် မကြောက်မရွံ့ဘူး၊ ဘဝက ပျော်ရွှင်တဲ့ ခံစားချက်တွေ အများကြီးရှိတယ်၊ ခုနောက်ပိုင်းမှာကတော့ လူကဘာပဲဖြစ်ဖြစ် ထိတ်လန့်ကြောက်ရွံ့တာတွေရှိတယ်၊ မပျော်ရွှင်ရတဲ့ အခြေအနေ စိတ်ပိုင်းဆိုင်ရာအရ အရမ်းထိခိုက်လွယ်တာတွေ၊ စိတ်ကျတာတွေ အဲ့ဒါတွေအများကြီးရှိတယ်”လို့ မတွယ်တာခင်က ဖွင့်ဟပါတယ်။
အကျဉ်းထောင်တွေကနေ ပြန်လည်လွတ်မြောက်လာကြတဲ့ အမျိုးသမီးတွေဟာ အကျဉ်းထောင်ထဲက ခံစားလာရတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုဝေဒနာတွေကို ပြန်လည်ကုသရတဲ့အခါမှာလည်း ငွေကြေးဆိုင်ရာ အခက်အခဲ၊ လုံခြုံရေးဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသေးတယ်။
မတွယ်တာခင်ဟာ ထောင်ထဲမှာ ၂နှစ်လောက် တမံသလင်းနဲ့နေခဲ့ရတဲ့အတွက် အဆုတ် မကောင်းတော့ပဲ အအေးဒဏ်မခံနိုင်တာ၊ အမြဲနှာမွန်ပြီး အမြဲဆေးသောက်နေရတာတွေအပြင်၊ နှလုံးရောဂါလည်း အနည်းငယ်ခံစားလာရပြီး နှလုံးဆေးတွေ သောက်နေရပေမယ့် ငွေကြေးအကုန်အကျများလွန်တဲ့အတွက် လုံလောက်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေမလုပ်နိုင်ပါဘူး။ သူခံစားနေရတဲ့ ဝေဒနာတွေကို ထောင်ထဲမှာနေခဲ့စဉ်က အတူတူအကျဉ်းကျခံခဲ့ရတဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ သောက်ဆေးတွေနဲ့ ကုသနေတယ်လို့ သူက ဆက်ပြောပါတယ်။
သူဟာ စိတ်ဓာတ်ကျတဲ့အချိန်တွေမှာ ပန်းချီဆွဲတာ၊ စာရေးတာ၊ အရင်းနှီးဆုံးမိတ်ဆွေ သူငယ်ချင်းတွေနဲ့ စကားပြောတာတွေလုပ်နေသလို တဖက်မှာလည်း နိုင်ငံရေးအကျဉ်းသူတွေအရေး လုပ်ကိုင်ရင်း အဆင်ပြေအောင်ဖြတ်သန်းနေတယ်လို့ဆိုပါတယ်။
ဒါ့အပြင် မမိုးဖြူဆိုရင် သူပြန်လည်လွတ်မြောက်လာတဲ့အခါ အာရုံကြောဆရာဝန်နဲ့ ပြသခဲ့ပေမယ့် ရောဂါရာဇဝင်က နိုင်ငံရေးအကျဉ်းသူ ဖြစ်နေတဲ့အတွက် ပွင့်ပွင့်လင်းလင်းပြောဖို့ အဆင်မပြေတဲ့အတွက် ကုသရာမှာ ထိရောက်မှု မရှိဘူးလို့ ဆိုပါတယ်။
“သူ(ဆရာဝန်)က ဘယ်ဘက်ကလည်းဆိုတာ ကိုယ်က မသိနိုင်ဘူး၊ အဲတော့ လုံခြုံရေးအရ ဒီလိုဆေးကုတဲ့ နေရာမှာ အခက်အခဲရှိတယ်” လို့ မမိုးဖြူက ရှင်းပြပါတယ်။
တော်လှန်ရေးအသိုင်းအဝိုင်းထဲက ချိတ်ဆက်ပေးတဲ့ ဆရာဝန်နဲ့ပြသခဲ့ပေမယ့် အာရုံကြော အထူးကုမဟုတ်ဘဲ အထွေထွေဆရာဝန်နဲ့သာ ဆွေးနွေးခဲ့ရပါတယ်။
မလင်းလက်ဆူးတယောက်ဆိုရင် အကျဉ်းထောင်ထဲမှာ ကိုဗစ်ဖြစ်ပြီးဆေးရုံတက်ခဲ့ရတဲ့အတွက် လက်ရှိမှာ အမော မခံနိုင်တာ၊ ကြာကြာမထိုင်နိုင်တာ၊ ကျောက်ကပ်ကြောင့် ကျောအောင့်တာ စတာတွေခံစားနေရပါတယ်။
“ကွန်ပျူတာရှေ့ရယ် မဟုတ်ဘဲ ကြာကြာထိုင်တာမျိုး မလုပ်နိုင်တော့တာ” လို့ သူက ဆိုပါတယ်။
စစ်အာဏာမသိမ်းခင်က သူ့မျက်လုံးအတွင်းတိမ်ကို ခွဲစိတ်ဖို့အခြေအနေရှိခဲ့ပေမယ့် ဖမ်းဆီးခံလိုက်ရတဲ့အခါ ခွဲစိတ်မှု မလုပ်ရတော့ပါဘူး။
သူ့အနေနဲ့ ခံစားနေရတဲ့ ရောဂါတွေကို ကုသမယ်ဆိုရင် လုံခြုံရေး၊ ငွေကြေးအပြင် တော်လှန်ရေးအလုပ်တွေ မလုပ်နိုင်မှာ စိုးရိမ်တဲ့အတွက် ခံစားနေရတဲ့ရောဂါဝေဒနာတွေ ပိုဆိုးမသွားအောင် ဆေးမှီးတိုနဲ့ပဲ ကုသနေရ တယ်လို့ ဆိုပါတယ်။
သူဟာ လက်ရှိမှာ နိုင်ကျဉ်းသူအချင်းချင်း ပြန်လည်ဖေးမစောင့်ရှောက်တာ၊ ကျန်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ထောက်ပံ့တာတွေ ဆောင်ရွက်နေပါတယ်။
အာဏာရှင်လက်မှာ နည်းမျိုးစုံနဲ့ လူ့အခွင့်ရေးချိုးဖောက်ခံခဲ့ရပေမယ့် အာဏာရှင်စနစ်ကို အမြစ်ဖြုတ်လိုတဲ့ နိုင်ငံရေးခံယူချက်နဲ့ ခိုင်မာတဲ့ရပ်တည်မှုလမ်းကြောင်းပေါ်ကနေ သွေဖည်မသွားတာကို မလင်းလက်ဆူးရဲ့ ဒီစကားစုတွေက သက်သေပြနေပါတယ်။
“အကြမ်းဖက် စစ်အုပ်စု အနိုင်ရပြီးရင်တောင်မှ ကျွန်မတို့ပြည်သူတွေက ပုံစံပြောင်းသွားတဲ့ အာဏာရှင်အောက်မှာ ဆက်ရှိနေမယ်ဆိုရင်တော့ ဆက်ပြီး တော်လှန်မှုတွေလုပ်နေမှာပါပဲ”











