စစ်ရှောင်အမျိုးသမီးများ မြွေဆိုးအန္တရာယ်ကြောင့် မျိုးဆက်ပွားကျန်းမာရေးနှင့် လူမှုစီးပွားဘဝများထိခိုက်
ရှင်ငြိမ်း
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးနှင့် မြေနုကျွန်းများပေါ်တွင် စစ်ဘေးရှောင်အမျိုးသမီးများ ရင်ဆိုင်နေရသည့် မြွေအန္တရာယ်ကြောင့် အသက်အန္တရာယ်၊ မျိုးဆက်ပွားကျန်းမာရေးထိခိုက်ခြင်းနှင့် လူမှုစီးပွားဘဝများ ပြင်းပြင်းထန်ထန်ထိခိုက်လျှက်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
တိုက်ပွဲများကြောင့် မတ္တရာမြို့နယ် မြစ်ဘေးတွင်နေထိုင်သည့် ငယ်တိုး၊ သဖန်းဒေါင့်၊ သုံးဆယ်ပေး၊ ကုန်းတန်းကြီးစသည့် ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံများသည် ဧရာဝတီမြစ် အနောက်ဘက်ကမ်းတလျှောက်မြေနုကျွန်းများပေါ်တွင် ရွာလုံးကျွတ်စစ်ရှောင်နေကြရပြီး၊ ဇန်နဝါရီလအတွင်း မြွေကိုက်ခံရသူ ၁၃ ဦးအနက် ၇ ဦးမှာ အမျိုးသမီးများ ဖြစ်ကြ ကြောင်း စစ်ဘေးရှောင်ကူညီရေးလုပ်ကိုင်နေသည့် စေတနာ့ဝန်ထမ်းတဦးက ပြောသည်။
မိသားစုတာဝန်များဖြစ်သည့် ရေခပ်ခြင်း၊ ထင်းကောက်ခြင်းအပြင်၊ သန့်စင်ခန်းသွားခြင်းနှင့် သက်ငယ်မိုး၊ တဲထိုးကာ မြေပြင်ပေါ် တွင်အိပ်စက်ရခြင်းစသည့်တို့ကြောင့် မြွေကိုက်ခံရမှု ပိုမိုများပြားနေခြင်းဖြစ်ကြောင်းသိရသည်။
စစ်ရှောင်မိခင်တဦးက“ကျမ ကိုယ်ဝန် ၅ လမှာ တခါစစ်ရှောင်ရတုန်းက လယ်ကွင်းအစပ်တွေမှာ နေရတာ၊ အဲ့မှာ နေ့ဘက် မြွေကိုက်ခံလိုက်ရတော့ လူမသေဘူး၊ ကလေးကတော့ ပျက်ကျသွားတယ်”ဟု HI – Honest Information သို့ ပြောသည်။
အလားတူ ဥဒိန်ရွာမှ စစ်ရှောင်လာသည့် အမျိုးသမီးတဦးကလည်း “စစ်ရှောင်လာတာဆိုတော့ ဘာမှမပါဘူး၊ ဖြစ်သလို တဲထိုး၊ တာလပါတ်ခင်း ဒီအတိုင်း အိပ်ကြတာပဲ၊ ကျမသမီးလေးလည်း နေ့ခင်းအိပ်ရင်း မြွေကိုက်ခံရတာ ဆေးခန်း မရောက်ဘဲဆုံးတာ”ဟု ရင်သွေးဆုံးရှုံးခဲ့ရသည့် သူ့အတွေ့အကြုံကိုပြောသည်။
မြွေဆိုးကိုက်ခံရသည့်အခါ မိနစ်ပိုင်းအတွင်း ဆေးရုံရောက်ဖို့ လိုအပ်သော်လည်း စစ်ဆေးရေးဂိတ်များ၊ လမ်းပန်းဆက်သွယ် ရေး ခက်ခဲခြင်း၊ ဆေးရုံဆေးခန်းများမရှိခြင်း၊ ဆေးဝါးမရှိခြင်း၊ မြွေဆိပ်ဖြေဆေး ရှားပါးမှုနှင့် ကုသပေးနိုင်သည့် ဆရာဝန်မရှိခြင်းများကြောင့် အသက်ဆုံးရှုံးနေကြရသလို အသက်ရှင်ကျန်ရစ်သူများမှာလည်း ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ရေရှည်ခံစားနေရသည်ဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။
မြွေကိုက်ခံရသူ များပြားလာခြင်းကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မီးဖွားပြီးစ နို့တိုက်မိခင်များ နေ့စဉ်စိုးရိမ်ပူပန်မှု များနှင့် ရင်ဆိုင်နေကြရသလို၊ မြွေကိုက်ခံရသော်လည်း အသက်မဆုံးရှုံးဘဲ ကိုယ်အင်္ဂါအစိတ်အပိုင်း ပျက်စီးဆုံးရှုံးရသည့် အမျိုးသမီးများလည်း ရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်များကဆိုသည်။
မြွေကိုက်ပြီး ညာဘက် ဒူးအောက်ပိုင်း ဖြတ်ပစ်ခဲ့ရသည့် ဒေါ်စန်းရီက “မသန်စွမ်းဖြစ်သွားတော့ အရာရာသူများ အားကိုး နေရတယ်၊ ကိုယ်က သူတို့အတွက် ဝန်ထုတ်ဝန်ပိုးကြီးပေါ့၊ အလုပ်လည်း မလုပ်နိုင်တော့ ဝင်ငွေလည်းလျော့သွားတယ်၊ မိသားစုစားဝတ်နေရေးလည်း အဆင်မပြေတော့ဘူး”ဟု ပြောသည်။
မြွေကိုက်လူနာတဦးကို မြွေဆိပ်ဖြေဆေး အနည်းဆုံး ၈ လုံးထိထိုးနှံပေးရပြီး၊ လက်ရှိတွင် မြန်မာနိုင်ငံထုတ် BPI မြွေဆိပ် ဖြေဆေး တလုံးလျှင် ကျပ် (၁) သိန်းခွဲခန့်အထိ ဈေးနှုန်းမြင့်တက်နေရာ လိုသလောက် ဝယ်ယူမရနိုင်သည့်အတွက် အရေးပေါ်ဆေးဝါး အကူအညီများလိုအပ်လျက်ရှိကြောင်း စစ်ရှောင်အမျိုးသမီးများ၏ကျန်းမာရေးကို စောင့်ရှောက်ပေးနေ သည့် သူနာပြုဆရာမတဦးက ပြောသည်။
“အမှန်တော့ ရွာသားတွေကို မြွေကိုက်ခံရရင် ရှေးဦးသူနာပြုနည်းနဲ့ ဘယ်လိုလုပ်ဆောင်ပေးရမလဲဆိုတာ ဟောပြော ပေးဖို့ လိုတယ်၊ ဘယ်မှာအိပ်အိပ် ခြင်ထောင်ထောင်အိပ်ရမယ်၊ တောထဲသွားမယ်ဆို လည်ရှည်ဖိနပ်မရှိရင် တုတ်နဲ့ ခြောက်လှန့် တာ လုပ်ရမယ်၊ ဒါတွေလည်း ကျမတို့ရောက်တဲ့နေရာတိုင်းတော့ ပြောနေတာပဲ” ဟု အဆိုပါ သူနာပြုဆရာမက ဆိုသည်။
စစ်ကောင်စီတပ်သည် မတ္ထရာမြို့နယ်အနောက်ခြမ်းကို ထိုးစစ်ဆင်နေခြင်းကြောင့် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး ယင်းတိုက်ပွဲများကြောင့် ကျေးရွာအားလုံး ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်သောင်းချီရှိနေကာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်၊ စောင်တို့ လိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရှိရသည်။










