စစ်ကောင်စီထံ လက်နက်နှင့် လေယာဉ်ဆီ ရောင်းချနေမှုများကို ချက်ချင်းရပ်တန့်ရေးအပါအဝင် အချက် ၄ချက်ကို WLB တောင်းဆို  

ရှင်ငြိမ်း 

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က  ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝှမ်း၌ ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ “၂၀၂၅ ခုနှစ်ကို လည်ပြန်ကြည့်ခြင်း” အမည်ရှိ အစီရင်ခံစာကို ယနေ့ ဖေဖော်ဝါရီ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်သည်။    

အဆိုပါ အစီရင်ခံစာတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၂၀၀ ကျော် မှတ်တမ်းတင်နိုင်ခဲ့သလို၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူများအပေါ် အရေးယူနိုင်ခြင်းမရှိသည့် ပြစ်ဒဏ် ကင်းလွတ်ခွင့်ကို အဆုံးသတ်ရန်အတွက် အချက် ၄ ချက်အား WLB က နိုင်ငံတကာအသိုင်းအဝိုင်းသို့ တောင်းဆိုထားသည်ကို တွေ့ရသည်။  

ယင်းအချက် ၄ချက်မှာ  စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ရန်၊ နိုင်ငံတကာ တရားမျှတမှု ယန္တရားများမှတဆင့် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူရန်၊  စစ်ကောင်စီထံသို့ လက်နက်နှင့် လေယာဉ်ဆီ ရောင်းချနေမှုများကို ချက်ချင်းရပ်တန့်ရန်၊ မြေပြင်ရှိ အမျိုးသမီးအဖွဲ့အစည်းများထံသို့ ရန်ပုံငွေနှင့် အရင်းအမြစ်များ တိုက်ရိုက်ပံ့ပိုးပေးရန် စသည့်တို့ ဖြစ်သည်။ 

မြန်မာနိုင်ငံ၏ လက်ရှိလူ့အခွင့်အရေး အကြပ်အတည်းကို နိုင်ငံတကာက ခိုင်မာပြတ်သားစွာ အရေးမယူပါက အမျိုးသမီး များနှင့် ကလေးငယ် သန်းပေါင်းများစွာအတွက် ပိုမိုဆိုးရွားသော အကျိုးဆက်များ ကြုံတွေ့ရလိမ့်မည်ဟု WLB က သတိပေးပြောကြားထားသည်။ 

အဆိုပါ အစီရင်ခံစာတွင် စစ်ကောင်စီနှင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း အမျိုးသမီးများအပေါ် ကျူးလွန်ခဲ့သည့် လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု (SGBV) ဖြစ်စဉ်ပေါင်း ၂၀၉ မှု ကို အသေးစိတ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ဖော်ပြထား သည်။  

လက်ရှိ အစီရင်ခံစာတွင်ပါဝင်သည့်  အမှုပေါင်း ၂၀၉ မှုမှာ ၂၀၂၅ (၁)နှစ်စာ အတွက်ပဲ မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး၊ ၂၀၂၁- ၂၀၂၅  (၅)နှစ်တာအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပေါင်း ၁,၀၀၀ နီးပါးရှိခဲ့ပြီး ကျူးလွန်သူများထဲတွင် အဓိက တရားခံဖြစ်သော စစ်အုပ်စုအပြင် လက်နက်ကိုင်အင်အားစု အမျိုးမျိုးလည်း ပါဝင်နေသည်ကို တွေ့ရှိရကြောင်း WLB ၏ မူဝါဒရေးရာဦးဆောင် အဖွဲ့ဝင်တဦးက HI – Honest Information သို့  ပြောသည်။  

စစ်အုပ်စုသည် တိုင်းရင်းသူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ၂၀၂၁ မတိုင်မီကလည်း မုဒိမ်းမှု ကျူးလွန်မှုများ ရှိသလို အာဏာသိမ်းပြီးနောက်တွင်လည်း အမျိုးသမီးများအပါအဝင် တခြားအုပ်စုများပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ကျူးလွန်နေသည်ကို တွေ့ရကြောင်း  WLB ၏ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် မဖိုးဒါးက ရှင်းပြသည်။ 

သူက “သူတို့က ဒီအပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ပျော်ပျော်ပါးပါးကြီး ကျင့်သုံးနေတာပါ၊ ဘာအရေးယူမှုမှ မရှိတဲ့အတွက် ဒီလို အကြမ်းဖက်မှုတွေက လျော့နည်းသွားမှာ မဟုတ်ဘူး”ဟု HI – Honest Information သို့ ပြောသည်။  

ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဖြစ်စဉ်များအပေါ်တွင် စစ်အုပ်စုက မည်သည့်အခါမှ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခဲ့ကြောင်း သူက ထောက်ပြသည်။  

“အထူးသဖြင့် အခုလို နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး အဘက်ဘက်က ယိုယွင်းနေတဲ့အချိန်မှာ စစ်အုပ်စုက ဒါကို အခွင့် အရေးတခုလို၊ လိုင်စင်တခုလို သဘောထားပြီး ဆက်လက်ကျူးလွန်ဖို့ တွန်းအားဖြစ်စေပါတယ်”ဟု သူက ဆက်လက် ပြောသည်။  

ထုတ်ပြန်ချက်တွင်ဖော်ပြထားချက်အရ စစ်ရေးပြင်းထန်နေသည့် စစ်ကိုင်းတိုင်းကဲ့သို့သော ဒေသများတွင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုနှင့် လုံခြုံရေး အခြေအနေများကြောင့် အကြမ်းဖက်ခံရသူများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ မှာ လိုအပ်သည့် ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိရန် အလွန်ခက်ခဲနေကြကြောင်း သိရသည်။ 

WLB အနေဖြင့် ယင်းသို့သော အခက်အခဲများကြားမှ ဘေးဒုက္ခကြုံတွေ့နေရသည့် အမျိုးသမီးများဘက်မှ ဆက်လက် ရပ်တည်ပေးသွားမည်ဖြစ်ပြီး၊ ထိရောက်သော အကာအကွယ်ပေးရေး ယန္တရားများပေါ်ပေါက်လာစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။  

WLB ၏ အဆိုအရ အဆိုပါဖြစ်စဉ်များသည် မြေပြင်တွင် အမှန်တကယ်ဖြစ်ပွားနေသည့် အခြေအနေ၏ အစိတ်အပိုင်း တခုသာ ဖြစ်ကြောင်း သိရသည်။  

အစီရင်ခံစာတွင် ဖော်ပြထားသည့် အချက်အလက်များအရ WLB သည် ယင်းသို့ ကျူးလွန်ခံရမှုဖြစ်စဉ်များအတွင်းမှ ရှင်သန်လွတ်မြောက်လာသူ အမျိုးသမီး ၁,၂၁၂ ဦး အား ဆေးဝါးနှင့် စိတ်ပိုင်းဆိုင်ရာ ကုစားမှုများ ပံ့ပိုးပေးခဲ့ကြောင်း၊ အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ၃၁၀ ဦး သည် အသက်အန္တရာယ်နှင့် လုံခြုံရေး ခြိမ်းခြောက်မှုများ ကြားမှ လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြရကြောင်း သိရသည်။  

ထို့ပြင် စစ်ကိုင်း၊ တနင်္သာရီနှင့် ကရင်နီအပါအဝင် ဒေသအသီးသီးရှိ IDPs အမျိုးသမီး ၃၁,၃၈၂ ဦး အား လူသားချင်းစာနာမှု အကူ အညီများ ပေးအပ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။  

ပြီးခဲ့သည့် ၂၀၂၅၊ အောက်တိုဘာ ၃၁ ရက်  ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချခဲ့သည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်အမှတ်-၁၃၂၅ ၏ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကလည်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ တောင်းဆိုချက်တရပ် ထုတ်ပြန်ခဲ့ သေးသည်။  

ယင်းထုတ်ပြန်ချက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၄နှစ်ကျော်ကာလအတွင်း မြန်မာပြည်တွင် ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု(CRSV) ဖြစ်ရပ်ပေါင်း ၅၅၀ ကျော်အပါအဝင် လိင်ပိုင်းဆိုင်ရာနဲ့ ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှု (SGBV) အမှုပေါင်း ၁,၀၀၀ ကျော်မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။  

မြန်မာနိုင်ငံက အမျိုးသမီးများသည် စစ်ပွဲ၊ အိုးအိမ်စွန့်ခွာထွက်ပြေးမှု၊ စစ်ဝါဒကြီးစိုးခြင်းများနှင့် နက်နက်ရှိုင်းရှိုင်း အမြစ် တွယ်နေ‌သော ဖိုဝါဒကြီးစိုးမှု ဆိုးကျိုးများကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ယင်းထုတ်ပြန်ချက်တွင်ဖော်ပြခဲ့ဖူးသည်။ 

ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်များ ရှိနေသော်လည်း အမျိုးသမီးများသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းမှ ဖယ်ကြဉ်ခံရခြင်း အပြင် အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး( WPS) အစီအစဉ်၏ မဏ္ဏိုင်အားလုံးတွင် စနစ်ကျသည့် အတားအဆီးများ ကို ရင်ဆိုင်နေကြရဆဲဖြစ်ကြောင်း မနှစ်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။  

Author: Shin Nyane