ဖားအံမြို့နယ်ကရင်အမျိုးသမီးအစည်းအရုံး ၃ကြိမ်မြောက် ကွန်ကရက်မှာ အမျိုးသမီးခေါင်းဆောင် ၄ဦး ရွေးချယ်
ခင်ဘုန်းမို့
ဖားအံမြို့နယ်ကရင်အမျိုးသမီးအစည်းအရုံး(KWO)ရဲ့ ၃ ကြိမ်မြောက် ကွန်ကရက်မှာ ခေါင်းဆောင်တွေအဖြစ် အမျိုးသမီး ၄ ဦးကို ရွေးချယ်ခဲ့တယ်လို့ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးက မနေ့က သတင်းထုတ်ပြန် ပါတယ်။
ရွေးကောက်တင်မြောက်ခံခဲ့ရတဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ခေါင်းဆောင်တွေကတော့ ဥက္ကဋ္ဌ နေရာအဖြစ် နော်အဲ့ရှီး၊ ဒုဥက္ကဋ္ဌ နေရာအဖြစ် နော်ကမွီးမွီး၊ အတွင်းရေးမှူး နေရာအဖြစ် နော်သက်မူးနွယ်၊ တွဲဖက်အတွင်းရေးမှူးနေရာအဖြစ် နော်ဖောလား တို့ဖြစ်တယ်လို့ သိရပါတယ်။

ရွေးချယ်ခံခဲ့ရတဲ့ခေါင်းဆောင်တွေဟာ ၂နှစ်တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးတွေတိုးတက်ဖို့ အမျိုးသမီးနဲ့ ကလေးငယ်တွေ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ရဖို့ကတော့ သူတို့အစွမ်းကုန်ကြိုးစားမယ်လို့ ကတိရှိပါတယ်”လို့ နော်စေးစေးဟဲကပြောပါတယ်။
ကွန်ကရက်ကနေ ရွေးချယ်ခံခဲ့ရတဲ့ အမျိုးသမီးခေါင်းဆောင်တွေအနေနဲ့ ကရင်အမျိုးသမီး အစည်းအရုံးရဲ့ စည်းရုံးရေးနဲ့အသိပညာပေးရေး၊ ပညာရေး ၊လူမှုရေး၊ ကျန်းမာရေးစတဲ့ ဌာနကြီး ၄ခုအောက်က လုပ်ငန်းတွေ ဖြစ်တဲ့ ဝန်ဆောင်မှုလုပ်ငန်း၊ စွမ်းရည်မြင့်တင်ရေးလုပ်ငန်းနဲ့ စည်းရုံးလှုံ့ ဆော်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက် သွားရမှာဖြစ်တယ်လို့ ကရင်အမျိုးသမီးအစည်းအရုံးရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဒုဥက္ကဌ နော်စေးစေးဟဲ က Honest Information- HI ကိုပြောပါတယ်။
သူက ဆက်လက်ပြီး “လူမှုရေးမှာဆိုရင် ဖိနှိပ်ခံရတဲ့အမျိုးသမီးတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံရတဲ့ အမျိုးသမီးတွေကို စည်းရုံးလှုံ့ဆော်မှု ၊ ကျွန်မတို့အမျိုးသမီးအဖွဲ့အစည်းတဖွဲ့ထဲ မကူညီနိုင်ရင် တခြားအဖွဲ့အစည်းတွေကို စည်းရုံးလှုံ့ဆော်မှုပဲဖြစ်ဖြစ် ဒါတွေကို ရွေးချယ်ခံရတဲ့ အမျိုးသမီး ခေါင်းဆောင် တွေက လုပ်ဆောင်သွားရမှာဖြစ်တယ်”လို့ ပြောပါတယ်။
လာမယ့်သက်တမ်းမှာ ကျေးရွာတွေထဲဆင်းပြီး စည်းရုံးရေးလှုံ့ဆော်မှုတွေပြုလုပ်ဖို့၊ အမျိုးသမီးတွေ နိုင်ငံရေးထဲ မှာ တက်တက်ကြွကြွပါဝင်ဖို့၊ KNU ဌာနဆိုင်ရာမှာ အမျိုးသမီးအင်အားများလာဖို့၊ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်ဖို့ ၊ နိုင်ငံရေးမှာဖြစ်ဖြစ် တရားစီရင်ရေးမှာ ဖြစ်ဖြစ် အမျိုးသမီးတွေ ပါဝင်လာ ဖို့၊ အမျိုးသမီးတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ ရန်ပုံငွေရှာတဲ့ အစီအစဉ်တွေကိုလည်း ရှေ့ဆက် လုပ်ငန်းစဉ်ထဲမှာ ဆောင်ရွက်ဖို့ချမှတ်ခဲ့တာရှိတယ်လို့ နော်စေးစေးဟဲက ပြောပါတယ်။
“အောက်ခြေအဆင့်ပဲများတာမဟုတ်ဘဲနဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာ ဌာနဆိုင်ရာအကြီးအကဲမှာဆိုရင် ဥက္ကဌ မဟုတ်ရင် ဒုဥက္ကဌ အတွင်းရေးမှူးနေရာ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်ဖို့က ဦးစားပေး လုပ်ဆောင်တဲ့ အချက်တွေဖြစ်တယ်” လို့ ဆိုပါတယ်။
ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဖားအံမြို့နယ်ရဲ့ ၃ကြိမ်မြောက် ကွန်ကရက်ကို ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်မှုနယ်မြေ၊ ဒူးသထူခရိုင်၊ ဖားအံမြို့နယ်မှာ ဇန်နဝါရီလ ၂၇ရက်က ၂၈ရက်အထိ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မြို့နယ် ကရင်အမျိုးသမီးအစည်းအရုံး (၃)ကြိမ် မြောက် ကွန်ကရက်ကို ခရိုင်အဆင့် ကရင်အမျိုးသမီး အစည်းအရုံးခေါင်းဆောင်တွေ၊ မြို့နယ် ဥက္ကဋ္ဌနဲ့ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိခေါင်းဆောင်တွေ၊ မြို့နယ် ကရင်အမျိုးသမီးအစည်းအရုံး ခေါင်းဆောင် ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါတယ်။
ကရင်အမျိုးသမီးအဖွဲ့အစည်း (Karen Women’s Organization – KWO) ကို ၁၉၄၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၅ ခုနှစ်မှာ ပြန်လည်ဖွဲ့စည်းအင်အားချဲ့ထွင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ KWO အဖွဲ့ဝင်တွေအဖြစ် ကရင်ပြည်နယ်၊ မြန်မာနိုင်ငံအတွင်းနဲ့ ထိုင်း–မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ အမျိုးသမီးစုစုပေါင်း ၇၀,၀၀၀ ကျော်နဲ့ ပါဝင်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။





