ARSA အဖွဲ့က ဖမ်းဆီးသွားတဲ့ NGO ဝန်ထမ်းအမျိုးသမီး ၂ ဦးနဲ့ ကလေး ၁ဦး ပျောက်နေဆဲ
မြန်မာ – ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်မှာ လွန်ခဲ့တဲ့ ၂ရက်က ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့(ARSA)ဆီမှာ ဖမ်းဆီးခံလိုက်ရတဲ့ NGO ဝန်ထမ်း အမျိုးသမီး၂ဦးနဲ့ ကလေး၁ဦးတို့ ပျောက်ဆုံးနေဆဲဖြစ်ပြီး၊ အတူဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသား ၂ဦးက ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ လွတ်မြောက်လာသူတဦးရဲ့ မိသားစုဝင်တဦးဆီက သိရှိရပါတယ်။
“ကျမအမျိုးသားနဲ့ ဖုန်းအဆက်သွယ်ရတယ်၊ ထွက်ပြေးလာလို့ အခု ဘင်္ဂလားဒေ့ရှ်ဘက်က အိမ်ကို ရောက်နေ တယ်၊ ရိုက်နှက်ခံထားရလို့ မစိုးရိမ်ရ ဒဏ်ရာတချို့ ရထားတယ်လို့ ပြောပါတယ်”လို့ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကိုရန်နောင်စိုးရဲ့ ဇနီးက HI – Honest Information ကို ပြောပါတယ်။
ဇန်နဝါရီလ ၄ ရက်က မောင်တောမြို့ကနေ မိုင် ၅၀ လောက်ကွာဝေးတဲ့ မြောက်ပိုင်းဘော်ဒူလာဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဆေးကုသဖို့ သွားခဲ့ကြတဲ့ အမျိုးသား ၂ဦး၊ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦးတို့ဟာ ညအချိန်နယ်စပ်ကို ဖြတ်ကျော်ချိန်မှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့(ARSA)က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
လက်ရှိ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့(ARSA)လက်ထဲမှာ အသက် ၃၈ နှစ်အရွယ် မစိုးစိုးခိုင်နဲ့ ၉နှစ်အရွယ် သူ့သားငယ် မောင်ဝေယံလင်း၊ အသက် ၃၂ နှစ်အရွယ် မသန္တာစိုးတို့ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
ဖမ်းဆီးထားတဲ့ အမျိုးသမီး ၂ဦးနဲ့ ကလေးငယ်ကို ပြန်လွတ်ပေးဖို့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့(ARSA)အဖွဲ့ထံ မိသားစုဝင်တွေနဲ့ မြို့ခံတွေက တောင်းဆိုနေသလို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမြို့ရှိ UN လက်အောက်ခံ IIMM (Independent Investigative Mechanism for Myanmar) ကိုလည်း စာရေးပေးပို့ပြီး မေတ္တာရပ်ခံ ထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရချိန်မှာ အမျိုးသမီးနဲ့ ကလေးကို သီးသန့်လမ်းကြောင်းတခု၊ အမျိုးသား ၂ဦးကို သီးသန့်လမ်းကြောင်း တခုနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး အမျိုးသမီး ၃ဦးနဲ့ကလေး ၁ဦးထဲက သက်ကြီးအမျိုးသမီး ၁ဦးဟာ ထွက်ပြေးလွတ်မြောက်သွားသလို အမျိုးသား ၂ဦးဟာလည်း ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ကိုရန်နောင်စိုးရဲ့ ပြောပြချက်ကို ဇနီးဖြစ်သူက ပြန်ပြောပါတယ်။
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့(ARSA)က ဖမ်းဆီးထားတဲ့ အမျိုးသမီးနှစ်ဦးဟာ CFSI ဝန်ထမ်း ၂ဦးဖြစ်ပြီး မသန္တာစိုးမှာ အသက် ၄ နှစ်အရွယ် သမီးငယ် ၁ဦး မောင်တောနေအိမ်မှာ ကျန်နေခဲ့ပြီး ခင်ပွန်းဖြစ်သူကတော့ နယ်စပ်ကို လိုက်သွားတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်ထဲမှာရှိတဲ့ ဆေးရုံတွေ၊ လူနေမြို့ပေါ်ရပ်ကွက်တွေနဲ့ စာသင်ကျောင်းတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရတဲ့ ရခိုင်ဒေသခံတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရေး အဆင်မပြေမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ဆေးသွားကုရတာ၊ အိန္ဒိယနိုင်ငံဘက်ကို ဆေးသွားကုရတာတွေ ပြုလုပ်နေကြရပါတယ်။
ဘင်္ဂလားဒေ့နိုင်ငံကနေ မြန်မာနိုင်ငံထဲကို နတ်မြစ်နဲ့ မယူတောင်တန်းလမ်းကြောင်ကနေတဆင့် မောင်တောခရိုင်ကို စိမ့်ဝင်နေတဲ့ ARSA အဖွဲ့က ခရီးသွားလာနေတဲ့ ရခိုင်ဒေသခံပြည်သူတွေကို ခြုံခိုတိုက်ခိုက်တာ၊ သတ်ဖြတ်တာတွေ အရင်ကတည်းက ပြုလုပ်ခဲ့သလို၊ အခွင့်သာရင်သာသလို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ခဲ့ပြီး၊ မောင်တောမြို့သိမ်း တိုက်ပွဲတုန်းကလည်း စစ်ကောင်စီဘက်ကနေ ဝင်တိုက်ပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ မောင်တောမြို့ခံတွေဆီက သိရပါတယ်။
ARSA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာ၊ ပြန်ဘေးဆွဲတာနဲ့ သတ်ဖြတ်တာ စတဲ့ အန္တရာယ်တွေကြောင့် မောင်တောမြို့နယ်ထဲက ကျောက်ချောင်း နှင့် ဖက်လိပ်ပြင် စတဲ့ကျေးရွာတွေက ဒေသခံမွတ်စလင်တွေဟာ ပြီးခဲ့ တဲ့ ဒီဇင်ဘာ ၃၁ ရက်မှာ နေရပ်စွန့်ခွာပြောင်းရွှေ့လာကြတဲ့အတွက် အာရက္ခတပ်တော်(AA)က မောင်တောမြို့နယ်၊ ရေတွင်းပြင်ကျေးရွာမှာ စုပေါင်းနေထိုင်နိုင်ဖို့ စီစဉ်ပေးခဲ့တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာန တခုဖြစ်တဲ့ Arakan Bay News – ABN မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ခု၊ အောက်တိုဘာလ ၂၂ ရက်၊ နေ့လယ် ၂နာရီခန့်ကလည်း မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာကနေ ဈေးဝယ်ပြီး ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာကိုပြန်လာတဲ့ ခရီးသည်ကားတစီးကို ကျောက်ပန္ဒူ-စေတီပြင်၊ မေယုတောင်ကျော်လမ်း၊ မြိုယုကျေးရွာ အရှေ့ဘက်တံတားအနီးမှာ ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၃၀ နှင့် ၄၀ အရွယ် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။
သေဆုံးနေတဲ့ အမျိုးသမီး ၂ဦးရဲ့ ရုပ်အလောင်းအနီးမှာ အသက် ၃ နှစ်အရွယ် ကလေးငယ်ကို သူမိခင်အလောင်းဘေးမှာ အသက်ရှင်လျှက် တွေ့ရှိခဲ့ပြီး၊ ယာဉ်မောင်းအပါအဝင် အမျိုးသား ၂ဦးမှာ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက် လာခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့ဖူးပါတယ်။
ARSA (အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်) နဲ့ RSO (ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့) တို့ရဲ့ နောက်ကွယ်မှာ မြန်မာစစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အာဏာပိုင်တချို့ရဲ့ ပူးပေါင်းထောက်ပံ့မှုတွေရှိနေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က ၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်က ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း သူတို့ရဲ့ ပိုင်နက်နယ်မြေကို အသုံးချနေတဲ့ အဲဒီအကြမ်းဖက်အဖွဲ့တွေကို ထိထိရောက်ရောက် နှိမ်နင်းရှင်းလင်းပေးဖို့လည်း တရားဝင်တောင်းဆို ထားပါတယ်။






