မိန်းမတွေ ပလ္လင်ပေါ်တက်ထိုင်တော့ ဘာဖြစ်လဲ

လင်းဆက်ငြိမ်းချမ်း

မြန်မာအဘိဓာန်ကို ကောက်လှန်လိုက်တော့ ပလ္လင်ဆိုတာ “မြင့်မြတ်တဲ့ပုဂ္ဂိုလ်တို့ထိုင်ဖို့ပြုလုပ်ထားတဲ့ခုံမြင့်” လို့  ဖွင့်ဆိုတယ်။

အဲဒီဖွင့်ဆိုချက်ကို နောက်တမျိုးလှည့်တွေးကြည့်လိုက်ရင် ပလ္လင်ပေါ် ထိုင်တဲ့သူဟာ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်လို့ အဓိပ္ပါယ်ထွက်ပါမယ်။ ဆိုတော့ ပလ္လင်ပေါ်တက်ထိုင်နိုင်ရင်ကို မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့သတ်မှတ်ရ တော့မလား ဆိုတဲ့ မေးခွန်းက ထွက်ပေါ်လာတယ်။

စစ်အာဏာရှင်တွေက ပြည်သူ့အလောင်းတွေပေါ်မှာ အာဏာထူထောင်ဖို့ရာ အကြံကြီးကြံ၊ ပြည်သူမပေးတဲ့ ပလ္လင်ပေါ် အငြိမ့်သား။ ဘာပဲဖြစ်ဖြစ် ပလ္လင်ပေါ်ရောက်ရင် မြင့်မြတ်သွားပြီလားလို့လည်း မေးရပါမယ်။ နောက်ထပ် မဖြစ်မနေထပ်မေးရမှာက ဒီပလ္လင်ဆိုတဲ့ ခုံမြင့်ကြီးပေါ် သာမန်ပြည်သူတွေကရော တက်ထိုင်လို့ မရဘူးလား ဆိုတာပါပဲ။

ကျနော်ငယ်ငယ်က မန္တလေးနန်းတွင်းထဲကို အလည်တခေါက်ရောက်တော့ ဘုရင်တွေထိုင်တဲ့ ရွှေ ရောင်တလက်လက်နဲ့ ပလ္လင်ဆိုတာကြီးကိုတွေ့ရှိ၊ အများပြည်သူ တက်ထိုင်ကြည့်လို့မရအောင် ကန့်သတ်ထားတာမို့ ဘာလို့လဲလို့ မေးကြည့်မိတယ်။ ဧည့်လိုက်ပို့တဲ့ ဒေသခံဦးကြီးတယောက်က “ပလ္လင်ဆိုတာ ဘုန်းတန်ခိုးရှိတဲ့ ဘုရင်တွေပဲ ထိုင်ရတာ၊ သာမန်လူတွေ တက်ထိုင်မိရင် သေရင်သေ၊ မသေရင် ရူးတတ်တယ်”လို့ ဆိုတာကြောင့် အနားမသီဝံ့စရာ အရာတခုပမာ ကြောက်ကြည့် ကြည့်ခဲ့ဖူးတယ်။

လူပျိုပေါက်အရွယ်ရောက်လာတော့ ပလ္လင်ပေါ် တက်ထိုင်မိလို့ အသေဆိုးရတယ်ဆိုတဲ့ ထူးဆန်းထွေလာ အံ့ဖွယ်စာတွေကို ထပ်ဖတ်ရပြန်တာကြောင့် အကြောက်ပေါ်အကြောက်ဆင့် ရင်ဘတ်ပေါ် ခဲကြီးကြီးနဲ့ အဖိခံထားရသလိုမျိုး ပလ္လင်ဆို မထိဝံ့မကိုင်ဝံ့ အသက်ရှူမဝ။

ဒါက ကိုယ်တယောက်တည်းကို ဖိထားတာမဟုတ်ဘဲ လူ့အဖွဲ့အစည်းတရပ်လုံးကိုပါ အညွန့်ချိုး၊ အာဏာရှင်တွေကို မတော်လှန်ဝံ့အောင် အာဏာရှင်တွေထည့်ထားတဲ့ဂျင်းမှန်း  တော်တော်နောက်ကျမှ သိခဲ့ ရတယ်။

လူဆိုတာ မွေးလာကတည်းက စီရင်ချက်အချခံထားရပြီးသား သတ္တဝါလိုလို။ မမြင်ရတဲ့ ရှေ့ဘဝ အဆက်ဆက် ကောင်းမှု၊မကောင်းမှု အစုစုတို့ရဲ့ ပြဌာန်းချက်မို့  ဒီဘဝ၊ ဒီကမ္ဘာ ကိုယ်ရောက်နေတဲ့နေ ရာမှာသာ ပျော်အောင်နေတော့ ဆိုတာမျိုး။ ရှင်ဘုရင်ဆိုတာ သူ့ဘုန်းကံနဲ့သူလာတယ်၊ မပြစ်မှားမိစေနဲ့၊ မ တော်လှန်မိစေနဲ့။ ပလ္လင်ဆိုတာ ဘုန်းကံရှိမှ ထိုင်ခွင့်ရှိတဲ့နေရာလို့ ကျနော်တို့လူ့အဖွဲ့အစည်း ကိုယ်တိုင်က ကျိုး နွံစွာ မှတ်သားခဲ့တယ်။ ကျနော်တို့ဘာသာရေးက ကံကိုအကြောင်းပြ၊ ကံစီမံရာ နာခံကြလို့ ခန္တီစပါရမီ မွှေးမြ မြ ဂျင်းအကြီးကြီးထည့်ကာ သူပုန်စိတ်ကို လိမ္မာပါးနပ်စွာ ချိုးနှိမ်ပစ်ခဲ့တယ်။

ပြီးတော့ ဘုန်းကံနိမ့်လို့ မိန်းမဖြစ်လာတာကြောင့် ပလ္လင်ဆိုတာ မိန်းမနဲ့ ဘာမှမဆိုင်ဘူးလို့လည်း နောက်တဆင့် ခွဲခြားဆက်ဆံလိုက်သေးတယ်။ သမိုင်းမှာ ဘုရင်မကြီးရှင်စောပု ရာဇပလ္လင်ပေါ် တက်ထိုင်၊ အဲဒီ ရာဇပလ္လင်ထက်ကနေ တိုင်းကျိုးပြည်သာ ထူထောင်နိုင်ခဲ့ပေမဲ့၊ ခေတ်သစ်ကမ္ဘာမှာ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မြန်မာကိုကျော်ကာ ကမ္ဘာ့အဆင့်ခေါင်းဆောင်တဦးအဖြစ် အသိအမှတ်ပြု ခံထားရပေမဲ့ ပလ္လင်နဲ့မိန်းမ မဆိုင်ရ၊မထိုင်ရဆူးကြီးကြီး တချောင်းက မြန်မာ့လူ့အဖွဲ့အစည်းထဲ ဒီနေ့ထိတိုင် ခပ်နက်နက်စူးနေဆဲ။

လူချင်းတူလျက် မိန်းမဆိုတာ တဆင့်နိမ့်သတ္တဝါ၊ မိန်းမဆိုတာ ဖခင်၊ လင်နဲ့ သားချင်းမောင်ဘွားတို့ရဲ့ ပိုင်ဆိုင် ပစ္စည်းအဖြစ် ခွဲခြားဆက်ဆံမှု သိပ်ကြီးခဲ့တဲ့ နိုင်ငံကြီး ၂နိုင်ငံကြားက သေးသေးကွေးကွေး မြန်မာမှာလည်း ကံဆိုးလို့ မိန်းမဖြစ်လာသယောင် ဘာသာရေးပြဌာန်းချက်ယောင်ယောင်နဲ့ မျိုးဆက်အလီလီ ခွဲခြား ဆက်ဆံခံခဲ့ရတယ်။

ဗုဒ္ဓကိုယ်တိုင်က မိန်းမတွေ ဘုရားမဖြစ်နိုင်ဘူး၊ ဘာ့ကြောင့် မဖြစ်နိုင်တာလဲဆိုတဲ့ မေးခွန်းကို မဖြေဘဲ ဟောကြားခဲ့ဖူးလေတော့ မိန်းမထက်ယောက်ျားပိုမြတ်တယ်ဆိုတဲ့အယူက ဘာသာရေးယောင်ယောင်နဲ့ နှစ်ပရိစ္ဆေဒကြာ အလံတလူလူ လွင့်ခဲ့တာ ဘယ်ဆန်းမလဲ။

မိန်းမထမီအောက် ခေါင်းလျှိုမိရင် ဘုန်းနိမ့်မယ်လို့ ကျနော်တို့လူ့အဖွဲ့အစည်းက ကြိမ်လုံးနဲ့ နာနာရိုက်ကာ လက်ဆင့်ကမ်း သင်အံခဲ့တယ်။ မိန်းမတို့သဘာဝ ရာသီလာတာဟာ ညစ်ညမ်းတဲ့ကိစ္စလို့ အော့အန်နေကြတဲ့ ရွှေမြန်မာယောကျာ်းရင့်မာကြီးတွေလည်း ဒီနေ့ထိတိုင် မားမားမတ်မတ် ထင်ထင်ရှားရှား။ သားကိုသခင် လင်ကိုဘုရား၊ မိန်းမဆိုတာကျွန်နဲ့မခြား အဖြည့်ခံပမာ သဘောထားသူတွေကလည်း ဒေါင်ဒေါင်မြည် အခိုင်အမာ။

အထူးသဖြင့် ဘာသာရေးနယ်ပယ်မှာ မိန်းမတွေအပေါ် ခွဲခြားဆက်ဆံမှုက ကြီးကြီးမားမား။ မိန်းမ မဖူးရတဲ့ ဘုရားရှိတယ်။ မိန်းမ မတက်ရတဲ့ အထက်ပစ္စယံဆိုတာလည်း ရှိတယ်။ မြန်မာမှာ ပိဋကတ်သုံးပုံကို မိန်းမ တွေ ဖြေဆိုခွင့်မရှိဘူးလို့ ဆိုတယ်။ သီရိလင်္ကာ၊ ထိုင်းနဲ့ ဗီယက်နမ်မှာ ဘိက္ခုနီလို့ခေါ်တဲ့ မိန်းမရဟန်းတွေ ရှိနေ သေးပေမဲ့ မြန်မာမှာ ပုဂံခေတ်ကတည်းက သင်းသတ်ခံခဲ့ရတယ်။ ဒီနေ့ထိတိုင် ဘုရာဂေါပကအဖွဲ့မှာ မိန်းမ တွေ ပါဝင်ခွင့်မရတာက ဥပဒေထက် အာဏာပိုပြင်းတဲ့ အမိန့်အာဏာ။ မိန်းမတွေကိုယ်တိုင်က ဂေါပကဆိုတာ သူတို့နဲ့မဆိုင်သလို ပါဝင်ခွင့်ရရေး တောင်းဆိုတာမျိုးလည်း မကြားမိဘူး။

ပြီးတော့ ရာဇပလ္လင်နဲ့မခြား သိပ်အကဲဆတ်တဲ့ ဘာသာရေးပလ္လင်ကလည်း ရှိသေးတယ်။ သံဃာတော်တွေ တရားဟောတဲ့ပလ္လင်။ အဲဒီတရားဟောပလ္လင်ပေါ် မစင်ကြယ်တဲ့ဘယ်ဘုန်းကြီးမဆို ထိုင်ခွင့်ရှိပြီး၊ ကျင့် ဝတ်သီလ ခိုင်ခံ့တဲ့ ဘယ်လူပုဂ္ဂိုလ်မဆို ထိုင်ခွင့်မရှိတဲ့အထိ စည်းကြီးကမ်းကြီး အကဲဆတ်မှုလည်း ကြီးတယ်။

၂၀၂၅ခုနှစ်၊စက်တင်ဘာ၂၅ရက်က တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ အပေါ်အောက်အဖြူဝတ်စုံနဲ့ ပလ္လင်ပေါ် တက် ထီးဖြူဆောင်းကာ တရားဟောတဲ့ ဦးရည်ချင်းဆိုသူကို သာသနာကျင့်ဝတ်နဲ့မညီဘူးလို့ဆိုကာ သာသနာညှိုးနွမ်းမှု ပုဒ်မ ၂၉၅(က)နဲ့ အမှုဖွင့် ဖမ်းဆီးခဲ့တယ်။

စက်တင်ဘာ၂၀ရက်ကလည်း မွန်ပြည်နယ်၊ မုဒုံမြို့နယ်ထဲမှာ ပိဋကတ်သုံးပုံ မယ်တော်အမည်ရ အမျိုး သမီးကြီးတဦး ပလ္လင်ပေါ် ထီးဖြူဆောင်းကာ တရားဟောတာကြောင့် သူသည်လည်း သာသနာညှိုးနွမ်းမှုနဲ့ ဖမ်းဆီးခံရပြန်တယ်။

သူတို့ ၂ဦးရဲ့ အဓိကပြစ်ချက်ကြီးက ထီးဖြူဆောင်းတာနဲ့ ပလ္လင်ပေါ်တက် တရားဟောမှု။ သူတို့ ၂ဦးသာ ထီးဖြူမဆောင်း ပလ္လင်ပေါ်မတက်ဘဲ တရားဟောတယ်ဆိုရင် ဖမ်းဆီးမခံရမှာ သေချာတယ်။ ၂ဦးစလုံးက ထီးဖြူဆောင်းပြီး ပလ္လင်ပေါ်တက် တရားဟောတာချင်းတူပြီး အဖမ်းခံရတဲ့ရက်ကလည်း သိပ်မကွာပေမဲ့ သတင်းပိုကြီးသွားတာက ပိဋကတ်သုံးပုံမယ်တော်။ ဖြစ်စဉ်ချင်းတူပါလျက် ပိဋကတ်သုံးပုံမယ်တော်ကျမှ ဘာလို့ သတင်းကြီးသွားရတာလဲဆိုတော့ မိန်းမဖြစ်နေတာကြောင့်။

ကျနော်တို့ရဲ့ မနည်းလှတဲ့အမျိုးသမီးထုကိုယ်တိုင်ကကို မေးငေါ့ကြတယ်။ ပလ္လင်ပေါ်တက်ထိုင်ရဲတာ နည်းတောင်နည်းသေးတယ်လို့ အပြစ်ဖို့ကြတယ်။ ပြီးတော့ မြန်မာအဆက်ဆက် အရိုးစွဲ အသားကျ နေပြီးသားမို့ တရားဟောတယ်ဆိုတဲ့ကိစ္စ မိန်းမအလုပ်မဟုတ်ဘူးလို့လည်း သဘောထားကြတယ်။

မွန်ဒေသခံအမျိုးသမီးမိတ်ဆွေတဦးက “ဒီအဘွားကြီး ဂေါက်နေတာပါ”တဲ့။ ရင်ထဲနင့်ရတယ်။ အမျိုး သမီးတယောက် မလုပ်သင့်မလုပ်အပ်တာကို လုပ်တဲ့အတွက် ကိုယ့်ထိုက်နဲ့ကိုယ့်ကံဆိုပြီး လှည့်မကြည့်ကြရုံ တင်မက လက်ညှိုးဝိုင်းထိုးကြတဲ့အထိ ရက်စက်ကြတယ်။

ဒီဇင်ဘာလထဲမှာပဲ လူသတ်ဝါဒီ စစ်ဗိုလ်ချုပ်တွေကို ထောက်ခံအားပေးနေတဲ့ သီတဂူဘုန်းကြီး မော်လမြိုင်လာပြီး တရားဟောတယ်။ မော်လမြိုင်မြို့ခံ ဘုန်းကြီးတပါးရဲ့ မှတ်တမ်းအရ ကျပ်သိန်း ၁,၂၀၀ကျော် အလှူငွေ ရရှိတယ်လို့ သိရတယ်။

သီတဂူဘုန်းကြီးဆိုတာ အားလုံးသိကြတဲ့အတိုင်း ပြည်သူသတ်စစ်ဗိုလ်ချုပ်တွေဘက်ကနေ နာမည်ပျက်မယ်မှန်းသိလျက် ကြံ့ကြံ့ခံရပ်တည်ခဲ့သူ။ စစ်ကိုင်းသီတဂူကနေ လှမ်းကြည့်လိုက်ရင် ပြည်သူ့အိုးအိမ်တွေ မီးလောင်တိုက်အသွင်းခံနေရတာ ရှင်းရှင်းကြီး မြင်နေလျက် အနေအစားမပျက်။ ဘုန်း ကြီးကျောင်းတွေ၊ ဘုရားတွေ၊ သာသနာ့အဆောက်အအုံတွေနဲ့ သက်ရှိခန္ဓာ ရဟန်းသံဃာတွေ ဗုံးကြဲသတ် ဖြတ်ခံနေရပေမဲ့ သီတဂူဘုန်းကြီး ခန္တီစကြီးစွာနဲ့ ရေငုံနှုတ်ပိတ်။

အဲဒီလို ဘာသာရေးအမြင်နဲ့ ဆန့်ကျင်ဘက် လူသတ်ဝါဒီတို့ရဲ့ ဘက်တော်သားက မြင့်မြတ်တယ်ဆိုတဲ့ ပလ္လင်ပေါ် တက်တာကျ ဦးချကန်တော့လှူကြတန်းကြပြီး အမျိုးသမီးတဦး ပလ္လင်ပေါ်တက်တော့ ဝိုင်းဝန်း ပြစ်တင် ထောင်သွင်းအကျဉ်းချ။ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများကိုယ်တိုင်က မသိချင်ယောင် ဆောင် ကျော်သွားကြတယ်။

မြန်မာ့လူ့အဖွဲ့အစည်းက သာသနာကို ဝေဖန်တာမှန်သမျှကို မိစ္ဆာဒိဌိလို့ စုံလုံးကန်းငေါက်ငမ်းခဲ့တယ် မဟုတ်လား။ ဘုန်းကြီးဆိုရင် ဘာဖြစ်ဖြစ် မမြင်ချင်ယောင်ဆောင်နေ၊ သင်္ကန်းကိုစော်ကားရင် ငရဲကျမယ် ဆိုတဲ့ ခြောက်လုံးမှာ ဒီနေ့ထိတိုင် မတွန်းမလှန် ရိုကျိုးစွာ ပြားဝပ်နေကြတယ် မဟုတ်လား။    

ဘုန်းကြီးစာ ပါရဂူဘွဲ့ရ သူငယ်ချင်းကဗျာဆရာဘုန်းကြီးကတော့ ပလ္လင်ဆိုတာဘာသာရေးနဲ့ ဘာမှမဆိုင်၊ ယဉ်ကျေးမှုဆိုင်ရာ အသုံးအဆောင်ပစ္စည်းမို့ ပလ္လင်ပေါ် ခွေးတက်လည်း ဘာမှမဖြစ်ဘူးလို့ မိန့်တယ်။ အမှန်ပဲ။ အခုလည်း ပလ္လင်ပေါ် ခွေးတွေတက်နေကြတာပဲ။

နွေဦးတော်လှန်ရေးဆိုတာ ပုပ်သိုးဆွေးမြေ့နေတဲ့ ယဉ်ကျေးမှုအဟောင်းအမြင်းတွေကိုပါ ရှင်းလင်းနေတဲ့ တော်လှန်ရေးမဟုတ်လား။

ပလ္လင်ပေါ် တက်နေတဲ့ ခွေးတွေကို ရှင်းပစ်ရုံတင်မက ဘယ်ပလ္လင်ပေါ်မဆို ကျင့်ဝတ်သီလစင်ကြယ်တဲ့ ဦးဆောင်ဦးရွက်ပြုနိုင်သူ မိန်းမမှန်သမျှ တက်ထိုင်နိုင်တဲ့နေ့အထိ ကျနော်တို့ ဆန်တက်ကြဖို့လည်း လိုတယ်။

ပလ္လင်ဆိုတာ မြင့်မြတ်သူတွေအတွက် ယဉ်ကျေးမှု အမှတ်အသား၊ မိန်းမတွေနဲ့လည်း ဆိုင်တယ်။

Author: