မသန်စွမ်းအမျိုးသမီးတဦးကို မုဒိမ်းကျင့်ခဲ့တဲ့ရာအိမ်မှူးဘက်က ကျူးလွန်ခံရသူမိသားစုကို အမှုပိတ်သိမ်း ပေးဖို့အတွက် ဖိအားပေးနေ

ဒေဝီ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ရာအိမ်မှူးတဦးက နေအိမ်မှာတဦးတည်းရှိနေတဲ့ မသန်စွမ်း အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျူးလွန်သူရဲ့ မိသားစုဘက်က ကျူးလွန်ခံရသူအမျိုးသမီးရဲ့ မိသားစုဝင်တွေကို အမှုပိတ်သိမ်းပေးဖို့ ဖိအား ပေးနေတယ်လို့ ဒီအမှုကို လိုက်ပါ ကူညီနေသူဆီက စုံစမ်းသိရှိရပါတယ်။

ကျူးလွန်ခံရသူ မသန်စွမ်းအမျိုးသမီးရဲ့ မိသားစုဘက်က အမှုပိတ်သိမ်းပေးရင် သိန်းရာဂဏန်း ငွေကြေး ပေးမယ်ဆိုပြီး ကျူးလွန်သူရာအိမ်မှုးရဲ့ မိသားစုဘက်က ညှိနှိုင်းသလို၊ ဖိအားပေးတာ၊ လိုက်ပါကူညီသူတွေရဲ့ နောက်ကိုလည်း ဆိုင်ကယ်တွေနဲ့ လိုက်လံ စောင့်ကြည့်တာတွေလုပ်တယ်လို့ သိရပါတယ်။

ဒီအမှုကို လိုက်ပါကူညီနေသူက “ကောင်မလေးအမေက ကြောက်လာပြီ၊ ကျေအေးပေးရမလားဆိုပြီး၊ ကျွန်မ ကတော့ ကျေအေးတာ၊ မကျေအေးတာထက် အမတို့နစ်နာမှုကို ကျေနပ်တယ်ဆို အမတို့သဘောလို့ ပြောလိုက် တယ်”လို့ HI – Honest Information ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ၊ ၂ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၉၈ ရပ်ကွက်မှာ စစ်မှုထမ်းကြေး ကောက်တဲ့ရာအိမ်မှုးက နေအိမ်မှာတဦးတည်းရှိနေတဲ့ ဉာဏ်ရည်မသန်စွမ်းသူ အမျိုးသမီးကို အိမ်သားတွေ မရှိခိုက် မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ကျူးလွန်သူရာအိမ်မှူးက အသက်၄၀အရွယ်ရှိပြီး ဇနီးနဲ့ကလေးလည်းရှိပြီ၊ ကျူးလွန်ခံရတဲ့ အသက်၃၇နှစ် အရွယ် မသန်စွမ်းအမျိုးသမီးက ဉာဏ်ရည်မပြည့်မှီသလို လက်နဲ့ ခြေထောက်လည်း မသန်စွမ်းသူဖြစ်ပါတယ်။ ရာအိမ်မှူးဆီမှာ ဒီလိုကျူးလွန်ခံရမှုက တကြိမ်တည်းမဟုတ်ဘူးဆိုတာ စစ်ဆေးတွေ့ရှိထားတယ်လို့ ကူညီပေးနေ သူဆီက သိရပါတယ်။

“ကျွန်မတို့နယ်မြေစုံစမ်းတော့ ကျူးလွန်တာ အကြိမ်ပေါင်းများပြီ၊ လက်ပူးလက်ကြပ်မမိသေးတာပေါ့နော်၊ အခုလိုဆိုတော့ ဒီတခါမိသွားတာ” လို့ အဲဒီ ကူညီသူကပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်မှုကို လူမှုကူညီရေးဦးစီးဌာန၊ ထွေအုပ်ရုံးတို့ကနေတဆင့် ရဲစခန်းကို အမှုဖွင့်တိုင်ကြား ခဲ့တဲ့ အတွက် ကျူးလွန်သူ ရာအိမ်မှုးကို ဇန်နဝါရီ ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ဇန်နဝါရီ ၁၉ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပြီး မုဒိမ်းမှု၊ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် တရားစွဲဆိုထားပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၃၇၆ က မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ်နှစ် ၂၀ ဖြစ်စေ၊ ၁၀နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ၊ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့‌ ဖော်ပြထားပါတယ်။

လူမှုကွန်ရက် တွင်တွင်ကျယ်ကျယ်သုံးစွဲလာကြတဲ့ ဒီဘက်ခေတ်နောက်ပိုင်းမှာ မတရားမှုတွေကို ထုတ်ဖော် ပြောကြား သူတွေလည်း ပိုမိုများပြားလာတဲ့အတွက် အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ဖြစ်စဉ်တွေ လူသိပိုများပြားလာပြီး၊ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်က ဒဂုံဆိပ်ကမ်း မြို့နယ်မှာပဲ အသက်မပြည့် သေးတဲ့ အမျိုးသမီးငယ်တဦးကို ဇမ္ဗူအေး ဗုဒ္ဓသာသနာ ကုသိုလ်တော်ပြု ပရဟိတအသင်း ဥက္ကဌဆိုသူက အဓမ္မပြုကျင့်မှုတာကြောင့် ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။

Author: