တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇန်နဝါရီလ ၂၅ ရက်ကနေ ၃၀ ရက်အထိ တပတ်တာကာလအတွင်း သတင်းမီဒီယာတွေမှာ မှတ်တမ်း တင်နိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်ရပ်တွေထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်ကောက်နှုတ်စုစည်းဖော်ပြအပ်ပါတယ်။

ဒီတပတ်အမျိုးသမီးသတင်းတွေထဲမှာ လူထုတရပ်လုံး ထိတ်လန့်အံ့သြရလောက်အောင် ရက်စက် ကြမ်းကြုတ်လွန်းတဲ့  အိမ်တွင်းအကြမ်းဖက်မှုတခု ပဲခူးမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ ခိုက်ရန်ဖြစ်ပွားရင်း ခင်ပွန်းဖြစ်သူက ဇနီးကို ခေါင်းဖြတ်သတ်တဲ့ အဲဒီဖြစ်စဉ်သတင်းကနေ တဆင့် ထပ်ပြီးတွေ့ရှိရတာက အိမ်ထောင်ရှင်အမျိုးသမီးတချို့ဟာ သူတို့ရဲ့ လင်ယောက်ျားဆီမှာ အိမ်တွင်း အကြမ်းဖက်မှုဒဏ်တွေကို မသေရုံတမယ် ခံနေကြရတဲ့ အကြောင်းတွေကို အကျယ်တဝံ့ ဆွေးနွေး ထုတ်ဖော်ကြတဲ့ အချက်တွေ ပါပဲ။

အလားတူပဲ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရတာဟာ အမျိုးသမီးတွေရဲ့အပြစ်၊ အမျိုးသမီး တွေရဲ့ အလွန်၊ အမျိုးသမီးတွေရဲ့ အသုံးမကျမှုကြောင့်ဆိုတဲ့ နစ်နာသူကို  အပြစ်ဖို့စွပ်စွဲတဲ့ လူတန်းစား တရပ်ကိုလည်း ထင်ထင်ရှားရှားတွေ့ရပါတယ်။ အလားတူပဲ အပြစ်လုပ်ထားတဲ့အတွက် သတ်သင့် တယ်၊ သေထိုက်တယ်လို့ ကျူးလွန်သူအမျိုးသားရဲ့ လူသတ်မှုကို အားပေးထောက်ခံတဲ့ အတွေးအမြင် တွေ စိမ့်ဝင်လွှမ်းမိုးနေတာကို တွေ့လိုက်ရတာဟာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုလိုပဲ ကြောက်မက်ဖွယ် ကောင်းတဲ့ အခြေအနေတရပ်လို့ ကောက်ချက်ချရပါမယ်။

နောက်ထပ် စိတ်ဝင်စားစရာသတင်းတပုဒ်က လွန်ခဲ့တဲ့ ၅လက စစ်ကောင်စီရုံးစိုက်ရာနေရာဖြစ်တဲ့ နေပြည်တော်မှာဖြစ်ပျက်ခဲ့တဲ့ စိတ်မသက်သာစရာအဖြစ်အပျက်ဟောင်းတခုရဲ့  နောက်ဆက်တွဲ သတင်းတပုဒ်ပါ။ အမျိုးသမီးငယ် တဦးကို မုဒိမ်းကျင့်သတ်ဖြတ်လုယက်ခဲ့သူ ၂ဦးကို လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ပစ္စည်းလုယက်မှုတွေ အပါအဝင်  ရာဇသတ်ကြီးပုဒ်မ ၅ ခုနဲ့ မသေမချင်း ကြိုးကွင်းစွပ် သတ်စေရန် (သေဒဏ်)၊ ထောင်ဒဏ် ၇၀ နှစ်တို့ကို သီးခြားစီ ကျခံစေဖို့ ဥတ္တရသီရိခရိုင် တရားရုံးက အမိန့်ချခဲ့ပါတယ်။

အဲဒီသတင်းတွေအပြင် ဓမ္မပြုကျင့်ခံရပြီး သတ်ခံရတဲ့ PDF ရဲမေအတွက် အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ NUG ကို မိသားစုဝင်တွေ တောင်းဆိုတဲ့သတင်း၊ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ အမျိုးသားတဦးက ဇနီးနှင့်သမီးကို ပစ်သတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်တဲ့ သတင်းနဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစကလေးငယ်တွေ ကျန်းမာရေး စောင့်ရှောက်မှု အရေးပေါ်လိုအပ်နေဆိုတဲ့ သတင်းတွေအပါအဝင် LGBT ၊ အမျိုးသမီးတွေနဲ့သက်ဆိုင်တဲ့ သတင်းစုစုပေါင်း ၁၃ ပုဒ်ကို စုစည်းဖော်ပြအပ်ပါတယ်။

  • အဓမ္မပြုကျင့်ခံရပြီး သတ်ခံရတဲ့ PDF ရဲမေအတွက် အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ NUG ကို မိသားစုဝင်တွေ တောင်းဆို
  • မှော်ဘီတွင် ရန်ဖြစ်ရာမှ ခင်ပွန်းက ဇနီးအား ခေါင်းဖြတ်သတ်
  • အမျိုးသမီးတဦးကို အဓမ္မပြု သတ်ဖြတ်လုယက်ခဲ့သူတွေ သေဒဏ်နဲ့နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ
  • စစ်တပ်၏ရွေးကောက်ပွဲကို ဆန့်ကျင်ဝေဖန်မှုဖြင့် ဖမ်းဆီးခံရသူ  အမျိုးသမီးအပါအဝင် ၄၀၀ ကျော်ရှိလာ
  • ကျောက်ဖြူတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးငယ်များ ကျန်းမာရေး စောင့်ရှောက်မှု အရေးပေါ်လိုအပ်နေ
  • အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေအနေနဲ့ ထုတ်ဖော်ပြောကြားဖို့၊ တိုင်ကြားဖို့ အရေးကြီးကြောင်း KNWO ပြော
  • LGBT လူငယ်အသတ်ခံရမှု ကျူးလွန်သူများဖမ်းမိရေး LGBT အသိုင်းအဝိုင်းပူးပေါင်းကြိုးပမ်း
  • ထန်တလန်တွင် အမျိုးသားတစ်ဦးက ဇနီးနှင့်သမီးကို ပစ်သတ်ကာ မိမိကိုယ်ကို အဆုံးစီရင်
  • ၂၀၂၅ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု KNU တရားရေးဌာနမှူး ပဒိုနော်လွဲထူးစေးရရှိ
  • လောင်းလုံးမှာ ဒရုန်းဗုံးကျလို့ အမျိုးသမီးသုံးဦး သေဆုံး
  • ဘီးလင်းတွင် စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် မြေးအဘွားနှစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ
  • အရာရှိ၊ စစ်သည်များ၏ ဇနီးများပါ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် စစ်ခေါင်းဆောင် ပြော

အဓမ္မပြုကျင့်ခံရပြီး သတ်ခံရတဲ့ PDF ရဲမေအတွက် အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ NUG ကို မိသားစုဝင်တွေ တောင်းဆို

Source – ရွှေဖီမြေ

အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရတာနဲ့ပတ်သတ်ပြီး အမှုမှန် ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့  မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။ 

 ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၁ ဦးနဲ့ ရဲမေ ၂ ဦးတို့ဟာ အဖွဲ့​မှာ တာဝန်မထမ်းဆောင်ချင်တာကြောင့် တခြားတော်လှန်ရေးအဖွဲ့မှာ တာဝန် ထမ်းဆောင်ဖို့ ထွက်ပြေးရာ ငါးဇွန်မြို့နယ် တိုက်နယ်အုပ်ကြီးတစ်ဦးမှ တရားဝင်ဖြစ်စေရန် ကျောက်ဆည်မြို့နယ် ပကဖ ကို ပြန်အပ်ခဲ့တာကြောင့် ရဲဘော်တစ်ဦးနဲ့ ရဲမေ ၂ ​ဦးတို့ကို ကျောက်ဆည်မြို့နယ် ပကဖ က ရိုက်နှက်နှိပ်စက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ရဲဘော်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခု​နှစ် အောက်တိုဘာ ၆ ရက် ညနေ ၇ နာရီဝန်းကျင်မှာ ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ စခန်းမှူး အဏ္ဏဝါ(ခ) စောသက်နောင်ဆိုသူဟာ အဆိုပါ ထွက်ပြေးသွားတဲ့ ရဲမေထဲက ရဲမေဒေါင်းမလေးဆိုသူကို အလိုမတူပဲ အဓမ္မနှစ်ကြိမ်ပြုကျင့်ခဲ့တယ်လို့ဆိုပါတယ်။

အဓမ္မပြုကျင့်ပြီးနောက်နေ့ အောက်တိုဘာ ၇ ရက်မနက်မှာ အဆိုပါ ရဲမေကို ရဲဘော်မျိုးနိုင်ဦးနဲ့ ရဲဘော်ဝေကြီးတို့က လာရောက်ခေါ်ဆောင်သွားပြီးနောက် တစ်နာရီအကြာမှာတော့ အဝတ်အစားမပါတဲ့ ရဲမေရဲ့ ရုပ်အလောင်းကို ဧရာဝတီမြစ်ထဲ​မျောပစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သတ်ပြီး အဓမ္မပြုကျင့်ခံရပြီး သတ်ခံရတဲ့ ရဲမေ ဒေါင်းမလေးရဲ့ မိသားစုဝင်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ NUG ထံ တိုင်ကြားထားပေမယ့် လက်ရှိအချိန်ထိ စစ်ဆေးအရေးယူမှုတွေ လုပ်ပေးတာမရှိဘူးလို့ ဖြစ်စဥ် သိရှိသူ ကျောက်ဆည်မြို့နယ် ပကဖမှ အမျိုးသားတစ်ဦးက ပြောပါတယ်။

မှော်ဘီတွင် ရန်ဖြစ်ရာမှ ခင်ပွန်းက ဇနီးအား ခေါင်းဖြတ်သတ်

Source – Mizzima

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် ရန်ဖြစ် စကားများကြရာမှ ခင်ပွန်းဖြစ်သူက ဇနီးသည်အား ခေါင်းဖြတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက မဇ္ဈိမကိုပြောသည်။

ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) နံနက် ၁၀ နာရီ ဝန်းကျင်တွင် ဆတ်သွားတော၊ ပေတရာမြောက်ပိုင်း ရပ်ကွက်တွင် နေထိုင်သည့် လူငယ်စုံတွဲ စကားများကြရာမှ နေအိမ်အတွင်း၌ပင် ခင်ပွန်းဖြစ်သူက ဇနီးသည်အား ဓါးအရှည်ဖြင့် ခေါင်းဖြတ်သတ်လိုက်ခြင်းဟု သိရသည်။

“ မှော်ဘီတိုးဂိတ်အကျော်မှာ တရားခံလို့ ယူဆရတဲ့လူကို ဖမ်းထားတာတွေ့တယ်။ ဒါပေမဲ့ ဘာလို့ ဖမ်းထားလဲတော့ သေချာမသိဘူး။ မေးကြည့်တော့မှ ခေါင်းပြတ်ကြီးကိုင်ပြီး ထွက်ပြေးနေတာလို့ သိရတယ်။ အဲ့ဒါနဲ့ ဆက်ပြီးရှေ့ကိုသွားတော့ ဖြစ်စဉ်ဖြစ်သွားတဲ့နေရာမှာ ဘော်ဒီသယ်ဖို့ နာကူအသင်း ကားတွေရောက်နေတယ်” ဟု မျက်မြင်တဦးက ပြောသည်။

ခင်ပွန်းဖြစ်သူသည် ပြတ်သွားသည့် ခေါင်းကို ကိုင်နဲ့ ဓားကို ကာ လမ်းမအလယ်တွင် ခေတ္တ ထိုင်နေ ကြောင်း သိရသည်။ ထို့နောက် လမ်းသွားလမ်းလား ကားတစီးကို တား၍ ဓားဖြင့် ခြိမ်းခြောက်ကာ ပြည်လမ်းအတိုင်း မှော်ဘီတိုးဂိတ်ဘက်သို့ မောင်းနှင်စေခဲ့သည်ဟု မျက်မြင်တွေ့သူက ဆိုသည်။

ယင်းနောက် တိုးဂိတ်အကျော်အရောက် နံနက် ၁၀ နာရီခွဲကျော်၌ ၎င်းသည် ဓါးအရှည်နှင့်အတူ ဖမ်းဆီး ခံလိုက်ရကြောင်း နှင့် ခေါင်းအား တိုးဂိတ်အနီးတွင်ပစ်ချသွားခဲ့ကြောင်းလည်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ထိုလူငယ်အမျိုးသားမှာ မူးယစ်ဆေးဝါးသုံးစွဲထားသူဖြစ်ကြောင်း၊ အရပ်အခေါ် ဆေးကြောင်နေခြင်းဖြစ်ကြောင်း ပြောသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည် မပြုနိုင်သေးပါ။

အမျိုးသမီးတဦးကို အဓမ္မပြု သတ်ဖြတ်လုယက်ခဲ့သူတွေ သေဒဏ်နဲ့နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

Source – မြေလတ်အသံ

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်မှာ အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ပြီး ပစ္စည်းလုယက်သူတွေကို သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ ဥတ္တရသီရိမြို့နယ်နေ အသက် ၂၃ နှစ်အရွယ် မအိအိငြိမ်းကို အဓမ္မ ပြုကျင့် သတ်ဖြတ်ခဲ့ကြတဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ သိန်းဇော်(ခ) ကိုသိန်း ၄၃ နှစ်နဲ့ သောင်းဝင်းအောင် (ခ)ချစ်ဖူး တို့ဖြစ်ပြီး ၎င်းတို့ကို ဥတ္တရသီရိခရိုင် တရားရုံးက လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ပစ္စည်းလုယက်မှုတွေအပါအဝင်  ရာဇသတ်ကြီးပုဒ်မ ၅ ခုနဲ့ မသေမချင်း ကြိုးကွင်းစွပ်သတ်စေရန်(သေဒဏ်)၊ ထောင်ဒဏ် ၇၀ နှစ်တို့ကို သီးခြားစီ ကျခံစေရန် ချမှတ်ခဲ့တာပါ။

ဒါ့အပြင် လုယက်လာတဲ့ပစ္စည်းတွေကို ဖျောက်ဖျက်ရာမှာပူးပေါင်းပါဝင်တဲ့အမျိုးသား ၃ ဦးကိုလည်း ရာဇသတ်ကြီးပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် ၃ နှစ်၊ ထောင်ဒဏ် ၆ လ တို့ သီးခြားစီကျခံစေရန်ဆိုကာ အမိန့် ချမှတ်ခဲ့တာပါ။

၂၀၂၅ ဩဂုတ် ၃၀ ရက် နေ့လယ် ၁ နာရီခန့်မှာ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ နေအိမ်ကနေ အသက် ၂၃ နှစ်အရွယ် မအိအိငြိမ်းဟာ တဦးတည်းဆိုင်ကယ်စီးနင်းထွက်ခွာသွားပြီးနောက် ညနေ ၆ နာရီခွဲခန့်မှာ ၎င်းကို ငန်းစပ်ကျေးရွာ သားသတ်ရုံအနီးချုံတောအတွင်း ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်တပ်၏ရွေးကောက်ပွဲကို ဆန့်ကျင်ဝေဖန်မှုဖြင့် ဖမ်းဆီးခံရသူ  အမျိုးသမီးအပါအဝင် ၄၀၀ ကျော်ရှိလာ

Source – DVB

အာဏာသိမ်း စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲလုပ်ငန်းတွေ ပျက်ပြားအောင် ကျူးလွန်သူ အယောက် ၄၀၀ ကျော်ကို ဖော်ထုတ်အရေးယူခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

ပြည်ထောင်စုနယ်မြေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေအရ အရေးယူခဲ့တာ ၃၃၁ မှုရှိပြီး တရားခံ အမျိုးသား ၃၂၄ ယောက်၊ အမျိုးသမီး  အယောက် ၈၀၊ စုစုပေါင်း ၄၀၄ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်မှုတွေ၊ ဝါဒဖြန့်မှုတွေ ကျူးလွန် နေသူတွေကို စုံစမ်းဖော်ထုတ်အရေးယူတာတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။

ကျောက်ဖြူတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးငယ်များ ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ်လိုအပ်နေ

အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ် အတွင်းရှိ ဒေသခံ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးကင်းစကလေးငယ်တွေဟာ ကျန်းမာရေး စောင့်ရှောက်မှု လုံးဝမရရှိဘဲ အခက်အခဲဖြစ်နေတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းနဲ့ ဒေသခံတွေ ထံက သိရပါတယ်။

ကလေးငယ်တွေဟာ ပုံမှန်ထိုးနှံရမယ့် ကာကွယ်ဆေးတွေလုံးဝ မထိုးနှံနိုင်ခြင်း၊ ကိုယ်ဝန်ဆောင် မိခင်တွေဟာလည်း အာဟာရချို့တဲ့မှုဒဏ်ကို ဆက်တိုက်ကြုံတွေ့နေရခြင်းတို့ ရှိနေတယ်လို့ ကျောက်ဖြူမြို့မှ အသက် ၃၀ အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

ဆေးဝါးကုသမှုနဲ့ ပတ်သက်ပြီး ငွေကြေးတတ်နိုင်ပါက သွားရောက်ကုသနိုင်တဲ့ နေရာတွေရှိသော်လည်း နေ့စားအလုပ်နဲ့ အသက်မွေးနေရတဲ့ နွမ်းပါးသူတွေအတွက်မှာမူ  ဆေးဝါးဝယ်ဖို့ခက်ခဲနေကြတာ ဖြစ်ပါ တယ်။

ဒါ့အပြင် အာဟာရပြည့်ဝစွာ မစားသောက်နိုင်တဲ့အတွက် နောက်ဆက်တွဲဝေဒနာတွေအဖြစ် အဆုတ် ရောင်ခြင်း၊ အရေပြားရောဂါနဲ့ ချောင်းဆိုးရောဂါ ဖြစ်ပွားမှုတွေလည်း ဆက်လက်မြင့်တက် နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေအနေနဲ့ ထုတ်ဖော်ပြောကြားဖို့၊ တိုင်ကြားဖို့ အရေးကြီးကြောင်း KNWO ပြော

Source – ကန္တာရဝတီတိုင်း(မ်)

စစ်ကော်မရှင် အာဏာသိမ်းကာလအတွင်း အကြမ်းဖက်မှုပေါင်းစုံ ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေ များလာပြီး  အမျိုးသမီးတွေအနေနဲ့ အကြမ်းဖက်ခံရတဲ့အခါ ထုတ်ဖော်ပြောကြားဖို့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ တိုင်ကြားဖို့အရေးကြီးကြောင့် ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ရဲ့ ဥက္ကဌ မော်ဖရေမြာက  ပြောပါတယ်။

အခုလို အကြမ်းဖက်မှုနဲ့ ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတပြီး ချက်ချင်းအရေးယူ ဆောင်ရွက်နိုင်ဖို့ကိုသာ တောင်းဆိုချင်တယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

အကြမ်းဖက်မှုကို ကြုံတွေ့ရတဲ့ အမျိုးသမီးတွေကို အကာကွယ်ပေးနိုင်ဖို့အတွက်ကလည်း ကြုံတွေ့ရသူ အမျိုးသမီးတွေကိုယ်တိုင် ဖွင့်ဟတိုင်ကြားမှုတွေလုပ်သင့်တယ်လို့ စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

LGBT လူငယ်အသတ်ခံရမှု ကျူးလွန်သူများဖမ်းမိရေး LGBT အသိုင်းအဝိုင်းပူးပေါင်းကြိုးပမ်း

Source – ကေအိုင်စီ

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၉)ရက်နေ့က လိင်စိတ်ခံယူမှုကွဲပြားသူ(LGBT)လူငယ်၊ ကိုတင်ဇော်ထွေး(ခ) ဧရာဝတီမ သတ်ဖြတ်ခံလိုက်ရတဲ့အမှုမှာ ကျူးလွန်သူတရားခံတွေကိုဖမ်းမိရေးအတွက်မဲဆောက်မြို့ရှိ LGBT ကွန်ရက်၊ တက်ကြွလှုပ်ရှားသူတွေက အာဏာပိုင်တွေနဲ့ ပူးပေါင်းကြိုးပမ်းနေကြတယ်လို့ သိရပါတယ်။

အသက်(၃၀)ဝန်းကျင်အရွယ် အဆိုပါ LGBT လူငယ်ဟာ ဇန်နဝါရီလ(၂၀)ရက်နေ့က တောင်ယာ စိုက်ကွင်း ခြံဝင်းတစ်ခုအတွင်း ပစ္စည်းလုယက်သတ်ဖြတ်ခံလိုက်ရတဲ့အနေအထားနဲ့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူဟာ လူမှုကွန်ရက်မှာ လူသိများအောင်မြင်နေတဲ့ အွန်လိုင်းဆယ်လီတစ်ယောက်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ငပု‌တောမြို့နယ်၊‌ ရေကျော်ကြီးကျေးရွာဇာတိဖြစ်ပါတယ်။

ထန်တလန်တွင် အမျိုးသားတစ်ဦးက ဇနီးနှင့်သမီးကို ပစ်သတ်ကာ မိမိကိုယ်ကို အဆုံးစီရင်

 Source –  ခိုနူမ်းသုန်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က  အမျိုးသားဖြစ်သူဟာ ဇနီးနဲ့သမီးကိုသေနတ်ပစ်သတ်ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် ဇနီးဖြစ်သူဟာ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး သမီးဖြစ်သူကိုဒေသခံတွေက ဆေးရုံသို့ ပို့ဆောင်ဖို့ကြိုးပမ်းခဲ့ပေမယ့် ရရှိထားတဲ့ဒဏ်ရာတွေနဲ့ ထပ်မံသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားဖြစ်သူဟာ ၂၀၂၅ ခုနှစ် ခရစ္စမတ်ကာလကစပြီး စိတ်ဝေဒနာ (စိတ်လွတ်သွားသည့်လက္ခဏာ) ပိုမိုပြင်းထန်စွာ ခံစားနေရသူဖြစ်ပါတယ်။

၂၀၂၅ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု KNU တရားရေးဌာနမှူး ပဒိုနော်လွဲထူးစေးရရှိ

Source – KIC

၂၀၂၅ ခုနှစ်အတွက် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းရဲ့ လူငယ်ခေါင်းဆောင်ဆုကို ကေအဲန်ယူ ဗဟိုတရားရေးဌာနမှူး ပဒိုနော်လွဲထူးစေးကို ပေးအပ်ချီးမြှင့်ကြောင်း ဖန်းရှောင်ဒေးရှင်းမှ ထုတ်ပြန်ပါတယ်။

ပဒိုနော်လွဲထူးစေးဟာ ဗဟိုတရားရေးဌာနရဲ့ ဌာနမှူးနဲ့ ကရင်ဥပဒေရေးရာ ကူညီထောက်ပံ့ရေးစင်တာ (KLAC) ရဲ့ ဒါရိုက်တာဖြစ်ပြီး KNU ရဲ့ ကော်မတီအသီးသီးမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

ဒါ့အပြင် (၁၇) ကြိမ်မြောက် KNU ကွန်ဂရက်မှာလည်း ဗဟိုကော်မတီဝင်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ ရပါတယ်။

ပဒိုနော်လွဲထူးစေးဗဟိုအဆင့် တာဝန်တွေအပြင် ရပ်ရွာအခြေပြု တရားမျှတမှုလုပ်ငန်းတွေအတွက် တရားဥပဒေစိုးမိုးရေး ယန္တရားတွေ ခိုင်မာလာစေဖို့ မူဝါဒနဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေကိုလည်း ဦးဆောင်ပြုလုပ်နေသူတစ်ဦးဖြစ်တယ်လို့ ဖန်းဖောင်ဒေးရှင်းကထုတ်ပြန်ထားပါတယ်။

လောင်းလုံးမှာ ဒရုန်းဗုံးကျလို့ အမျိုးသမီးသုံးဦး သေဆုံး

 Source – သံလွင်တိုင်းမ်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုမှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် စခန်းကြီးကျေးရွာနေ အသက် ၆၀ နှစ်အရွယ် ဒေါ်ချိုနဲ့ သမီးဖြစ်သူ မခင်မာအေးအပြင် ဒေါ်မာလာတို့ သုံးဦး သေဆုံးခဲ့ပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စခန်းကြီးကျေးရွာမှာ မဲပေးစက် လာပို့ပြီး ပြည်သူတွေ မဲပေးကြဖို့ စည်းရုံးရေးဆင်းနေတဲ့ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ကို ဇန်နဝါရီ ၂၀ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ တော်လှန်ရေးတပ်ဖွဲ့က ကြဲချလိုက်တဲ့ ဒရုန်းဗုံးသီးဟာ စစ်ကော်မရှင် တပ်ဖွဲ့ကို မထိဘဲ အနီးအနားရှိ နေအိမ်တစ်ဆောင်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဘီးလင်းတွင် စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် မြေးအဘွားနှစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Source – Dawei Watch

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကြီးကျေးရွာမှာ စစ်အာဏာရှင်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲပြီး မြေးအဘွားနှစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ပေါ်ရှိ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးနဲ့ မြေးဖြစ်သူ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ နေရာမှာပဲသေဆုံးခဲ့ပါတယ်။

စစ်တပ်က လူနေကျေးရွာအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် အလူးကြီးကျေးရွာအပါအဝင် အနီးအားရှိ ကျေးရွာတွေက ဒေသခံပြည်သူတွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

အရာရှိ၊ စစ်သည်များ၏ ဇနီးများပါ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် စစ်ခေါင်းဆောင်ပြော

Source – DVB

စစ်တပ်ဟာ ကျရောက်လာတဲ့ ဘယ်အန္တရာယ်ရန်စွယ်ကိုမဆို ကာကွယ်ဖို့ တာဝန်ရှိလို့ အရာရှိ၊ စစ်သည်ဇနီးတွေပါ ကာကွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်ပါက နိုင်ငံတော်ရဲ့ ကာကွယ်အင်အားမှာ ပိုမိုတောင့်တင်းခိုင်မာလာမယ်လို့  အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဇန်နဝါရီ ၂၅ ရက် မနက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမမှာ မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံစဥ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အချိန်မရွေး ပြောင်းလဲနေတဲ့ တိုက်ပွဲသဘောတရားတွေကို သိရှိစေဖို့ စာပေဗဟုသုတတွေ လေ့လာဖို့လိုအပ်ပြီး မိမိနိုင်ငံ တာဝန်ယူတဲ့အချိန်မှာ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တွေကို ထောက်ပံ့ကြေး၊ သက်စွန့်ဆံဖျားစရိတ်တွေ တိုးမြှင့်ဆောင်ရွက်ပေးခဲ့တယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

Author: