“ကျူးလွန်သူတွေက တဖန်ပြန်ခြိမ်းခြောက်တာတွေ မြေပြင်မှာကြုံနေရတယ်”
(မြန်မာအမျိုးသမီးတွေအပေါ် စစ်အုပ်စုနဲ့ တော်လှန်ရေးဘက်တော်သားတွေက ကျူးလွန်နေတဲ့ အုပ်စုဖွဲ့ မုဒိမ်းမှုအပါအဝင် ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမြေပြင်အချက်အလက်တွေကို မှတ်တမ်းတင်နေတဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂနဲ့ ဆက်သွယ်မေးမြန်းချက်)
ဒေဝီ ဆက်သွယ်မေးမြန်းသည်။
“ခန္ဓာကိုယ်အား စစ်လက်နက်အဖြစ် အသုံးပြုခြင်း – မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စစ်နှင့်ဖိနှိပ်မှုနည်းနာအဖြစ် အစီအစဉ်ချအသုံးပြုခြင်း” အမည်ရှိ အစီရင်ခံစာတစောင်ကိုမြန်မာ့အမျိုးသမီးသမဂ္ဂ( BWU) က ဒီဇင်ဘာ ၂၃ က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ကရင်နီပြည်နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုတွေကို စစ်တမ်းကောက်ယူ ဖော်ပြထားတဲ့ အဲဒီအစီရင်ခံစာမှာ (၂၀၂၄ ဇန်နဝါရီ ကနေ ၂၀၂၅ ဇူလိုင်လအထိ) ၁နှစ်ခွဲတာကာလအတွင်း အုပ်စုဖွဲ့ မုဒိမ်းမှုအပါအဝင် ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၈၈ခု မှတ်တမ်းတင်ကောက်ယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မုဒိမ်းကျင့်ဖို့ ကြိုးပမ်းမှု၊ စစ်ဆေးရေးဂိတ်တွေမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ လက်နက် (သို့မဟုတ်) ငွေအင်အားကို အသုံးပြုပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ တော်လှန်ရေးအတွက် ငွေကြေးထောက်ပံ့သူတွေက အွန်လိုင်းကတဆင့် လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှုတွေ ပါဝင်နေပါတယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျူးလွန်သူတွေက တရားမဝင် စစ်အုပ်စု၊ ပျူစောထီးလို ပြည်သူ့စစ်၊ စစ်အုပ်စုကခန့်ထားတဲ့ရပ်ရွာလူကြီး၊ တော်လှန်ရေး အဖွဲ့ဝင်အချို့နဲ့ အရပ်သားများလည်း ပါဝင်နေပါတယ်။ အဓိကအားဖြင့် မြန်မာနိုင်ငံရှိ လက်နက်ကိုင်စစ်တပ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်သဖွယ် စနစ်တကျနဲ့ ကျယ်ပြန့်စွာ အသုံးပြုနေတယ်လို့ဆိုထားပြီး ဒီအစီရင်ခံစာကို ဦးဆောင်ကောက်ယူစဉ်မှာ ကြုံရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ၊ လက်လှမ်းမီနိုင်မှုအခြေအနေတွေနဲ့ပတ်သက်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)ရဲ့ အမျိုးသမီးမှတ်တမ်းနှင့် သုတေသနလုပ်ငန်းစဉ် တာဝန်ခံ အန်နာ ကို HI – Honest Information က အခုလိုဆက်သွယ်မေးမြန်းခဲ့ပါတယ်။
HI -Honest Information – ပြီးခဲ့တဲ့ရက်ပိုင်းက BWUက ထုတ်ပြန်လိုက်တဲ့ “ခန္ဓာကိုယ်အား စစ်လက်နက်အဖြစ် အသုံးပြုခြင်း” ဆိုတဲ့ အစီရင်ခံစာ ထွက်လာပါတယ်၊ ဒီအစီရင်ခံစာ ထွက်လာဖို့ ဘယ်လိုအခက်အခဲတွေ ကျော်ဖြတ်ခဲ့ရပါသလဲ။ အကြီးမားဆုံးအခက်အခဲက ဘာဖြစ်မလဲ။
မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) – အစီရင်ခံစာက BWU ရဲ့ အမျိုးသမီးမှတ်တမ်းနဲ့ သုတေသန လုပ်ငန်းစဉ်ကနေ မြေပြင်မှာ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို အချက်အလက် ကောက်ပြီး ရလာတဲ့ဒေတာအပေါ်မှာ အခြေခံထားတာဖြစ်တယ်။ အခက်အခဲကတော့ မျိုးစုံပါပဲ။ ဒီကာလမှာ တိုက်ပွဲတွေလည်းဖြစ်နေတယ်။ ဒေတာကောက်နေရင်း တိုက်ပွဲတွေဖြစ်လာတာ၊ လေကြောင်းတိုက်ခိုက်တာ၊ အင်တာနက်အခက်အခဲတွေ လည်းပါတယ်။ ဒီလိုမျိုး အကြမ်းဖက်မှု တွေကနေ ရှင်သန်လွတ်မြောက်လာတဲ့ လူတွေအနေနဲ့က ဒီကိစ္စကိုထုတ်ဖော်ပြောဖို့အတွက် သူတို့ရဲ့လုံခြုံရေး တွေ စိုးရိမ်ရတဲ့ အခြေအနေက တကယ်ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်တယ်။
ပြီးတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကနေ ရှင်သန်လွတ်မြောက်လာသူတွေရော မိသားစုဝင်တွေရော မျက်မြင်သက်သေတွေရော ဒီကိစ္စကို ထုတ်ဖော်ပြောဖို့က မရဲကြဘူး။ ဘာလို့လဲဆိုတော့ ထုတ်ဖော် ပြောလိုက်လို့ ရှိရင် သူတို့လုံခြုံရေးကို ဘယ်သူက အာမခံပေးမှာလဲ။ ကျူးလွန်သူတွေက တဖန်ပြန်ခြိမ်းခြောက် တာတွေ မြေပြင်မှာကြုံနေရတယ်။ ဒီအခြေအနေ၊ ဒီကာလမှာ အထူးသဖြင့် ကျူးလွန်သူတွေက လက်နက်ကိုင် ဖြစ်နေတယ်။ လက်နက်ကိုင်လို့ပြောတဲ့အခါမှာ စကစ ဖက်ကရော၊ တော်လှန်ရေးဘက်ကရော၊ တချို့သော ပြည်သူတွေ၊ လက်နက်ကိုင်နဲ့ ဆက်စပ်သူတွေ ကျူးလွန်တဲ့ကေစ့်တွေဆို ပိုဆိုးတယ်၊ လုံခြုံရေးပေါ့ အချက်အလက် ကောက်ယူသူတွေရဲ့ လုံခြုံရေးကလည်း အကြီးမားဆုံး စိန်ခေါ်မှုလို့ ပြောလို့ရတယ်။
HI -Honest Information – စစ်တပ်ရဲ့ကျူးလွန်မှုတွေမှာ တပ်ရင်းတပ်ဖွဲ့ တာဝန်ရှိသူ တွေ ရာထူးအဆင့်တွေနဲ့တကွ မှတ်တမ်းမှတ်ရာများ ရယူနိုင်တာတွေရှိပါသလား။
BWU – ကျွန်မတို့အနေနဲ့ အချက်အလက် ကောက်ယူတဲ့နေရာမှာ ကျူးလွန်သူတွေရဲ့ မှတ်တမ်းပေါ့၊ မှတ်တမ်းလို့ ပြောရာမှာ သူတို့ရဲ့ ရာထူးအဆင့်အတန်း၊ တပ်ရင်းတပ်ဖွဲ့တွေကိုလည်း စာရင်းကောက်ယူရရှိ တာလည်းရှိတယ်။ ကောက်ယူ မရရှိတာလည်း ရှိတယ်။ တချို့ကျတော့လည်း လုံခြုံရေးအရ မပြောလာတာ တွေလည်း ရှိတယ်ပေါ့။
HI -Honest Information – ဒီအစီရင်ခံစာမှာ အညာဒေသဖက်က ကျူးလွန်မှုတွေကို ကောက်ယူ ဖော်ထုတ်နိုင်တာတွေ့ရပြီး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရှိတဲ့ဒေသတွေမှာကျ ဒီလို လိင်အကြမ်း ဖက်မှုတွေ နည်းပါးတယ်လို့ ယူဆလို့ ရနိုင်သလား။ ကျန်နယ်မြေဒေသတွေမှာရော ကောက်ယူနိုင်တာရှိလား။
BWU – အဓိက အနေနဲ့ BWU ရဲ့ ဉီးတည်နယ်မြေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ပဲခူးနဲ့ ကရင်ပြည်နယ်တို့ ဖြစ်တယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ပတ်သတ်တဲ့ ဖြစ်စဉ်တွေကို အညာမှာ ထုတ်ဖော် ကောက်ယူနိုင်တယ်ဆိုတာ BWUရဲ့ ပစ်မှတ် နယ်မြေဖြစ်တဲ့ အညာကို ဦးတည်နယ်မြေအဖြစ် သတ်မှတ်ပြီး အချက်အလက်ကို ကောက်ယူတယ်။ တဖက်မှာလည်း ရှင်သန်လွတ်မြောက်လာသူတွေ လိုအပ်တဲ့ အရေးပေါ် အကူအညီတွေကိုလည်း ပေးတယ်ပေါ့။ ကျမတို့က အညာဘက်က ဖြစ်စဉ်တွေကို ဒီအစီရင်ခံစာမှာ ရေးသားထားတာဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင် ဒေသမှာဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အခြေအနေတွေကတော့ ကောက်ယူတာလည်း သိပ်မရှိဘူးပေါ့။ မရှိတော့ အဲ့ဒီဘက်က အခြေအနေက နည်းနိုင်သလားများနိုင်သလားဆိုတာ တပ်အပ်ပြောဖို့ခက်တယ်။ ဒါကတော့ သူ့နယ်မြေမှာ ဖြစ်နေတဲ့ ဖြစ်စဉ်ကလည်း သတင်းပေါ်မှာ တက်လာတာမြင်ရတယ်။ ဒါကအညာနဲ့ယှဉ်ရင်တော့ နည်းနိုင်လား၊ များနိုင်လား ဆိုတာ တိတိကျကျပြောနိုင်လို့မရတဲ့အနေအထား ရှိပါတယ်။
HI – Honest Information – စစ်တပ်ကကျူးလွန်မှုတွေကို သတင်းအချက်အလက်ရယူတာနဲ့ တော်လှန်ရေး တပ်တွေဖက်က ကျူးလွန်မှုတွေကို အချက်အလက်ကောက်ယူရာမှာ မတူညီတဲ့အခက်အခဲတွေ၊ ကွာခြားမှုတွေ ရှိပါသလား။ ဘယ်ဖက်က ပိုသတင်းရဖို့ ခက်ခဲသလဲ။
BWU – စစ်တပ်ကကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာဖြစ်စဉ်နဲ့ တော်လှန်ရေးဖက်က ရဲဘော်တွေ ကျူးလွန်တဲ့ အကြမ်းဖက်မှုကို ကောက်ယူတဲ့အခါမှာတော့ စိန်ခေါ်မှုအခက်အခဲက အရမ်းကြီး ကွာခြားတာတော့ မရှိဘူး။ ၂ဖက်လုံးက လက်နက်ကိုင်က ကျူးလွန်တာဖြစ်တယ်။ ဒါပေမယ့် တဖက်မှာ ရှင်းရှင်းလင်းလင်းကွဲတာ တခုရှိတယ်၊။
စစ်တပ်ကဆိုလို့ရှိရင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်လက်နက်သဖွယ်အသုံးပြုတာ နည်းစနစ်ကျကျ ဆယ်စုနှစ်များစွာ အသုံးချနေတာ။ နည်းဗျူဟာကျကျကို အသုံးချလာဆဲ၊ အသုံးပြုနေ ဆဲပဲဖြစ်တယ်။ ဒါကကွာခြားမှု တခုပေါ့။ တဖက်မှာလည်း တော်လှန်ရေးဘက်က ရဲဘော်တွေက ကျူးလွန်တာတွေကတော့ သူတို့ဒီဟာကို ကျူးလွန်တဲ့ဟာက သိလို့ကျူးလွန်တာလည်းဖြစ်မယ်၊ မသိလို့ကျူးလွန်တာလည်းဖြစ်မယ်။ ဒါပေမယ့် သူတို့က အဖွဲ့အစည်းအလိုက် ဗျူဟာကျကျ ကျူးလွန်တာ မဟုတ်ဘူးပေါ့။ ကွဲပြားတဲ့ဟာရှိတယ်။
တဖက်မှာလည်း ကျွန်မတို့အတွေ့အကြုံအရ ဒီမြေပြင်မှာ အကြမ်းဖက်စစ်တပ်က ကျူးလွန်လိုက်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက ဘယ်မှာမှ တိုင်လို့မရဘူး။ ဘယ်သူမှ သွားတိုင်လို့ မရဘူးပေါ့နော်။ တိုင်ရင်တောင်မှ လုံခြုံရေးအရ စိန်ခေါ်မှုရှိနေတဲ့ အခြေအနေဖြစ်တယ်။ ဒေတာအချက်အလက်အရ တော်လှန်ရေးဘက်က ကျူးလွန်တာတွေကို တိုင်တာတွေတော့ရှိတယ်။ ဒါပေမယ့် အရေးယူမယ့်အပိုင်းမှာ ပွင့်လင်းမြင်သာမှုတွေ တရားမျှတမှုမှာ ကြန့်ကြာတာမျိုးတွေနဲ့ ဒီ ၂ခုကြားမှာ ကွဲပြားတာ မြင်ရတယ်ပေါ့။
HI -Honest Information – ဒီလိုအစီရင်ခံစာထုတ်ပြီး နောက်ဆက်တွဲ ဘယ်လိုစည်းရုံး လှုံ့ဆော်မှု တွေ ဆက်လုပ်ဖို့ရှိပါသလဲ။
BWU – BWU ကတော့ ဒီအချက်အလက်ပေါ်မူတည်ပြီး Evidence Based ပေါ့။ အချက်အလက်ပေါ် အခြေခံပြီး စည်းရုံးလှုံဆော်ရေးတွေ လုပ်မယ်။ လုပ်လည်းလုပ်ခဲ့တယ်၊ လုပ်လည်းလုပ်နေတုန်း ဖြစ်တယ်။ ဒီအချက်အလက်ပေါ်မူတည်ပြီး ပြည်တွင်းမှာရှိတဲ့ ကြားကာလအစိုးရတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ တခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်း ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ပပျောက်အောင်၊ လျော့ကျအောင်၊ ပြီးရင် ရှင်သန်လွတ်မြောက် လာသူတွေကို ကာကွယ်စောင့်ရှောက်တဲ့ မူဝါဒတွေ၊ ပေါ်လစီတွေ၊ ကူညီပံ့ပိုးမှုတွေ ပေါ်လာအောင်စည်းရုံး လှုံ့ဆော်မယ်။
တဖက်မှာလည်း ကျူးလွန်တဲ့သူကို အရေးယူတဲ့အခါ၊ တရားမျှတမှု ရှာဖွေတဲ့အခါ ပွင့်လင်းမြင်သာမှုနဲ့ ရှင်သန်လွတ်မြောက်လာသူတွေအတွက် တရားမျှတမှုရအောင် ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်မယ့် မူဝါဒတွေ၊ ဥပဒေတွေ ပေါ်လာပြီးတော့မှ အဲ့ဒီဥပဒေတွေကို မြေပြင်မှာ သေချာလက်တွေ့ အကောင်အထည် ဖော်နိုင်အောင် တိုက်တွန်းသွားဖို့ ရည်ရွယ်တယ်။
တဖက်မှာလည်း ဆက်လက်လုပ်နေတဲ့ ပြည်တွင်းသာမက ဒေသတွင်းနိုင်ငံအပြင်၊ နိုင်ငံတကာကိုလည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြန်ဆုံး အရေးယူနိုင်အောင်လည်း ဆက်လက်ပြီး တွန်းအားပေးသွားမယ်။ တဖက်မှာလည်း အကြမ်းဖက်မှုက ရှင်သန်လွတ်မြောက်လာသူတွေကို လိုအပ်တဲ့အကူအညီတွေ၊ လိုအပ်တဲ့အကူအညီဆိုတဲ့အခါ လိုအပ်တဲ့အထောက်အပံ့တွေ ရေရှည်ရေတိုပေါ့၊ စိတ်ပိုင်းဆိုင်ရာလည်းဖြစ်မယ်၊ ရေရှည်အသက်မွေးဝမ်းကြောင်းလည်းဖြစ်မယ်။ ဒါတွေကို ကူညီပံ့ပိုးပေး နိုင်အောင် စည်းရုံးလှုံ့ဆော်သွားဖို့ လည်းရှိတယ်ပေါ့။
HI -Honest Information – ဒီလိုလိင်အကြမ်းဖက်မှုတွေအပေါ် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိဖို့ဆိုရင် ဘယ်လိုဆက်လက်လုပ်ဆောင်သွားဖို့ စဉ်းစားပြင်ဆင်ထားပါသလဲ။
BWU – အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှုရဖို့ဆိုရင် ကျမတို့ အနေနဲ့က အခုလိုမြေပြင်မှာ ဖြစ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို နည်းစနစ်ကျကျ သေသေချချာနဲ့ အချက်အလက်တွေကို သိမ်းဆည်းထားဖို့လိုအပ်တယ်။ သိမ်းဆည်းထားမှ တချိန်တခါမှာ အသွင်ကူးပြောင်းရေး ကာလဖြစ်လာပြီဆိုလို့ရှိရင် အချက်အလက်ကိုအခြေခံပြီး ရှင်သန်လွတ်မြောက်လာသူတွေအတွက် တရားမျှတမှု ရှာဖွေတဲ့အခါမှာ ဒီဟာကလည်း အသုံးပြုလို့ရနိုင်တဲ့ အခြေအနေဖြစ်တယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သတ်တဲ့ အချက်အလက်ကောက်ယူတဲ့လုပ်ငန်းစဉ်က အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှု ရရှိစေဖို့အတွက် ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူတဲ့ အခါမှာ ပိုမိုခိုင်မာတဲ့ အချက်အလက်တွေ ဖြစ်တယ်ပေ့ါ။ ဒီအတွက်ကြောင့်လည်း တရားမျှတမှုအတွက်ကို အသွင်ကူးပြောင်းရေးကာလမှာ အချက်အလက် ကောက်ယူမှုကို ဆက်လက်ကောက်ယူပြီး ထိန်းသိမ်း ထားမှာလည်း ဖြစ်တယ်။။
HI -Honest Information – ကျေးဇူးတင်ပါတယ်။





