ကလေးငယ်တဦးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုကိုင်တွယ်ပြီး ပြတ်လုံးထုတ်ခဲ့တဲ့ဇာတ်အဖွဲ့ တာဝန်ရှိသူတွေက ဝန်ချတောင်းပန်

ဒေဝီ

အောင်ဇဗ္ဗူဇာတ်သဘင် အဖွဲ့က လူရွှင်တော်တွေဟာ ကလေးငယ်တဦးကိုစင်ပေါ်မှာ အဝတ်အစားချွတ်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကိုင်တွယ်ပြီး ပြတ်လုံးထုတ်ခဲ့တဲ့အတွက် ဇာတ်သဘင်တာဝန်ရှိသူတွေက ဝန်ချတောင်းပန်ပြီး ခံဝန်လက်မှတ်‌ရေးထိုးခဲ့တယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး( ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလလယ်က ပဲခူးတိုင်း(အနောက်ပိုင်း)၊ အင်းမမြို့၊ အရှေ့ရွှေကျောင်းဘုရားပွဲမှာ ကပြဖျော်ဖြေခဲ့တဲ့ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ရဲ့ လူရွှင်တော်တွေက ပရိတ်သတ်အတွင်းက အရွယ်ငယ်ကလေးတဦးကို ဇာတ်စင်ပေါ်မှာ အဝတ်အစားချွတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကိုင်တွယ်ပြက်လုံးထုတ်ကာ လူမှုကွန်ရက်မှာ တင်ခဲ့တဲ့လုပ်ရပ်ကို ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (Sexual Harassment) မြောက်တယ်လို့ ကလေးသူငယ် အခွင့်အရေး တန်ဖိုးထားသူ လူထုကြားဝေဖန်မှုမြှင့်တက်ခဲ့ပြီး အရေးယူဖို့ တောင်းဆိုမှုတွေ ရှိခဲ့ကြပါတယ်။

ဒီလိုလုပ်ရပ်မျိုးဟာ ဥပဒေစိုးမိုးပြီး၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆို မိခင်ဖြစ်သူက ခွင့်ပြုခဲ့ရင်တောင် ပတ်ဝန်းကျင်က တရားလိုပြုပြီး တရားစွဲဆိုလို့ရတဲ့ ကိစ္စရပ်မျိုးဖြစ်တယ်လို့ လူထုကြားဝေဖန်ထောက်ပြမှု မြင့်တက်ခဲ့သလို၊ ဇာတ်သဘင်အဖွဲ့ကို အားပေးသူတွေ ဘက်ကလည်း မနာလိုလို့ တိုက်ခိုက်တာဆိုတဲ့ တုန့်ပြန်မှုမျိုးတွေ အပြန်အလှန်ရှိခဲ့ကြပါတယ်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံး( ဗဟို)က အောင်ဇဗ္ဗူ ဇာတ်သဘင်အဖွဲ့ တည်ထောင်သူ ခေါင်းဆောင်မင်းသား အောင်ဇဗ္ဗူ၊ မန်နေဂျာနဲ့ လူရွှင်တော်ဖြိုးဖြိုးတို့ကို မေးမြန်းခဲ့ရာ ဇာတ်သဘင်အဖွဲ့မှ ရည်ရွယ်ချက်မရှိဘဲ သတိလက်လွတ် ပြုမှုခဲ့တဲ့အပေါ် ဝန်ချတောင်းပန်ပြီး နောက်နောင် ဒီလိုအပြုအမှုမျိုးမဖြစ်ပေါ်စေဖို့နဲ့ ထပ်ဖြစ်မယ်ဆိုရင် ဗဟိုသဘင်က ချမှထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ အပြစ်ဒဏ်ခံယူမယ်လို့ ကတိပြု ခံဝန်လက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အစည်းအဝေးဆုံးဖြတ်ချက်အရ သဘင်လောကဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေတဲ့ ပြုမှုပြောဆိုမှုနဲ့ ငြိစွန်းပြီး၊ ကာယကံရှင်တွေရဲ့ ဝန်ခံကတိပြုချက်အရ ဇာတ်စင်ထက်မှာသာမက တခြားဘယ်နေရာမှာဖြစ်စေ ဒီလိုအပြုအမှုမျိုး ပြုလုပ်တာဟာ အများပြည်သူနဲ့ လူမှုအသိုင်းအဝိုင်းအတွက် စိတ်မချမ်း မြေ့ဖွယ်ရာအပြုအမူဖြစ်တဲ့အတွက် မြန်မာနိုင်ငံသဘင် အစည်းအရုံးက လုံးဝလက်ခံခြင်းမရှိဘဲ ဇာတ်သဘင်အဖွဲ့ကို ပြင်းထန်စွာ သတိပေးလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

Author: