ကလေးငယ်တဦးကို ဘောင်းဘီဆွဲချွတ်ပြပြီး ပြက်လုံးထုတ်ခဲ့တဲ့ ဇာတ်အဖွဲ့ကို လိင်ပိုင်းဆိုင်ရာ ထိပါးမှုကျူးလွန်ကြောင်း လူထုက ဝေဖန်

ဒေဝီ

အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ရဲ့ လူရွှင်တော်တွေက အရွယ်မရောက်သေးတဲ့ကလေးတဦးကို ဇာတ်စင်ပေါ်မှာ အဝတ်အစားချွတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကိုင်တွယ်ပြက်လုံးထုတ်ကာ လူမှုကွန်ရက်မှာ တင်ခဲ့တဲ့လုပ်ရပ်ကို ပြည်သူတွေက ဝေဖန်ခဲ့ကြပြီး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမယ်လို့ မနေ့ကထုတ်ပြန်လိုက်ပါတယ်။

ဇာတ်သဘင်အဖွဲ့ လူရွှင်တော်တွေက ပရိတ်သတ်ထဲက ကလေးငယ်တဦးကို ပွေ့ချီပြီး ကလေးရဲ့ ဘောင်းဘီကိုဆွဲချွတ်ခဲ့သလို ခန္ဓာကိုယ်အစိတ်အပိုင်းကို ထိကိုင်ပွတ်သပ်ပြီး စင်ပေါ်မှာ ဟာသလုပ်ပြောဆိုတဲ့ ဗီဒီယိုတခု လူမှုကွန်ယက်မှာ ပျံ့နှံ့လာပြီးနောက် ကြည့်ရှု့သူတွေက ဟာသအဖြစ်မရှုမြင်သင့်ဘဲ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း (sexual harassment) ဖြစ်တယ်လို့ ဝိုင်းဝန်းထောက်ပြခဲ့ပါတယ်။

လူအများရှေ့မှာ ကလေးငယ်တဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ပြုလုပ်တာကို ဟာသပြက်လုံးလို့ အမည်တပ်တာကို ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ကြည့်ရှု့သူတွေက သူတို့ရဲ့ လူမှုကွန်ယက်မှာ အသီးသီးမှာ မျှဝေခဲ့ကြပါတယ်။

ကလေးငယ်တယောက်ရဲ့ Private Part တွေကို ထိကိုင်ပွတ်သပ်ပြီး ဟာသလုပ်တာ၊ ရုပ်ရှင်တွေမှာ ထည့်သွင်း ရိုက်ပြတာကို လူအများစုက သာမန်ရယ်စရာအဖြစ် ရှုမြင်နေကြပြီး၊ ဒါကလိင်ပိုင်း ဆိုင်ရာထိပါးမှုဖြစ်တယ်ဆိုတာ သတိချပ်သင့်တယ်လို့ သုဝဏ္ဏမြို့နယ်က ကလေးမိခင်တဦးက မှတ်ချက်ပြုတယ်။

သူက “ဟာသပြတ်လုံးဆိုရင် အောက်လုံးပါမှ ရယ်စရာ၊ အောက်လုံးမပါရင် မရီရဘူးလို့ သတ်မှတ်ကြတာကိုက တော်တော်ဆိုးနေတာ၊ အခုက ကလေးရဲ့ Privacy ကို ဟာသလုပ်တာကို အောက်ကနေ တဝါးဝါးနဲ့ ရယ်နေကြတာကိုက စိတ်တိုစရာပဲ”လို့ ပြောပါတယ်။

ဒီလုပ်ရပ်ဟာ ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာဖြစ်ပြီး၊ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေကို ဟာသအဖြစ် ပြုလုပ်တဲ့သူတွေကို ဖယ်ကျဉ်မှုနဲ့အတူ ဉပဒေအရအရေးယူမှုတွေ ထိထိရောက်ရောက် လုပ်ဆောင်ရမှာဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) က တာဝန်ရှိသူတဦးက မှတ်ချက်ပြုပါတယ်။

BWU ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) မဝေဝေလှိုင်က “အဓိက ကတော့ ကလေးငယ်လေးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဟာသလုပ်တဲ့အရာတွေက မလုပ်ရမယ့်အရာတွေဖြစ်တယ်၊ ဒါက ရယ်စရာဟာသ၊ လှောင်ပြောင်ရမယ့်၊ ရယ်မောပျော်ရွှင်ဖွယ်ရာ ကိစ္စမဟုတ်ဘူးပေါ့၊ ဒီလိုလုပ်ခြင်းက Child Abuse ဖြစ်တယ်”လို့ ပြောပါတယ်။

လူမှုကွန်ရက်မှာ ဇာတ်ပွဲ – Zet Pwel အမည်နဲ့ ဖွင့်လှစ်ထားတဲ့ ဖျော်ဖြေရေးစာမျက်နှာဟာ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ရဲ့ ဇာတ်ပွဲတခုမှာ ပျက်လုံးထုတ်ခဲ့တဲ့ အဲဒီဗီဒီယိုဖိုင်ကို တင်ခဲ့ပြီး၊ အခုလို ဝေဖန်မှုခံနေရတဲ့အပေါ် နောက်ဒီလိုတွေမဖြစ်စေရဖို့ အာမခံကြောင်း၊ မှားတာရှိရင် တောင်းပန်ကြောင်း၊ ပြင်ဆင်ခွင့်ပေးသင့်ကြောင်း မှတ်ချက်မှာ စာမျက်နှာနာမည်နဲ့ တောင်းပန်ထားတဲ့ စာတချို့ကိုလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)က လူမှုကွန်ယက်မှာပျံ့နှံ့လာတဲ့ ဇာတ်သဘင်အဖွဲ့တဖွဲ့ရဲ့ နှစ်ပါးသွား အစီအစဉ် ဖျော်ဖြေနေတုန်း၊ ပရိတ်သတ်အတွင်းက ကလေးငယ်တဦးကို ဇာတ်စင်ပေါ် ခေါ်ယူပြီး ကလေးငယ် ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့ အမြင်မသင့်တော်တဲ့ မဖွယ်မရာပြုမှုတယ်ဆိုတဲ့ တိုင်ကြားစာတွေ လက်ခံရရှိတဲ့အတွက် ဒီကိစ္စရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

Author: