NUG အစိုးရအဖွဲ့သစ်မှာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပယ်ဖျက်ခြင်းအပေါ် အမျိုးသမီးနဲ့ ဂျန်ဒါအရေး လှုပ်ရှားသူများဝေဖန်
ဒေဝီ
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းရာမှာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ် ရေးရာဝန်ကြီးဌာန ပြန်လည်ပါဝင်လာခြင်းမရှိတော့ဘဲ၊ ဌာနခွဲတခုအဖြစ်သာ ထားရှိမှုအပေါ် အမျိုးသမီးနဲ့ ဂျန်ဒါအရေး လှုပ်ရှားသူများက ဝေဖန်ခဲ့ပါတယ်။
ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ ( CRPH) က အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ ပြင်ဆင်ဖွဲ့စည်း ခြင်းကို ဒီဇင်ဘာ၈ရက်မှာ အတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ ဝန်ကြီးဌာနတွေ ပေါင်းစည်းတာ၊ လျှော့ချတာ၊ ဝန်ကြီး၊ ဒုဝန်ကြီး တွေ ပြောင်းလဲခန့်အပ်ခဲ့ပေမယ့် သိသိသာသာပြောင်းလဲမှုမရှိဘူးလို့ ပြည်သူတွေက ဝေဖန်ခဲ့ကြပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)မှာ ယခင်က ဝန်ကြီးဌာန ၁၇ခုရှိခဲ့ပေမယ့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရမှာ ၁၃ခုသာကျန်ခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး သတင်းအချက်လက်နှင့် နည်းပညာဝန်ကြီးဌာနတွေကိုလျှော့ချလိုက်တာဖြစ်ပါတယ်။
လက်ရှိပြင်ဆင်ဖွဲ့စည်းတဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီးဌာနအချို့ကို လျှော့ချလိုက်ပေမယ့် လက်ရှိအာဏာသိမ်း ကာလမှာ အလိုအပ်ဆုံးဖြစ်တဲ့ အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာလို ဂျဲန်ဒါအရေးအဓိက ဆောင်ရွက် နေတဲ့ ဝန်ကြီးဌာနတခုလုံးကို ဖျက်သိမ်းပြီး ဌာနခွဲတခုအနေနဲ့ ထားရှိတာကိုတော့ စိတ်မကောင်းဖြစ်မိတယ်လို့ CAN- Myanmar တည်ထောင်သူ စောဇင်မောင်စိုးကပြောတယ်။
“ဒီကာလမှာ အမျိုးသမီးတွေနဲ့ လူနည်းစုတွေအပေါ်မှာ ကျွန်တော်မြင်မိသလောက် ရှေ့သက်တမ်းမှာလည်း အတက်ကြွဆုံးနဲ့ အကာအကွယ်ပေးဆုံးဝန်ကြီးဌာနထဲမှာပါတယ်”လို့ သူကဆိုတယ်။
လက်ရှိမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေက နည်းလမ်းအမျိုးမျိုးနဲ့ အကြမ်းဖက်ခံရမှု အမြင့်ဆုံး ရောက်ရှိနေ တဲ့ ကာလဖြစ်တဲ့အတွက် ထိရောက်တဲ့ လုပ်ဆောင်မှုတွေ ပိုလုပ်ဆောင်ဖို့လိုနေချိန်မှာ ဒီလိုလျှော့ချလိုက်တာက အမျိုးသမီး၊ လူနည်းစုနဲ့ ဂျဲန်ဒါအရေးကို အလေးမထားတဲ့လုပ်ရပ်လို့ အမျိုးသမီးနဲ့ ဂျဲန်ဒါအရေး လုပ်ဆောင်သူတွေကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ စတင်ဖွဲ့စည်းချိန်ကနေ အသစ်ပြန်လည်မဖွဲ့စည်းခင်အချိန်ထိ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာနမှာ ဝန်ကြီးအဖြစ် ဒေါ်စူဇန်နာလှလှစိုး၊ ဒုဝန်ကြီးအဖြစ် ဒေါ်အိဉ္ဇာမောင်တို့က တာဝန်ယူခဲ့ပြီး ဝန်ကြီးဌာနတခုအနေနဲ့ လိုအပ်ချက်တွေရှိခဲ့ပေမယ့် အမျိုးသမီးနဲ့ ဂျဲဒါန်အရေးတွေမှာ မြေပြင်အထိကွင်းဆင်း ဆောင်ရွက်တာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ အမြတ်ထုတ်ခြင်းနဲ့ အကြမ်းဖက်မှု တွေက ကာကွယ်တာ(PSHEA) လိုမူဝါဒ ချမှတ်တာ၊ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု ပြသနာအချို့ကို အထိုက်အလျောက်ဖြေရှင်းပေးနိုင်တာတွေရှိခဲ့တယ်လို့ အမျိုးသမီးနဲ့ ဂျဲန်ဒါအရေး လုပ်ဆောင်သူတွေက ဆိုတယ်။
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးရေးရာနဲ့ဂျဲန်ဒါဌာန၊ ဌာနမှုး ဒေါ်သန္တာကတော့ ဝန်ကြီးဌာနတခုလုံး လျှော့ချလိုက်ပေမယ့် ဝန်ကြီးဌာနအသစ်ဖြစ်တဲ့ လူမှုရေး၊ အလုပ်သမားနဲ့၊ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနမှာ နိုင်သလောက် လုပ်ဆောင်မယ်လို့ဆိုသလို “အမျိုးသမီးနဲ့ ဂျဲန်ဒါအရေးကို အရေးမကြီးဘူးလို့ ထင်ထားကြတဲ့ တော်လှန်ရေး ဟိုမရောက်ဒီမရောက် တွေကို ပြောချင်တာက ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုလိုချင်ရင် လူ့အခွင့်အရေးနဲ့ ဂျဲန်ဒါကို မေ့ထားလို့မရဘူး”လို့ သူ့ရဲ့ လူမှုကွန်ယက်မှာ မှတ်ချက်ပြုထားပါတယ်။
အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ကတော့ NUG အစိုးရအဖွဲ့ အသစ်ပြန်လည်ဖွဲ့စည်းတဲ့အခါ တော်လှန်ရေးလူငယ်မျိုးဆက်သစ်တွေကို နေရာပေးအပ်ချင်တဲ့အတွက် ရာထူးကနေရပ်နားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ယက်ကနေ အသိပေးထားပါတယ်။ ဒေါ်အိသဥ္ဇာမောင်ဟာ အစိုးရအဖွဲ့ဟောင်းထဲမှာ အသက်အငယ်ဆုံး အမျိုးသမီးဒုဝန်ကြီးတဦးလည်းဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းမှုမှာ အဖွဲ့ဝင်စုစုပေါင်း ၂၉ဦး ရှိပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပညာရေးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဂျာထွယ်ပန်နဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာရွှေပုံ စတဲ့ အမျိုးသမီး ၄ဦးသာ ပါဝင်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ရှေ့သက်တမ်းမှာ အမျိုးသမီး ၈ဦး ထိပါဝင်ခဲ့ရာကနေ အခု ၄ဦးပဲ ပါဝင်တော့တာဖြစ်ပါတယ်။





