CDM ဆရာမ ဇနီးမောင်နှံ သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံရသူတွေထွက်ဆိုချက်ဟာ မြေပြင်အချက်အလက်နဲ့ ကွဲလွဲနေကြောင်း TCSN ထုတ်ပြန်

ဒေဝီ

တနင်္သာရီတိုင်း ပုလောမြို့နယ်မှ CDM ဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံရတဲ့ဖြစ်ဉ်မှာ တရားခံတွေကို ဖမ်းဆီးရမိပြီလို့ KNU က မကြာသေးခင်က ထုတ်ပြန်ထားပေမယ့် တနင်္သာရီတိုင်း CDM နိုင်ငံဝန်ထမ်းများစည်းလုံးညီညွတ်မှုကွန်ယက်(TCSN)ကတော့ အမှုဖြစ်စဉ်က မြေပြင်အချက်အလက်နဲ့ ကွဲလွဲမှုတွေရှိနေတယ်လို့ မနေ့က ထပ်မံထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တော်လှန်‌ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ပုလောမြို့နယ်၊ ဒူးရင်ပင်ရှောင် ကျေးရွာအုပ်စု၊ ဆားခဲကျေးရွာရှိနေအိမ်မှာ ဒီဇင်ဘာ ၁၆ရက်၊ နံနက် ၁နာရီလောက်က CDM ဆရာမ ပန်ထွာ (ခ) ဒေါ်အေသီအောင်နဲ့ ခင်ပွန်းတို့က ဓားဒဏ်ရာတွေနဲ့ သတ်ဖြတ်ထားတာကို ခံခဲ့ရတာဖြစ်ပါတယ်။

လူသတ်မှုကျူးလွန်သူတွေဟာ ကရင်အမျိုးသားကာကွယ်ရေးတပ်( KNDO) တပ်ရင်း ၇၊ တပ်ခွဲ ၅ အချုပ်က ထွက်ပြေးသွားသူတွေဖြစ်ပြီး ထွက်ပြေးစဉ် ပုလောမြို့နယ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ CDM ဆရာမ ပန်ထွာ (ခ) ဆရာမဒေါ်အေသီအောင်ဆီကနေ ထမင်းတောင်းစားရာမှာ မပေးတဲ့အတွက် ဆရာမနဲ့ ခင်ပွန်းဖြစ်သူတို့ကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ( KNU) မြိတ်-ထားဝယ်ခရိုင်က ဒီဇင်ဘာ ၂၁ ရက်က ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အမှုဖြစ်စဉ်ဟာ မြေပြင်က ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို တာဝန်ယူလုပ်ကိုင်နေတဲ့ တနင်္သာရီတိုင်း CDM တွေရဲ့ သတင်းပေးပို့ချက်နဲ့ ကွဲလွဲနေပြီး၊ အခင်းဖြစ်ပွားတဲ့အချိန်ကွာဟမှုရှိနေတာ၊ ဗိုက်ဆာလို့ ထမင်းတောင်းစားတာကို ငြင်းဆန်ခဲ့တဲ့အတွက် တရားခံလို့ယူဆရသူတွေက အိမ်ရှင်ဆရာမတို့ ဇနီးမောင်နှံကို ဓားနဲ့အချက်ပေါင်းများစွာနဲ့ သတ်ဖြတ်ခဲ့တာဟာ “ထမင်းမကျွေးမှု”၊“ခိုးယူမှု” မဟုတ်ဘဲ ဒေါသတကြီး ရည်ရွယ်ချက်ရှိရှိ လုပ်ကြံမှုသာဖြစ်နိုင်ပြီး၊ အလောင်းစုတ်ပြတ်သွားတဲ့အထိ သတ်ဖြတ်ထားတာ ဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ TCSN က သဘောထား ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တနင်္သာရီတိုင်း CDM နိုင်ငံဝန်ထမ်းများစည်းလုံးညီညွတ်မှုကွန်ယက်(TCSN)ရဲ့ ထုတ်ပြန်ချက်မှာ ဒီလူသတ်မှု ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူတွေက ပိုပြီ’တိကျခိုင်လုံတဲ့ သက်သေတွေနဲ့အတူ လူသတ်တရားခံတွေကို လူသိထင်ရှားဖော်ထုတ်ပြီး အရေးယူဆောင်ရွက်နိုင်ဖို့၊ တရားခံလို့ယူဆရသူတွေနဲ့ သက်သေတွေ ပျောက်ဆုံးပျက်စီးတာမျိုးမဖြစ်အောင် အလေးထားဆောင်ရွက်ဖို့နဲ့ အမှုအတွက် ဖွဲ့စည်းထားတဲ့ စစ်ဆေးရေးအဖွဲ့ဟာ ဘယ်လူပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုမှမရှိဘဲ လွတ်လပ်ပွင့်လင်းစွာ စစ်ဆေးဖို့လိုအပ်တယ်လို့ TCSN က တိုက်တွန်းထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး ပုလောမြို့နယ်မှာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ပညာရေး ဝန်ကြီးဌာန CDM ဆရာဆရာမတွေကလည်း သူတို့ရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်ကို အကာအကွယ် မပေးနိုင်တဲ့အတွက် NUG ပညာရေး ဝန်ဆောင်မှုတွေကို အမှုမှန်ပေါ်ပေါက်လာတဲ့အထိ ရပ်နားထားတဲ့အပေါ် ထောက်ခံဝန်းရံပြီး၊ သေဆုံးသွားသူတွေအတွက် တရားမျှတမှုအစစ်အမှန်ရတဲ့အထိ မျက်ခြေမပြတ် စောင့်ကြည့်ပြီး အစဉ်တစိုက်‌တောင်းဆိုသွားမယ် လို့ TCSN က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၁ ရက်က KNU – မြိတ်ထားဝယ်ခရိုင်-ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးလုပ်ငန်းကော်မတီ ရဲ့ ထုတ်ပြန်ချက်အရ လူသတ်မှုကျူးလွန်သူတွေဟာ သတ်ဖြတ်ခဲ့ပြီးတဲ့နောက်မှာ နားကပ်၊ ဆွဲကြိုးနဲ့ လက်ကောက်စတဲ့ လက်ဝတ်ရတနာတွေကိုယူဆောင်ပြီး ထိုင်းနိုင်ငံကို သွားဖို့ ကြိုးပမ်းနေတဲ့အချိန် အတောအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ တယ်လို့ သိရပါတယ်။

ကျူးလွန်ခဲ့သည့် အပြစ်သား (၄)ဦးကို စုံစမ်းစစ်ဆေးပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ ကော်သူးလေ တရားဥပဒေများနဲ့အညီ ထိထိရောက်ရောက် အပြစ်ပေးအရေး ယူသွားမယ်လို့ ဓာတ်ပုံတွေနဲ့တကွထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး ( KNU) မြိတ်-ထားဝယ်ခရိုင်

Author: