၂၀၂၅ ခုနှစ်ကို မြန်မာအမျိုးသမီးတွေ ဘယ်လိုကျော်ဖြတ်ခဲ့ကြရသလဲ
HI – Honest Information
မြန်မာနိုင်ငံမှာ အာဏာရှင်တော်လှန်ရေးနောက်ဆက်တွဲဖြစ်တဲ့ စစ်ရေးပဋိပက္ခတွေအပြင် သဘာဝဘေး၊ စီးပွားရေးကြပ်တည်းမှုတွေနဲ့ လူနေမှုဘဝမလုံခြုံမှုတွေ ထပ်ဆင့်ထပ်ဆင့်ကျရောက်ခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ မြန်မာအမျိုးသမီးတွေဟာ ကိုယ့်ဂုဏ်သိက္ခာနဲ့ အသက်ရှင်ကျန်ရစ်ဖို့အတွက်ပါ တိုက်ပွဲဝင်ခဲ့ရပါတယ်။
စစ်ဘေးရှောင်စခန်းထဲက အမျိုးသမီးတွေ၊ သားသည်မိခင်တွေ၊ အဆက်မပြတ် လေကြောင်းတိုက်ခိုက် ခံရမှုအောက်က ကလေးမိခင်တွေ၊ ထောင်နံရံအပြင်ဘက်ကို ထွက်လာပြီး အပြင်လောကကို ရောက်ရှိလာပြီး နောက်တောင် ရောဂါဝေဒနာတွေကို ဆက်ပြီးသယ်ဆောင်နေရဆဲ နိုင်ငံရေး အကျဉ်းသူတွေရဲ့ အသံတွေနဲ့ တော်လှန်ရေးနယ်မြေတွေထဲက လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ ဖြစ်ရပ်တွေက ၂၀၂၅ ခုနှစ်ကို အမျိုးသမီးတွေ အထိအခိုက်အနာအဆာအများဆုံး ခံစားခဲ့ရတဲ့ နှစ်တနှစ်အဖြစ် မှတ်တမ်းတင်စေခဲ့ပါတယ်။
ကုန်လွန်ခဲ့တဲ့ ၂၀၂၅ ခုနှစ်ကို ပြန်လှည့်ကြည့်မယ်ဆိုရင် မြန်မာအမျိုးသမီးတွေ ဘာတွေကို ကျော်ဖြတ်ခဲ့ရသလဲ၊ ခေတ်ဆိုးခေတ်ပျက်ကို ဘယ်လိုတွေဖြတ်သန်းခဲ့ရသလဲဆိုတာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
တော်လှန်ရေးနယ်မြေထဲက လိင်အကြမ်းဖက်မှုတွေ
တော်လှန်ရေးကာအတွင်း စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအပြင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးအဝန်းအဝိုင်းထဲကလူတချို့က အမျိုးသမီးတွေအပေါ်ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေကလည်း ၂၀၂၅ ခုနှစ် နွေဦးတော်လှန်ရေးမျက်နှာစာမှာ ရုပ်ဆိုးအကျဉ်းတန်စွာ အဆက်မပြတ် ပေါ်ပေါက်လာခဲ့ပါတယ်။
တော်လှန်ရေးကာလမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်းကိစ္စတွေက အရေးမကြီးသယောင် ပုံဖော်တာ၊ နောက်ချန်ထားသင့်တယ်ဆိုတဲ့ အတွေးအမြင်တွေကြောင့် ဒီကာလ တလျောက်လုံး ကျူးလွန်သူ တရားခံတွေကို အကာအကွယ်ရစေခဲ့သမျှ ၂၀၂၅ ခုနှစ်ကတော့ မျက်နှာဖုံးတွေ သိသိသာသာ ခွာချနိုင်ခဲ့တဲ့နှစ်တနှစ်လို့ ဆိုရပါမယ်။
ဒါပေမယ့် လူထုလက်လှမ်းမမီတဲ့ တရားစီရင်ရေးလို နောက်ဆက်တွဲအဆင့်တွေမှာ တရားခံကို တခြားနေရာဒေသတွေကို ရွေ့ထားလိုက်ရုံနဲ့ အရေးယူလိုက်သလိုလို၊ အကျဉ်းသူတွေကို အချုပ်ခန်းပြောင်းလိုက် သလိုလို၊ မသေမချာသတင်းတွေနဲ့ အစအနပျောက်သွားတဲ့အဖြစ်အပျက်တွေကလည်း ရှိနေခဲ့၊ ရှိနေဆဲဖြစ် ပါတယ်။
ကမ္ဘာတဝှမ်း ပဋိပက္ခတွေ ဖြစ်ပွားရာ ဒေသတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၄၅ သန်းလောက် ကျား-မ အခြေပြု အကြမ်းဖက်မှုဒဏ်ခံနေရပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံက ၉ သန်းနီးပါး ပါဝင်တယ်လို့ကုလသမဂ္ဂ လူဦးရေရံပုံငွေအဖွဲ့ UNFPA အာရှနဲ့ ပစိဖိတ်ဒေသရုံးက သတင်း ထုတ်ပြန်ခဲ့ ပါတယ်။
မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြားမှာ အမျိုးသမီးနဲ့ မိန်းကလေး ရှစ်သန်း၊ ရှစ်သိန်း (၈,၈၀၀,၀၀၀) လောက်ဟာ အရေးပေါ် အကာအကွယ်လိုအပ်နေတာကို UNFPA က ထောက်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီ ကနေ ၂၀၂၅ မေလအထိ (၄နှစ်ကျော်ကာလအတွင်း) တနိုင်ငံလုံးအတိုင်းအတာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ စာရင်းအရ နိုင်ငံတဝှမ်း ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စုစုပေါင်း ၉၆၃ မှု၊ ကရင်နီပြည်နယ်က အကြမ်းဖက်မှု ၃၆၅ မှုနဲ့ ကျူးလွန်ခံရမှု အများဆုံး ပြည်နယ်တခုဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၃၄၉ ခု၊ ရှမ်းပြည်နယ်မှာ ၁၀၂ ခု၊ တနင်္သာရီတိုင်းမှာ ၂၇ ခု၊ ချင်းပြည်နယ်မှာ ၁၉ ခု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က ထုတ်ပြန်ခဲ့ဖူးတဲ့ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစာတမ်းမှာ ဖော်ပြခဲ့ပါတယ်။
ဒီလိုဖြစ်စဉ်တွေထဲမှာ တော်လှန်ရေးဘက်တော်သားဆိုသူတချို့ ကျူးလွန်ခဲ့တဲ့ လူပြောသူပြောများခဲ့တဲ့ ဖြစ်ရပ်တချို့ကတော့ ၂၀၂၅ ခုနှစ်ဆန်းပိုင်းမှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂၆)ရဲ့ တပ်ရင်းမှူး ဦးကျော်ဟိန်း(ခ)မင်းသားကြီးဆိုသူဟာ အသက် ၂၀အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို ဖမ်းဆီးခေါ် ဆောင်ကာ တဲတလုံးထဲမှာ ၂ရက်တိုင် ချုပ်နှောင်ပြီး အဓမ္မပြုကျင့်ခဲ့တာ၊ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF)တစ်ခုဖြစ်တဲ့ ဗိုလ်လင်းမြွေ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက စစ်ဘေးရှောင်အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်ရပ်ပါ။ အဲဒီဖြစ်စဉ်မှာ ကျူးလွန်သူကို သေဒဏ်ပေးဖို့အတွက် ပြည်သူ့ ဆန္ဒပြပွဲတွေ ပြုလုပ် နေပေမယ့် ထိရောက်တဲ့ အရေးယူနိုင်မှုမျိုး မတွေ့ရသေးပါဘူး။
တော်လှန်ရေးကိုပုံဖျက်နေတဲ့ အမှိုက်သရိုက်တွေကို ပြတ်ပြတ်သားသား ရှင်းထုတ်ပစ်ပြီး စစ်အာဏာရှင်နဲ့အတူ ဖိုဝါဒကိုပါတိုက်ထုတ်လိုတဲ့ အမျိုးသမီးတွေ၊ လူမှုအဖွဲ့အစည်းတွေကြောင့် မြန်မာအမျိုးသမီးတွေအတွက် ၂၀၂၅ ခုနှစ်ဟာ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ဖြတ်သန်းခဲ့ရတယ်ဆိုတာကို မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ စာရင်းအရ ၂၀၂၁ ကနေ ၂၀၂၄ အထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ပတ်သတ်လို့ ၂၅၆ မှု တိုင်ကြားချက်ရှိခဲ့ပြီး၊ စစ်တပ်ဘက်က ကျူးလွန်တဲ့ အမှု ၂၁၈ မှု၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ၊ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့အမှုက ၁၇ မှုနဲ့ အရပ်သားကျူးလွန်မှုက ၃၀ ဝန်းကျင်ရှိတယ်လို့ ဖော်ပြထားတယ်။ ဒီလို ဖြစ်စဉ်တွေထဲက ထက်ဝက်လောက်ကို ကူညီဖြေရှင်းပေးနိုင်ခဲ့တယ်လို့ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဝန်ကြီးဟောင်းက HI – Honest Information နဲ့ ဒီဇင်ဘာလလယ်က ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုမရှိသေးတဲ့ ခေတ်ကာလမှာ လူသိများတဲ့ ဒီလိုဖြစ်စဉ်တွေအပြင်၊ လူမသိသူမသိ အလားတူဖြစ်စဉ်တွေအတွက်လည်း ကျူးလွန်ခံရသူနဲ့ မိသားစုဝင်တွေဟာ တရားမျှတမှုရရှိဖို့ မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေ အထိအခိုက်များခဲ့တဲ့ ၂၀၂၅ ငလျင်
၂၀၂၅ခုနှစ်၊ မတ် ၂၈ရက်၊ နေ့လည် ၁၂း၅၀ နာရီမှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင် ဒဏ်ကြောင့် နဂိုကတည်းက စစ်ဒဏ်ပိနေတဲ့ မြန်မာနိုင်ငံဟာ သဘာဝဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားခဲ့ရပါတယ်။
မြန်မာ့သမိုင်းမှာ အကြီးမားဆုံး သဘာဝဘေးတွေထဲကတခုဖြစ်တဲ့ စစ်ကိုင်းငလျင်ဒဏ်ခံရချိန်မှာ အာဏာသိမ်း စစ်တပ်ရဲ့ ညံ့ဖျင်းတဲ့စီမံမှုကြောင့် နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ချင်းမဆောင်ရွက်တဲ့ အတွက် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြရတယ်။
စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့ပြီး ၉လနီးပါးကြာမြင့်လာတဲ့ အခုအချိန်အထိ မန္တလေးအပါအဝင် အထက်မြန်မာပြည် မှာ ငလျင်ငယ်တွေ အဆက်မပြတ်လှုပ်ခတ်နေပြီး၊ စစ်ကိုင်းငလျင်ကြောင့် မိသားစုဝင်တွေဆုံးရှုံးခဲ့ရသူတွေ၊ ကိုယ်အင်္ဂါဆုံးရှုံးလိုက်ရသူတွေနဲ့ ငလျင်ဒဏ်ကို ခံစားခဲ့ရတဲ့ ပြည်သူအားလုံးဟာ စိတ်မလုံခြုံမှုတွေကို တနှစ်ပတ်လုံးနီးပါး ခံစားနေရတဲ့ ထူးခြားတဲ့နှစ်တနှစ်လို့ ဆိုရမှာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်မတ်လက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူဦးရေ ၁၇ သန်းကျော်ထိခိုက်ခဲ့ပြီး၊ ဒီအထဲမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် (၈.၈)သန်းပါဝင်တယ်လို့ UN Women ကထုတ်ပြန်ထားပါတယ်။ ကိုယ်ဝန်ဆောင် ၂ သိန်းကျော်ဟာလည်း အသက်အန္တရာယ်နဲ့ ကျန်းမာရေးစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ဆိုထားပါတယ်။
အရပ်သားပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ
စစ်တပ်ဟာ သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့ ဒေသတွေကို ၂၀၂၅ ခုနှစ်ထဲမှာ လေကြောင်းဗုံးကြဲမှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှုတွေလို လူသိများတဲ့ဖြစ်ရပ်တွေအပြင်၊ လူအနည်းငယ်သာထိခိုက်သေဆုံးလို့ လူသိမများလိုက်တဲ့ ဖြစ်ရပ်တွေကလည်း မရေမတွက်နိုင်အောင် ရှိခဲ့ကြပါတယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ သာသနိက အဆောက်အအုံတွေကို ပစ်မှတ်ထားနေတဲ့ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် နေ့စဉ်အသက်ဆုံးရှုံးနေကြရသူတွေထဲ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ နေ့စဉ်ပါဝင်နေပါတယ်။
၂၀၂၅ နှစ်စောပိုင်းမှာ ကြုံတွေ့လိုက်ရတဲ့ ငလျင်ဒဏ်ကြောင့် စစ်ကောင်စီက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပေမယ့်၊ ကတိမတည်တဲ့ စစ်အုပ်စုဟာ လေကြောင်း တိုက်ခိုက်မှုတွေ ကို ဆက်ပြီးလုပ်ဆောင်ခဲ့ ပါတယ်။ ငလျင်ဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရတဲ့ မတ်လမှာ အာဏာသိမ်း စစ်တပ်ရဲ့ နည်းမျိုးစုံ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမျိုးသမီး ၆၆ ဦးသေဆုံးခဲ့ပြီး၊ ဧပြီလထဲမှာ ၇၁ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေဖြစ်တဲ့ လေကြောင်းဗုံးကြဲမှုတွေ အများအပြား ဖြစ်ပျက်ခဲ့တဲ့အထဲကမှ လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့ကြပြီး လူသိများထင်ရှားခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့ကြပါတယ်။
၂၀၂၅ ခုနှစ်၊ မေ ၁၂ ရက်မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ပုံမှန်ကျောင်းဖွင့်ချိန် မဟုတ်ပေမဲ့ အညာဒေသတွင်း လေကြောင်းရန်ကို ရှောင်ကွင်းနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ထားတဲ့ ကျောင်းတွေထဲမှာ အိုးတိန်တွင်းရွာ စာသင်ကျောင်းလည်း တခုအပါအဝင် ဖြစ်ပါတယ်။ အဲဒီကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲတဲ့ ဖြစ်စဉ်မှာ စာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ ကလေးငယ် ၂၁ ဦးနဲ့ ဆရာမ ၂ဦးအပါအဝင် စုစုပေါင်း ၂၃ ဦး သေဆုံးခဲ့ကြရပါတယ်။
အိုးတိန်တွင်းရွာ ဖြစ်စဉ်အပြီး ၁ ရက်အကြာ မေ ၁၃ ရက်မှာတော့ ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်က ထွန်းရဝေ ကျေးရွာကိုလည်း စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ကလေးငယ်တွေနဲ့ မိခင်တွေအပါအဝင် (၁၃)ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ရက်မှာလည်း စစ်တပ်ဟာ ရခိုင်ပြည်၊ မြောက်ဦးဆေးရုံကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် အမျိုးသမီး ၁၇ ဦး သေဆုံးခဲ့ပြီး၊ ၉ ဦး ဒဏ်ရာပြင်းပြင်း ထန်ထန် ရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၇၇ဦး ရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူ ၂၇ ဦးနဲ့ မစိုးရိမ်ရတဲ့ ဒဏ်ရာ အသေးစားရရှိသူ ၄၉ ဦး အထိရှိခဲ့ပါတယ်။
မြန်မာ့ဆင်းရဲတွင်းထဲက အမျိုးသမီးတွေ
၂၀၂၅ခုနှစ်၊ အောက်တိုဘာအတွင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ အမျိုးသမီး ၃ ပုံ ၁ ပုံက အလုပ်လက်မဲ့ ဖြစ်နေပါတယ်။
ဒီနှစ်ထဲမှာ ဖျားနာနေတဲ့ကလေးငယ်ကို ဆေးဝယ်တိုက်နိုင်ဖို့အတွက် ရေမြောင်းထဲ ပလစ်ပစတစ်ဘူးခွံ ဆင်းကောက်ရာက ရေနစ်သေဆုံးခဲ့တဲ့ မိခင်၊ နေ့ပြန်တိုးအကြွေးမဆပ်နိုင်လို့ သေတမ်းစာရေးခဲ့ပြီး ကိုယ့်ကိုယ် ကို အဆုံးစီရင်ခဲ့တဲ့ အမယ်အို၊ မိသားစုဝမ်းရေးကြောင့် ငွေရလမ်းအတွက်ကြံဆရင်း ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေရဲ့ ထောင်ချောက်ထဲက သားကောင်ဖြစ်ခဲ့ရတဲ့ အမျိုးသမီးတွေ၊ အာဟာရပြည့်ဝအောင် စားသောက်နိုင်တဲ့ အခြေအနေမရှိလို့ ကလေးမမွေးနိုင်ဘဲမီးတွင်းထဲမှာသေဆုံးရတဲ့ စစ်ဘေးသင့်ဒေသက ကိုယ်ဝန်ဆောင်တွေ၊ မွေးပြီးမှ ကလေးရောမိခင်ရော သေဆုံးကြရတဲ့ စစ်ဘေးရှောင်တွေ၊ စစ်ဇုန်ပြင်ပမှာ ရှိပေမယ့် ကလေးမွေးပြီးမှ ကျွေးမွေးနိုင်စွမ်းမရှိလို့ မွေးစားနိုင်မယ့်မိဘအသစ်တွေရှာဖွေတဲ့ သားသည်မိခင်တွေ ခပ်စိပ်စိပ်ရှိလာတာ စတဲ့ အကြောင်းအရာတွေဟာ နက်သထက်နက်လာတဲ့ မြန်မာ့ဆင်းရဲတွင်းကို ညွှန်ပြနေတဲ့ အရာတွေပါပဲ။
စစ်အာဏာသိမ်းမှုအောက် အထွေထွေအကျပ်အတည်းနဲ့ စီးပွားရေးကျဆင်းမှု အလုပ်အကိုင် ရှားပါးမှုတွေ ကြောင့် မြန်မာအမျိုးသမီးငယ်တွေဟာ တရုတ်နိုင်ငံသားရဲ့ ဇနီးမယားအဖြစ် ရောင်းစား ခံရမှုတွေ ပိုများလာ တယ် လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက ၂၀၂၅ ခုနှစ်မှာ ထုတ်ဖော် ပြောခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာက အသက် ၅ နှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၄၁၀,၀၀၀ (လေးသိန်း တသောင်းကျော်)ဟာ ပြင်းထန်အာဟာရချို့တဲ့မှုကြုံရနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က နိုဝင်ဘာ ၁၇ ရက်က သတိပေးထုတ် ပြန်ခဲ့ပါတယ်။ တနိုင်ငံလုံးအနေနဲ့လည်း မြန်မာဟာ ဆာလောင်မွတ်သိပ်မှုအခြေအနေမှာ အလွန်စိုးရိမ်စရာကောင်းတဲ့ အဆင့် သတ်မှတ် ချက်ဝင် ၆ နိုင်ငံထဲက တနိုင်ငံဖြစ်လာပါတယ်။
နိုင်ငံသားဘဝလုံခြုံစိတ်ချရမှုတွေ ဆုံးရှုံးခဲ့တဲ့ ၂၀၂၅
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံသားတွေရဲ့ နေ့စဉ်လူမှုဘဝ လုံခြုံမှုတွေဟာ တနှစ်ထက်တနှစ် ရုတ်လျော့ပျောက်ဆုံးလာတာတွေကို ၂၀၂၅ ခုနှစ်ထဲမှာ ပိုပြီးထင်ထင်ရှားရှား မြင်ခဲ့ရပါတယ်။
အာဏာရှင်လက်အောက်က နိုင်ငံလွတ်မြောက်လိုတဲ့ ခံယူချက်၊ ရပ်တည်ချက်တွေနဲ့ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေလက်မှာ စစ်ရှုံးပြီး၊ နယ်မြေတွေ တခုပြီးတခု စွန့်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီဟာ ကြံရာမရတဲ့အဆုံး စစ်မှုထမ်းဥပဒေထုတ်ပြီး လူငယ်၊ လူလတ်ပိုင်းအမျိုးသားတွေကို အတင်းအကြပ် စစ်မှုထမ်းစေတာ၊ ပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီနောက်ဆက်တွဲအဖြစ် လင်၊ သား၊ မောင်ဘွားတွေ ဆုံးရှုံးရမယ့်အရေးအပေါ် စိတ်ပိုင်းဆိုင်ရာ မလုံခြုံတဲ့ခံစားချက်တွေကို အမျိုးသမီးတွေ ဆက်တိုက်ကြုံတွေ့ခဲ့ကြ ပါတယ်။ စစ်မှုထမ်းစာရင်းထဲမှာပါတဲ့ သားကိုမတွေ့လို့ မိခင်ကို ဖမ်းဆီးတာ၊ အမျိုးသမီးငယ်တွေကိုပါ အမျိုးသမီးငယ်တွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာတွေကို စစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။ မွန်ပြည်နယ်မှာ စစ်မှုထမ်းဖို့ ခေါ်ခံရတဲ့ အမျိုးသမီးငယ် ၃၀ဦးထက်မနည်းရှိခဲ့တယ်လို့ ပြည်တွင်းသတင်းတွေမှာ မှတ်တမ်းတင်နိုင်ခဲ့ကြတယ်။
စစ်မှုထမ်း(အမျိုးသမီး) သင်တန်းအတွက် စစ်တပ်ဟာ နိုင်ငံအနှံ့ အမျိုးသမီးငယ်တွေကို စစ်မေးတာ၊ ဖမ်းဆီးတာ၊ မြို့ရွာရပ်ကွက်အလိုက် စာရင်းကောက်ခံ ခေါ်ယူတာတွေ လုပ်ဆောင်လျက်ရှိတဲ့အတွက် ရန်ကုန်မြို့နဲ့ အချို့ဒေသတွေမှာ အမျိုးသမီးငယ် ပျောက်ဆုံးမှုတွေ ရှိလာတယ်လို့ Myanmar Defense & Security Institute – MDSI က ၂၀၂၅ ခုနှစ်ထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။
အတင်းအကြပ်စစ်မှုထမ်းပေါ်တာဆွဲခံရမယ့်အရေးကို စိတ်ပူတဲ့အတွက် နေရပ်စွန့်ခွာပြောင်းရွှေ့တာ၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေကို ထွက်ပြေးတိမ်းရှောင်တာတွေဖြစ်ပွားခဲ့ပြီး တဖက်နိုင်ငံနယ်စပ်မှာ ဖမ်းဆီး ထောင်ချခံရတာတွေအဆက်မပြတ်ဖြစ်ပွားခဲ့ပါတယ်။
အဖမ်းဆီးမခံရရင်တောင် နယ်မြေအသစ်မှာ ရပ်တည်ရေးနဲ့ စားဝတ်နေရေးခက်ခဲလို့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသမီး ကလေးမိခင်တဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်တာမျိုးထိတောင် ဖြစ်ပွားခဲ့တယ်။
နောက်ထပ် မှတ်မှတ်ရရ ဖြစ်စဉ်တခုဆိုရင် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ၆လကျော်ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ရွှေ့ပြောင်းမြန်မာအမျိုးသမီး ၂၂ဦးနဲ့ ကလေးငယ် ၈ဦးတို့ဟာ အစာငတ်ခံဆန္ဒပြတဲ့အထိ ဖြစ်ခဲ့ကြတယ်။ နောက်ဆုံး မြန်မာစစ်တပ်ဆီ လွှဲပြောင်းပေးခဲ့ ပေမယ့် မြန်မာစစ်တပ်က ဆက်ပြီးဖမ်းဆီးထားတာမျိုးတွေ ကြုံတွေ့ခဲ့ရတယ်။
၂၀၂၅ထဲမှာ ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးစွမ်းဆောင်နိုင်သူတွေ
အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသမိုင်းမှာ အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ မမှိတ်မသုန်ပါဝင်ခဲ့ကြ၊ ပါဝင်နေကြတဲ့ လေးစားဂုဏ်ပြုထိုက်တဲ့ အထင်ကရအမျိုးသမီးတွေက ခေတ်အဆက်ဆက်မှာ ရှိခဲ့ကြပါတယ်။
၂၀၂၅ ခုနှစ်ထဲမှာ လူ့အဖွဲ့အစည်းအတွက် ဆုံးရှုံးမှုဖြစ်ခဲ့ရတဲ့ အမျိုးသမီးတချို့ကတော့ ကရင်နိုင်ငံရေးသမိုင်းမှာ ချန်လှပ်ထားလို့မရတဲ့ အမျိုးသမီးခေါင်းဆောင် ဒေါက်တာ ပဒိုနော်ဘလူးမင်းနိုက်ဇန်၊ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ တွဲဖက်အတွင်းရေးမှူး မဝတ်ရည်အောင်၊ နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေမှာ တက်ကြွလှုပ်ရှားစွာပါဝင်ခဲ့တဲ့ အသက်(၂၈)နှစ်အရွယ် LGBT စာရေးဆရာမ စောဟန်နွေဦး၊ တော်လှန်ရေးမှာကျရာနေရာကနေ တာဝန်ထမ်းဆောင်ခဲ့တဲ့ Free Burma Ranger ဆေးမှူး နော်ဆေးမူးဖောတို့ပဲဖြစ်ပါတယ်။
အမျိုးသမီးနိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးတွေမှာ နှစ်ကာလကြာရှည် ပါဝင်ဆောင်ရွက်ခဲ့တဲ့ အသက်၇၀အရွယ် Dr .P’Doh Naw Blooming Night Zan (ဒေါက်တာ ဘလူးမင်းနိုက်ဇန်) ဟာ ၂၀၂၅၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီး မှာ ကွယ်လွန်သွားခဲ့ပါတယ်။
သူဟာ ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်အရေးကို ဆယ်စုနှစ် ၃ခုကျော် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သူတဦး ဖြစ်သလို မကွယ်လွန်ခင်အချိန်အထိ KNU ကေအဲန်ယူဗဟိုတရားသူကြီး- ၂ တာဝန်နဲ့ KNU ကေအဲန်ယူ-လူ့အခွင့်အရေး ကော်မတီ ဥက္ကဌ တာဝန်ယူခဲ့သူတဦးလည်းဖြစ်ပါတယ်။
ဒေါက်တာ ပဒိုနော်ဘလူးမင်းနိုက်ဇန်ဟာ ၁၉၇၄ ခုနှစ် မော်လမြိုင် တက္ကသိုလ် ပထမနှစ် တက်ရောက်စဉ် ဦးသန့်အရေးအခင်းမှာ ပါဝင်ခဲ့တာကြောင့် ကျောင်းထွက်ခဲ့ရပြီး ၁၉၈၈ ခုနှစ် ကျောင်းသားအရေးအခင်း စတင်ချိန် တော်လှန်ရေးနယ်မြေကိုအပြီးအပိုင်အခြေချခဲ့သူဖြစ်ပါတယ်။
သူဟာ ကရင်လူမျိုးတွေရဲ့ နိုင်ငံရေးသမိုင်းမှာ ချန်လှပ်ထားလို့မရတဲ့ ပုဂ္ဂိုလ်တဦးဖြစ်ပြီး အမျိုးသမီးအရေး၊ တိုင်းရင်းသားအရေး၊ ကရင်ဒုက္ခသည်အရေးတွေမှာ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သလို နိုင်ငံရေး၊ တိုင်းရင်းသားအရေးတွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာစေဖို့ မျှော်လင့်သူတဦးဖြစ်ပါတယ်။
၂၀၂၅ခုနှစ်၊ ဇူလိုင် ၁၉ ရက်မှာကြွေလွင့်ခဲ့ရတဲ့ နွေဦးတော်လှန်ရေးထဲကအမျိုးသမီးငယ်တဦးကတော့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ တွဲဖက်အတွင်းရေးမှူး မဝတ်ရည်အောင်ပဲ ဖြစ်ပါတယ်။ သူဟာ စစ်အာဏာရှင်ကို တော်လှန်ရင်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရဲဘော် ၅ ဦးနဲ့ အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်ကြောရေးမှာ ပြင်းထန်တဲ့ နှိပ်စက်မှုတွေကြောင့် ဖမ်းဆီးခံရပြီး ၃လအကြာမှာ လေဖြန်းဝေဒနာခံစားခဲ့ရတယ်။ ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၅၂(က) တပ်ပြီး ထောင်ဒဏ် ၇နှစ် ချမှတ်ခံခဲ့ရတဲ့ သူဟာ ဥပဒေမဲ့ဖမ်းဆီးခံခဲ့ရသလို စစ်ကြောရေးအတွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ကောင်းမွန်တဲ့ဆေးကုသခွင့်မရခဲ့ဘဲ အကျဉ်းထောင်ထဲမှာပဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ LGBTတွေဟာ စစ်အာဏာရှင်ကိုဆန့်ကျင်တွန်းလှန်ခဲ့ကြတယ်ဆိုတဲ့ သမိုင်းကို ပြသကြသူတွေထဲ LGBT စာရေးဆရာမ စောဟန်နွေဦးလည်း အထင်ကရ ပါဝင်ခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် LGBT စာရေးဆရာမ စောဟန်နွေဦးဟာ ၂၀၂၅၊ မတ်လ(၉)ရက်နေ့ကထိုင်းနိုင်ငံ၊ မဲဆောက်မှာ ကွယ်လွန်သွားခဲ့ ပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ သူဟာ အဆုတ်ရောဂါ၊ ငှက်ဖျားရောဂါနဲ့ လေဖြန်းဝေဒနာကိုလည်း ခံစားနေခဲ့ရတာ ဖြစ်ပါတယ်။ စောဟန်နွေဦးဟာ LGBT အရေးတက်ကြွလှုပ်ရှားသူတဦးလည်း ဖြစ်ပါတယ်။ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် ၂၀၂၁ စက်တင်ဘာလမှာ ပုဒ်မ ၅၀၅-က နဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်။
နောက်ထပ် တော်လှန်ရေးမှာကျရာနေရာကနေ တာဝန်ထမ်းဆောင်ခဲ့တဲ့ Free Burma Ranger ဆေးမှူး နော်ဆေးမူးဖောဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် အစောပိုင်းက ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်က ကျေးရွာကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မြေပြင်လူထုအတွက် တန်ဖိုးရှိတဲ့ ဆေးမှူး နော်ဆေးမူးဖော သေဆုံးခဲ့ရပါတယ်။
အာဏာရှင်စနစ်အဆုံးသတ်ရေးအတွက် ဘဝနဲ့အသက်ကို စွန့်လွှတ်စွန့်စားသူ အမျိုးသမီးတွေ အများအပြား ရှိခဲ့တဲ့အထဲက ၂၀၂၅ ခုနှစ်မှာ လူသိများခဲ့တဲ့ အမျိုးသမီး ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။
အမျိုးသမီးသတင်းစာဆရာတွေ
စစ်အာဏာရှင်ဟာ ပြည်သူလူထုသတင်းသိရှိပိုင်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်တွေ အတွက် ကြိုးစားနေတဲ့ သတင်းသမားအမျိုးသမီးတွေကို စစ်ကောင်စီက ဖမ်းဆီးထောင်ချတာတွေ ခေတ်အဆက်ဆက် ရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ်ထဲမှာတော့ ရခိုင်အမျိုးသမီးသတင်းသမားတဦးကို တိုင်းရင်းသား လက်နက်ကိုင်တပ်တခု ဖြစ်တဲ့ အေအေက ခိုင်လုံတဲ့ အကြောင်းပြချက် ထုတ်ဖော်ပြောကြားတာမရှိဘဲ ၁လကျော်ဖမ်းဆီးခဲ့တာဟာ ၂၀၂၅ ခုနှစ်ထဲမှာ ထူးခြားတဲ့ဖြစ်စဉ်တခုပါ။
အရပ်သားတွေကိုလေကြောင်းဗုံးကြဲတိုက်ခိုက်နေပြီး၊ တဖက်မှာလည်း ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်အုပ်စုဟာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲ သတင်းစာဆရာ အချို့ပါဝင်ခဲ့ပါတယ်။ တဖက်မှာ လွန်ခဲ့တဲ့ ၈လခန့်က ဖမ်းဆီးချုပ်နှောင်ထားတဲ့ အလွတ် သတင်းထောက် မဆွတ်ရိန်ပန်ကို ဒီဇင်ဘာထဲမှာ ထောင်ဒဏ် ၁၃ နှစ်အမိန့်ချမှတ်ခဲ့ပါတယ်။
ဂုဏ်ယူအားတက်ရတဲ့ အမျိုးသမီးဖြစ်ရပ်တွေ
စိတ်မကောင်းစရာသတင်းတွေထဲကမှ ဂုဏ်ယူအားတက်ရတဲ့ အမျိုးသမီးဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။
စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ သတင်းမှတ်တမ်း ရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို နယ်စည်းမထား သတင်းထောက်များအဖွဲ့ (RSF) က ၂၀၂၅ ခုနှစ်အတွက် သတင်းလွတ်လပ် ခွင့်ဆု( Press Freedom Independence award) ချီးမြှင့်ခဲ့ပါတယ်။
ဆုပေးပွဲကို နိုဝင်ဘာလ ၁၅ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာကျင်းပခဲ့ပြီး သတင်းမှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကိုယ်စား စာရေးဆရာမ မသီတာ-စမ်းချောင်းက ဆုလက်ခံပေးခဲ့ပြီး မြန်မာ့သတင်းလွတ်လပ်ခွင့် အခြေအနေကို ပြောခွင့်ရခဲ့ပါတယ်။
သတင်းမှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကော်မရှင်တပ်က လွန်ခဲ့တဲ့ ၂နှစ်ကျော်၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဖမ်းဆီးအကျဉ်းချခဲ့တာဖြစ်ပါတယ်။
မာရသွန်ပြေးပွဲပေါ်က မြန်မာအမျိုးသမီး
ဒါ့အပြင် ၂၀၂၅ခုနှစ်၊ ဩဂုတ် ၃၁ ရက်နေ့က ဩစတြေးလျနိုင်ငံမှာပြုလုပ်ခဲ့တဲ့ဆစ်ဒနီမာရသွန် ပြိုင်ပွဲမှာ ၄၂.၂ ကီလိုမီတာ( ၂၆ မိုင်ကျော်)အထိ အကွာအဝေးကို မြန်မာ့ရိုးရာဝတ်စုံဝတ်ဆင်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာမြင့်မိုရ်ဦးဟာ ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။ ဒီသတင်းနဲ့ ဒီအမျိုးသမီးရဲ့ ပုံရိပ်တွေဟာ နိုင်ငံတကာနဲ့ ပြည်တွင်း မီဒီယာတွေကြားထဲမှာထင်ရှားခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်စေခဲ့ပါတယ်။
မြန်မာ ရိုးရာဝတ်စုံနဲ့ မာရသွန်ပြိုင်ပွဲမှာ ခရီးအရှည်ဆုံး ဝင်ပြေးခဲ့တဲ့၊ အမြန်ဆုံးပန်းဝင်တဲ့ စံချိန်တွေကို ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့က ပေးအပ်ခဲ့ပါတယ်။
သူဟာ အာဏာသိမ်းစစ်တပ်က အတုအယောင် ရွေးကောက်ပွဲ ကျင်းပပြီး တရားဝင်မှု ရယူဖို့ ကြိုးစားနေတာ၊ အပြစ်မဲ့ ပြည်သူတွေကို ဗုံးကြဲတာ၊ သတ်ဖြတ်တာမျိုး ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာကို ဆန့်ကျင်ရပ်တည်ကြောင်း ပြသဖို့ အခုလို ထူးထူးခြားခြား စိတ်ကူးမျိုးနဲ့ ပြိုင်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး ၅နှစ်နီးပါရှိပြီဖြစ်ပေမယ့် အမျိုးသမီးတွေဟာ ရောက်တဲ့အရပ်မှာ၊ ရတဲ့နည်းလမ်းနဲ့ ဆန့်ကျင်တွန်းလှန်နေဆဲဖြစ်တာကို ဒေါက်တာမြင့်မိုရ်ဦးက ပြသခဲ့ပါတယ်။
၂၀၂၅ အမျိုးသမီးအရေးအရွေ့တွေ
ပြီးခဲ့တဲ့ စက်ဘက်ဘာလ ၁ရက်မှာKNU က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားမြစ်ပိတ်ပင်ခြင်းနဲ့ ကျား/မ ခွဲခြားဆက်ဆံမှုပပျောက်ရေး ကတိကဝတ်ပြုလွှာကို ထပ်လောင်းအတည်ပြုခြင်းနဲ့ ညွှန်ကြားချက်ကို အကောင်အထည်ဖော်ခြင်းဆိုင်ရာ ညွှန်ကြားချက်တရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဌာနတိုင်းက သူတို့ရဲ့ လုပ်ပိုင်ခွင့်နယ်ပယ်ထဲမှာ အရပ်သား၊ အကျဉ်းသားတွေနဲ့ စစ်ပွဲတိုက်ခိုက်မှုမှာ တိုက်ရိုက် ပါဝင်ခြင်း မရှိသူတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဘယ်အခြေအနေမှာမှ ကျူးလွန်ခြင်းမရှိစေဖို့၊ အကျဉ်းကျခံနေရသူတွေနဲ့ အရပ်သားပြည်သူတွေကို လိင်ပိုင်းဆိုင်ရာထိခိုက်နစ်နာစေမှု၊ မတရားပြုကျင့်မှု ဒါမှမဟုတ် နှောင့်ယှက်မှုပုံစံအားလုံးကနေ ကာကွယ်ဖို့ စတာတွေအပါအဝင် အချက် (၈) ချက်ပါဝင်ပါတယ်။
ချိုးဖောက်မှုတွေရှိလာရင် လက်သင့်ခံမှာမဟုတ်ဘဲ KNU ရဲ့လုပ်ထုံးလုပ်နည်းတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ ပြင်းထန်တဲ့ အကျိုးဆက်တွေကိုခံစားရမယ်လို့ ဆိုထားပါတယ်။
တအာင်းပြည်ကောင်စီ TLC ထိပ်ပိုင်းဦးဆောင်မှုကဏ္ဍမှာ အမျိုးသမီးခေါင်းဆောင် ၄ဦးပါဝင်လာ
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ -TPCC ကနေ တအာင်းပြည်ရဲ့ အမြင့်ဆုံးနိုင်ငံရေး အာဏာပိုင် အဖွဲ့အဖြစ် တအာင်းပြည်ကောင်စီ- TLC ကို ၂၀၂၅ခုနှစ်၊ ဇွန်လက ပြောင်းလဲဖွဲ့စည်းရာမှာ အမျိုးသမီး ခေါင်းဆောင် ၄ဦးပါဝင်ဖွဲ့စည်းခဲ့ပါတယ်။
တအာင်းတပ်မတော် – PSLF/TNLA၊ တအာင်းအမျိုးသားပါတီ- TNP နဲ့ တအာင်းအရပ်ဖက် အဖွဲ့အ စည်းတွေ ပါဝင်တဲ့ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ- TPCC ကနေ တအာင်းပြည်ရဲ့ အမြင့်ဆုံး နိုင်ငံရေးအာဏာပိုင်အဖွဲ့အဖြစ် တအာင်းပြည်ကောင်စီ- TLC ကို ပြောင်းလဲဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
တအာင်း ပြည်ကောင်စီ -TLC ကို ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ဥက္ကဌ၊ လွေးမိုးခမ်းက ဒုဥက္ကဌ (၁)၊ တား အေးမောင်က ဒုဥက္ကဌ (၂)၊ လွေးပိုးကမေဲ့ခြိူးဝ်းက အတွင်းရေးမှူး၊ ဗိုလ်ကြီးလွေးယေက တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူပြီး ဗိုလ်ချုပ်တားခူလန်း၊ တားအောင်ပေ၊ တားကြာထွန်းနဲ့ လွေးမိုးလှိုင်တို့က အဖွဲ့ဝင်တွေအဖြစ်ပါဝင်ပါတယ်။
NUG အစိုးရအဖွဲ့သစ်မှာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပယ်ဖျက်မှု
ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ ( CRPH) က အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ ပြင်ဆင်ဖွဲ့စည်းကြောင်း ဒီဇင်ဘာ၈ရက်မှာ အတည်ပြုထုတ်ပြန်ခဲ့ပြီး၊ ဝန်ကြီးဌာနတွေ ပေါင်းစည်းတာ၊ လျှော့ချတာ၊ ဝန်ကြီး၊ ဒုဝန်ကြီးတွေ ပြောင်းလဲခန့်အပ်မှုတွေပြုလုပ်ခဲ့ရာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ် ရေးရာဝန်ကြီးဌာန ပြန်လည်ပါဝင်လာခြင်းမရှိတော့ဘဲ၊ ဌာနခွဲတခုအဖြစ်သာ ထားရှိတော့မှာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းမှုမှာ အဖွဲ့ဝင်စုစုပေါင်း ၂၉ဦး ရှိပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပညာရေးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဂျာထွယ်ပန်နဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာရွှေပုံ စတဲ့ အမျိုးသမီး ၄ဦးသာ ပါဝင်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ရှေ့သက်တမ်းမှာ အမျိုးသမီး ၈ဦး ထိပါဝင်ခဲ့ရာကနေ အခု ၄ဦးပဲ ပါဝင်တော့တာဖြစ်ပါတယ်။
အစိုးရအဖွဲ့သစ် ပြန်လည်ဖွဲ့စည်းရာမှာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ် ရေးရာဝန်ကြီးဌာနကနေ ဌာနခွဲအဖြစ် လျှော့ချသတ်မှတ်လိုက်တာ၊ အမျိုးသမီးပါဝင်မှု နည်းပါးတာ၊ လူငယ်ဦးဆောင်သူတွေ နေရာပေးမှု လျော့နည်းတာတွေအပေါ် အမျိုးသမီးရေးလှုပ်ရှားသူတွေနဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက ထောက်ပြဝေဖန်မှု အများအပြားခံခဲ့ရတဲ့ ဖြစ်ရပ်တခုပါ။
အမျိုးသမီးတဦးမှမပါဝင်တဲ့စကားဝိုင်းမှာ ပါဝင်ခဲ့တဲ့ကိုနန်းလင်းကို တကသ အရေးယူ
မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ခန့်အပ်ပေးရေး ထောက်ခံဆွေးနွေးကြရာမှာ အမျိုးသားတွေချည်းပါဝင်တဲ့ Manel ဆွေးနွေးပွဲ စကားဝိုင်းမှာ ပါဝင်ခဲ့တဲ့ ကိုနန်းလင်းကို တကသက ပြင်းထန်စွာသတိပေးပြီး အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တဲ့ဖြစ်စဉ်တခု ၂၀၂၅ ခုနှစ်ထဲမှာ ဖြစ်ခဲ့ပါတယ်။
အကြောင်းက အမျိုးသားတွေသာပါဝင်တဲ့ Manel ဆွေးနွေးပွဲတွေကို စီစဉ်မှာလည်းမဟုတ်သလို အဖွဲ့ဝင်တွေ အနေနဲ့လည်း အဲ့ဒီလိုဆွေးနွေးပွဲတွေမှာပါဝင်ဆွေးနွေးခြင်းပြုမှာ မဟုတ်ဘူးလို့ တကသက ထုတ်ပြန်ကြော်ငြာထားတဲ့အချက်ကို ချိုးဖောက်ပြီး အမျိုးသားတွေချည်းပဲ (၉)ဦးပါဝင်တဲ့ အထက်ပါ ဆွေးနွေးဝိုင်းမှာ ပါဝင်ခဲ့တဲ့အတွက် အခုလို အရေးယူဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ကိုနန်းလင်းကို စကားဝိုင်းတွေ၊ ဆွေးနွေးပွဲတွေမှာ ပါဝင်တာကို (၆)လရပ်ဆိုင်းတာ၊ တကသရဲ့ ဦးဆောင် ကော်မတီဝင်အဖြစ်ကနေ နှစ်လဆိုင်းငံ့တာနဲ့ နိုင်ငံရေးကော်မတီတာဝန်ခံအဖြစ်ကနေ နှစ်လ ဆိုင်းငံ့တာတွေကို အရေးယူဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
၂၀၂၃ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ထုတ်ပြန်ကြေညာချက်ထဲမှာ တကသကျောင်းသား ဟောင်းများ အင်အားစုအနေနဲ့ အမျိုးသားတွေသာပါဝင်တဲ့ Manel ဆွေးနွေးပွဲတွေကို စီစဉ်မှာလည်း မဟုတ်သလို အဖွဲ့ဝင်တွေ အနေနဲ့လည်း အဲ့ဒီလိုဆွေးနွေးပွဲတွေမှာပါဝင်ဆွေးနွေးခြင်းပြုမှာ မဟုတ်ဘူး လို့ ဖော်ပြထားခဲ့ပြီးသား ဖြစ်ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်ကိုချိုးဖောက်ခဲ့လို့ အဖွဲ့ရဲ့ရပ်တည်ချက်၊ ဆုံးဖြတ်ချက်နဲ့အညီ ကတိကဝတ်ကို တန်ဖိုးထားပြီး ဦးဆောင်ကော်မတီဝင် ကိုနန်းလင်းကို အရေးယူပြခဲ့တဲ့ ဒီဖြစ်ရပ်ဟာ Manel ပွဲတွေနဲ့ပတ်သက်ပြီး အရွေ့တခု အဖြစ် ဖော်ဆောင်ခဲ့ပါတယ်။
ဝေဖန်မှုတွေရှိခဲ့သလို၊ ချီးကျူးအသိအမှတ်ပြုမှုတွေ ခံခဲ့ရတဲ့ ဖြစ်ရပ်တခုလို့လည်း ဆိုရမှာဖြစ်ပါတယ်။
၂၀၂၆ ကို ဘယ်လို ခရီးဆက်ကြမယ်
အချုပ်အားဖြင့် ဆိုရရင် ၂၀၂၅ ခုနှစ်ဟာ မြန်မာပြည်တနံတလျားက စစ်ဘေးရှောင်စခန်းတွေက အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ကျန်းမာရေးအခက်အခဲ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်၊ တော်လှန်ရေးနယ်မြေတွေထဲက အမျိုးသမီးတွေရဲ့ လိင်အကြမ်းဖက်ခံရမှု ဖြစ်စဉ်တွေ၊ စစ်ဇုန်ဧရိယာထဲမှာသာမက စစ်ဇုန်ပြင်ပ မြို့တွေပေါ်က အမျိုးသမီးတွေအတွက် အလုပ်အကိုင်ရှားပါးမှုနဲ့ စစ်မှုထမ်းဥပဒေရဲ့ရိုက်ခတ်မှုစတဲ့ အခြေအနေမျိုးစုံကို ခါးစည်းခံခဲ့ရတဲ့ နှစ်တွေထဲက တနှစ်ဖြစ်ပါတယ်။
ခေတ်စနစ်ဆိုးရဲ့ ရိုက်ခတ်မှုတွေကို ခါးစည်းသည်းခံနေကြရပေမယ့် အဲဒီအထဲကမှ လူထုဝေဖန်မှုအများဆုံး၊ လူထုခွင့်မလွှတ်နိုင်ဆုံးနဲ့ တော်လှန်ရေးအပေါ် လူထုစိတ်ပျက်အားလျော့စေတဲ့ ဖြစ်ရပ်တွေကတော့ တော်လှန်ရေးနယ်မြေတွေနဲ့ တော်လှန်ရေးအင်အားစုတွေကြားမှာ တော်လှန်ရေးကို အကျည်းတန်စေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ လူထုရန်ပုံငွေ အလွဲသုံးစားမှုတွေပဲ ဖြစ်ပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်တဲ့ရပ်ဝန်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုဖြစ်စဉ်တွေ၊ တရားမျှတမှု ပြန်လည် မရရှိခဲ့တဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုရအောင် တာဝန်ခံပေးပြီး လာမယ့် ၂၀၂၆ နှစ်သစ်မှာ အရေးယူကိုင်တွယ်ဖြေရှင်းနိုင်မယ်၊ ထပ်မံ မဖြစ်ပေါ်စေဖို့ လူထုအစိုးရကသာ ထိန်းကျောင်းတည့်မတ် နိုင်မယ်ဆိုရင် လူထုရဲ့ စိတ်ပျက်အားလျော့မှုတွေကို အတိုင်းအတာတခု အထိ ပြန်လည်ကုစားနိုင်မယ်လို့ ယုံကြည်ပါတယ်။
၂၀၂၅ ခုနှစ်အတွင်း အမျိုးသမီးတွေပါဝင်တဲ့ စာမျက်နှာတွေထဲမှာ အောင်မြင်မှုတဲ့ အရွေ့တချို့ ရှိခဲ့သလို ဆုံးရှုံးမှုတွေအများကြီးကိုလည်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြတယ်ဆိုတာ လူသိများထူးခြားထင်ရှားခဲ့တဲ့ သတင်းတွေကပြောတဲ့ သမိုင်းမူကြမ်းအဖြစ် HI – Honest Information က မှတ်တမ်းတင်ဖော်ပြလိုက်ပါတယ်။











