ရခိုင်တိုက်ပွဲကြားက မမြင်ရတဲ့ ဒဏ်ရာတွေ

သန့်ရှင်းထွန်း

ကမ္ဘာတဝှမ်း ပဋိပက္ခတွေ ဖြစ်ပွားရာ ဒေသတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၄၅ သန်းလောက်ဟာ ကျား-မ အခြေပြု အကြမ်းဖက်မှုဒဏ်ခံနေရပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံက ၉ သန်းနီးပါး ပါဝင်တယ်လို့ ကုလသမဂ္ဂ လူဦးရေရံပုံငွေအဖွဲ့ (UNFPA)  အာရှနဲ့ ပစိဖိတ်ဒေသရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြားမှာ အမျိုးသမီးနဲ့ မိန်းကလေး ၈သန်း၈သိန်း (၈,၈၀၀,၀၀၀)လောက်ဟာ အရေးပေါ် အကာအကွယ်တွေ လိုအပ်နေတယ်လို့ UNFPA က ထောက်ပြထားပါတယ်။

ဒါဟာ  ဆက်သွယ်ရေးကောင်းမွန်ပြီး စစ်တမ်းတွေ၊ သုတေသနတွေကောက်လို့ရတဲ့ အရပ်ဒေသတွေကနေလာတဲ့ ကိန်းဂဏာန်းတွေဖြစ်နိုင်ပါတယ်။

ဒါပေမယ့် လျှပ်စစ်မီးမရှိ၊ အင်တာနက်မရ၊ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကာကွယ်စောင့်ရှောက်မှုတစုံတရာ ပေးနိုင်တဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေပါ မရှိနိုင်တော့တဲ့ မြန်မာပြည်ထဲက အချို့ဒေသတွေမှာ လူမသိသူမသိ အကြမ်းဖက်ခံရမှုပေါင်းများစွာ ရှိနေကြပါတယ်။

မြန်မာပြည်တဝှမ်း ပဋိပက္ခဒေသတွင်းက ကျား-မ အခြေပြုအကြမ်းဖက်မှုကို ခံစားခဲ့ရသူတွေထဲမှာ  ရခိုင်ပြည် မြောက်ပိုင်း စစ်ဘေးရှောင်စခန်းတခုက အသက် ၉နှစ်အရွယ်၊ ၄တန်းကျောင်းသူကလေးလည်း ပါဝင်ပါတယ်။

သူဟာ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ အာရက္ခ တပ်တော်(AA)နဲ့  စစ်ကောင်စီတို့ တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားချိန် ကတည်းက မိခင်ဖြစ်သူနဲ့အတူ ဗုံးဆံ၊ ကျည်ဆံတွေကြားကနေ ဘေးလွတ်ရာကို ပြေးလွှားစစ်ရှောင်နေခဲ့ရတဲ့ ကလေးငယ်တဦးဖြစ်ပါတယ်။

“ကိုယ့်အသက်ကိုတောင် ဂရုမစိုက်နိုင်ဘဲ တဦးတည်းရှိတဲ့ သမီးလေးရဲ့ လက်ကို မလွတ်တမ်းဆုပ်ကိုင်ရင်း ပြေးလာခဲ့တယ်”လို့ ကလေးငယ်ရဲ့ မိခင်ဖြစ်သူ မသီတာက ပြောပြပါတယ်။

သူ့မျက်လုံးထဲမှာတော့ တိုက်ပွဲကာလအတွင်း တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ မမေ့နိုင်တဲ့ အရိပ်တွေအဖြစ် ကျန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့နေထိုင်ခဲ့တဲ့ ပေါက်တောမြို့နယ်ဟာ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်(AA)က မြို့သိမ်းတိုက်ပွဲကို ပထမဆုံးစတင်ဆင်နွဲခဲ့တာဖြစ်ပြီး အရပ်သားပြည်သူတွေ အထိအခိုက်များခဲ့တဲ့ မြို့နယ်လည်းဖြစ်ပါတယ်။

သာမာန်အခြေခံလူတန်းစားဖြစ်တဲ့ မသီတာတို့ မိသားစုမှာ ခင်ပွန်းဖြစ်သူက သမီးကလေး ကိုယ်ဝန် ၇လအရွယ် ကတည်းက မလေးရှားနိုင်ငံမှာ ရွှေ့ပြောင်းမြန်မာလုပ်သားအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိမှာ သူတို့သားအမိသားအဖတွေဟာ အဆက်သွယ်ပြတ်တောက်နေတာ ၂နှစ်လောက်ရှိပြီဖြစ်ပါတယ်။  

အမေတခု သမီးတခုမို့ တိုက်ပွဲတွေကြားထဲမှာ နှစ်ယောက်က တယောက်အသက်သေရမယ့်သူဖြစ်မယ်ဆိုရင် သူသာ အသေခံပြီး သမီးကိုတော့ ရှင်သန်ခွင့်ပေးချင်တယ်လို့ မသီတာကပြောပါတယ်။

တဦးတည်းသောသမီးလေးအပေါ်မှာ အသက်နဲ့ရင်းပြီး ကာကွယ်ပေးချင်တဲ့ မသီတာဟာ တိုက်ပွဲတွေကြားကနေ အသက်မသေဘဲ ရှင်သန်လွတ်မြောက်ခဲ့ပေမယ့် မျှော်လင့်မထားတဲ့ အိပ်မက်ဆိုးကြီးတခုက သူ့ဘဝထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတော့တယ်။

စစ်ဘေး၊ အသက်ဘေးကနေလွတ်ရာကို ပြေးခဲ့ရတဲ့ သူတို့သားအမိတွေဟာ ပေါက်တောမြို့နယ်က ဘေးကင်းပြီ လို့ထင်တဲ့ကျေးရွာ တခုမှာ စစ်ဘေးရှောင်နေခဲ့ကြပါတယ်။ တနေ့မှာတော့ အဲဒီရွာက ဘုန်းကြီးကျောင်းမှာ သင်္ကန်းစီးပြီး စစ်ဘေးရှောင်နေတဲ့ ယောက်ျား တယောက်က အသက်မပြည့်သေးတဲ့ သမီးငယ်ကို မုဒိမ်းကျင့်ခဲ့ပါတော့တယ်။ 

စစ်ဘေးရှောင်ရင်း ဘုန်းတော်ကြီးကျောင်းမှာ ပညာသင်ကြားနေရတဲ့ ၉နှစ်အရွယ်သာရှိသေးတဲ့ ၄တန်းကျောင်းသူ သမီးငယ်ဟာ ကျောင်းတက်ပြီး အိမ်အပြန် မေ့ကျန်ခဲ့တဲ့ စာအုပ်ကို ပြန်ယူရင်း သင်္ကန်းဝတ်ရဲ့ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်။

သူ့သမီးငယ်လေးကြုံတွေ့ခဲ့ရတဲ့ ဒီဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူကို အာရက္ခတပ်တော်(AA)က ဖမ်းဆီးနိုင်ခဲ့ ပေမယ့်၊ ပဋိပက္ခကာလထဲ အခြားလိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု၊ မုဒိမ်းမှုတွေ ကျူးလွန်ခဲ့သူတွေကို ဖမ်းမမိဘဲ ထွက်ပြေးလွတ်မြောက်တာတွေရှိနေသလို ကျူးလွန်ခံရတဲ့ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှု၊ စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေကတော့ ထိရောက်မှုမရှိသေးဘူးလို့ မသီတာက ပြောပြပါတယ်။  

ဒါ့အပြင် လူ့အဖွဲ့အစည်းထဲမှာ ဒီလို လိင်ပိုင်းဆိုင်ရာစော်ကားကျူးလွန်သူက သာမာန်ပြစ်မှုလိုမျိုး သဘောထားတာ၊ ကျူးလွန်ခံရသူ အမျိုးသမီးနဲ့ မိသားစုဝင်တွေဟာ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ပစ်တင်ခံရမှာကြောက်ရွံ့နေတာမျိုးတွေလည်း ကြုံတွေ့နေကြရတယ်လို့ Gander Base Violence (GBV) အမှုတွေကို စာရင်းကောက်ခံနေတဲ့ ကိုထွန်းထွန်းကျော်က မှတ်ချက်ပြုပါတယ်။

သူက “ဖြစ်လာရင် ဘာလုပ်ရမယ်ဆိုတာကို သူတို့(ကျူးလွန်ခံရသူ)ကိုယ်တိုင်မသိဘဲ၊ တယောက်ယောက်က ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါဆိုမှ ထလုပ်တဲ့ အလေ့အထတွေက ကြီးစိုးနေတုန်းပဲ”လို့ မြေပြင်မှာ သူကြုံရတဲ့ အတွေ့အကြုံကို ရှင်းပြပါတယ်။

ရခိုင်ပြည်ထဲမှာ အာရက္ခတပ်တော်(AA)နဲ့ အာဏာသိမ်းစစ်တပ်ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်လူထုဟာ ဘက်ပေါင်းစုံက အကျပ်အတည်း အခက်အခဲပေါင်းစုံ ကြုံနေရချိန်၊ တရားဥပဒေစိုးမိုးမှု နည်းပါးနေချိန်မှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ်  မုဒိမ်းမှုကျူးလွန်တာ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တာတွေကို ဒုနဲ့ဒေး ကြုံတွေ့နေရပေမယ့် အရေးယူဖို့ တိုင်တန်းတာ၊ ကျူးလွန်ခံရသူတွေ ဘက်က ကုစားမှုတောင်းခံတာမျိုးကလည်း မရှိသလောက် နည်းနေသေးတယ်လို့သူက ဆက်ပြောပါတယ်။

ရခိုင်ပြည် တိုက်ပွဲအတွင်းမှာ အဖေရင်းက အသက်မပြည့်သေးတဲ့ သမီးကို မုဒိမ်းကျင့်တာ၊ ပထွေးက သမီးကို မုဒိမ်းကျင့်တာနဲ့ အမျိုးသားတဦးတည်းက မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ် ၃ခုက အမျိုးသမီးငယ် ၁၁ ဦး ကို မုဒိမ်းကျင့်ခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ အဲဒီ အမျိုးသမီးငယ် ၁၁ ဦးကို မုဒိမ်းကျင့်ခဲ့တဲ့ အမျိုးသားကို အာရက္ခတပ်တော်တရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာလမှာ အမှု၄ခုအတွက် ထောင်ဒဏ်နှစ် ၄၀ အမိန့်ချမှတ်ခဲ့ပါတယ်။

အခုလိုအခြေနေတွေဟာ ကျေးလက်ဒေသတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ အများဆုံးတွေ့ရပြီး မြို့ပေါ် ရပ်ကွက်တွေမှာ သိပ်မတွေ့ရဘူးလို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မမျိုးမျိုးက HI – Honest Information ကို ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲမဖြစ်ခင်ရော၊ တိုက်ပွဲကာလအတွင်းမှာရော၊ တိုက်ပွဲပြီးသွားတဲ့ မြို့နယ်တွေမှာရော မုဒိမ်းမှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ ရှိနေတယ်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေဆီက သိရပါတယ်။

အာရက္ခတပ်တော်(AA)ရဲ့  စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်နှင်းဇာဖြူက ရခိုင်ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ မုဒိမ်းမှုတွေ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် အရေးယူဖို့ တိုက်တွန်းတောင်းဆိုနေသလို၊ သူ့ရဲ့ခင်ပွန်းဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုလည်း တိုက်တွန်းတာတွေ ရှိတယ်လို့ ဩဂုတ် ၂၀ ရက်က BBC သတင်းဌာနဲ့လုပ်တဲ့ အင်တာဗျူးမှာ ဖြေထားပါတယ်။

ဒေါ်နှင်းဇာဖြူက “သက်ငယ်မုဒိမ်းပဲဖြစ်ဖြစ်၊ သက်ငယ်မုဒိမ်းမှုမဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါ့၊ အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုပေါ့၊ ဒီကိစ္စတွေဟာ ကျမတို့ အမျိုးသမီးတွေက သေသေချာချာ အသံထွက်ပြီးမှ ဒါကို ကျမတို့ ကိုင်တွယ်ရမယ်”လို့ ဖြေကြားထားပါတယ်။

အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ်ရဲ့ ဇနီးအပါအဝင် အမျိုးသမီးအရေး လှုပ်ရှားနေကြတဲ့ အမျိုးသား၊ အမျိုးသမီး၊ လူငယ်အဖွဲ့အစည်းတွေက လက်ရှိ ရခိုင်ပြည်မှာ ဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ မုဒိမ်းမှုတွေ အတွက် တရားမျှတမှုရဖို့၊ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေကို အချိန်ကြန့်ကြာမှုမရှိဘဲ စောလျင်စွာ အမိန့်ချမှတ်ဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။

အာရက္ခတပ် တော်(ULA/AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ရခိုင်ပြည်မှာ လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုနဲ့ ပတ်သက်လို့ ကျူးလွန်ခဲ့ရင် တယောက်ကိုမှ ခွင့်လွတ်မပေးဘဲ ချက်ချင်း သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေက အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဩဂုတ်လ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်မှာဖြစ်ပွားခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုဘက်က တပ်သားတွေက လိင်ပိုင်းဆိုင်ရာ ထိပါး နှောက်ယှက်မှုတွေကိုလည်း ဒုနဲ့ဒေးကြုံခဲ့ရတယ်လို့ မောင်တောဒေသခံ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦးက ပြောပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖမ်းဆီးတာကိုခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာခဲ့သူ မဝေဝေက “အိမ်ထဲကို စစ်ကောင်စီတပ်သား ငါးယောက်လာတက်လာတယ်၊ ဆွဲလားရမ်းလားလုပ်တယ်၊ အကြောင်းအရင်း မေးတော့ ပါးရိုက်တယ်”လို့ သူကြုံခဲ့ရတဲ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

မဝေဝေကို ဖမ်းဆီးထားတဲ့နေရာမှာ တခြားအမျိုးသမီးတချို့ကိုလည်း ဖမ်းဆီးထားတာတွေ့ရပြီး စစ်ကောင်စီ တပ်သားတွေဟာ အဲဒီအမျိုးသမီးတွေကို ပခုံးကိုင်၊ လက်ကိုင်၊ ခေါင်းကိုင် လုပ်တာတွေကိုလည်း တွေ့ခဲ့ရပြီး။ အဲဒီအချိန်တုန်းက သူဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုခံရဖို့ထက် စစ်ကောင်စီလက်ထဲမှာ အသက်မသေဘဲ လွတ်မြောက်ရေးကိုသာ အာရုံစိုက်ခဲ့ရတယ်လို့ ပြောပြပါတယ်။

နောက်ဆုံးမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထားတဲ့ မဝေဝေတို့ဟာ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေ လာရောက်ကယ်ထုတ်တဲ့အတွက် အသက်ဘေးက လွတ်မြောက်လာခဲ့ရတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေဟာ စစ်ရေးဗျူဟာတခုအဖြစ် အသုံးချခံရနိုင်သော လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး အမျိုးသမီး၊ မိန်းကလေးငယ်များသာမက အမျိုးသားတွေပါ ထိခိုက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနောက် အရေးပေါ်အခြေနေတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ စစ်ဘေးရှောင်လမ်းကြောင်းတွေဟာ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုဖြစ်ပွားနိုင်ခြေ အမြင့်ဆုံးနေရာတွေ ဖြစ်နေတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေမှာ သတိပေးထားပါတယ်။

လက်ရှိ ရခိုင်ပြည်ရဲ့ အခင်းအကျင်းဟာ တော်လှန်ရေးကာလဖြစ်နေတဲ့အတွက် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားတွေ ကောင်းကောင်းမွန်မွန် မလည်ပတ်နိုင်သေးပေမယ့် ပြည်သူ ယုံကြည်အားကိုးရတဲ့ အစိုးရတရပ်အဖြစ် ပီပီပြင်ပြင် ပေါ်လာတဲ့အချိန်မှာတော့ အမျိုးသမီးတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တရားမျှတမှုရဖို့ အချိန်တခုကို ရောက်လာမယ်လို့ မသီတာတယောက် ယုံကြည်နေပါတယ်။

တဖက်မှာလည်း အခုလိုဖြစ်ရပ်မျိုး ကြုံခဲ့ရတဲ့ သမီးငယ်အပါအဝင် အခြားသော ဘဝတူကျူးလွန်ခံရသူတွေ၊ ကာယကံရှင်ရဲ့  မိသားစုတွေအတွက် စိတ်ပိုင်းဆိုင်ရာ ဖေးမပေးဖို့၊ ကုစားမှုတွေ ဖန်တီးပေးဖို့လိုအပ်နေတယ်လို့ မသီတာက သူ့ခံစားချက်နဲ့ ဆန္ဒကို ပြောပြပါတယ်။

“သက်သေထွက်ဆိုပေးလိုက်တယ်၊ ပြီးရင် ပုံမှန်အတိုင်းပဲနေထိုင်ရတာပဲ၊ အချိန်ကြာလာတော့ သတင်း မေးမယ့်သူတောင် မရှိဖြစ်လာတယ်၊ လူတွေကလည်း မေ့မေ့လျော့လျော့ ပြန်ဖြစ်သွားကြတာပဲ”လို့ မသီတာက ဆိုပါတယ်။

“တနေ့မှာ ဒီအရာတွေကို ပြောလို့ရမယ့် အချိန်ရောက်မယ်လို ယုံကြည်ချင်တယ်”လို့ မသီတာက သူသိမ်းဆည်းထားရတဲ့ စိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီး စကားဆိုပါတယ်။

နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အသက်ရှင်သန်ရေးနဲ့ စားဝတ်နေရေးကို လုံးပန်းနေရမှုတွေကြားမှာ မသီတာတယောက် သမီးဖြစ်သူကို စိတ်ပိုင်းရုပ်ပိုင်းကျန်းမာအောင်၊ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်အောင် ဂရုစိုက်ပေးနေပြီး၊ ကြုံခဲ့ရတဲ့အဖြစ်ဆိုးတွေကို မကြုံခဲ့ရသလို၊  နောက်ထပ်လည်း ဘာမှမပြောတော့ဘဲ နေထိုင်နေတယ်လို့ ပြောပြပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းက စစ်ဘေးရှောင်စခန်းတခုထဲမှာ ရောက်ရှိခိုလှုံနေတဲ့ မသီတာဟာ  အသက် ၁၀ နှစ် ဝန်းကျင်အရွယ် သမီးလေးရဲ့ လက်ကိုတင်းတင်း ဆုပ်ကိုင်ထားရင်း တိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ်သက်သက် ထိုင်နေရာက “အခုထိကြောက်တုန်းပဲ၊ လူတွေက ထိခိုက်ဒဏ်ရာတွေကိုပဲ ပြောကြတယ်၊ ဒါပေမယ့် ကျွန်မတို့လို မမြင်ရတဲ့ ဒဏ်ရာတွေကိုတော့ မေးမယ့်သူ မရှိဘူး”လို့ တိုးညှင်းတဲ့လေသံနဲ့ ထုတ်ပြောပါတယ်။

Author: