ယောကျာ်းလေးဆိုတာ မငိုရဘူးတဲ့လား
ဒေဝီ
ပြီးခဲ့တဲ့လက သမီးဖြစ်သူရဲ့ကျောင်းမှာ မိဘဆရာတွေ့ဆုံပွဲရှိလို့သွားရင်း အချိန်စောသေးတာကြောင့် ကလေးတွေ ဆော့ကစားတဲ့ နေရာမှာ ကျမစောင့်ဆိုင်းနေခဲ့တယ်။
ကျောင်းမုန့်စားဆင်းချိန်ဆိုတော့ ကျောင်းသားကျောင်းသူတွေ ဆော့ကစားတာကိုကြည့်ရင်း ပျော်ရွှင်တဲ့အတွေးတွေ ကူးစက်လာတယ်။ အဲဒီအချိန်မှာပဲဆော့ကစားနေတဲ့ ကျောင်းသားအုပ်ထဲ သူငယ်တန်းအရွယ် ယောကျ်ားလေးနဲ့ မိန်းကလေးတို့က လျှောလုစီးရင်း ၂ယောက်လုံးပြုတ်ကျပါတော့တယ်။
အမြင့်ကြီး မဟုတ်ပေမယ့်လည်း ပြုတ်ကျတဲ့အရှိန်ကြောင့် သမီးငယ်လေးက ဒူးခေါင်းမှာ ပွန်းတဲ့ဒဏ်ရာလေး ရသွားပြီး ထိတ်လန့်တာကြောင့် ငိုကြွေးလိုက်တယ်။ အတူတူပြုတ်ကျတဲ့ သားငယ်လေးကတော့ လက်နာသွားပုံရပြီး၊ အဆူခံရမလားဆိုတဲ့ အတွေးကြောင့်ထင်တယ်၊ ငိုမဲ့မဲ့ကလေး ဖြစ်နေတယ်။
ကလေးတွေကစားတာကို စောင့်ကြည့်ပေးနေတဲ့ အကူဆရာမလေးက ကလေး ၂ယောက်ဆီပြေးသွားပြီး ငိုနေတဲ့ သမီးငယ်လေးကို ချော့မော့နှစ်သိမ့်ပေးနေ ပေမယ့်၊ သားငယ်လေးကိုတော့ “သားက ဘာမှမဖြစ်တာ၊ မငိုနဲ့လေ၊ ယောက်ျားလေးပဲဟာကို” ဆိုပြီး ဟန့်လိုက်တာကြောင့် သားငယ်လေးဟာ လက်ကလေးပိုက်ပြီး၊ ငိုနေတဲ့ သူငယ်ချင်း မိန်းကလေးကိုပဲ တွေတွေလေးကြည့်နေခဲ့တယ်။
ဒီမြင်ကွင်းကိုကြည့်ပြီး ပြုတ်ကျလို့နာသွားတာခြင်းအတူတူ သမီးငယ်လေးကိုပဲ ချော့ပြီး၊ သားငယ်လေးကို မငိုနဲ့ လို့ပြောမယ့်အစား ၂ယောက်လုံးကို အတူတူချော့မော့ပြီး “ဘာမှမဖြစ်ဘူးနော်” “ခဏနေရင် နာတာပျောက်သွားမယ် “ဆိုတာမျိုးပြောလိုက်ရင် မရဘူးလားလို့ ကျမစိတ်ထဲတွေးမိလိုက်တယ်။
တဖက်မှာလည်း ဒီလိုအဖြစ်အပျက်မျိုးက လူမှုဝန်းကျင်မှာ မကြာခဏတွေ့နေရတဲ့ မထူးဆန်းတော့တဲ့ ဖြစ်ရပ်မျိုးလို့ သတိပြုမိပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေး ဝမ်းနည်းစရာဖြစ်စေ၊ ဒဏ်ရာရတာဖြစ်စေ၊ နာကျင်စရာကြုံတိုင်း ဘယ်အချိန်၊ ဘယ်အရွယ်မှာပဲမဆို မိန်းကလေးတွေကိုသာ ချော့မော့နှစ်သိမ့် ကြပေမယ့် ယောက်ျားလေးတွေရဲ့ စိတ်ခံစားချက်ကိုတော့ မသိကျိုးကျွံပြုလိုက်မိတာမျိုးတွေ တွေ့ရလေ့ရှိတယ်။
“မငိုနဲ့ ၊ မင်းယောက်ျားမဟုတ်ဘူးလား”
“ယောက်ျားလေးက မျက်ရည်မကျရဘူး၊ ဝမ်းမနည်းရဘူး”
“ယောက်ျားပဲကွာ၊ ဒီလောက်လေးနဲ့ ဘာမှမဖြစ်ပါဘူး၊ အငိုတိတ်တော့”
စတဲ့စကားတွေ၊ “ယောက်ျားလေးပဲ” ၊ “ယောက်ျားတန်မဲ့” ဆိုတဲ့ သန်မာသူ၊ ကြီးမြတ်သူ ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုး ငယ်ရွယ်စဉ်ကတည်းက အတင်းသွတ်သွင်းခံလိုက်ရတဲ့အခါ သားယောက်ျားလေးတွေဟာ စိတ်ထဲခံရစားရသမျှ ဝမ်းနည်းမှု၊ ငိုကြွေးမှု၊ နာကျင်မှုတွေကို မျိုသိပ်လိုက်ရပြီး “ငါကယောက်ျားလေးဖြစ်လို့ သန်မာသူပဲ”ဆိုတဲ့ ထင်ယောင်ထင်မှားဖြစ်မှုနဲ့ ကိုယ့်စိတ်ကို တမင်လုပ်ယူပြီး ပြောင်းလဲလိုက်ရပါတယ်။
ငယ်စဉ်ကတည်းက ဒီလိုသွန်သင်ဆုံးမခံခဲ့ရတဲ့အခါ ယောက်ျားလေးနဲ့ မိန်းကလေး စိတ်ပိုင်းဆိုင်ရာဖော်ပြတဲ့ ပုံစံကလည်း ကွဲပြားသွားသလို၊ ဘဝတလျှောက်လုံးမှာလည်း ဒီခံစားချက်၊ ဒီအမြင်တွေကို လက်ဆင့်ကမ်းကြ ပါတော့တယ်။
စိတ်ထိခိုက်စရာ၊ ဝမ်းနည်းစရာဖြစ်ရပ် ကြုံကြရတဲ့အခါ မိန်းကလေးရော၊ ယောက်ျားလေးပါ လူသားဆန်ဆန်နဲ့ တန်းတူညီမျှ ထိခိုက်နာကျင်ရ၊ ဝမ်းနည်းကြရပါတယ်။
ဒါပေမယ့် မြန်မာ့လူမှုဝန်းကျင်မှာက ယောကျ်ားလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာနာကျင်မှုကို သဘာဝအတိုင်း လက်မခံဘဲ “ယောက်ျားဆိုတာ သန်မာနေရမယ်၊ မျက်ရည်မကျရဘူး၊ အားငယ်စရာမလိုဘူး” ဆိုပြီး ဖန်တီးယူထားတဲ့စံနှုန်းသတ်မှတ်ချက်တွေအရ ငိုလိုက်ရင်၊ စိတ်ဓာတ်ကျနေရင်ပဲ ယောက်ျားမဟုတ်တော့ သလိုလို၊ ယောကျ်ားမဟုတ်ရင်ဘဲ နိမ့်ကျသွားသလိုလို ပုံဖော်ကြပါတယ်။
အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သူတို့ဘဝမှာ ကြုံတွေရတဲ့ လောကဓံအပေါ်မူတည်ပြီး နာကျင်မှု၊ ဝမ်းနည်းမှု၊ ငိုကြွေးချင်တာ စတဲ့စိတ်ခံစားချက်တွေကို သဘာဝအလျောက် တုန့်ပြန်တတ်ကြပေမယ့် စာနာသနားမှုတွေက အမျိုးသမီးတွေကိုသာပေးရမယ်လို့ ခပ်လွယ်လွယ်သတ်မှတ်တာကြောင့်လည်း အမျိုးသားတွေရဲ့ခံစားချက်တွေကို ပေါ့ပေါ့တန်တန် သဘောထားကြပြီး၊ စာနာနှစ်သိမ့်ပေးဖို့ ခက်ခဲသွားတယ်။
“ကျားဖြစ်ခြင်း၊ မဖြစ်ခြင်း”ဆိုတဲ့အပေါ် မိန်းကလေးတွေက အားနွဲ့သူဖြစ်တယ်၊ အိန္ဒြသိက္ခာရှိရမယ်၊ လှလှပပနေထိုင်ရမယ်ဆိုတာမျိုး၊ ယောက်ျားဆိုတာ ငွေရှာနိုင်သူဖြစ်ရမယ်၊ မငိုရဘူး၊ အရာရာကို ဦးဆောင်နိုင်ရမယ် စတဲ့ တလျှောက်လုံးအရိုးစွဲလာတဲ့အယူဆကို မျိုးဆက်တခုပြီးတခု လက်ဆင့်ကမ်း လက်ခံလာခဲ့ကြတယ်။
ဒီလို ဖိုဝါဒလွှမ်းမိုးမှုကိုအခြေခံပြီးတော့ လူတွေလက်ခံထားကြတဲ့ “ယောက်ျားလေးက မြင့်မြတ်တယ်၊ တန်ဖိုးရှိတယ်၊ ဦးဆောင်နိုင်တယ်၊ သန်မာတယ်” ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် အမျိုးသားတွေမှာ ဖိအားတွေ၊ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာသလို၊ ယောက်ျားလေးဖြစ်လို့ မငိုရဘူး၊ မျက်ရည်မကျရဘူးဆိုတဲ့စကားတွေကြောင့် သူ့ခံစားချက်ကို ထိန်းချုပ်လိုက်ရတာ၊ ယောက်ျားလေးတဦး အလှအပကြိုက်၊ အချက်အပြုတ်ဝါသနာပါတဲ့အခါ ယောက်ျားတန်မဲ့ မိန်းမအလုပ်လုပ်တယ် စတဲ့ပြောဆိုမှုတွေက ရေရှည်ဖြစ်လာတဲ့အခါ သူ့ရဲ့အရှက်သိက္ခာကို ထိပါးစေသယောင်ထင်မြင်ပြီး၊ တဖက်မှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုကိုဦးတည်လာစေနိုင်တယ်လို့ မြင်မိပါတယ်။
နိုင်ငံတကာ စိတ်ကျန်းမာရေးစစ်တမ်းတွေမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် မိမိကိုယ်ကို သတ်သေမှုနှုန်း ပိုများတာလို့ ဖော်ပြထားသလို၊ ပြီးခဲ့တဲ့ လပိုင်းက ပြည်တွင်းမီဒီယာတခုက ထုတ်ပြန်တဲ့ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုစစ်တမ်းမှာ ၂၀၂၅ နှစ်အတွင်း သတ်သေခဲ့သူ ၈၆ဦးရှိခဲ့တဲ့အနက် အမျိုးသားတွေက ၈၀ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၂၀ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ဆိုတယ်။
ဒီစစ်တမ်းကို ဖတ်မိတဲ့အခါမှာ အမျိုးသမီးနဲ့အမျိုးသားတွေကြား စိတ်ပိုင်းဆိုင်ရာပင်ပန်းမှုတွေကို ဖော်ပြကြရတဲ့ပုံစံ မတူညီတာ ဒါမှမဟုတ် မဖော်ပြဖြစ်တာတွေများလာတဲ့အခါ နောက်ဆုံးမှာ စိတ်ပိုင်းဆိုင်ရာ ထွက်ပေါက်မဲ့သလို ခံစားကြရတာကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်နှုန်းဟာ အမျိုးသားဦးရေ ပိုများတာလားလို့ အတွေးပေါ်မိတယ်။
နောက်သတိထားမိတာတခုက စိတ်ပင်ပန်းမှု၊ ဖိစီးမှုတွေကို အလွယ်တကူ ဖော်ပြလို့မရတဲ့အခါ ဒေါသအဖြစ် ပြောင်းလဲလိုက်ပြီး၊ သူနဲ့အနီးစပ်ဆုံးသူတွေဖြစ်တဲ့ အိမ်ထောင်ဘက် ဒါမှမဟုတ် မိသားစုဆီ ပုံချလိုက်တဲ့အခါ အိမ်တွင်းအကြမ်းဖက်မှုလို ဖြစ်ရပ်တွေကြုံလာရတာတွေလည်း လက်တွေ့ဘဝမှာ မြင်နေရတဲ့ပြဿနာပါ။
အပြင်မှာ စိတ်အဆင်မပြေတိုင်း မိသားစုကို ထွက်ပေါက်အဖြစ် ပုံချလေ့ရှိတဲ့ဖြစ်ရပ်ကိုပြောရရင် ကျွန်မဘေးအိမ်က မိသားစုတခုရဲ့ နမူနာလေး ရှိပါတယ်။ တက္ကစီယာဉ်မောင်းတဦးဖြစ်တဲ့ ဖခင်ဖြစ်သူဟာ ကားဆွဲမကောင်းလို့ ဝင်ငွေနည်းတဲ့နေ့တွေဆို ကလေးတွေကို အော်ဟစ်ငေါက်ငမ်းတာ၊ ဇနီးဖြစ်သူကို အပြစ်တင်တာတွေနဲ့ ဆူဆူညံညံ ကြားရတဲ့နေ့ပါပဲ။
“သူ ကားဆွဲကောင်းဖို့ပဲ ဆုတောင်းနေရတယ်၊ နို့မို့ဆိုရင် ကိုယ်တွေကိုပဲ ရန်ရှာနေတယ်”ဆိုတဲ့ အဲဒီအိမ်နီးချင်းအစ်မရဲ့ ပြောစကားကြားရတော့လည်း စိတ်မကောင်းဖြစ်ရသလို “နင်အော်ကြီးဟစ်ကျယ်ပြောနေလည်း ပိုက်ဆံပိုရလို့လားလို့ ပြန်ပြောလိုက်ပါလားအမရယ်လို့” ပေါ့ပေါ့ပါးပါးဖြစ်အောင်အကြံပေးမိတဲ့အပေါ် “အဲ့ဒါမှ ငါ့ကိုလည်ပင်းထညစ်နေပါဦးမယ်ဟယ်”လို့ ရယ်စရာအဖြစ် ပြန်ပြောတဲ့ သူရဲ့ စကားကလည်း အမှန်တော့ ရယ်စရာမကောင်းနေပါဘူး။
အဲ့ဒီအိမ်နီးချင်းမိသားစုရဲ့ ညနေခင်းတွေမှာ တက္ကစီယာဉ်မောင်းဖခင်ဖြစ်သူပြန်လာချိန် ကလေးတွေအတွက် မုန့်ပဲသရေစာ ပါလာတဲ့နေ့မျိုး၊ ညပိုင်းချိန်တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့နေ့မျိုးဆို တက္ကစီမောင်းရအဆင်ပြေတဲ့နေ့၊ ညပိုင်းဆူဆူညညံနဲ့မာန်မဲဆဲဆိုနေတဲ့ အသံကြားရတဲ့နေ့တွေဆို တက္ကစီမောင်းမကောင်းတဲ့နေ့ရယ်လို့ အိမ်နီးချင်းတွေကအစ မှတ်ထားကြတယ်။
ဒါမျိုးကြုံရတာက တက္ကစီသမားကြီးရဲ့ ဇနီးတင်မကဘူး၊ ရပ်ကွက်ထဲ ညနေခင်းနေအေးချိန် ကလေးတွေ ဆော့ကစားတာကိုစောင့်ရင်း ဘေးအိမ်၊ အနောက်အိမ်၊ အိမ်နီးချင်း အချင်းချင်းက အမျိုးသမီးတွေ စကားပြောရင်း ရင်ဖွင့်ပြောဆိုကြတာတွေကလည်း ခင်ပွန်းသည်တွေ စိတ်အလိုမကျတိုင်း ပြုမှုဆက်ဆံတာတွေ ပါ။
လုပ်ငန်းခွင်မှာ အဆင်မပြေခဲ့တာ၊ စျေးရောင်းမကောင်းတာ၊ အပေါင်းအသင်းတွေနဲ့ မကျေမနပ်ဖြစ်စရာ တွေကြုံလာတိုင်း အိမ်ရောက်တဲ့အခါ ဟင်းကောင်းကောင်းမချက်လို့၊ ပစ္စည်းတွေ ရှုပ်ပွလို့၊ ကလေးတွေဆူညံလို့ စသဖြင့် အကြောင်းရှာပြီး အိမ်မှာရှိတဲ့ မိသားစုဝင်တွေကို အပြစ်တင်၊ ဆူပူ၊ ရိုက်နှက်တာလို အိမ်တွင်းအကြမ်းဖက်မှုတွေ ကြုံရတာလည်း မရိုးနိုင်တဲ့ အိမ်တွင်းပြဿနာတွေပါပဲ။
“သူတို့ အဆင်မပြေလာတဲ့နေ့ဆို ငါးဟင်းချက်တာတောင် အရိုးများလို့၊ ဟင်းတခွက်တည်းရှိရင်လည်း ငါကဒါပဲစားရမှာလား ဆိုတာမျိုးနဲ့” လို့ အိမ်နီးချင်း အန်တီကဆိုပြန်တော့ “အိမ်ကဆရာသမားလည်း အဲ့ဒီလိုပါပဲလို့” အခြား အိမ်နီးချင်းကလည်း ထောက်ခံတဲ့ စကားဆိုပြန်တယ်။
မိသားစုတာဝန်ကို ကိုယ်စီ ထမ်းရွက်နေသူတဦးအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေတာတွေရှိတိုင်း အိမ်ထောင် ဘက်ဖြစ်စေ မိသားစုဝင်ကိုဖြစ်စေ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာက အကြောင်းပြချက် တခုတော့မဟုတ်ပါဘူး။
လူမှုအသိုင်းအဝိုင်းမှာ အိမ်ထောင်ဦးစီးယောက်ျားက စိတ်အဆင်မပြေလာတိုင်း စိတ်ထွက်ပေါက်အဖြစ် ဇနီးကို ရိုက်တာ၊ သားသမီးတွေကို ဆူပူရိုက်နှက်တာတွေက ဖြစ်ရိုးဖြစ်စဉ်လို ရှိနေတာ ကလည်း အစောပိုင်းက ပြောသလို သားယောက်ျားလေးပြုစုပျိုးထောင်မှုပုံစံ လွဲမှားရာကနေ စတင်လာခဲ့လို့ ကျမတော့ ထင်မြင်မိပါတယ်။
ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ လူသားတဦးဖြစ်တဲ့အတွက် တူညီစွာကာကွယ်ပေးဖို့၊ စာနာ နားလည်ပေးဖို့၊ နှစ်သိမ့်ပေးဖို့လိုသလို၊ ယောက်ျားလေးတွေကိုလည်း သူတို့ရဲ့ ခံစားချက်အလိုက် သဘာဝအတိုင်း တုန့်ပြန်ခွင့်၊ ဝမ်းနည်းငိုကြွေးခွင့်ရှိတယ်ဆိုတာမျိုး တိုက်တွန်းဖို့၊ သူ့စိတ်ခံစားချက်ကို ထုတ်ပြောတတ်အောင်လည်း သင်ပေးဖို့က အရေးကြီးပါတယ်။
ငယ်ဘဝမှာကတည်းက သားယောကျ်ားလေးတွေကို ငိုခွင့်ပေးတာ၊ ခံစားချက်ကို အတင်းထိန်းချုပ်ခိုင်းတာမျိုး ရှောင်ကျဉ်တာတွေဟာ သူ့တကိုယ်စာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်ဖို့ တခုတည်းမဟုတ်ဘဲ ယောကျ်ားကြီးတယောက်ဖြစ်လာချိန်မှာ သူတို့ရဲ့ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းအတွက်ပါ ပျော်ရွှင်တဲ့ ပတ်ဝန်းကျင်တခုကို တည်ဆောက်ပေးနိုင်သူဖြစ်အောင် မှန်ကန်စွာထိန်းကျောင်းတည့်မတ်ပေးခြင်းလို့ပဲ ဆိုချင်ပါတယ်။











