မိသားစုစားဝတ်နေရေးအတွက် အလုပ်ပိုလုပ်ရတဲ့ မြိုအမျိုးသမီး အိမ်ထောင်ဦးစီးတွေ

သန့်ရှင်းထွန်း (မောင်တော)

ရခိုင်ပြည် နယ်စပ်ဒေသဖြစ်တဲ့ မောင်တောမြို့နယ် ကျေးလက်ဒေသတွေမှာ နေထိုင်ကြတဲ့ မြိုတိုင်းရင်းသား မျိုးနွယ်စုတွေရဲ့  နေထိုင်မှုပုံစံတွေနဲ့ လူမှုဘဝတွေကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေကို ဖော်ပြလိုက်ပါတယ်။

ကျေးလက်ဒေတွေ၊ တိုင်းရင်းသားဒေသတွေမှာ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာဖွေရေးကို အမျိုးသားတွေက အဓိကဦးဆောင်ရှာဖွေကြလေ့ရှိပေမယ့် ရခိုင်ပြည်ထဲက မြိုမျိုးနွယ်စုတွေရဲ့ မိသားစု အများစုမှာတော့ ဝင်ငွေရှာဖွေတာ၊ စားသောက်ရေးအတွက် အလုပ်လုပ်တာတွေကို အမျိုးသမီးတွေကပဲ ဦးဆောင်လုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။

မြိုလူမျိုးစုတွေဟာ သူတိုရဲ့ အသက်မွေးဝမ်းကျောင်းအဖြစ် တောင်ယာစိုက်ပျိုးတာကို အဓိလုပ်ကိုင် ကြပါတယ်။ တောင်ယာစိုက်ဖို့ ယာခုတ်ပေးတာကိုသာ အမျိုးသားတွေက လုပ်ပေးကြပြီး ကောက်ထိုး (ယာစပါး စိုက်တာ၊ ငရုတ်၊ပြောင်းစိုက်တာ) ချိန်ကစလို့ ယာသိမ်းချိန်ထိ စိုက်ပျိုးရေးလုပ်ငန်းရဲ့ တခြားလုပ်ငန်းတာဝန်တွေ အားလုံးကို အမျိုးသမီးတွေက ဦးဆောင်လုပ်ကိုင်ကြတယ်လို့ မောင်တောမြို့နယ်၊ သစ်တုံးနားခွဆုံကျေးရွာက ဒေါ်ကြာပန်းက ပြောပြပါတယ်။

အဲဒီယာအလုပ်ကပဲ မိသားစုဝင်တွေအတွက် ဝမ်းစာထားတာ၊ ပိုလျှံတဲ့ သီးနှံတွေကို ရောင်းချပြီး ငွေကြေးရှာဖွေ တာကို လုပ်ကိုင်ကြတယ်လို မြိုတိုင်းရင်းသူ ဒေါ်ကြာပန်းက ဆိုပါတယ်။

မြိုအမျိုးသမီးတွေဟာ အဲဒီယာစိုက်ပျိုးရေးအလုပ်အပြင် အိမ်အတွက်လိုအပ်တဲ့ လောင်စာထင်းရှာဖွေတာ၊ အိမ်မှုကိစ္စလုပ်တာ၊ သားသမီးတွေကို ပြုစုတာတွေကိုလည်း ပြုလုပ်ကြရတယ်လို့ သူကဆက်ပြောပါတယ်။

တချို့မြိုမျိုးနွယ်စုတွေမှာတော့ ယာခုတ်ချိန်ကနေ ယာသိမ်းချိန်ထိ အလုပ်တွေကို အမျိုးသားရော၊ အမျိုးသမီး ရောဝိုင်းကူ လုပ်ကြပေမယ့် အများစုကတော့ အမျိုးသမီးတွေရဲ့ အလုပ်ဖြစ်နေတယ်လို့ မြိုတိုင်းရင်းသား ဦးစိန်လောက်က ရှင်းပြပါတယ်။

ဒါ့အပြင် မြိုအမျိုးသမီးတွေဟာ အားလပ်တဲ့အချိန်မှာ သူတိုရဲ့ မိရိုးဖလာလုပ်ငန်းတခုဖြစ်တဲ့ ဂျပ်ခုတ်ယက်လုပ်တာကို လုပ်ကိုင်ကြပြီး သမီးငယ်တွေကို လက်ဆင့်ကမ်း သင်ပေးကြတယ်လို့ ဦးစိန်လောက် ကပြောပါတယ်။

မြိုမျိုးနွယ်စုတွေထဲက အများစုဟာ မိသားစုတာဝန်အားလုံးနီးပါးကို အမျိုးသမီးတွေကပဲ လုပ်ကိုင်ကြတာများ ပြီး အမျိုးသား၊ အမျိုးသမီးတန်းတူ တာဝန်ခွဲဝေယူလုပ်ကိုင်ကြတာ နည်းနေသေးတယ်လို သစ်တုံးနားခွဆုံ ဥက္ကဌ ဦးရန်လောင်က ပြောပါတယ်။

ဒီလို အမျိုးသမီးနဲ့ အမျိုးသား တာဝန်မမျှတတာက မြိုလူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေ၊ ပတ်ဝန်းကျင်ကပေးတဲ့ အလေ့အထတွေနဲ့ ပညာရေး အဆင့်မမြင့်တာတွေနဲ့ သက်ဆိုင်နေတာလို ဦးရန်လောင်က ဆက်ပြောပါတယ်။

မြိုမျိုးနွယ်စုတွေဟာ ရခိုင်ပြည်ထဲမှာ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်တွေမှာ လူဦးရေ တသန်းကျော် ပြန့်ကြဲနေထိုင်ကြတယ်လို့  သန်းခေါင်စာရင်းအရ သိရပါတယ်။

မောင်တောမြို့နယ်အတွင်းက  မြိုမျိုးနွယ်စုတွေဟာ ကျေးလက်ဒေသနဲ့ တောတောင်အနီးအနားမှာ နေထိုင်ကြ တာကြောင့်  အာရက္ခတပ်တော်(AA)နဲ့ အာဏာသိမ်းစစ်တပ်ကြား ဖြစ်ပွားတဲ့ တိုက်ပွဲဧရိယာနဲ့ သက်ဆိုင်မှု နည်းပါးတဲ့အတွက် တိုက်ပွဲကြောင့် ထိခိုက်ဆုံးရှုံးမှု နည်းပါးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။