တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဒီဇင်ဘာ ၂၀ ရက်ကနေ၂၆ ရက်နေ့အထိတစ်ပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က စုစည်းဖော်ပြလိုက်ပါတယ်။

ဒီတပတ် အမျိုးသမီးသတင်းတွေထဲ လူထုကြားဝေဖန်မှုများတဲ့ သတင်းတပုဒ်ကတော့ ဝန်ထမ်းဟောင်းများကို NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာက စွဲချက် ၆ ချက်ဖြင့် ပြန်တိုင်ဆိုတဲ့ သတင်းပါ။

နိုင်ငံတကာအလှု‌ငွေတွေကို ကိုယ်ကျိုးစီးပွားအတွက် သုံးစွဲမှု၊ ဝန်ထမ်းတွေအပေါ်ဖိနှိပ်မှုတို့ဖြင့် တိုင်ကြားခံထားရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက သူ့ကို တိုင်ကြားခဲ့တဲ့ ဝန်ထမ်းဟောင်း ၁၂ ဦးကို အစိုးရလျှို့ဝှက်ချက်များကို ပေါက်ကြားစေခဲ့ခြင်း၊ NUG ကို အကြည်ညိုပျက်အောင်ပြုခြင်း ဆိုတဲ့ စွဲချက် ၆ချက်ဖြင့် ပြန်တိုင်ကြားခဲ့မှုက  လူထုကြား ဝေဖန်ပြောဆိုစရာ ဖြစ်ခဲ့ပါတယ်။

ဒေါ်ကြည်ပြာအပေါ် တိုင်ကြားထားမှုကို NUGရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲက စုံစမ်းစစ်ဆေး၍ ရလဒ်တွေကို တလအတွင်း ထုတ်ပြန်မယ်လို့ဆိုပေမယ့် တလပြည့်ပြီးချိန်ထိ ရလဒ်မထုတ်ပြန်နိုင်သေးတဲ့အပြင် တိုင်ကြားထားသူတွေကိုပါ တဖန်ပြန်လည် စစ်ဆေးမယ်ဆိုတဲ့အပေါ်  အစိုးရဝန်ထမ်းတဦးရဲ့အကျင့်ပျက်ခြစားကြောင်း စွပ်စွဲခံရမှုကို ဖုံးကွယ်ပေးတာ၊ တော်လှန်အစိုးရ ဖြစ်ပေမယ့် စစ်အစိုးရအမှုအကျင့်အတိုင်း ပြုလုပ်တယ်လို့ဆိုပြီး  NUG အစိုးရအဖွဲ့ကို  မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဒါ့အပြင်ဆူးလေခုံးကျော်တံတားပေါ်မှာ အမျိုးသမီးတယောက် ကျန်းမာရေးချို့ယွင်းပြီးသေဆုံးဆိုတဲ့ သတင်းတခုမှာလည်း သေဆုံးသူ အမျိုးသမီးမှာ ခန္ဓာကိုယ်ပိန်လှီနေပြီး ကျန်းမာရေးချို့ယွင်းကာ အာဟာရပြတ်ခဲ့ပုံရတယ်လို့ ဖော်ပြထား တဲ့အတွက် ဒါက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေ ကြုံရတဲ့ စားဝတ်နေရေးကြပ်တည်းမှု၊ ငတ်မွတ်ခေါင်းပါးမှု နောက်ဆက်တွဲဖြစ်တဲ့ အိမ်ယာမဲ့တွေများလာတာ၊ အခြေခံကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှု မတက်နိုင်သူတွေများ လာတာကို ဖော်ပြနေတဲ့ အခြေအနေတခုလို့ဆိုနိုင်တဲ့အပြင် ခရီးသွားဧည့်သည်အသွားအလာများရာ ပုဂံ၊ညောင်ဦးလို ဒေသမှာတောင် ပြန်ပေးဆွဲငွေတောင်းခံနေရတဲ့အထိဖြစ်နေတဲ့ မလုံခြုံမှု၊ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် နေ့စဉ်နဲ့အမျှ အမျိုးသမီးတွေသေဆုံးနေရ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံနေရတဲ့ သတင်းတွေအပါအဝင် လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့ကြတဲ့ အမျိုးသမီးနဲ့ သက်ဆိုင်တဲ့သတင်း ၁၁ပုဒ်ကို စုစည်းဖော်ပြလိုက်ပါတယ်။

ပုလောမြို့နယ်က CDM ကျောင်းဆရာမဇနီးမောင်နှံ သတ်ဖြတ်သူများ ဖမ်းမိ

Source- The Irrawaddy News

ပုလောမြို့နယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဘုတ်အဖွဲ့တာဝန်ခံ CDM ဆရာမ ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းတို့အား သတ်ဖြတ်ခဲ့တဲ့ တရားခံပြေး ၄ ဦးကို ဒီဇင်ဘာ ၁၈ ရက်မှာ ဖမ်းမိခဲ့တယ်လို့ ကရင် အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတ်ဖြတ်သူတွေက ဒီဇင်ဘာ ၁၃ ရက် နံနက်အစောပိုင်းမှာ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း ၇၊ တပ်ခွဲ ၅ အချုပ်မှ ထွက်ပြေးလွတ်မြောက်သွားတဲ့ အောင်နိုင်ဦး၊ ဖြိုးဝေဦး၊ ဇော်ထိုက်နှင့် ဝင်းစိုးဆိုသူတို့ဖြစ်ပြီး ယင်းတို့ လေးဦး ထွက်ပြေးသွားစဉ် ဒီဇင်ဘာ ၁၅ ရက်ညက ဗိုက်ဆာတာကြောင့် ဆရာမ ဒေါ်အေးသီအောင်ထံ သွားတောင်းရာ မပေးတဲ့အတွက် ဝင်းစိုးဆိုသူက ဓားဖြင့်ခုတ်ခဲ့ပြီးနောက် ဆရာမ၏ခင်ပွန်းဖြစ်သူကိုပါ ကျန်သူတွေက  ချုပ်နှောင်ဖမ်းဆီးကာ ထပ်မံ သတ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ KNU က ဆိုပါတယ်။

သတ်ဖြတ်ပြီးနောက် သေဆုံးသူတွေရဲ့ နားကပ်၊ ဆွဲကြိုးနဲ့ လက် ကောက်တို့အား ယူဆောင်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးရန် ကြိုးပမ်းနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ကော်သူးလေ တရားဥပဒေများနဲ့အညီ ထိရောက်စွာ အပြစ်ပေး အရေးယူသွားမယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဝန်ထမ်းဟောင်းများကို NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာက စွဲချက် ၆ ချက်ဖြင့် ပြန်တိုင်

Source- Mizzima

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက ၎င်းကို တိုင်ကြားခဲ့တဲ့ ဝန်ထမ်းဟောင်း ၁၂ ဦးကို စွဲချက် ၆ချက်ဖြင့် ပြန်တိုင်ထားတယ်လို့ ယင်းတို့ကို စစ်းဆေးနေတဲ့ စုံခုံအဖွဲ့နှင့် နီးစပ်သူ ကပြောပါတယ်။

 စွပ်စွဲချက်၆ ချက်က အစိုးရလျှို့ဝှက်ချက်များကို ပေါက်ကြားစေခဲ့ခြင်း၊ နိုင်ငံတော်နှင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများရဲ့ လုံခြုံရေးကို ထိခိုက်စေခဲ့ခြင်း၊ NUG ကို အကြည်ညိုပျက်အောင်ပြုခြင်း၊ လူပုဂ္ဂိုလ်များရဲ့ လုံခြုံရေးကို ထိခိုက်နစ်နာ စေခဲ့ခြင်း၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုဆိုင်ရာ လူ့အခွင့်အရေးကို ချိုးဖောက်ခဲ့ခြင်းနှင့် ပြစ်ဒဏ်ထင်ရှား စီရင်ခြင်း မပြုမီ အပြစ်မဲ့သူဟု မှတ်ယူရမည်ဆိုတဲ့ လူ့အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ခြင်း တို့ဖြစ်ပါတယ်။

ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ဦးညီညီမင်း တို့ကို အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားပြုမှုနဲ့ မလျော်ဩဇာသုံးမှုများ ပြုလုပ်နေတယ်လို့ဆိုကာ စုံစမ်းစစ်ဆေးအရေးယူပေးရန် ဝန်ထမ်းဟောင်း ၁၂ ဦးက နိုဝင်ဘာ ၁၉ရက် က NUG ထံ တိုင်ကြားခဲ့ခြင်း ဖြစ်ကာ၊ နိုဝင်ဘာ ၂၂ မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီးဒေါ်ကြည်ပြာကိုလည်း ရာထူးမှ ယာယီရပ်နား ထားတယ်လို့ NUG က နိုဝင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဆူးလေခုံးကျော်တံတားပေါ်မှာ အမျိုးသမီးတယောက် ကျန်းမာရေးချို့ယွင်းပြီးသေဆုံး

Source- DVB

ရန်ကုန်မြို့လယ်၊ ဆူးလေလူကူးခုံးကျော်တံတားပေါ်မှာ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းက အသက် ၃၀ အရွယ် အမျိုးသမီး တယောက် သေဆုံးနေလို့ ရုပ်အလောင်းကို သွားရောက်သယ်ပေးခဲ့တယ်လို့ ကျောက်တံတားမြို့နယ် အခြေစိုက် လင်းလက် လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

သေဆုံးသူ အမျိုးသမီးမှာ ခန္ဓာကိုယ်ပိန်လှီနေပြီး ကျန်းမာရေးချို့ယွင်းကာ အာဟာရပြတ်ခဲ့ပုံရတယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့ သူတဦးကဆိုပါတယ်။

ပြီးခဲ့တဲ စက်တင်ဘာကလည်းဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းမပေါ်က လူကူးခုံးကျော်တံတားမှာ အသက် ၅၅ နှစ်အရွယ် အိမ်ရာမဲ့ သက်ကြီးပိုင်း အမျိုးသမီးတယောက် ကျန်းမာရေးမကောင်းဘဲ အာဟာရပြတ်လပ်ကာ သေဆုံးခဲ့တဲ့ဖြစ်ရပ် ရှိခဲ့ပါတယ်။

ရန်ကုန်မြို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း အိမ်ရာမဲ့တွေ များလာသလို အခုလို လမ်းဘေးမှာ အာဟာရပြတ်တဲ့ အနေအထားနဲ့ သေဆုံးနေသူတွေ တွေ့လာရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ဆိုပါတယ်။

အွန်လိုင်းပေါ်အလုပ်ရှာတဲ့မိန်းကလေးကို ကျားဖြန့်သမားများ ပြန်ပေးဆွဲ ငွေညှစ်တောင်း

Source- Shan News

သျှမ်းပြည် မိုင်းရှူးမြို့နယ်မှ မိန်းကလေးတဦးကို ကျားဖြန့်လက်ပါးစေတွေက တန့်ယန်းမြို့မှာ အလုပ်ရှိတယ်လို့ ဆိုကာ လိမ်လည်ဖြားယောင်း၍ ပြန်ပေးဆွဲ ဖမ်းဆီးပြီး မိသားစုထံ ငွေညှစ်တောင်းခံခဲ့ပါတယ်။

မိုင်းလားမြို့မှာ အလုပ်လုပ်ရန် ရောက်ရှိနေတဲ့ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတဦးက တစ်တော့ Tik Tok ပေါ် အလုပ်ရှာတဲ့ ပိုစ့်တင်ပြီးနောက် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူတွေက တန့်ယန်းမြို့မှာ အလုပ်ရှိတယ်လို့ လိမ်လည် ဖြားယောင်းပြီး သမီးရည်းစားပုံစံဖြင့် ချဉ်းကပ်ခဲ့ပါတယ်။

 ဒီဇင်ဘာလ ၁၅ ရက်မှာ ယင်းမိန်းကလေးက မိုင်းလားမြို့မှ တန့်ယန်းမြို့သို့ လိုင်းကားဖြင့် လာရောက်ခဲ့ရာ အသင့်စောင့်ဆိုင်းနေတဲ့ ကျားဖြန့်လက်ပါးစေ လူငယ်အမျိုးသား ၆ ဦးက ပြန်ပေးဆွဲ ဖမ်းဆီးကာ၊ မိုင်းရှူးမြို့နယ် မိုင်းအော့ ကျေးရွာအုပ်စုမှာ နေထိုင်တဲ့ ၎င်းမိန်းကလေးရဲ့ မိသားစုထံ ဖုန်းဖြင့်ဆက်သွယ်ခိုင်းပြီး ကျပ်သိန်း ၅၀၀နဲ့ပြန်ရွေး ယူရန် ငွေညှစ်တောင်းခံခဲ့တာပါ။

ကျားဖြန့်လက်ပါးစေ လူငယ်များမှ တန့်ယန်းမြို့နယ် ကျေးရွာတခုရှိ နေအိမ်တလုံးတွင် အဆိုပါ မိန်းကလေးကို ၃ ရက်ကျော်ကြာ လက်ထိပ်ခတ် ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး မိသားစုများထံ အကြိမ်ကြိမ် ဖုန်းဆက်ကာ ငွေညှစ်တောင်းခံ ခဲ့ကြောင်း သိရပါတယ်။

ရမည်းသင်းမှာ ဆီပုံးတွေတင်လာတဲ့ကား ဆိုင်ကယ်ဝင်တိုက်လို့ မီးလောင်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် ၃ ဦး သေဆုံး

Source-  People’s Spring

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ဒီဇင်ဘာ ၂၁ ရက် ညနေက ဆီပုံးတွေတင်လာတဲ့ကားကို ဆိုင်ကယ်က ဝင်တိုက်မိလို့ မီးလောင်ကျွမ်းပြီး ဆိုင်ကယ်ပေါ်က ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ခင်ပွန်းသည် အပါအဝင် ကားပေါ်က အမျိုးသားတဦးတို့ သေဆုံးခဲ့ပါတယ်။

ဆီပုံးတွေတင်လာတဲ့ ကားဟာ အလှူခံဌာနကို အလှူငွေထည့်ဖို့ ရပ်ရာကနေ နောက်ကဆိုင်ကယ်က ဝင်တိုက်မိခဲ့တာဖြစ်ပြီး ဆိုင်ကယ်ပေါ်က ကိုယ်ဝန်ဆောင်အမျိုးသမီးတို့ ဇနီးမောင်နှံမှာ ရမည်းသင်းမြို့ ရွာတန်းအုတ်ဖိုအနောက်ရွာကနေ ရွှေမြင်တင်ဘုရား ပွဲသွားရာမှ တိုက်မိခဲ့ခြင်းဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ဖြစ်ချင်း ဘေးက ပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပေမဲ့ အခြားအကူအညီတွေ ချက်ချင်း ရောက်မလာနိုင်ကြတာကြောင့် ဆုံးရှုံးမှူကြီးမားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဘီးလင်းတွင် လက်နက်ကြီးကျ၍ အမျိုးသမီး ၃ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

Source- Myanmar Now

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့ အခြေစိုက် တပ်မ (၄၄) လက်အောက်ခံ အမှတ် (၃) ခြေမြန်တပ်ရင်း (ခမရ-၃) က ပစ်ခတ်လိုက်တဲ့ ၁၂၀ မမ လက်နက်ကြီးကျည် နှစ်လုံး မြို့မြောက်ဘက် ၁၁ မိုင်ခန့် အကွာ ဂုံညင်းနွယ် ကျေးရွာအုပ်စု၊ အလူးကြီးအရှေ့ရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲ ၍ အမျိုးသမီး သုံးဦး သေဆုံးခဲ့ပြီး ၂ဦး ဒဏ်ရာရခဲ့ပါတယ်။

ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲရာ ထိုကျောင်း၌ ရောက်နေသော မခိုင်သွယ်၀င်း ၃၀ နှစ် ၊ နော်မိထွေး ၂၃ နှစ် ၊ ဒေါ်ချော ၄၉ နှစ် သေဆုံးခဲ့ပါတယ်။သေဆုံးသူ သုံးဦးအနက် နှစ်ဦးက ဦးခေါင်းတွင် ထိမှန်ကာ တဦးမှာ ရင်ဘတ်ပေါက်ထွက်ဒဏ်ရာနဲ့သေဆုံးခဲ့တာပါ။

စစ်ကော်မရှင်တပ်က ကျိုက်ထို၊ သထုံ၊ ဘီးလင်းနယ်များအပါအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်ရေးနယ်မြေများကို လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများပြုလုပ်နေသဖြင့် အရပ်သား ထိခိုက် သေဆုံးမှုများ ဖြစ်ပေါ်နေပြီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယခုလ ဒုတိယ သီတင်းပတ်အတွင်း အရပ်သား ၂ဦး သေဆုံးခဲ့ပြီး ကလေးတဦးအပါအဝင် ၄ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ပုဂံ၊ညောင်ဦးမှာ ဧည့်သည်ဇနီးမောင်နှံနှစ်ဦး ထပ်မံပျောက်ဆုံးနေ

Source- People’s Spring

ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့ကို အလည်လာတဲ့ ဧည့်သည်ဇနီးမောင်နှံနှစ်ဦးမှာ ဒီဇင်ဘာ ၂၃ ရက် မနက် ၉ နာရီခန့်က ပုပ္ပါးတောင်ဘက်သွားမယ်ဆိုပြီး ငှားထားတဲ့ ဆိုင်ကယ်နဲ့ ထွက်သွားရာကနေ ဟိုတယ်ကို ပြန်ရောက်မလာတော့ဘဲ  အဆက်အသွယ်ပျက်ပျောက်ဆုံးနေတယ်လို့ ဆွေမျိုးသားချင်းတစ်ဦးက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

ယင်းဇနီးမောင်နှံက ညကားနဲ့ ပြန်လာဖို့ ဟိုတယ်မှာ Check Outလုပ် ပစ္စည်းတွေထားပြီးထွက်သွားရာကနေ ပျောက်ဆုံးနေတာဖြစ်ပြီး တနေရာရာမှာ တွေ့မိရင် ဖုန်းနံပါတ် ၀၉၂၅၉၇၆၆၄၄၆ ကို ဆက်သွယ်ဖို့လည်း ရေးသားထားပါတယ်။

ဒီဇင်ဘာ ၁၉ ရက်ကလည်း ပုဂံမြို့သစ်တောင်ပိုင်းရှိ စေတနာကြီးဘုရားအနီးမှာ ခရီးသွားကားတစီးကို ပျူစောထီးတွေက ပြန်ပေးဆွဲပြီး ကျပ်သိန်း ၁,၂၀၀ နဲ့ လက်ဝတ် လက်စားတွေချွတ်ပေးရပြီးနောက် အဲဒီနေ့ ညနေပိုင်းမှာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

အခုလို ပြန်ပေးဆွဲငွေတောင်းတဲ့ ပျုစောထီးအဖွဲ့ဟာ ပုဂံမြို့အနီးတဝိုက်မှာ ကျင်လည်ကျက်စားနေတာလို့ ဒေသခံအချို့က ပြောပါတယ်။ လက်ရှိ ပုဂံ၊ ညောင်ဦးဒေသမှာ ကလေးငယ်တွေရဲ့ ဒီဇင်ဘာကျောင်းပိတ်ရက်ဖြစ်လို့ ခရီးသွားဧည့်သည်တွေ များပြားနေပြီး ခရီးသွားတွေအတွက် စိုးရိမ်နေရတယ်လို့ဆိုတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်က မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ကနေ ပုပ္ပါးကို အလည်သွားတဲ့ မိသားစု ၂ စုက လူ၆ ဦးလည်း ပုပ္ပါးရောက်ရှိနေချိန် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တလခွဲကျော်အကြာ ဒီဇင်ဘာ ၁၈ရက်မှ ပြန်လည်ရောက်ရှိလာခဲ့ပါသေးတယ်။

တနှစ်ခွဲကာလအတွင်း အုပ်စုဖွဲ့မုဒိမ်းမှုအပါအဝင် ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်အကြမ်းဖက်မှု ၈၈ခု BWUက မှတ်တမ်း ကောက်ယူနိုင်

Source- HI News

မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU) က ၂၀၂၄ ဇန်နဝါရီ မှ ၂၀၂၅ ဇူလိုင်လအထိ တနှစ်ခွဲကာလအတွင်း အုပ်စုဖွဲ့ မုဒိမ်းမှုအပါအဝင် ပဋိပက္ခနဲ့ဆက်နွယ်တဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၈၈ခု မှတ်တမ်းတင်ကောက်ယူခဲ့တယ်လို့ ဒီဇင်ဘာ ၂၃ ရက်နေ့က  ထုတ်ပြန်ပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ဦးတည်နယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ကရင်နီပြည်နယ် တို့မှာ တနှစ်ခွဲအတွင်း ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ် ၈၈မှု မှတ်တမ်း တင်ကောက်ယူခဲ့ရာ ၆၄ မှုက မုဒိမ်းမှုတွေဖြစ်ပြီး ကျူးလွန်သူ ၂ ဦး က‌နေ ၁၀ဦး အထိ ပါဝင်တဲ့ အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ၁၁ မှုရှိခဲ့ပါတယ်။

ကျန်ဖြစ်စဉ်တွေကတော့ မုဒိမ်းကျင့်ရန်ကြိုးပမ်းမှု၊ စစ်ဆေးရေးဂိတ်တွေမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊ လက်နက် (သို့မဟုတ်) ငွေအင်အားကိုအသုံးပြုပြီး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ တော်လှန်ရေးအတွက် ငွေကြေးထောက်ပံ့သူများက အွန်လိုင်းကတဆင့် လိင်ပိုင်းဆိုင်ရာအနှောင့်အယှက် ပေးမှုတွေပဲ ဖြစ်ပါတယ်။

ကျူးလွန်ခံရသူတွေရဲ့ အသက်အပိုင်းအခြားဟာ အသက်အငယ်ဆုံး ၅ နှစ်ကနေ အသက် ၇၀ အတွင်း ရှိပြီး သက်ကြီး ရွယ်အိုအမျိုးသမီး၊ မိန်းကလေးငယ်တွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ အသိုင်းအဝိုင်းတို့လည်း ပါဝင်ပြီး၊ ကျူးလွန်ခဲ့သူ  အများစုက အာဏာသိမ်းစစ်အုပ်စုတပ်သားတွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့တွေ၊ စစ်အုပ်စုကခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ အရပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့တို့က ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လိင်အကြမ်းဖက်မှုတွေကနေ ရှင်သန်လွတ်မြောက်လာသူတွေထဲက ၂၉ ဦးဟာ အသက် ၁၈ နှစ်အောက် ဖြစ်ပြီး ၄ ဦးကတော့ မသန်စွမ်းသူတွေ ဖြစ်ပါတယ်။ လိင်အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ ကျူးလွန်ခံရသူ ၈ ဦးဟာ သတ်ဖြတ်တာကို ခံခဲ့ရသလို၊ ရှင်သန်လွတ်မြောက်လာသူထဲက ၆ ဦးဟာလည်း ပြစ်မှုကျူး လွန်သူတွေရဲ့ ရက်ရက်စက်စက်နှိပ်စက်တာကို ခံခဲ့ရတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဝက်လက်၊ ငါးပတ်ချောင်းရွာ ဗုံးကြဲခံရလို့ သက်ကြီးပိုင်းအမျိုးသမီး အပါအဝင် ဦးသေဆုံး

Source-  မြေလတ်အသံ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းကျေးရွာကို ဒီဇင်ဘာ ၂၃ ရက်ညနေ ပိုင်းမှာစစ်ကော်မရှင်တပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးပိုင်းအမျိုးသမီး ၂ ဦးအပါအဝင် ရွာခံ ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငါးပတ်ချောင်းရွာကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ပေါင် ၂၀၀ ဗုံးသီး ၃ လုံးကြဲချခဲ့တာကြောင့် အသက် ၈၀ အရွယ် ဒေါ်သန်းမြ၊ ၇၅ နှစ်အရွယ် ဒေါ်ကျင်၊ ၂၅ နှစ်အရွယ် ကိုမင်းသန့်နဲ့ အမျိုးသား ၁ ဦးတို့ သေဆုံးပြီး နောက်ထပ်ဒေသခံ ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်

ဒဏ်ရာရရှိသူ ၇ ဦးဟာ ဂျွန်ကိုချစ် ၁၈ နှစ်၊ ထက်အာကာ ၁၆ နှစ်၊ မင်းခန့်ဇင် ၁၈ နှစ်၊ ယဥ်မွန်ဝင်း ၁၇ နှစ်၊ အောင်ခိုင်ထွန်း ၃၀ နှစ်နဲ့ အချက်အလက်စုံစမ်းနေဆဲ ဒေသခံ ၂ ဦးတို့ဖြစ်ပြီး ၎င်းတို့က ဆေးကုသမှု ခံယူနေရတာကြောင့် အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူးလို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၃ ရက်ကလည်း ဝက်လက်မြို့နယ်၊ ထုံးဘိုကျေးရွာနဲ့ ရှားကွဲကျေးရွာကြားရှိ စစ်ရှောင်တွေနေတဲ့လမ်းဘေးနေရာကို တိုက်ခိုက်ရေးလေယာဥ် ၂ စီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် စစ်ရှောင်ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ပြီး ၁၅ ဦးဒဏ် ရာရရှိခဲ့ပါသေးတယ်။

ထားဝယ် ကျန်းမာရေးလမ်းတွင် အမျိုးသမီးတစ်ဦး ဦးခေါင်းဒဏ်ရာဖြင့်သေဆုံး

Source- Dawei Watch

ထားဝယ်မြို့၊ မြို့ရှောင်လမ်းဖြစ်တဲ့ ကျန်းမာရေးလမ်းတွင် ဒီဇင်ဘာလ ၂၃ ရက် နံနက် အစောပိုင်းက အမျိုးသမီးတစ်ဦး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးခဲ့ပါတယ်။

သေဆုံးသူက ကျောက်မော်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၅၁နှစ်အရွယ်ရှိ ဒေါ်မို့မို့အေးဖြစ်ပြီး ဦးခေါင်းဒဏ်ရာ အပြင်းအထန်ရရှိကာ လမ်းဘေးတွင် လဲကျနေတာကို မြို့ခံအချို့က တွေ့ရှိပြီး ယင်းကို အရေးပေါ်လူနာတင်ယာဉ် နဲ့ ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပြီးနောက် နာရီပိုင်းအကြာမှာပဲ သေဆုံးသွားပါတယ်။

ယင်းအမျိုးသမီးကြီးမှာ ဦးခေါင်းယာဘက်ဖူးရောင်ပြီး ပါးစပ်မှ သွေးတွေထွက်နေတာကို မြို့ခံအချို့က မျက်မြင်တွေ့ရှိ ခဲ့တဲ့အတွက် ရိုက်နှက်ခံရခြင်းကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိကာ သေဆုံးခြင်းဖြစ်နိုင်တယ်လို့ဆိုပြီး၊ ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူအချို့ကို မေးမြန်းစုံစမ်းကြည့်ရာမှာလည်း ရိုက်နှက်ခံရတဲ့ ဒဏ်ရာနဲ့  သေဆုံးတယ်လို့ ကနဦး ကောက်ချက်ချထားပြီး ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ကို လဗွီလို့ခေါ်ဆိုတဲ့ အမျိုးသမီးနှစ်ဦး ခံဝန်နဲ့ပြန်လည်လွှတ်လာ

Source- Narinjara

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ကို လဗွီဟုခေါ်ရာမှ ဖမ်းဆီးခံခဲ့ရတဲ့ ရခိုင်ပြည်၊ စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်ရှိ ယတြာဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ အမျိုးသမီးနှစ်ဦးမှာ ALP ကို လဗွီဟု နောက်ထပ်မခေါ်ဆိုတော့ကြောင်း ခံဝန်လက်မှတ်ထိုးခိုင်းပြီး ဒီဇင်ဘာ ၂၄ ရက်၊ ညနေပိုင်းမှာ ALP စခန်းက ပြန်လည်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ပြန်လွတ်လာသူ အမျိုးသမီးနှစ်ဦးမှာ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာမှ အသက် ၁၈ နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ALP တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဇနီးဖြစ်သူနဲ့ စကားရန်ဖြစ်ကြချိန် ALP ကို လဗွီဟု ပြောဆိုခဲ့ခြင်းကြောင့် နာမည်ဖျက်တယ်လို့ ဆိုကာ ဒီဇင်ဘာ ၁၉ ရက်၊ ညနေ ၄ နာရီခန့်မှာ အင်အားရှစ်ဦးခန့်ပါတဲ့ ALP တပ်ဖွဲ့ဝင်တွေက အိမ်စီးကားတစ်စီး၊ ဆိုင်ကယ်နှစ်စီးတို့နဲ့ လာရောက် ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

စစ်တွေမြို့တွင် ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ ALP တပ်ဖွဲ့ဝင်တွေက မြို့ပေါ်မှာ လုံခြုံရေးယူတာ၊ ပြည်သူတွေကို ဖမ်းဆီးတာနဲ့ အဖွဲ့ဝင်အသစ်ခေါ်ယူကာ စစ်သင်တန်းပေးခြင်းများလည်း ရှိနေတယ်လို့ သိရပါတယ်။

Author: