တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဒီဇင်ဘာ ၁၄ရက် ကနေ ၁၉ ရက်နေ့အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်း အရာတွေကို HI – Honest Information က စုစည်းဖော်ပြလိုက်ပါတယ်။

ဒီတပတ်မှာ ပြည်တွင်းပြည်ပ သတင်းဌာနတွေနဲ့ လူထုကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတဲ့ သတင်း တပုဒ်ကတော့ အာဏာသိမ်းပြီးပြီးချင်း စစ်တပ်ကဖမ်းဆီးချုပ်နှောင်ထားတဲ့မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။

သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက  ကျန်းမာရေးချို့ယွင်းနေတဲ့ မိခင်ဖြစ်သူနဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက်နေတဲ့အတွက် ကွယ်လွန်သွားပြီလားပင် မသိရသေးတဲ့တဲ့အပေါ် စိုးရိမ်ပူပန်လျက် ရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး စစ်အုပ်စုက ငြင်းဆိုခဲ့ပေမယ့် တိကျတဲ့ သက်သေတခုခု ထုတ်မပြတဲ့အပေါ်  လူထုသံသယနဲ့ စိုးရိမ်မှု မြင့်တက်လျှက်ရှိနေပါတယ်။

ဒါ့အပြင် ဖမ်းဆီးချုပ်နှောင်ထားတဲ့ သတင်းစာဆရာအချို့ကို လွတ်ငြိမ်းချမ်းသာနဲ့ မကြာသေးခင်ကမှ ပြန်လွှတ်ပေးခဲ့တဲ့ စစ်ကောင်စီဟာ တဖက်မှာလည်း မြန်မာပြည်ထဲက သတင်းသမားတွေကို ဆက်လက်ဖမ်းဆီးချုပ်နှောင်နေပြီး ကြီးလေးတဲ့ ထောင်ဒဏ်တွေကို ချမှတ်နေဆဲဆိုတာကို တွေ့ရပါတယ်။

လွန်ခဲ့တဲ့ ၈လခန့်ကတည်းက ဖမ်းဆီးချုပ်နှောင်ထားတဲ့ အလွတ်သတင်းထောက် မဆွတ်ရိန်ပန်ကို ပြီးခဲ့တဲ့ တပတ်က ထောင်ဒဏ် ၁၃ နှစ်ချမှတ်လိုက်တဲ့အပေါ် အယူခံဆက်ဝင်မယ်ဆိုတဲ့ သတင်းတပုဒ် အပါအဝင်၊ တပတ်တာအမျိုးသမီးဖြစ်ရပ်သတင်းတွေကို စောင့်ကြည့်ခဲ့တဲ့ ကာလတလျှောက်လုံးမှာ အပတ်စဉ်မပါမဖြစ်သတင်းဆိုးလိုဖြစ်နေတဲ့ စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတွေအများအပြား အသက်ဆုံးရှုံးရတဲ့သတင်းတွေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေတချို့က အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုနဲ့ တနည်းမဟုတ်တနည်း ဆက်နွယ်နေတဲ့ သတင်းအပါအဝင် အမျိုးသမီးနှင့်ပတ်သက်တဲ့ သတင်းတို ၁၄ ပုဒ်ကို ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။

•  ဒေါ်‌အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းဟု သက်သေမပြနိုင်ဘဲ စစ်ကောင်စီထုတ်ပြန်

. ကျေးရွာ ပလဖ ခေါင်းဆောင်ရဲ့ မုဒိမ်းမှုဖြစ်စဉ်မှာ နစ်နာသူ အမျိုးသမီးကို မဘသဥပဒေလို့ နာမည်ကြီးတဲ့ မျိုးစောင့်ဥပဒေနဲ့ ဖမ်းဆီးထား

•  ပုလောမြို့နယ် NUG ပညာရေးတာဝန်ခံနှင့် ခင်ပွန်း သတ်ဖြတ်ခံရ

•  စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်တဲ့ အလွတ်တန်းသတင်းထောက် မဆွတ်ရိန်ပန်အတွက် အယူခံဆက်ဝင်မယ်

•  ဒီးမော့ဆိုမြို့နယ်က ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ကြောင်း စွပ်စွဲခံရတဲ့ အမျိုးသားကို KSP အမှုဖွင့်ထား

•  ကျိုက်ထိုမြို့နယ်၌ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး ဒဏ်ရာရ

•  လှိုင်သာယာတွင် စက်ရုံကြိုပို့ယာဥ်မှောက်ပြီး  အမျိုးသမီးအလုပ်သမား ၁၁  ဦးနဲ့အမျိုးသား ၁ ဦး ဒဏ်ရာရ

•  ရေဦး တမာတောဆေးရုံကို စစ်တပ် ဗုံးကြဲ၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

•  တရားမဝင် ဝင်ရောက်လာသူ မြန်မာ ၅၀ ကျော်ဖမ်းမိရာတွင် အမျိုးသမီး၂၁ ဦးနဲ့ နှစ်နှစ်ကလေး ငယ်ပါဝင်

•  မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုတွင် မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသည့် ကလေးငယ် လေးဦး အကူအညီ လိုအပ်

•  ခင်ဦးမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် အမျိုးသမီးများအပါ ၁၀ ကျော်သေဆုံး

•  ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အမျိုးသမီး (၂၈)ဦးအပါအဝင် ၂၂၉ ဦးကို အရေးယူထား

•  သရက်ချောင်းတွင် ပျောက်ဆုံးနေသည့် CDM ကျောင်းဆရာမ အလောင်းပြန်တွေ့

•  ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ဟု စစ်တပ်၏ ထုတ်ပြန်မှု ယုံကြည်စရာမရှိဘဲ မိခင်ဖြစ်သူနှင့် တွေ့ဆုံခွင့်ပေးမှ လက်ခံယုံကြည်နိုင်မည်ဟု သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းပြော

ဒေါ်‌အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းဟု သက်သေမပြနိုင်ဘဲ စစ်ကောင်စီထုတ်ပြန်

Source – DVB

အကျဉ်းချခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်းနဲ့ သားဖြစ်သူပြောဆိုချက်ဟာ သတင်းအမှားသာဖြစ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီကသက်သေမပြနိုင်ဘဲ ဒီဇင်ဘာ(၁၆)ရက်နေ့က ထုတ်ပြန်ပါတယ်။

သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ် အဲရစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေ ဆိုးရွားလာနေပြီး သူ့အမေ အသက်ရှင်နေမှု အပေါ်မှာမသေချာတော့ဘူးလို့ ရိုက်တာသတင်းဌာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့က တိုကျိုမြို့မှာပြုလုပ်တဲ့ ရိုက်တာနဲ့ အင်တာဗျူးမှာထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းအချက်အလက်တွေ မရရှိနိုင်တာကြောင့် သားဖြစ်သူ ကင်မ် အဲရစ်စ်က သူ့အမေ အသက်ရှင်နေမှုအပေါ်မှာမသေချာတော့ကြောင်းနဲ့ စိုးရိမ်ကြောင်း ပြောဆိုခဲ့တာ ပါ။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေက ကောင်းမွန်နေပြီးစစ်တပ်ကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲကို နှောင့်ယှက်လိုတဲ့အတွက် အချိန်ကိုက်လုပ်ကြံဖြန်ဝေနေတာပါလို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကျေးရွာ ပလဖ ခေါင်းဆောင်ရဲ့ မုဒိမ်းမှုဖြစ်စဉ်မှာ နစ်နာသူ အမျိုးသမီးကို မဘသ ဥပဒေလို့ နာမည်ကြီးတဲ့ မျိုးစောင့်ဥပဒေနဲ့ ဖမ်းဆီးထား

Source – CJ Platform

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မြောက်ချွန်းကျေးရွာမှာ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ကျေးရွာလုံခြုံရေး (ပလဖ) တပ်ဖွဲ့ဝင်တစ်ဦးက အိမ်ထောင်ရှင် အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ အမှုမှာ နစ်နာသူ အမျိုးသမီးကို မျိုးစောင့်ဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက နစ်နာသူ အမျိုးသမီး မဖြူ (အမည်လွှဲ) နဲ့ ခင်ပွန်းဖြစ်သူ ကိုနီ (အမည်လွှဲ) တို့ စကားများရန်ဖြစ်ရာ မြောက်ချွန်းကျေးရွာ ပလဖက ကိုနီ (အမည်လွှဲ) ကို ဖမ်းဆီး သွားပြီး ထိပ်တုံးခတ်ကာ ထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မြောက်ချွန်းကျေးရွာ ပလဖ ခေါင်းဆောင် ဦးအိုက်နိုင်း (ခ) ကိုသိန်းတန်က သူတို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကိုနီ (အမည်လွှဲ) နှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန် ရှိသည်ဟုဆိုကာ မဖြူ (အမည်လွှဲ)ကို လာရောက်ခေါ်ဆောင်ပြီး ပလဖရုံးကို ခေါ်ဆောင်မသွားဘဲ တောတွင်းတနေရာမှာ အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။

မုဒိမ်းမှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရသူ မြောက်ချွန်းကျေးရွာ ပလဖ တပ်ဖွဲ့ခေါင်းဆောင် ဦးအိုက်နိုင်းကို နစ်နာသူ မိသားစုဝင်တွေက အဆင့်ဆင့် တိုင်ကြားတာတွေ လုပ်ဆောင်ခဲ့ပြီး ငွေကြေးအရ ညှိနှိုင်းမှုတွေ ကြုံတွေ့ခဲ့ရပြီးနောက် တရားမျှတပြီး ဥပဒေအရ ဆောင်ရွက်စေရေး အတွက် မင်းကင်းမြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို သွားရောက်တွေ့ဆုံ တောင်းဆိုချိန်မှာ မင်းကင်းမြို့နယ် ပလဖက နစ်နာသူ အမျိုးသမီးကို အောက်တိုဘာ ၁၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်း ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ကျူးလွန်သူ မြောက်ချွန်းကျေးရွာ ပလဖ တာဝန်ခံကိုတော့ ဖမ်းဆီးထားခြင်း မရှိဘူးလို့ မျက်မြင်တွေ့ရှိသူ ဒေသခံတချို့က ပြောပါတယ်။

အဲဒီ အမှုအတွက် နစ်နာသူ မိသားစုက ကျေးရွာ ပလဖကို တိုင်ကြားခဲ့သလို စက်တင်ဘာ ၂၂ ရက်နေ့မှာ ကျေးရွာအတွင်း အမှုမှန် ဖော်ထုတ်ရေးအတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ပုလောမြို့နယ် NUG ပညာရေးတာဝန်ခံနှင့် ခင်ပွန်း သတ်ဖြတ်ခံရ

Source – Myanmar Now

တနင်္သာရီတိုင်း ၊ ပုလောမြို့နယ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံနဲ့ ခင်ပွန်းဖြစ်သူတို့အသတ်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁ နာရီမှာ အမည်မသိလူအချို့က ဆရာမကြီး ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ကို နေအိမ်အတွင်း ဝင်ရောက်ကာ ဓားဖြင့် ခုတ်သတ်သွားခြင်းဖြစ်တယ်လို့ အမှတ်(၁)တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။

ဒေါ်အေသီအောင်ဟာ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီး  မြို့နယ်ပညာရေး ဘုတ်အဖွဲ့ တာဝန်ခံအဖြစ် ဆောင်ရွက်နေသလို ပုလောမြို့နယ်အတွင်း NUG  ပညာရေးကျောင်းတွေ ဖွင့်နိုင်ရေး ကြိုးပမ်းသူ ဖြစ်တယ်လို့ဆိုပါတယ်။

မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံ အသတ်ခံရမှုကိုစုံစမ်းမည်ဖြစ်ပြီး ကျူးလွန်သူကို ဖမ်းမိနိုင်ရေး၊ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ဖို့အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်တဲ့ အလွတ်တန်းသတင်းထောက် မဆွတ်ရိန်ပန် အတွက် အယူခံဆက်ဝင်မယ်

Source – မြစ်ကြီးနားသတင်း ဂျာနယ်

Pu Noi Tsawm ဆိုတဲ့ ကလောင်အမည်နဲ့ သတင်းရေးသားတဲ့ အသက် ၂၆ နှစ် အရွယ် မဆွတ်ရိန်ပန် ကိုစစ်ကော်မရှင်က ဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ပါတယ်။ ထောင်ဒဏ်နဲ့ပတ်သက်ပြီး အယူခံဆက်ဝင်သွားမယ်လို့ နီးစပ်သူတွေဆီက ကြားသိရပါတယ်။

အခုလအတွင်း ထပ်မံချမှတ်ခံလိုက်ရတဲ့ ထောင်ဒဏ် ၁၀ နှစ်ထက် လျော့နည်းနိုင်အောင် မြို့နယ်အဆင့် ကနေ နေပြည်တော်အထိ အယူခံဆက်ဝင်သွားဖို့ ရှိတယ်လို့ မဆွတ်ရိန်ပန်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မဆွတ်ရိန်ပန်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ – (က) အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ည တို့အတွက် ဒီနှစ်ထဲမှာ ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီး ၈ လလောက်အကြာ ၂၀၂၅ ခုနှစ် မေလ ၁၆ ရက်နေ့က အင်းစိန်ထောင်တွင်း တရားရုံး မှာပဲ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ – က အတွက် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။

နောက်ထပ်ပုဒ်မဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည ကိုတော့ အခုနှစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာပဲ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

မဆွတ်ရိန်ပန်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ညက အရပ်ဝတ်နဲ့ စစ်သား ၃ ဦးဟာ သူ့ရဲ့ မိဘနာမည်၊ မွေးဇာတိ အသက် စတဲ့ အချက်အလက်အတိအကျနဲ့ လာရောက်ပြီးတော့ ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်က ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ကြောင်း စွပ်စွဲခံရတဲ့ အမျိုးသားကို KSP အမှုဖွင့်ထား

Source – ကန္တရဝတီ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်ကြားခံရသူ အမျိုးသားကို ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ ကရင်နီပြည်ရဲဌာန ( KSP ) ကပြောပါတယ်။

အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက အသက် သုံးနှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ်တဦး ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်လို့ ကျူးလွန်ခံရတဲ့ ကလေးငယ်ရဲ့ မိသားစုဝင်တွေက စွပ်စွဲပြောဆိုထားပါတယ်။

အမှုနဲ့ပတ်သက်ပြီး အဆိုပါ ကလေးငယ်ရဲ့ မိသားစုဝင်ကတော့ တရားမျှတမှုရချင်တယ်လို့ တောင်းဆို ထားပြီး ကျူးလွန်သူအမျိုးသားရဲ့ မိသားစုဝင်ကတော့ ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုထား တယ်လို့ KPV သတင်းဌာနက ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ သတင်းတင်ပြထားပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာန ကလည်း အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ဌာနဆီကို တိုင်ကြားလာခြင်းမရှိပေမယ့် ရှင်သန်လွတ်မြောက်သူ ကလေးငယ်ကို အကူအညီပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

ကျိုက်ထိုမြို့နယ်၌ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး ဒဏ်ရာရ

Source – DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာကို ဒီဇင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ် ၅ လုံး ထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သိမ်ဇရပ်နဲ့ ဝေါမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ ခရွဲကျေးရွာထဲကို လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ခရွဲရွာနေ အသက် ၅၆ နှစ်အရွယ် ဒေါ်ကြင်ရွှေ၊ အသက် ၄၄ နှစ်အရွယ် ဒေါ်ဆန်းထွေးနဲ့ အဘွားအိုတယောက်တို့ လက်မောင်းနဲ့ ခြေထောက်တို့မှာ ဗုံးစ ထိမှန်ခဲ့ ပါတယ်။

တိုက်ပွဲမရှိဘဲ ခရွဲရွာထဲကို စစ်တပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ အများစုမှာ ဘေးလွတ်ရာ ကို ထွက်ပြေးတိမ်းရှောင်နေရကြရပါတယ်။

လှိုင်သာယာတွင် စက်ရုံကြိုပို့ယာဥ်မှောက်ပြီး  အမျိုးသမီးအလုပ်သမား ၁၁  ဦးနဲ့အမျိုးသား ၁ ဦး ဒဏ်ရာရ

Source – DVB

ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း မီးပွိုင့်မှာ ဒီဇင်ဘာ ၁၈ ရက် က အိုပယ် ၁ စက်ရုံကြိုပို့ယာဥ် တိမ်းမှောက်ပြီး  အလုပ်သမား ၁၂ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ စက်ရုံအလုပ်သမားတွေဆီက သိရပါတယ်။

သမကုန်းကနေ စက်ရုံအလုပ်သမား ၅၀ နီးပါးကို တင်ဆောင်လာတဲ့ စက်ရုံကြိုပို့ယာဥ်ဟာ ဗိုလ်အောင်ကျော်လမ်းမီးပွိုင်မှာ အရှိန်မထိန်းနိုင်ဘဲ မှောက်ခဲ့တာလို့ အလုပ်သမားတယောက်က  ပြောပါတယ်။

ဒဏ်ရာရသူ အမျိုးသားတယောက်နဲ့ အမျိုးသမီး  ၁၁ ယောက်ကို ပရဟိတအဖွဲ့တွေက လှိုင်သာယာ ဆေးရုံကြီးကို လူနာတင်ယာဥ်တွေနဲ့ပို့ဆောင်ပေးခဲ့ပါတယ်။

ရေဦး တမာတောဆေးရုံကို စစ်တပ် ဗုံးကြဲ၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

Source – DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်မြောက်ခြမ်း၊ တမာတောကျေးရွာမှာရှိတဲ့ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၇ ရက် ည ၁၀ နာရီခွဲလောက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ တာကြောင့် အမျိုးသမီးတယောက် ဒဏ်ရာရခဲ့ပါတယ်။

တံတားဦးလေတပ်မှ တက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာလို့ တမာ တောရွာသား တယောက်က ပြောပါတယ်။

တမာတောတိုက်နယ် ဆေးရုံကို စစ်တပ်က ဗုံးကြဲတာကြောင့် ဆေးရုံအဆောက်အအုံ ၄ လုံး ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။

တရားမဝင် ဝင်ရောက်လာသူ မြန်မာ ၅၀ ကျော်ဖမ်းမိရာတွင် အမျိုးသမီး၂၁ ဦးနဲ့ ၂နှစ်ကလေးငယ် ပါဝင်

Source – သံလွင်ခက်

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၅၀ ကျော်ထဲမှာ ၂နှစ်က‌လေးငယ်တဦးလည်း ပါဝင်တယ်လို့ Khaosod သတင်းဌာနမှာဖော်ပြထားပါတယ်။

ဖမ်းဆီးရမိသူတွေထဲမှာ အမျိုးသား ၃၁ ဦးနဲ့ အမျိုးသမီး ၂၁ ဦး ပါဝင်ပါတယ်။

ဖမ်းဆီခံရသူအားလုံးဟာ ရန်ကုန်မြို့မှ ထွက်ခွာလာကြတာဖြစ်ပြီး ဆန်ခလပူရီခရိုင်၊ ဘန့်ဘိုယီပွန်ရှိ သဘာဝတောလမ်းများမှ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

ကုန်းကြောင်း၊ ရေကြောင်း သဘာဝတောလမ်းကြောင်း နှစ်ခုစလုံးမှ ဝင်ရောက်လာကြခြင်းဖြစ်ပြီး အယုဒ္ဓယ၊ ဆူရတ်ဌာနီတို့မှာ အလုပ်လုပ်ရန် ရည်ရွယ်ထားသူတွေဖြစ်ပါတယ်။

ဖမ်းဆီးခံရသူအားလုံးကို ကား ၄စီးဖြင့် ပြွတ်သိပ်ထည့်သွင်း သယ်ဆောင်လာတာဖြစ်ပါတယ်။

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုတွင် မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသည့် ကလေးငယ် ၄ဦး အကူအညီ လိုအပ်

Source – သံလွင်ခက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ဆေးရုံ ဗုံးကြဲခံရမှုအတွင်း မိဘနှစ်ပါးလုံး သေဆုံးသွားခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်နားကျေးရွာမှ အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ဦးဟာ လူမှုရေးနဲ့ စားဝတ်နေရေး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့သိရပါတယ်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်က စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ အတွင်းရှိ လူနာနဲ့ လူနာစောင့်တွေ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ဗုံးကြဲမှုကြောင့် မိဘမဲ့ဖြစ်သွားတဲ့ ကလေးငယ်တွေဟာ အသက် ၁ နှစ်ခွဲအရွယ် မဝိုင်းစုစံ၊ အသက် ၆ နှစ်အရွယ် မစုစုမွန်၊ သမီးကြီး မစုစုနွယ်နှင့် သားကြီးဖြစ်သူ မိုးဇော်ဦးတို့ ဖြစ်ပါတယ်။

မိခင်ဖြစ်သူ မြောက်ဦးဆေးရုံမှာ ဝမ်းဗိုက်ခွဲစိတ်ကုသမှု ခံယူရန် ဆေးရုံတက်နေခြင်းဖြစ်ပြီး ဖခင်ဖြစ်သူ က ဇနီးဖြစ်သူကို လူနာစောင့်အဖြစ် လိုက်ပါကူညီနေစဉ် ဗုံးကြဲမှုအတွင်း ၂ ဦးစလုံး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ  ကျန်ရစ်တဲ့ ကလေးငယ်တွေဟာ မိခင်ရဲ့ညီမနဲ့ အတူနေထိုင်ကြပြီး ရေရှည်ဘဝ ရှေ့ဆက်ဖို့ အတွက် အခက်အခဲများစွာ ရှိနေတယ်လို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး (PYA) မှ ကိုပြည့်ဖြိုးနိုင် က ပြောပါတယ်။

ခင်ဦးမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် အမျိုးသမီးများအပါ ၁၀ ကျော်သေဆုံး

Source – Mizzima

ခင်ဦးနယ်၊ အရှေ့ခြမ်း ဧရာဝတီ မြစ်ကူးဆိပ်ကမ်း  တိုက်ခိုက်ခံရမှုမှာ စစ်ရှောင်ပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး၊  မြေနီသျှိုလမ်းဆုံရှိ ဆီဆိုင် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ၅ဦး သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံကသိရပါတယ်။

အဆိုပါတိုက်ခိုက်ခံရမှုများတွင် ဒဏ်ရာရသူ ၃၀ ထက်မနည်းရှိတယ်လို့သိရပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်တွေကြောင့် စဉ့်ကူး ၊ တန့်ဆည် နဲ့ ကန့်ဘလူမြို့နယ်တွေမှ စစ်ရှောင်ဦးရေ သိန်းနဲ့ချီ ပိတ်မိနေပြီး သွားလာရေး၊ နေထိုင်ရေး အခက်အခဲဖြစ်နေတယ်လို့ သိရပါ တယ်။

စစ်ကော်မရှင်တပ်ဟာ ခင်ဦး၊ ကန့်ဘလူ၊ တန့်ဆည်မြို့နယ်များကို ဂျက်ဖိုက်တာ၊ ဂျိုင်ယိုကော်ပတာတွေ အသုံးပြုကာ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ပြီး၊ စစ်ရှောင်ပြည်သူများ နေထိုင်ရေး အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အမျိုးသမီး (၂၈)ဦးအပါအဝင် ၂၂၉ ဦးကို အရေးယူထား

Source – Chin World

ရွေးကောက်ပွဲကိုနှောင့်ယှက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီး (၂၈)ဦးနဲ့ အမျိုးသား (၂၀၁) ဦးကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေး ရေး ဥပဒေနဲ့ အရေးယူခဲ့တယ်လို့ အာဏာသိမ်းစစ်ကော်မရှင်အာဘော် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျုးလွန်သူများကို ဖော်ထုတ်အရေးယူခြင်းများဆောင်ရွက်နေပြီး ဒီဇင်ဘာ(၁၅)ရက်နေ့အထိ အမှု(၁၄၀) ရှိပြီး စုစုပေါင်း ပြည်သူ (၂၂၉)ဦးကို အရေးယူထားတယ်လို့ဖော်ပြထားပါတယ်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။

သရက်ချောင်းတွင် ပျောက်ဆုံးနေသည့် CDM ကျောင်းဆရာမ အလောင်းပြန်တွေ့

Source- Dawei Watch

သရက်ချောင်းမြို့နယ်မှာ ပျောက်ဆုံးနေတဲ့ CDM ကျောင်းဆရာမတဦးရဲ့ ရုပ်အလောင်းကို ဒီဇင်ဘာ ၁၅ ရက်မှာ ပြန်လည်တွေ့ရှိတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

အသက် ၄၈ နှစ်ခန့်အရွယ် ဒေါ်စံပယ်ဟာ ဆင်ကျန်းရွာက အလယ်တန်းပြဆရာမဖြစ်ပြီး စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ကာ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ CDM ကျောင်းဆရာမတဦး ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူမှာ စမ်းလှမ်းရွာဘက်ကို ငါးဖမ်းလှေလိုက်သွားချိန် တစ်ဦးတည်း ကျန်ခဲ့တဲ့ ဆရာမ ဒေါ်စံပယ်ဟာ ဒီဇင်ဘာလ ၁၃ ရက်နေ့က ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

 ခင်ပွန်းဖြစ်သူနဲ့ ဆွေမျိုးမိတ်ဆွေတွေက လိုက်လံရှာဖွေရာ ဒီဇင်ဘာ ၁၅ ရက်မှာ ဗျက်ဝိသားကျေးရွာ အနီးက မင်းသားချောင်းစပ်မှာ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီး သေဆုံးတဲ့အကြောင်းအရင်းကို သေသေချာချာ မသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ဟု စစ်တပ်၏ ထုတ်ပြန်မှု ယုံကြည်စရာမရှိဘဲ မိခင်ဖြစ်သူနှင့် တွေ့ဆုံခွင့်ပေးမှ လက်ခံယုံကြည်နိုင်မည်ဟု သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်း ပြော

Source – ခေတ်သစ်   

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်မှုမှာ ယုံကြည်စရာမရှိဘဲ မိခင်ဖြစ်သူနဲ့ တွေ့ဆုံခွင့်ပေးမှ လက်ခံယုံကြည်နိုင်မှာဖြစ်တယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက သူရဲ့ လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း အကြမ်း ဖက် စစ်တပ်က သတင်းထုတ်ပြန်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံ၊ ဗီဒီယို အပါအဝင် သက်သေတစုံတရာ ထုတ်ပြန်လာခြင်းမရှိခဲ့ပေ။

“စစ်အစိုးရက မေမေဟာ “ကျန်းမာရေးကောင်းမွန်ပါတယ်” လို့ အတင်းအကျပ်ယုံခိုင်းနေပေမယ့် သက်သေအထောက်အထားမရှိတဲ့ ပြောဆိုချက်တွေဟာ နှစ်ပေါင်းများစွာ ဝါဒဖြန့်ချိရေးနဲ့ လျှို့ဝှက်ဖုံး ကွယ်ပြီး လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ဘာမှယုံကြည်စရာ မရှိပါဘူး။ 

သက်သေအထောက်အထားမရှိတဲ့ အကြောင်းပြချက်များကို ယုံကြည်ရန် မဖြစ်နိုင်ပါ။ Shakespeare ရဲ့ Hamlet မှာ ပြောထားသလို  “အလွန်အကျွံ ကာကွယ်ပြောဆိုနေသူက ပိုပြီး သံသယဖြစ်စရာ ကောင်းပါတယ်” စစ်တပ်က တကယ် ယုံကြည်စေချင်ရင် အဖြေက ရိုးရှင်းပါတယ်၊ သက်သေပြပါ၊ မေမေနဲ့ တွေ့ခွင့်ပေးပါ၊ လက်ခံယုံကြည်နိုင်သူနဲ့ အတည်ပြုချက်ပေးပါ၊ အမှန်တရားကို မြင်သာ အောင်ပြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက ဆိုပါတယ်။ 

Author: