တနှစ်ခွဲကာလအတွင်း အုပ်စုဖွဲ့မုဒိမ်းမှုအပါအဝင် ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်အကြမ်းဖက်မှု ၈၈ခု BWUက မှတ်တမ်း ကောက်ယူနိုင်
ဒေဝီ
မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU) က ၂၀၂၄ ဇန်နဝါရီ မှ ၂၀၂၅ ဇူလိုင်လအထိ တနှစ်ခွဲကာလအတွင်း အုပ်စုဖွဲ့ မုဒိမ်းမှုအပါအဝင် ပဋိပက္ခနဲ့ဆက်နွယ်တဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၈၈ခု မှတ်တမ်းတင်ကောက်ယူခဲ့တယ် လို့ မနေ့က(ဒီဇင်ဘာ ၂၃ ရက်နေ့မှာ) ထုတ်ပြန်ပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ဦးတည်နယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ကရင်နီပြည်နယ် တို့မှာ ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုတွေကို စစ်တမ်းကောက်ယူ ဖော်ပြထားတဲ့ “ခန္ဓာကိုယ်အား စစ်လက်နက်အဖြစ် အသုံးပြုခြင်း – မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်နှင့်ဖိနှိပ်မှုနည်းနာအဖြစ် အစီအစဉ်ချအသုံးပြုခြင်း” အမည်ရှိ အစီရင်ခံစာတစောင်ကို မနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ- အမျိုးသမီး သုတေသနနဲ့ မှတ်တမ်းတင်ဌာန တာဝန်ခံ အန်နာကအဲဒီအစီရင်ခံစာမှာ ၂၀၂၄ ဇန်နဝါရီ မှ ၂၀၂၅ ဇူလိုင်လအထိ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ် ၈၈မှု မှတ်တမ်းတင်ကောက်ယူခဲ့ရာ ၆၄ မှုက မုဒိမ်းမှုတွေဖြစ်ပြီး ကျူးလွန်သူ ၂ ဦး ကနေ ၁၀ဦး အထိ ပါဝင်တဲ့ အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ၁၁ မှု ကောက်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကျန်ဖြစ်စဉ်တွေကတော့ မုဒိမ်းကျင့်ရန်ကြိုးပမ်းမှု၊ စစ်ဆေးရေးဂိတ်တွေမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊ လက်နက် (သို့မဟုတ်) ငွေအင်အားကိုအသုံးပြုပြီး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ တော်လှန်ရေးအတွက် ငွေကြေးထောက်ပံ့သူများက အွန်လိုင်းကတဆင့် လိင်ပိုင်းဆိုင်ရာအနှောင့်အယှက် ပေးမှုတွေပဲ ဖြစ်ပါတယ်။
ကျူးလွန်ခံရသူတွေရဲ့ အသက်အပိုင်းအခြားဟာ အသက်အငယ်ဆုံး ၅ နှစ်ကနေ အသက် ၇၀ အတွင်း ရှိပြီး သက်ကြီးရွယ်အိုအမျိုးသမီး၊ မိန်းကလေးငယ်တွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ အသိုင်းအဝိုင်းတို့လည်း ပါဝင်တယ်လို့ သုတေသနာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လိင်အကြမ်းဖက်မှုတွေကနေ ရှင်သန်လွတ်မြောက်လာသူတွေထဲက ၂၉ ဦးဟာ အသက် ၁၈ နှစ်အောက် ဖြစ်ပြီး ၄ ဦးကတော့ မသန်စွမ်းသူတွေဖြစ်ပါတယ်။ လိင်အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ ကျူးလွန်ခံရသူ ၈ ဦးဟာ သတ်ဖြတ်တာကို ခံခဲ့ရသလို၊ ရှင်သန်လွတ်မြောက်လာသူထဲက ၆ ဦးဟာလည်း ပြစ်မှုကျူး လွန်သူတွေရဲ့ ရက်ရက်စက် စက်နှိပ်စက်တာကို ခံခဲ့ရတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့သူအများစုက အာဏာသိမ်းစစ်အုပ်စုတပ်သားတွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့တွေ၊ စစ်အုပ်စုကခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ အရပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့တို့က ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
ရှင်သန်လွတ်မြောက်လာသူတွေဟာ လိင်အကြမ်းဖက်မှုဖြစ်ရပ် မဖြစ်ပွားခင်၊ ဖြစ်ပွားနေချိန်၊ ဖြစ်ပွား ပြီးနောက်ပိုင်း အဆင့် ၃ဆင့်လုံးမှာ ပြစ်မှုကျူးလွန်သူတွေက ကြောက်ရွံ့ထိတ်လန့်အောင် ပြုလုပ်တာကိုဆက်ခံကြရတာ၊ ခြိမ်းခြောက်ခံရတွေနဲ့ ရင်ဆိုင်ခဲ့ရတာတွေရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကာယကံရှင်နဲ့ မိသားစုဝင်တွေမှာလည်း စိတ်ကျန်းမာရေးဆိုင်ရာ ထိခိုက်တာ၊ အသက်မွေးဝမ်းကျောင်းနယ်ပယ် ဆုံးရှုံးရတာတွေနဲ့ ရှင်သန်လွတ်မြောက်လာသူတွေကို အပြစ်တင် ပြောဆိုတာ(Victim Blaming) တို့လို ဆိုးကျိုးသက်ရောက်မှုတွေအများကြီး ကြုံတွေ့ခံစားနေကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။
ကျူးလွန်သူတွေဟာ အာဏာသိမ်းစစ်တပ်၊ သူတို့ရဲ့ပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ ပျူစောထီးတွေ၊ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ သြဇာအာဏာရှိသူတွေ ဖြစ်နေတာကြောင့် ရှင်သန်လွတ်မြောက်လာသူတွေအတွက် တရားမျှတမှုရရှိဖို့ အလှမ်းဝေးနေဆဲဖြစ်တယ်လို့ BWU ကဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီ ကနေ ၂၀၂၅ မေလအထိ(၄နှစ်ကျော်ကာလအတွင်း) တနိုင်ငံလုံးအတိုင်းအတာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ စာရင်းအရ နိုင်ငံတဝှမ်း ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စုစုပေါင်း ၉၆၃ မှု၊ ကရင်နီပြည်နယ်က အကြမ်းဖက်မှု ၃၆၅ မှုနဲ့ ကျူးလွန်ခံရမှု အများဆုံး ပြည်နယ်တခုဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၃၄၉ ခု၊ ရှမ်းပြည်နယ်မှာ ၁၀၂ ခု၊ တနင်္သာရီတိုင်းမှာ ၂၇ ခု၊ ချင်းပြည်နယ်မှာ ၁၉ ခု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က ထုတ်ပြန်ခဲ့ဖူးတဲ့ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစာတမ်းတစောင်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ စာရင်းအရ ၂၀၂၁ ကနေ ၂၀၂၄ အထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ပတ်သတ်လို့ ၂၅၆ မှု တိုင်ကြားချက်ရှိခဲ့ပြီး၊ စစ်တပ်ဘက်က ကျူးလွန်တဲ့ အမှု ၂၁၈ မှု၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ၊ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့အမှုက ၁၇ မှုနဲ့ အရပ်သားကျူးလွန်မှုက ၃၀ ဝန်းကျင်ရှိတယ်လို့ ဖော်ပြထားတယ်။











