One စင်မြင့်ပေါ်က ကယန်းကျားသစ်ပျိုမယ်

ပြင်ပဆောင်းပါးရှင် IMC 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လုမ္ပဏီလက်ဝှေ့ရုံထဲမှာ ထိုးသတ်သွားမယ့်ပွဲအတွက် အားကစားသမား တွေ မျက်နှာချင်းဆိုင်ကြချိန် ပြိုင်ဘက်ရဲ့မျက်နှာကို စူးစူးရဲရဲကြည့်နေတဲ့ ကျားသစ်ပျိုမယ်တယောက် ရှိနေပါတယ်။  

သူကတော့ မြန်မာ့ဖိုက်တာလောကမှာ အမျိုးသားရော၊ အမျိုးသားရော အားပေးမျှော်လင့်နေတဲ့၊ ဂုဏ်ယူရတဲ့၊ အားတက်စေတဲ့ မြန်မာနိုင်ငံသူ ကယန်းလက်ဝှေ့မယ် ဘရော်နီကာပဲဖြစ်ပါတယ်။ 

ဘရော်နီကာဟာ ဒီနေ့ (၇.၁၁.၂၀၂၅) သောကြာနေ့မှာ ပြိုင်ဘက်ဖြစ်သူ တရုတ်လက်ဝှေ့မယ်လီနဲ့ သူ့ရဲ့ One Championship တတိယမြောက်ပွဲစဉ်ကို ထိုးသတ်သွားရတော့ပါ။ ဘရော်နီကာရဲ့ တတိယ မြောက်ပွဲဟာ အနစ်စာမက်ဆန်နဲ့ ကစ်ဘောင်ဆင်ပွဲ တည်ထားတာဖြစ်ပေမယ့် ပြိုင်ဘက်ကစားသမား နှုတ်ထွက်သွားတာကြောင့် တရုတ်လက်ဝှေ့မယ် လီနဲ့ အက်တမ်ဝိတ်တန်း ခေါင်းစဉ်အောက်မှာ မွေထိုင်းနည်းစနစ်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားရမှာလည်း ဖြစ်ပါတယ်။ 

ဘရော်နီကာဟာ One Championship  ချန်ပီယံဆုကို စိန်ခေါ်နိုင်သူတွေထဲက တယောက် ဖြစ်လာလိမ့်မယ်လို့ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကပြောခဲ့ရင် လက်ခံနိုင်မယ့်သူ နည်းပါလိမ့်မယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒါကိုမြန်မာတင်မက ကမ္ဘာ့မွေထိုင်း ပရိသတ်တွေကပါ လက်ခံနေကြရပါပြီ။ 

ဒီခရီး ဒီလောက်ရောက်နိုင်ဖို့ ဘရော်နီကာလျှောက်ခဲ့ရတဲ့လမ်းဟာ ကြမ်းတမ်းခက်ထန်လှပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေတွေကြောင့် သူမြတ်နိုးတဲ့လက်ဝှေ့အားကစားကို ဆက်လက် လုပ်ဆောင်နိုင်ဖို့ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ထိုင်းနိုင်ငံဘက် ပြောင်းရွှေ့အခြေချခဲ့ပါတယ်။ Thai Fight လို ပြိုင်ပွဲတွေမှာ ပါဝင်ထိုးသတ်ဖို့ကြိုးစားခဲ့ပြီး သူ့ရဲ့မွေထိုင်း ကန့်လန့်ကာအဖွင့်ကတော့ မလှပခဲ့ပါဘူး။ 

မြန်မာ့လက်ဝှေ့ကနေ မွေထိုင်းစနစ်နဲ့စတင်ပြောင်းလဲထိုးသတ်ခဲ့ရတာကြောင့် ပထမဆုံးပွဲမှာ ပြိုင်ဘက် ထိုင်းလက်ဝှေ့မယ်ကို အရှုံးပေးခဲ့ရပြီး သူ့ကိုစောင့်ကြည့်နေသူတွေရဲ့ အထင်သေးခြင်းကို ခံခဲ့ရပါသေး တယ်။ ဘရော်နီကာဟာ ရှုံးနိမ့်မှုမှာ တွေဝေမနေဘဲ အာရုံစိုက်ပြီး ကြိုးစားအားထုတ်ခဲ့တာကြောင့် Tiger Muay Thai ကလပ်နဲ့ လက်တွဲခွင့်ရခဲ့ပြီး ပိုမိုကြံ့ခိုင်၊ ပိုမိုကောင်းမွန်တဲ့ကစားသမား ဖြစ်လာခဲ့ပါတယ်။ 

မြန်မာပြည်တွင်းပြိုင်ပွဲတွေနဲ့ နိုင်ငံကိုယ်စားပြုပွဲတွေမှာ မြန်မာ့လက်ဝှေ့ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ဘရော်နီကာနဲ့ Tiger Muay Thai မှာလေ့ကျင့်သားပြည့်ဝပြီး စင်ပေါ်တက်လာတဲ့ ဘရော်နီကာရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံဟာ အင်မတန်ကွာခြားလာတာကိုလည်းတွေ့ခဲ့ရပါတယ်။ ဒါဟာ Tiger Muay Thai ရဲ့စောင့်ရှောက်လေ့ကျင့်ပေးမှုတွေကြောင့်ပါဝင်သလို၊ ဘရော်နီကာရဲ့ ကြိုးစား အားထုတ်မှုတွေကြောင့်လည်း ဖြစ်ပါတယ်။ 

ရရှိတဲ့အခွင့်အရေးကိုလက်လွတ်မခံဘဲ မဆုတ်မနစ်ကြိုးစားခဲ့တာကြောင့် ၂ နှစ်ဆိုတဲ့အချိန်အတွင်းမှာ ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးပြိုင်ပွဲတွေထဲက ပြိုင်ပွဲတခုဖြစ်တဲ့ Thai Fight မှာ ၂ နှစ်ဆက်တိုက် ချန်ပီယံဆုတွေ ရရှိခဲ့ပါတယ်။ ဘရော်နီကာရဲ့ညာဝိုက်လက်သီးဟာ ပြိုင်ဘက်တွေအတွက် အိပ်မက်ဆိုး ဖြစ်စေခဲ့ပြီး Thai Fight ရဲ့ဖိုက်တာမှတ်တမ်းမှာ ၁၇ ပွဲဆက် ရှုံးပွဲမရှိစံချိန်လည်း တင်နိုင်ခဲ့ပါတယ်။ Thai Fight မှာအမြင့်ဆုံးချန်ပီယံဆုတွေ နှစ်ကြိမ်တိုင်တိုင်ရရှိခဲ့တဲ့ ဘရော်နီကာရဲ့ စွမ်းဆောင်ရည်တွေ ကြောင့် ၂၀၂၂ ရဲ့ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးဖိုက်တာအဖြစ် WMO (World Muay Thai Organization)ကမ္ဘာ့မွေထိုင်းအဖွဲ့ချုပ်က သတ်မှတ်ပေးခဲ့ပါတယ်။ 

ကြိုးစားအားထုတ်မှုတွေနဲ့ အောင်မြင်မှုတွေထပ်တူကျလာပြီဖြစ်တဲ့ ဘရော်နီကာဟာ ပိုမိုခမ်းနားတဲ့ အိပ်မက်တွေကို မက်ခွင့်ရခဲ့ပါတယ်။ ဒါကတော့ မွေထိုင်းလက်ဝှေ့ကျော်တွေအတွက် ကမ္ဘာ့အမြင့်ဆုံး စင်မြင့်ဖြစ်တဲ့ One Championship ကို တက်လှမ်းဖို့ပါပဲ။ စွမ်းဆောင်ရည်ကောင်းတွေနဲ့ ချန်ပီယံဆုတွေဆက်တိုက်ရနေတဲ့ ဘရော်နီကာဟာ One ရဲ့ စင်မြင့်တွေဆီ တက်လှမ်းဖို့ အိပ်မက်ခဲ့ပေမယ့် လက်တွေ့မှာတော့ မလွယ်ကူလှပါဘူး။ 

သူ့ရဲ့စွမ်းဆောင်ရည်တွေနဲ့ သူ့ပရိသတ်တွေရဲ့အင်အားကိုသိနေပြီဖြစ်တဲ့ Thai Fight ဟာ လွယ်လွယ်ကူကူ လက်လွှတ်မပေးတော့ဘဲ ဘရော်နီကာကိုပွဲထုတ်ကာ သူတို့ရဲ့ပြိုင်ပွဲပုံရိပ်ကို မြှင့်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ စာချုပ်လက်ကျန်ကာလတွေဟာ ဘရော်နီကာအတွက်တော့ တကယ့် အကြပ်အတည်းပါပဲ။ One Championship ရဲ့ CEO ချတ်ထရီက သူ့ကို ခေါ်ယူလိုချင်သည့်တိုင်အောင် စာချုပ်လက်ကျန်ကြောင့် ထွက်ခွာခွင့် မရခဲ့ပါဘူး။ 

Thai Fight ဟာ သူ့ရဲ့ပုံရိပ်ကို များများအသုံးပြုခဲ့ကြောင့် စာချုပ်ကုန်ဆုံးခါနီးအချိန်တွေမှာ နိုင်ငံမတူ၊ ဒေသမတူညီတဲ့ နေရာတွေဆီ သွားရောက်ထိုးသတ်ရတဲ့ပွဲတွေ၊ ရက်သိပ်မကွာဘဲ ပွဲဆက်နေတာတွေကို အနားယူချိန်မရဘဲ ထိုးသတ်ရပါတော့တယ်။ 

ဒီလိုအချိန်ကာလတွေမှာ စိတ်ဓာတ်ကြံ့ခိုင်မှု အားနည်းသူတစ်ယောက်သာဆိုရင် ပြိုလဲကျသွားမှာ သေချာပါတယ်။ ဘရော်ဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိခဲ့ပေမယ့် လေ့ကျင့်မှုနဲ့ ကြိုးစားအားထုတ်မှုကို တော့ အာရုံမပြတ်ရှိခဲ့ပါတယ်။ ဒီလိုစိတ်၊ ဒီလိုကြိုးစားအားထုတ်မှုရှိတဲ့ဘရော်နီကာကို One Championship ကလည်း စိတ်ရှည်စွာစောင့်ဆိုင်းခဲ့ပြီး နောက်ဆုံးမှာစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဘရော်နီကာ One ရဲ့တရားဝင်ဖိုက်တာတဦးဖြစ်လာပြီဆိုတဲ့အကြောင်းကိုလည်း One Championship က သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ၂၀၂၅ ဇန်နဝါရီ ၂၈ မှာ ကြေငြာပေးခဲ့ ပါတယ်။ 

ဘရော်နီကာဟာ ထိုင်းနိုင်ငံထဲကိုအခြေချပြီး လက်ဝှေ့ထိုးစဉ်ကတည်းက ပထမဆုံးပွဲစဉ်တွေမှာ အခက်ကြုံတတ်သူတဦးလို့ ပြောရမလိုပါပဲ။ မွေထိုင်းကန့်လန့်ကာအဖွင့်မှာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရသလို One Championship အဖွင့်ပွဲစဉ်မှာလည်း အတော်လေးရုန်းကန်ခဲ့ရပြီး ချီလီလက်ဝှေ့မယ်ကို အမှတ်နဲ့ရှုံးနိမ့်ခဲ့ရပါသေးတယ်။ 

အခက်ကြုံတတ်သလို ဖြေရှင်းနည်းကိုလည်း သိရှိနားလည်အောင်ကြိုးစားတတ်တဲ့ဘရော်နီကာဟာ One Championship အဖွင့်ပွဲရဲ့နေထိုင်စားသောက်မှုအမှားတွေကို ပြင်ဆင်သင်ခန်းစာယူပြီး ဒုတိယပွဲစဉ်မှာတော့ ထိုင်းနိုင်ငံရဲ့နာမည်ကျော် လက်ဝှေ့ကလပ်ဖယ်ရီတက်က လက်ဝှေ့မယ် ဂျူနီယာကို အသာစီးကထိုးသတ်ခဲ့ကာ အလဲထိုးနဲ့အနိုင်ရခဲ့ပါတယ်။

ကြိုးစားအားထုတ်မှုကောင်းမွန်တာ၊ အမှားပြင်ဆင်မှုအားကောင်းတာ၊ လိုတာကိုရဖို့ စိတ်ရှည်သည်းခံ ခဲ့တာတွေကြောင့် အချိန်တိုအတွင်း ကမ္ဘာ့မွေထိုင်းလောကက အသိအမှတ်ပြုဖိုက်တာတယောက် ဖြစ်ခဲ့ပြီး One Championship ရဲ့ အထင်ကရအမျိုးသမီးဖိုက်တာ စတမ့်ဖယ်ရီတက် ကိုယ်တိုင် သူနဲ့ယှဉ်ပြိုင်ထိုးသတ်ဖို့အတွက် စိန်ခေါ်ခြင်းကိုလည်း ခံထားရပါတယ်။ 

အခုတော့ ဘရော်နီကာဟာ One Championship မှာ သူ့ရဲ့တတိယမြောက်ပွဲစဉ်ကို ထိုးသတ်ရပါတော့မယ်။ 

လူတွေဟာ ကိုယ်ပိုင်အိပ်မက်တွေ ရည်မှန်းချက်တွေရှိနေရုံနဲ့မပြီးသေးပါဘူး။ အဲ့ဒီအိပ်မက်တွေ၊ ရည်မှန်းချက်တွေကိုအရယူနိုင်ဖို့ဆိုရင် သေချာကြိုးစားအားထုတ်နေဖို့လိုပါတယ်။ 

အဲ့ဒီလိုမျိုး လိုချင်တာကိုရအောင်ကြိုးစားနေသူတွေထဲမှာတော့ ဘရော်နီကာဟာ ပြယုဂ်တခု ဖြစ်လာခဲ့ပါပြီ။ 

သူ့အတွက် သောကြာနေ့ညမှာယှဉ်ပြိုင်ကစားမယ့်ပြိုင်ပွဲဟာ ပွဲနီးကပ်ခါမှ ပြိုင်ဘက်အပြောင်းအလဲ၊ ထိုးသတ်မယ့်စနစ် အပြောင်းအလဲဖြစ်ထားတာကြောင့် ဂရုစိုက်ပြီးကစားသွားရဖို့ရှိပါတယ်။ ပြိုင်ဘက် ကစားသမားလီဟာ ကစ်ဘောင်ဆင်သမားဖြစ်ပြီး အခုပွဲမှာတော့ မွေထိုင်းစနစ်နဲ့ပဲ ယှဉ်ပြိုင် ကစားသွားမှာပါ။ လီဟာ ပြည်တွင်းပြိုင်ပွဲတွေမှာ နောက်ဆုံး ၇ ပွဲဆက်ရှုံးပွဲမရှိ ကစားထားပြီး ပြိုင်ပွဲတွေနဲ့ကင်းကွာနေတာတော့ တနှစ်နီးပါးရှိပြီလို့သိရပါတယ်။ 

အိပ်မက်တွေမှာဖြတ်လမ်းမရှိတာကြောင့် ကိုယ့်ရဲ့ခမ်းနားတဲ့အိပ်မက်တွေကိုအရယူနိုင်ဖို့ဆိုရင် ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို အနိုင်ယူရမှာသေချာပါတယ်။ ဘုရားပေးတဲ့လမ်းကို ယုံကြည်စွာ လျှောက်နေသူ ကျားသစ်ပျိုမယ်ရဲ့ ပိုမိုခမ်းနားတဲ့အိပ်မက်တွေ ဘယ်အချိန်မှာ လက်တွေ့ဖြစ်လာမလဲ။ ဒီပြိုင်ပွဲကရော သူမရဲ့ခြေလှမ်းတွေထဲက နောက်တစ်ဆင့်ထပ်လှမ်းနိုင်မယ့် ခြေလှမ်းဖြစ်လာမလား၊ တုံ့ဆိုင်းသွားမယ့်ခြေလှမ်းဖြစ်လာမလားဆိုတာ ဒီကနေ့ စောင့်ကြည့်ကြရအောင်ပါ။

Author: