အိမ်တွင်းငရဲခန်းများအလွန်

ခင်ဘုန်းမို့

“အရိုးကွဲအောင်ရိုက်မှ၊ အသည်းစွဲအောင်ချစ်မယ်” ဆိုတဲ့ စကားတခွန်းဟာ မြန်မာ့လူမှုူအသိုင်းအဝိုင်းမှာ အင်မတန် ထင်ရှားတဲ့ အရပ်ဆိုစကားတခုဖြစ်ပါတယ်။

အိမ်ထောင်မှုတခုမှာ လင်ယောက်ျားက အိမ်ထောင်ဘက်အမျိုးသမီးကို ကိုယ်ထိလက်ရောက် နာကျင်စေတဲ့လုပ်ရပ်၊ ခွန်အားဗလကို အားကိုပြီး သွေးထွက်သံယို ဖြစ်တဲ့အထိ အနိုင်ကျင့်စော်ကားတဲ့ ဖြစ်ရပ်တွေကို သူတို့အိမ်တွင်းရေးကိစ္စလို့ မျက်နှာလွှဲတတ်ကြသလို၊ လင်ယောကျာ်းရဲ့ လုပ်ပိုင်ခွင့်လို့ အများစုကလက်ခံထားကြတယ်။ အဲဒီလူအများစုထဲမှာ မိသားစုဝင်တွေကိုယ်တိုင်တောင် ပါနေကြပါတယ်။

လင်ယောက်ကျ်ားဆီမှာ အရိုးကွဲအောင်၊ အသားပဲ့အောင်၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ကျိုးကြေတဲ့အထိ ရိုက်နှက်ခံရတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေကို အပြစ်ရှိလို့ ရိုက်ခံရသယောင်ပုံဖော်တာ၊ ကျူးလွန်သူ အမျိုးသားကို လွတ်မြောက်ခွင့် ပေးနေတာတွေဟာ ဖိုဝါဒကြီးစိုးတဲ့ နိုင်ငံတွေထဲကတခုဖြစ်တဲ့ မြန်မာပြည်မှာတော့ ပုံမှန်လို ဖြစ်ပျက်နေတဲ့ အရာတွေပါပဲ။ “အိမ်တွင်းအကြမ်းဖက်မှု” လို့ ခေါင်းစဉ်မတပ်ကြသေးတဲ့ အရင့်အရင်ခေတ်တွေကနေ ယနေ့အချိန်အထိ ဖြစ်မြဲဖြစ်ဆဲ အနိုင်ကျင့်ဗိုလ်ကျမှုတွေပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းက အမျိုးသမီးနဲ့ မိန်းကလေးငယ် ၈သောင်းခွဲလောက် သတ်ဖြတ်ခံနေရပြီး၊ အဲဒီ သတ်ဖြတ်ခံရတဲ့ အမျိုးသမီး ၆၀ ရာခိုင်နှုန်းလောက်ဟာ အိမ်ထောင်ဖက် ဒါမှမဟုတ် မိသားစုဝင်တွေရဲ့ လက်ချက် တွေကြောင့်ဖြစ်တယ်လို့ UN Women က သုတေသနစစ်တမ်းတခု ထုတ်ပြန်ထားပါတယ်။

အဲဒီလို ကမ္ဘာတဝှမ်းက ၆၀ ရာခိုင်နှုန်းထဲမှာ မြန်မာအမျိုးသမီး ဘယ်နှစ်ဦးပါဝင်တယ်ဆိုတာ ကိန်းဂဏာန်း သက်သေအထောက် အထားတွေ၊ တိကျတဲ့ လူမှုစစ်တမ်းတွေမရှိလို့ မသိရပေမယ့် အသက်မသေဘဲ ရှင်လျှက်ကျန်နေတဲ့ လူသက်သေတွေကတော့ ဒုနဲ့ဒေး ရှိနေကြပါတယ်။

အဲဒီလိုသက်သေတွေထဲမှာ အိမ်ထောင်ရေးနဲ့ ချစ်သူသံယောဇဉ်ကို လွယ်လွယ်နဲ့ မပြိုကွဲလိုကြတဲ့ မြန်မာအမျိုးသမီးတွေဖြစ်တဲ့ မကေ၊ မပန်းဝေနဲ့ မမီးမီးတို့ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကတော့ ဝမ်းနည်းစရာ၊ ကြောက်မက်ဖွယ်ရာ၊ နာကျည်း မုန်းတီးစရာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်နေပါတယ်။

မြင်နိုင်တဲ့ ကိုယ်ဒဏ်ရာ၊ မမြင်နိုင်တဲ့ စိတ်ဒဏ်ရာတွေကြောင့် အိမ်တွင်းအနိုင်ကျင့်ဗိုလ်ကျမှုတွေကို အဆုံးသတ်နိုင်ဖို့ တခုတည်းသောထွက်ပေါက်ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းလို့ တွေးခဲ့ကြဖူးသူတွေလည်းဖြစ်ပါတယ်။

မကေနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ မူလတန်းကတည်းက သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ တက္ကသိုလ်ဝင်တန်း‌ အောင်မြင်ပြီးချိန်မှာ ချစ်သူတွေဖြစ်သွားကြပြီး ချစ်သူသက်တမ်း ၃နှစ်အကြာမှာ နှစ်ဖက်မိဘတွေ သဘောမတူတဲ့အတွက် ခိုးပြေးခဲ့ကြတာ အိမ်ထောင်ရေး ခရီးလမ်းကို လျှောက်လှမ်းခဲ့ကြပါတယ်။

အိမ်ထောင်သက် ၈လလောက်ကစပြီး ဒေါသထွက်တာ၊ ဆဲတာတွေ စလုပ်လာသလို သားဦးလေးမွေးပြီး ၂နှစ်လောက်မှာ ကိုယ်ထိလက်ရောက်ရိုက်နှက်တာတွေ စပြီးပြုလုပ်ခဲ့တယ်လို့ မကေက သူ့အတိတ်ကို ပြန်ပြောပြပါတယ်။

“သူအရက်မူးတာကို စိတ်ဆိုးပြီးတော့ မိဘအိမ်သွားရင် အရိုက်ခံရတယ်၊ သူကအဲ့တုန်းက ဆေးမသုံးသေးဘူး၊ ရိုက်ပြီးရင်လည်း သူရိုက်ထားတဲ့ဒဏ်ရာကို ဆေးလိမ်းပေးတာမျိုး အဲ့လိုကြင်ကြင်နာနာ ရှိသေးတယ်” လို့ သူက ပြောပြ ပါတယ်။

အိမ်ထောင်ရေးဖောက်ပြန်တာ၊ WY နဲ့ ဘိန်းမဲလို မူးယစ်ဆေးဝါးသုံးစွဲတာတွေ ပြုလုပ်လာပြီးနောက်ပိုင်းမှာ မကေအတွက်တော့ အိမ်တွင်း အကြမ်းဖက်ခံရမှုက ပိုဆိုးလာစေခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူဟာ အိမ်ထောင်ရေးဖောက်ပြန်တဲ့ နောက်မိန်းကလေးနဲ့ အဆင်မပြေတဲ့အခါ၊ သူ့စိတ်အဆင်မပြေတဲ့ အခါ တိုင်း မကေကို အိမ်မှာပြသနာမျိုးစုံရှာပြီး ရိုက်နှက်လေ့ရှိပြီး၊ ဒဏ်ရာတွေကို ပတ်ဝန်းကျင်က မြင်မှာစိုးတဲ့အတွက် သူအလုပ်သွားတဲ့အချိန်မှာ လူမမယ်သားလေးနဲ့ မကေကို သူတို့မိသားစုငှားနေတဲ့ အိမ်ထဲမှာ သော့ခတ်ခဲ့ပါတယ်။

သူက “မျက်နှာကိုပဲ ဖြတ်ဖြတ်ရိုက်တယ်၊ သူက ပန်းတိမ်လည်း လုပ်တာဆိုတော့ လက်သည်းကို အရှည်ထားတယ်၊ သူ့လက်သည်းက အရမ်းမာတယ်၊ အဲ့လက်သည်းနဲ့ မျက်နှာတွေကို ထိုးတယ်၊ မျက်လုံးအောက်က မျက်ခမ်းဆို ပေါက်ပြီး သွေးတွေ ယိုကျတဲ့အထိ ထိုးတာပေါ့၊ ပါးတွေရိုက်တယ်၊ မျက်နှာတွေ အညိုအမဲစွဲအောင် ရိုက်တယ်”လို့ ခင်ပွန်းဖြစ်သူရဲ့ အကြမ်းဖက်မှုတွေထဲက အဖြစ်အပျက်တချို့ကို သတင်းထောက်ကို ပြန်ပြောပြပါတယ်။

ချစ်ခြင်းမေတ္တာဆိုတာ နူးညံ့သိမ်မွေ့ပြီး အေးချမ်းတဲ့ မေတ္တာတို့နဲ့ပြည့်နှက်နေတဲ့လမ်း၊ ချစ်ရတဲ့သူနဲ့ စုံမက်ပေါင်းဖက် ရခြင်းဟာလည်း ဆုလာဘ်တခုအဖြစ် မကေတယောက် ယုံကြည်ခဲ့ပါတယ်။ အဲဒီလို အိမ်ထောင်ရေး ခရီးလမ်းကို စတင်ခဲ့ချိန်မှာ ဖြစ်ရပ်ဆိုးတို့နဲ့ ကြုံရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးခဲ့ပါဘူး။ ဒါပေမယ့် သူကြုံခဲ့ရတဲ့ အရာတွေကတော့ အိပ်မက် မဟုတ်တဲ့အတွက် အလွယ်တကူပျောက်ကွယ်သွားနိုင်တဲ့ ဒဏ်ရာတွေမဟုတ်ခဲ့တာကို မကေရဲ့ ပြောစကားတွေ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တွေက သက်သေခံနေပါတယ်။

တနေ့မှာ သူတို့သားအမိတွေ ဒီလို ရိုက်နှက်ခံနေရတာကို ကာကွယ်ပေးချင်တဲ့ အိမ်ရှင်ဖြစ်သူဟာ မကေရဲ့ ခင်ပွန်းဖြစ်သူကို မရိုက်ဖို့ တားမြစ်သလို၊ ထပ်ရိုက်ရင် အမျိုးသမီးရေးရာနဲ့ တိုင်မယ်လို့ သတိပေးခဲ့ပါတော့တယ်။ အဲဒီနောက်ပိုင်းမှာ အိမ်မှာ မရိုက်တော့ဘဲ ညဈေးတန်းသွားဖို့ခေါ်တဲ့အတွက် ငြင်းဆန်ဖို့ မတတ်နိုင်တဲ့ မကေဟာ အိမ်ရှင်တွေဆီမှာ ကလေးငယ်ကိုအပ်ခဲ့ရပြီး ခင်ပွန်းဖြစ်သူခေါ်ရာ လိုက်ခဲ့ရပါတယ်။

ကားလမ်းမဘေးမှာ ကားတွေဖြတ်သွားနေချိန်ဆို အတွဲချိန်းတွေ့နေသလိုမျိုး ဟန်ဆောင်ဖက်ထားပြီး၊ ကားတွေ ရှင်းချိန်ဆို မျက်နှာကို လမ်းမပေါ်ပစ်ကျသွားတဲ့အထိ အရိုက်ခံခဲ့ရပါတော့တယ်။

“အကို ညီမလေးကိုသတ်ချင်တယ်ဆိုရင် ဆိုင်ကယ်နဲ့ကြိတ်သွားလိုက်လို့ ပြောတာ၊ သူက သတ်ချင်တာ မဟုတ်ဘူး၊ မသေမရှင် လုပ်ချင်တာဆိုပြီး ရိုက်တယ်”လို့ မကေက ပြောပြပါတယ်။

အဲဒီအချိန်မှာ နာကျင်မှုတွေကို မခံစားနိုင်တော့တဲ့ မကေအတွက်တော့ ရွေးချယ်စရာဟာ သေပစ်လိုက်တာပဲ ရှိပါတော့တယ်။ လမ်းဘေးက ချောက်ထဲကိုခုန်ချလိုက်တယ်။ ဖြစ်ချင်တော့ အမြင့်က ခါးလောက်ပဲရှိတယ်။ ခင်ပွန်းဖြစ်သူလည်း ဒေါသပိုထွက်သွားပြီး ပြေးလိုက်လာတဲ့အခါ မကေလည်း ခြေဦးတည့်ရာထွက်ပြေးပါတယ်။

“ဆောင်းတွင်းဆိုတော့လေ မျက်နှာတခုလုံးက လေတိုက်တာ မခံနိုင်တော့တဲ့အထိ ဖူးယောင်နေတာ”လို့ မကေက ပြောပြပါတယ်။

နယ်မြို့ဆိုတော့ မကေတို့ရောက်နေတဲ့နေရာက လူနေအိမ်ကျဲပါတယ်။ ထွက်ပြေးရင်း တနေရာအရောက်မှာ အိမ်လေးတအိမ်ကိုတွေ့တော့ အကူအညီတောင်းလိုက်တယ်။ နောက်ကလိုက်လာတဲ့ ခင်ပွန်းဖြစ်သူကလည်းမှီလာပြီး မကေကို အကြောင်းမှန်မပြောပြဖို့ အချိုသပ်ပြီးတားပါတယ်။ အိမ်ရှင်တွေကို ဆိုင်ကယ်ပျက်တယ်လို့ သူကပြောလိုက်ပါတယ်။ မကေလည်း ဆက်အရိုက်မခံရတော့ရင်ပြီးတာပဲ ဆိုတဲ့စိတ်နဲ့ အကြောင်းမှန်ကို မပြောပြဖြစ်ခဲ့ပါဘူး။

အဲ့လိုနဲ့ ခင်ပွန်းဖြစ်သူဟာ အဲဒီကနေတဆင့် သူနဲ့ဖောက်ပြန်နေတဲ့ကောင်မလေးတို့ နေကြတဲ့အိမ်ကို ခေါ်သွားပြီးထပ်ရိုက်ပါတော့တယ်။ မကေရဲ့ဆံပင်တွေကို ဖြတ်ပြီးတော့ သီလရှင်ဝတ်ပေးမယ် ကလေးကို သူတို့ခေါ်ထားမယ်လို့ ပြောလာတဲ့ ခင်ပွန်းဖြစ်သူစကားကို သဘောတူပြီး အိမ်ခဏပြန်ဖို့ ခွင့်တောင်းတော့ ခင်ပွန်းရဲ့နောက်ကောင်မလေးဖြစ်သူက အိမ်ပြန်လိုက်ပို့ပေးတယ်။ အဲ့နောက်မှာတော့ မကေရဲ့ဖခင်ဖြစ်သူကို လာခေါ်ခိုင်းပြီး ခင်ပွန်းဖြစ်သူနဲ့ ပထမအကြိမ် ကွဲကွာခဲ့ပါတော့တယ်။ အိမ်ထောင်ကွဲဖြစ်မှာကို စိုးရိမ်စိတ်နဲ့ မကွဲချင်ဘဲ ကွဲခဲ့တာလို့ မကေက ဆိုပါတယ်။

မကေအတွက်တော့ ဒါဟာ အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်နေတဲ့ အိမ်ထောင်ဖက်ရဲ့လက်က လွတ်မြောက်ဖို့ ကြိုးစားခဲ့တဲ့ ခြေလှမ်းအစလို့ ဆိုရမှာပါ။

ဒါပေမယ့် မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ စံနှုန်းတွေကပဲ သူ့ခြေလှမ်းတွေကို နောက်ပြန်လှည့်စေခဲ့ ပြန်ပါတယ်။

မကေရဲ့ မိဘတွေဟာ အိမ်ထောင်ပြိုကွဲထားကြသူတွေဖြစ်တဲ့အချက်ရယ်၊ အစ်မကြီးဖြစ်တဲ့ သူကိုယ်တိုင်က ထပ်ပြီး အိမ်ထောင်ကွဲတယ်ဆိုရင် ညီမအငယ် ၂ယောက်အရွယ်ရောက်လို့ အိမ်ထောင်ပြုကြမယ့်အချိန်မှာ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုနဲ့ အတင်းအဖျင်းဆိုတာတွေကို ခံရမှာစိုးရိမ်တဲ့အချက်ရယ်က သူ့အတွက်အားနည်းချက်ဖြစ်ခဲ့ပါတယ်။

မိဘအိမ်ပြန်ရောက်ပြီးနောက်ပိုင်း လက်မှုအတတ်ပညာတခုဖြစ်တဲ့ စက်ချုပ်သင်ရင်းနဲ့ သူ့ဘဝနဲ့သူ နေထိုင်ခဲ့ရင်း ၃နှစ်ကြာပြီးတဲ့နောက်မှာ ခင်ပွန်းဟောင်းက ပြန်ဆက်သွယ်လာပါတော့တယ်။ သူဖောက်ပြန်တဲ့ကောင်မလေးက သူပိုက်ဆံတွေမရှိတော့ သူနဲ့အတူမနေတော့ဘူး ဆိုတဲ့အကြောင်း၊ သူလေလွင့်နေတယ် ဆိုတဲ့အကြောင်း စာပို့လာပါ တယ်။

“စိတ်ထဲမှာ ဒါသားရဲ့အဖေပဲ ငါယောကျာ်းပဲဆိုတဲ့စိတ် ရှိတယ်၊ ပြီးတော့ အိမ်ထောင်ကွဲတယ်ဆို ညီမလေး ၂ယောက်ကျရင် သူတို့မျိုးရိုးကိုက ဒီလိုမျိုးရိုးဆိုတာမျိုးဖြစ်မှာကို စိုးရိမ်တယ်၊ အဲ့ဒီစိတ်ကြောင့်လည်း သူ့ကိုပြန်လက်ခံခဲ့တယ်”လို့ မကေက ပြောပြပါတယ်။

မိဘတွေကတားတဲ့ကြားထဲက ဒုတိယအကြိမ်ပြန်ပေါင်းဖို့ ဖြစ်လာခဲ့တယ်။ အစပိုင်းမှာ ခင်ပွန်းဖြစ်သူက ဆေးလည်းမသုံး၊ အကြမ်းဖက်တာလည်းမလုပ်တော့ပဲ ကောင်းကောင်းမွန်မွန် နေထိုင်ပါတယ်။ ပြန်ပေါင်းပြီးတဲ့နောက်မှာ မကေဟာ အသစ်တဖန်ပြန်စနေတဲ့အိမ်ထောင်ရေးကို အနှောင့်အယှက်ဖြစ်မှာစိုးတဲ့အတွက် အရင်က အကြောင်းတွေကို ပြန်ဖော်ပြီး ပြသနာရှာတာမျိုး မလုပ်ခဲ့သလို၊ ခင်ပွန်းဖြစ်သူ အရက်သောက်ရင်လည်း အမြည်းသေချာ လုပ်ပေးတဲ့အထိ အဆင်ပြေအောင် နေထိုင်ခဲ့ပါတယ်။ အဓိကက အကြမ်းဖက်ရိုက်နှက်တာမလုပ်ရင် အဆင်ပြေတာပဲ ဆိုတဲ့စိတ်နဲ့ နေထိုင်ခဲ့တယ်လို့ မကေက ဆိုပါတယ်။

ဒီလိုနဲ့ ဒုတိယ ကလေးငယ် မွေးတဲ့အချိန်မှာ မူးယစ်ဆေးသုံးတာတွေ ပြန်စလာပါတယ်။ ခင်ပွန်းဖြစ်သူ ဆေးသုံးပြီးတဲ့နောက်မှာ မကေရဲ့ဘဝဟာ ဒုတိယအကြိမ် ငရဲခန်းကို ထပ်ပြီး ရောက်ရပြန်ပါတော့တယ်။

“အမြဲတမ်း အေးအေးလေးနဲ့ ပြုံးပြုံးလေးနေတာကို ‘ငါဖောက်ပြန်နေတာ၊ နင်ဝဋ်လိုက်နေတာ ဆိုတဲ့အပြုံးမျိုး’ လို့ သူ့စိတ်ထဲမှာ စိတ္တဇဝင်ပြီးတော့ ညတိုင်းနှိပ်စက်တာ၊ ဓားနဲ့ ပေါင်တွေလက်မောင်းတွေကို မထိတထိမွှမ်းတာမျိုးတွေ ညတိုင်းလုပ်တယ်”လို့ သူ့ငရဲခန်းအတွေ့အကြုံကို သတင်းထောက်ကို ပြန်ပြောင်း ပြောပြပါတယ်။

မကေတယောက် ခင်ပွန်းဖြစ်သူဆီမှာ နေ့စဉ်နဲ့အမျှ ရိုက်နှက်နှိပ်စက်ခံနေရတဲ့ အကြောင်းပြချက်တွေကတော့ အိမ်အပြင်လမ်းမကနေ တယောက်ယောက် သူ့ဘာသာ တောက်ခေါက်သွားရင်လည်း သူရှိနေလို့ တောက်ခေါက်တယ်၊ မီးဖိုခန်းထဲက စဉ်းနီတုံးတွေ၊ ဒန်အိုးတွေမှာ လှီးလို့ချွတ်လို့ဖြစ်တဲ့ အစင်းရာတွေကို နောက်ယောကျာ်းရဲ့ ဖုန်းနံပတ်တွေ မှတ်ထားတယ်၊ အိမ်နားကလမ်းထဲက အသိမိတ်ဆွေအမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေကို ပြုံးပြရင် လင်ငယ်နေတယ်၊ ချောင်းဆိုးတယ်ဆိုရင်တောင် အဲ့ချောင်းဆိုးသံက အပြင်ကလင်ငယ်ကို အချက်ပေးတာ၊ အရင်တုန်းက မကေအမေက သူ့ကို နေပူထဲမှာ ဆိုင်ကယ်မောင်းပြီး လိုက်ပို့ခိုင်းလို့ မကျေနပ်တာ စတဲ့ စွပ်စွပ်ချက်ပေါင်းများစွာကြောင့်ပါပဲ။

“ညဘက်အိပ်လို့ သားလေးဘက်ကိုလှည့်အိပ်ရင်လည်း နားဝနားလာပြီး အိပ်လို့မရအောင် ညစ်ညမ်းတဲ့ စကားတွေ ပြောတာ၊ မျက်လုံးတွေထဲကို လက်ညိုးနဲ့နှိုက်တာမျိုးတွေလုပ်တယ်” လို့ မကေကပြောပါတယ်။

နောက်ပိုင်းမှာတော့ မကေကိုသာမက ၅တန်းကျောင်းသားဖြစ်နေတဲ့ သားအကြီးကို ရိုက်နှက်တာ၊ ၂ခါလယ်သား အရွယ်သာရှိသေးတဲ့ သားအငယ်လေးက ငိုကြွေးနေတာကို ကလေးနားကို မသွားခိုင်းဘဲ ပစ်ထားခိုင်းတာမျိုးတွေ လုပ်လာပါတော့တယ်။

“နင့်အမေက ငါသွားပြီဆိုတာနဲ့ အနောက်ကနေ ယောကျာ်းတွေ ရောက်လာတယ်မလား ဆိုပြီးမေးတာ၊ သားက မဟုတ်ဘူးဖေဖေ၊ မေမေကအိပ်ရာတွေသိမ်းနေတာ ထမင်းချက်နေတာ ပြောတော့ ကလေးကိုရိုက်တယ်”လို့ မကေက ပြောပြပါတယ်။

ကလေးကိုမရိုက်ဖို့ တားတဲ့အခါလည်း မကေရဲ့အကြောင်းတွေပေါ်မှာစိုးလို့ တားတယ်လို့ထင်ပြီး နံရိုးတွေအက်တဲ့အထိ၊ ပုံလဲကျသွားပြီး မထနိုင်တော့တဲ့အထိ ရိုက်နှက်နှိပ်စက်သလို၊ ဆေးကုသခွင့်မပေးဘဲ ပစ်ထားတယ်လို့ ဆိုပါတယ်။ မတ်မတ်ရပ်ဖို့အတွက် မထောက်နိုင်တဲ့ နေရာတွေကို ကလေးအနှီးဟောင်းနဲ့ ကြပ်စည်းနေရတဲ့ သူ့အတွက်တော့ ဒီငရဲခန်းကနေ လွတ်မြောက်ဖို့က ဘုရားမှာဆုတောင်းတာ၊ တရားစာ ရွတ်ဖတ်တာ တွေလုပ်ဖို့ပဲ တတ်နိုင်တဲ့အခြေအနေကို ရောက်လာခဲ့ပါတယ်။

ဒီလူနဲ့ပြန်မပေါင်းဖို့ မိဘတားတဲ့ကြားထဲက လိုက်လာခဲ့တဲ့မကေဟာ အဝေးက မိဘကိုလည်း အဆင်မပြေတဲ့အကြောင်း မပြောရဲခဲ့ဘူး။ အနီးမှာရှိနေ၊ မြင်တွေ့နေတဲ့ ဘေးပတ်ဝန်းကျင်ကလူတွေကလည်း ဝင်ဆွဲတာ၊ တားမြစ်တာတွေ မလုပ်ရဲခဲ့ကြဘူး။

ခင်ပွန်းဖြစ်သူဟာ မကေက ပတ်ဝန်းကျင်ကိုလည်း အကူအညီတောင်းမှာ ထွက်ပြေးမှာစိုးတဲ့အတွက် အစားအသောက် စားတာကနေ သန့်စင်ခန်းသွားတာအထိ အလွတ်မပေးလဲ လိုက်စောင့်ကြည့်သလို၊ သူအလုပ်သွားချိန်ဆို သူ့အမေအိမ်မှာ အပ်ခဲ့ပါတယ်။

“သူ့အမေကို ဒီလိုဒီလိုအရိုက်ခံရတယ်လို့ ပြောတော့၊ သူ့အမေကလေ သည်းခံဖို့ပဲပြောတာ၊ ငါ့သားလေးက လူသတ် လောက်တဲ့အထိတော့ မလုပ်ပါဘူးတဲ့၊ အိမ်ထောင်ရေးမပြိုကွဲချင်ရင် ကလေးမျက်နှာထောက်ပြီး သည်းခံပါလို့ ပြောတယ်”လို့ ယောက္ခမဖြစ်သူရဲ့ မိန်းမသားချင်းပေးတဲ့ အကြံဉာဏ်အကြောင်းကို ပြန်ပြောင်းပြောပြပါတယ်။

ဒီလိုနဲ့ တရက်မှာတော့ အခွင့်အလမ်း ရလာခဲ့ပြီး၊ ATM ကဒ်၊ မှတ်ပုံတင်နဲ့ သားတွေကိုခေါ်ပြီး ထွက်ပြေးဖို့ ကြိုးစားချိန်မှာ အရင်က ဝင်မဆွဲရဲ၊ ဝင်မတားရဲခဲ့တဲ့ ပတ်ဝန်းကျင်က အိမ်နီးချင်းကောင်းတွေဟာ မကေတို့ သားအမိတွေကို ကလေး အဝတ်အစားတွေ၊ စားစရာတွေ၊ လမ်းစရိတ်ကအစ ချက်ချင်းပဲ လိုလိုလားလား ကူညီပေးကြပါတော့တယ်။

မူလတန်းအရွယ်ကတည်းက သူငယ်ချင်းဖြစ်ခဲ့သလို ချစ်သူသက်တမ်းတလျှောက် ဒေါသထွက်တာ၊ အကြမ်းဖက်တာမျိုးတွေ တကြိမ်တခါမှမလုပ်ခဲ့ဖူးဘူးတဲ့ အိမ်ထောင်ဘက်ဆီမှာ အရိုးအက်အောင် ရိုက်နှက်ခံခဲ့ရတဲ့ မကေရဲ့ ငရဲခန်းမျိုး ကြုံခဲ့ရတဲ့ နောက်ထပ်အမျိုးသမီးတယောက်က မပန်းဝေဖြစ်ပါတယ်။

မပန်းဝေဟာ သူကြုံရတဲ့ အဖြစ်ဆိုးတွေအကြောင်းကို “အိမ်ထောင်သက် ၁၀နှစ်မှာ ၉ နှစ်က နေ့ညမရွေး အရိုက်ခံရတယ်၊ နေ့ညမရွေး အမြဲတဂျီဂျီအထုအထောင်း ခံနေခဲ့ရတာ၊ အကုန်လုံးက အဆိုးဝါးဆုံး နေ့ရက်တွေပါပဲ၊ ဝဋ်ကြွေးကုန်ရင် ကြေမယ်လို့ထင်ခဲ့တာပေါ့”လို့ အနှစ်ချုပ် ထုတ်ဖော်ပြောပြပါတယ်။

တယောက်နဲ့တယောက် ချစ်ခင်စုံမက်ကြသလို၊ မိဘတွေကလည်း သဘောတူကြတဲ့ သူတို့အိမ်ထောင်ရေးခရီးလမ်းဟာ ၁နှစ်ပြည့်ပြီးနောက်ပိုင်းမှာ အိမ်တွင်းအကြမ်းဖက်မှုဆီကို ဦးတည်လာခဲ့တာကို မပန်းဝေရဲ့ ပြောစကားတွေအရ သိရပါတယ်။

မပန်းဝေဘဝမှာ ပထမဆုံး အကြမ်းဖက်အနိုင်ကျင့်ခံရတဲ့နေ့ကို မှတ်မိနေဆဲပါ။ ပန်းခက်ဟာ အဲဒီနေ့က နို့စို့အရွယ်ကလေးငယ်ကို ရင်ခွင်ထဲထည့်ပြီး နို့တိုက်သိပ်နေခဲ့ပါတယ်။ အလုပ်ခွင်ကပြန်လာတဲ့ ခင်ပွန်းဖြစ်သူဟာ သူစားမယ့်ထမင်းပန်းကန်ကို က‌လေးနို့တိုက်နေတဲ့ မပန်းဝေကို ထခူးခိုင်းပါတယ်။

ကလေးမအိပ်သေးလို့ ထမင်းတမယ်ခူးပြီး အုပ်ဆောင်းအောက်မှာအသင့်ခူးခပ်ထားတဲ့ ဟင်းကျွေးတွေနဲ့ စားဖို့ ပြန်ပြောခဲ့ချိန်မှာ ခင်ပွန်းဖြစ်သူဟာ ဒေါသထွက်ပြီး ထိုင်လျှက်နို့တိုက်နေတဲ့ မပန်းဝေကို ကလေးလမ်းလျှောက်ထိုင်ကွင်းနဲ့ ပစ်ပေါက်လိုက်ပါတော့တယ်။ ခေါင်းကိုထိချိန်မှာ မိုက်ခဲဖြစ်သွားပြီး၊ ကလေးကိုခဏချ ထမင်းပွဲ ထပြင်ပေးတော့ အမေရင်ခွင်နဲ့ ကင်းကွာသွားတဲ့ ကလေးရဲ့ ငိုသံကြောင့် လက်သီးနဲ့အထိုးခံလိုက်ရချိန်မှာ မပန်းဝေတယောက် အရုပ်ကျိုးပြတ် ပုံလဲကျသွားပါတော့တယ်။

အဲဒီအချိန်မှာ အနီးမှာရှိနေတဲ့ ယောက္ခမဖြစ်သူ(ခင်ပွန်းရဲ့မိခင်)က “ကောင်းတယ်၊ ယောကျာ်းအပေါ် အလိုက်မသိဘူး၊ မောမောနဲ့ပြန်လာတာကို၊ ငါ့သားလုပ်စာလည်း စားသေးတယ်၊ ထမင်းလေးတောင် ထမပြင်ချင်ဘူး” ဆိုပြီးဝင်ပြောချိန်မှာ သွေးကြွသွားတဲ့ ခင်ပွန်းဖြစ်သူက မပန်းဝေကို ထပ်ရိုက်နှက်ပါတော့တယ်။

တတိယမြောက်ကိုယ်ဝန်ရှိချိန်မှာ ခင်ပွန်းဖြစ်သူက ဖောက်ပြန်တာ၊ အခြားအမျိုးသမီးနဲ့ ခုတင်ပေါ်က ပုံတွေပြတာမျိုးတွေ လုပ်လာခဲ့ရုံမက၊ အိမ်ထဲမှာ တံခါးသော့ခတ်ထားခံခဲ့ရတဲ့ မပန်းဝေကို ဖောက်ပြန်တယ်လို့ ပြန်စွပ်စွဲတာ၊ မပန်းဝေရဲ့ပုံတွေသုံးပြီး အွန်လိုင်းပေါ်မှာ Sex Chat လုပ်ပြီး မပန်းဝေလုပ်တယ်လို့ စွပ်စွဲပြစ်တင်တာ၊ ရိုက်နှက်တာမျိုးတွေ လုပ်ခဲ့ပါတယ်။

“အိမ်နီးချင်း အမျိုးသမီးတွေနဲ့ စကားပြောရင်လည်း ဘယ်သူနဲ့ အောင်သွယ်ပေးခံနေတာလဲဆိုပြီး ရိုက်ပါတယ်။ သူ ကားထွက်လို့ ဘီးပေါက်ရင်တောင် အိမ်မှာနေတဲ့ ကျွန်မက ဖောက်ပြန်နေတာလို့ စွပ်စွဲတယ်”လို့ မပန်းဝေက ပြောပြပါတယ်။

တတိယမြောက်ကလေးမွေးတဲ့အချိန် မီးတွင်းထဲမှာ နောက်စေ့ကို လက်သီးနဲ့ဆက်တိုက် အထိုးခံရပြီးကတည်းက ခဏခဏသတိမေ့တတ်တာမျိုးလည်း ဖြစ်သွားတယ်လို့ မပန်းဝေကပြောပြပါတယ်။

မပန်းဝေရဲ့ဆံပင်ဟာ ဒူးအထိရှည်ပါတယ်။ အကြမ်းဖက်တဲ့အချိန်ဆို သူ့ဆံပင်ကို လက်နဲ့ရစ်ပြီး လမ်းမတလျှောက် ဆွဲခေါ်တာမျိုးတွေလုပ်တော့ ဒူးတွေပွန်းပြီး သွေးထွက်တာမျိုးတွေခံစားရတဲ့အတွက် ဆံပင်တွေအတို ညှပ်လိုက် တော့လည်း ဆံပင်ညှပ်လိုက်လို့ဆိုတဲ့အကြောင်းနဲ့ ခင်ပွန်းဖြစ်သူဆီမှာ တုတ်နဲ့အရိုက်ခံရပြန်ပါတယ်။

သူ့အဝတ်ကို ဆပ်ပြာမှုန့်အကောင်းစားနဲ့ မလျှော်ရင်လည်း အရိုက်ခံရ၊ လင်မယားကိစ္စ အတူမနေချင်ရင်လည်း အရိုက်ခံရပြီး “ဘာစကားမှ ထမများရင်တောင် နင့်မျက်နှာမကြည့်ချင်ဘူး၊ ရွံ့လို့ဆိုပြီး အရိုက်ခံရပြန်ရော” လို့ မပန်းဝေက ပြောပါတယ်။

ဒီလို အရိုက်အနှက်အနှိပ်အစက်ခံနေရတဲ့ ကလေး ၃ယောက်မိခင် သားသည်မအေ မပန်းဝေဟာ မကေလိုပဲ အိမ်ထောင်မှု ငရဲခန်းကနေ လွတ်မြောက်ဖို့ရာ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲလိုပဲ အိမ်ကနေ ထွက်ပြေးခဲ့ပေမယ့် ခင်ပွန်းဖြစ်သူက ပြန်လာခေါ်တဲ့အတွက် ပြန်ပေါင်းသင်းနေထိုင်ခဲ့ရပါတယ်။

“အရိုက်လွတ်မယ်ထင်ခဲ့ပေမယ့် ပိုတောင်ရိုက်လာသေးတယ်၊ အိမ်ကို ဒီအကြောင်းတွေ တကြိမ်တိုင်ဖူးပေမယ့် ကိုယ် ရွေးထားတဲ့လမ်း ကိုယ့်ဘာကို ကောင်းကောင်းဆိုးဆိုး ဆက်လျှောက်ဖို့၊ အပူလာမကပ်ဖို့ ပြောတယ်”လို့ မပန်းဝေက ပြောပြပါတယ်။

စိတ်ရောကိုယ်ပါ ညှင်းပန်းနှိပ်စက်ခံနေရတဲ့ ဒီအမျိုးသမီးအတွက် သူ့ရဲ့အရင်းနှီးဆုံး မိသားစုကိုယ်တိုင်က ကူကယ်ရာ ကောက်ရိုးတမျှင် မဖြစ်ခဲ့ကြပါဘူး။

အိမ်ထောင်ရှင်တွေမဖြစ်ခင် ချစ်သူသက်တမ်းမှာ ကြင်ကြင်နာနာနဲ့ သာမာန်လူကောင်းသူကောင်းတွေဖြစ်ခဲ့တဲ့ မကေ၊ မပန်းဝေတို့ရဲ့ ခင်ပွန်းတွေနဲ့ မတူပဲ တမူကွဲတဲ့သူကတော့ မမီးမီးရဲ့ ချစ်သူပါ။

မမီးမီးဟာ သူ့ထက် အသက် ၅နှစ်ကြီးတဲ့ ချစ်သူနဲ့ ချစ်သူသက်တမ်း ၉ နှစ်ကြာထိလက်တွဲခဲ့ပါတယ်။ ချစ်သူသက်တမ်း ၁နှစ်ကတည်းက စိတ်ဆိုးဒေါသထွက်ရင် မကြာခဏ ဆိုသလို ကြီးသူက ငယ်သူကို ဆုံးမတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းအကြမ်းဖက်မှုတွေကို ပြုလုပ်ခဲ့ဖူးတယ်လို့ မမီးမီးက ဆိုပါတယ်။

သမီးရည်စား သဘာဝ စိတ်ဆိုးစိတ်ကောက်ရင် စိတ်မရှည်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ပြုမူတာတွေကို တစ်ဆင့်ချင်း ပြုလုပ်ခဲ့တယ်။ ပစ္စည်းတွေကို လွှင့်ပစ်တာ၊ ရိုက်ခွဲတာ၊ ဆဲဆိုတာအပြင် ကိုယ်ထိလက်ရောက် အနိုင်ကျင့်တာတွေကို မမီးမီးတယောက် ကြုံခဲ့ရတယ်။

“သူရဲ့ အကြမ်းဖက်မှု အဆင့်ဆင့်ကနေ သတိထားမိလာတာက သူဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူလို့ ယူဆရတယ်”လို့ မမီးမီးက ပြောပြပါတယ်။

ကာလကြာ သံယောဇဉ်ရှိကြတဲ့ ချစ်သူရဲ့ ဖောက်ပြန်မှုကို ၂ကြိမ်တိတိကြုံခဲ့ရပြီး ပထမအကြိမ်မှာ သက်သေမပြနိုင်တဲ့အတွက် ရန်ဖြစ်ပြသနာတက်ပြီး အဆုံးသတ်ခဲ့ရပေမယ့်၊ နောက် ၁ ကြိမ်ဖောက်ပြန်တဲ့အခါမှာတော့ သက်သေပြနိုင်ခဲ့ပြီး နှစ်ဦးသားလမ်းခွဲပြတ်စဲခဲ့ကြပါတယ်။

ပြတ်စဲပြီး ၂လဝန်းကျင်အကြာမှာ ချစ်သူဟောင်းဖြစ်သူက မမီးမီးဆီ ပြန်လာချင်ကြောင်း၊ သူ့အမှားတွေအတွက် နောင်တရပြီး သူနဲ့ ပြန်လည် ပတ်သက်ခွင့်ပြုဖို့ လူချင်းတွေ တောင်းပန်ချင်ကြောင်းပြောဆို ချဉ်းကပ်ခဲ့ပေမယ့် မမီးမီးကတော့ ကိုယ့်ဘဝနဲ့ကိုယ်နေထိုင်ကြဖို့ ငြင်းခဲ့ပါတယ်။

“အဲ့လိုငြင်းခဲ့လို့ ကျွန်မနေထိုင်တဲ့ နေရာကို လူအလစ်ချောင်း ရောက်လာပြီး အလိုမတူပဲ မုဒိန်းကျင့်ဖို့ ကြံစည်ခဲ့ပါတယ်၊ မုဒိန်းကျင့်ဖို့ အတင်းအဓမ္မ ကြိုးစားနေတုန်း အပြင်က ပြန်‌ရောက်လာတဲ့ လူအသံတွေကြားပြီး ထွက်ပြေး လွတ်သွားခဲ့ တယ်”လို့ မမီးမီးကပြောပြပါတယ်။

အနိုင်ကျင့်စော်ကားခံကြရတဲ့အခါ အမျိုးသမီးအများစု ကျော်ဖြတ်ကြရတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ရင်ဆိုင်ရသလို၊ မမီးမီးတယောက်ဟာလည်း မကေနဲ့ မပန်းဝေလိုပဲ ဆက်လက်အသက်ရှင်လိုစိတ်တွေ ပျောက်ဆုံးခဲ့ပါတယ်။

“သတ်သေလိုက်ရင် အေးချမ်းသွားမှာ ဆိုတဲ့အတွေးတွေရတဲ့အထိ ခံစားခဲ့ရတယ်၊ စိတ်ဓာတ်ကျပြီး ကူရာကယ်ရာ မဲ့နေချိန်မှာ သတ်သေချင်စိတ်ပေါ်လာတိုင်း အချိန်ကာလတခုအထိ လူတွေနဲ့မတွေ့ဘဲ စိတ်တည်ငြိမ်အောင် လုပ်ရင်း ရှင်သန်ဖို့ အားတင်းပြီး နေခဲ့ရတယ်”လို့ မမီးမီးက ဆိုပါတယ်။

မမီးမီးဟာလည်း သူကြုံတွေ့နေရတာကို မိခင်ဖြစ်သူကိုပြောပြခဲ့ပေမယ့် မိဘတွေကိုပတ်ဝန်းကျင်မှာ မျက်နှာပျက်အောင် မလုပ်ဖို့သာ ပြောဆိုခံခဲ့ရတဲ့အခါ ငါမကောင်းလို့ ငါကြောင့် ဖြစ်ရတာဆိုတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မှုတွေ၊ စိုးရိမ်ပူပင်မှုတွေကသာ နှိပ်စက်ခဲ့ပါတယ်။

ဖိုဝါဝကြီးစိုးတဲ့အတွေးအမြင်တွေဟာ အိမ်ထောင်ဖက်တွေ၊ ချစ်သူစုံတွဲတွေမှာရော မိသားစုဝင်တွေမှာရော နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတာကို မကေ၊ မပန်းဝေနဲ့ မမီးမီးတို့ဟာ ထပ်တူထပ်မျှ ရင်ဆိုင်ခဲ့ကြရတာကို တွေ့ရပါတယ်။

ထူးခြားတဲ့အချက်တခုကတော့ သူတို့ ၃ယောက်လုံးဟာ ကြုံတွေ့ခဲ့ရတဲ့ အနိုင်ကျင့်အကြမ်းဖက်မှု ငရဲခန်းတွေရဲ့ အဓိကတရားခံ သူတို့အိမ်ထောင်ဖက်တွေနဲ့ ချစ်သူကို ဥပဒေကြောင်းအရ ထိရောက်တဲ့ အပြစ်ပေးမှုမျိုးလုပ်ကြဖို့ အစီအစဉ်မရှိ ကြတာကိုလည်း တွေ့ရပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကို နှစ်ကျော့ပြန်ခံစားခဲ့ရတဲ့မကေက “သူနဲ့ဝေးရင် သူနဲ့မနေရရင်ပြီးတာပဲ အဲ့ငရဲခန်းကနေ လွတ်ရင်ပြီးတာပဲ သူ့ကို ဒုက္ခပေးမယ်ဆိုတဲ့စိတ်မျိုး မရှိဘူးလေ၊ အဲ့တော့ ဘယ်သူ့ကိုမှ အကူအညီမတောင်းခဲ့ပါဘူး”လို့ ဆိုပါတယ်။

ကလေးကိုစရိုက်တဲ့အချိန်ကစပြီး လွတ်မြောက်အောင်ကြိုးစားဖို့အတွက် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချနိုင်ခဲ့တယ်လို့ဆိုပါတယ်။

“ကိုယ့်သားသမီးကို ကိုယ့်မျက်စိရှေ့မှာ အဲ့လိုရိုက်တာ မမြင်ချင်ဘူး၊ ဘယ်လောက်နာတယ်ဆိုတာ ကိုယ်သိတယ်၊ ကိုယ့်သားလေးကလဲ ကိုယ့်ကိုအမြဲ သူ့ရှေ့မှာရိုက်နေတာဆိုတော့ သူ့စိတ်ထဲမှာ စိတ်အားငယ်တဲ့စိတ်က ရှိပြီးသား၊ မျက်လုံးပြူပြူးလေး ဒီတိုင်းပဲကြည့်နေတာ၊ အဲ့လိုအနေအထားမှာကလေးကိုပါ ရိုက်တယ်ဆိုတော့ ကလေးမှာ ခိုကိုးရာမရှိဘူး၊ အားကိုးစရာမရှိဘူး၊ ကိုယ်ခံစားရလိုမျိုး ကိုယ့်သားသမီးကိုတော့ မခံစားစေချင်ဘူး”လို့ မကေက သတင်းထောက်ကို ပြောပြပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတဦးက မြန်မာနိုင်ငံရဲ့ အရိုးစွဲနေတဲ့ ဖိုဝါဒကြီးစိုးတဲ့ အတွေးအခေါ်တွေ၊ လုပ်ပိုင်ခွင့်ပါဝါ၊ လူမှုရေးပါဝါတွေ မတူညီတဲ့ အကြောင်းအရာတွေက အိမ်တွင်းအကြမ်းဖက်မှုကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေလို့ သုံးသပ်ပါတယ်။

ဖိုဝါဒကြီးစိုးတဲ့စနစ်ဖြစ်တဲ့ အမျိုးသမီးတွေကို ဒုတိယတန်းစားအဖြစ်ထားတာ၊ အမျိုးသမီးမှန်ရင် အမျိုးသားကို ပြုစုပေးရမယ်၊ အိမ်မှုကိစ္စတာဝန်ယူရမယ်၊ အမျိုးသမီးဆိုတာ ခေါင်းဆောင်နေရာ မဟုတ်ဘဲနဲ့ ခေါင်းဆာင်ကို ပံ့ပိုးပေးရမယ်ဆိုတဲ့ ထုံးတမ်းစဉ်လာကြီးစိုးတဲ့ အတွေးအခေါ်တွေက အကြမ်းဖက်မှုကိုဖြစ်စေတဲ့ ကိစ္စရပ်လို့ ပြောလို့ရတယ်လို့ သူကသုံးသပ်ပါတယ်။

ဖိုဝါဒကြီးစိုးတဲ့ကိစ္စလို့ ပြောတဲ့အခါမှာ အမျိုးသားတွေချည်းမှာပဲ အဲ့ဒီအတွေးအခေါ်တွေ အယူအဆတွေက ကြီးစိုးနေတာ မဟုတ်ဘဲနဲ့ တချို့အမျိုးသမီးတွေ ကိုယ်တိုင်မှာလည်း ဒီအတွေးအခေါ်ရဲ့ လွဲမှားမှုကို ခံနေရတာမျိုးတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

“အမျိုးသားက အမျိုးသမီးကို အကြမ်းဖက်တာ ပိုများတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးအချင်းချင်း တိုင်ပင်ကြတဲ့ အခါတောင်မှ ပြောနေကျစကားရှိတယ်၊ သူတို့လင်မယားအချင်းချင်းပဲ စိတ်ဆိုးတုန်းခဏလေးဖြစ်သွားတာပါ၊ ဒီလိုကိစ္စမျိုးတွေကို သူများကို လိုက်ပြောနေမယ်ဆို နင်တို့မိသားစုပဲသိက္ခာကျမှာ၊ နင့်ယောကျာ်းပဲသိက္ခာကျမှာ အဲ့လိုပြောတဲ့ကိစ္စမျိုးတွေဟာ ဖိုဝါဒရဲ့လွှမ်းမိုးမှုကို အနည်းနဲ့အများ ခံရတဲ့ကိစ္စမျိုး လို့ပြောလို့ရတယ်”လို့ ဆိုပါတယ်။

အမျိုးသမီးတွေဟာလည်း အကြမ်းဖက်မှုတွေ ခံရပြီဆိုတဲ့အခါမျိုးမှာ သူတို့ရဲ့ ဥပဒေအခွင့်အရေးတွေကို မသိနေတာ မျိုးတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

အိမ်တွင်းအကြမ်းဖက်မှု၊ ချစ်သူဟောင်းဆီမှာ အဓမ္မပြုကျင့်ဖို့ကြိုးစားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ငယ်ရွယ်သူတဦးဖြစ်သူ မမီးမီးကတော့ ဥပဒေအရ အကူအညီတောင်းဖို့ မဆိုထားနဲ့ ရင်းနှီးသူ တစုံတယောက်ကို ဒီအကြောင်းတွေပြောပြဖို့ ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။

ရာဇသတ်ကြီးအရ ပုဒ်မ ၃၂၃၊ ၃၂၅၊ ၃၂၄၊ ၃၂၆ ဆိုတဲ့ပုဒ်မတွေမှာ မည်သူတဦးတယောက်မျှ တခြားသူတဦးတယောက်ကို နာကျဉ်အောင်လုပ်ပိုင်ခွင့်မရှိဘူးဆိုတဲ့ ပြဌာန်းချက်တွေရှိပြီး ရရှိတဲ့ဒဏ်ရာအတိမ်အနက်အပေါ်မှာ မူတည်ပြီး ထောင်ဒဏ် ၁နှစ်ကနေ နှစ် ၂၀ အထိလည်းချမှတ်ခြင်း ခံရနိုင်တယ်လို့ အထက်ပါရှေ့နေကရှင်းပြပါတယ်။

“ဒီလိုပြသနာဖြစ်လို့ ဥပဒေကိစ္စလည်းသိတယ်၊ လာပြီးတော့ အကူအညီတောင်းတယ်ဆိုရင်တောင် ကျွန်တော်တို့ တွေ့ကြုံရတာက ကျွန်မကို နောက်ကျမရိုက်အောင်ကူညီပေးပါ၊ ကျွန်မယောကျ်ား မရိုက်အောင်လုပ်ပေးပါလို့ ပြောတာ ပိုများပါတယ်၊ မည်သူတဦးတယောက်ကမှ ကိုယ့်ယောက်ျားကို ထောင်ချချင်တယ်ဆိုတာ မရှိကြဘူး”လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။

အမျိုးသမီးတွေဟာ ငယ်ငယ်ကတည်းက မိဘရင်ခွင်မှာ မှီခိုပြီးကြီးပြင်းလာရတာ၊ အိမ်ထောင်ကျတဲ့ အခါလည်း ခင်ပွန်းကို မှီခိုရတာ၊ တသက်လုံး မှီခိုသူအဖြစ်နဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ပုံသွင်းခံရပြီး ကြီးပြင်းလာခဲ့ရတဲ့အခါ အကြမ်းဖက်မှုတွေ ကြုံရလို့ အိမ်ထောင်ရေးထဲက ရုန်းထွက်မယ်ဆိုရင်တောင် ကလေးတွေကို ပြုစုပျိုးထောင်ဖို့၊ တကိုယ်ရည် ရပ်တည်ဖို့ ငွေကြေးအခက်အခဲ၊ ပတ်ဝန်းကျင်ရဲ့ လူမှုရေးဖိအားတွေက အမျိုးသမီးတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဥပဒေရေးရာ အဖွဲ့အစည်းတွေဟာ အိမ်တွင်းအကြမ်းဖက်မှုတွေကို ကူညီပေးနေကြပေမယ့် တကယ့်ဇစ်မြစ်ဖြစ်တဲ့ ဖိုဝါဒကြီးစိုးတဲ့ အယူအဝါဒတွေ မပျောက်ဘဲ ရှိနေဦးမယ်ဆိုရင် ဒီပြသနာတွေက ထပ်ပြီးရှိနေဦးမှာဖြစ်ပြီး၊ ဖြစ်ပွားလာတဲ့ ပြဿနာကိုဖြေရှင်းရင်း မူလဇစ်မြစ်ဖြစ်တဲ့ ဖိုဝါဒကြီးစိုးတဲ့ပြသနာကို ပြုပြင်ပြောင်းလဲပေးဖို့၊ အတွေးအခေါ်တွေ ပြောင်းလဲဖို့အတွက် အသိပညာပေးအစီအစဉ်တွေ အများကြီး လုပ်သင့်တယ်လို့ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကူညီပေးရေးအတွေ့အကြုံများစွာရှိတဲ့ ရှေ့နေက မှတ်ချက်ပြုပါတယ်။

အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ မခင်လေးက အမျိုးသမီးတွေအနေနဲ့ အိမ်တွင်းအကြမ်းဖက်မှုကနေ ရုန်းထွက်ဖို့ အတားအဆီးတွေ အမျိုးအမျိုးရှိနိုင်ပြီး၊ အမျိူးသမီးတွေဟာ အိမ်‌ထောင်ဘက်အပေါ်မှာ စီးပွားရေးအားဖြင့်ပဲဖြစ်စေ၊ လူမှုရေးအားဖြင့်ပဲဖြစ်စေ မှီခိုနေရတာတွေ ရှိနိုင်တဲ့အတွက် ကိုယ်ကရုန်းထွက်ချင်ပေမယ့် ကိုယ့်သားသမီးတွေရဲ့ ဘဝရှေ့ရေး၊ စီးပွားရေး အခက်အခဲတွေ ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

“တစုံတခုဖြစ်ခဲ့လို့ သွားပြီးဆွေးနွေးတိုင်ပင်ရင်တောင် ရှေးရိုးစွဲအယူအဆမြင်တဲ့ သူတွေကျတော့ ဒါကလင်သားက ချစ်လို့ရိုက်တာ၊ ဒါနင့်ကိုချစ်လို့ လုပ်တာ၊ နင့်ကိုသဝန်တိုတယ် ဆိုတဲ့ဟာမျိုးနဲ့ ခင်ပွန်းတွေကိုယ်တိုင်၊ အမျိုးသားတွေကိုယ်တိုင်နဲ့ သူ့တို့ရဲ့ မိသားစု၊ ဘေးပတ်ဝန်းကျင်တွေက ပြောလေ့ရှိပါတယ်”လို့ မခင်လေးက သူ့အတွေ့အကြုံပေါ်မူတည်ပြီး ပြောပြပါတယ်။

ဒါဟာ အရိုးစွဲအမြစ်တွယ်နေတဲ့ အယူအဆဟောင်းတခုထဲကနေ ဖောက်မထွက်နိုင်သေးတာဖြစ်တဲ့အတွက် အကြမ်းဖက်မှုကို သွားရောက်တိုင်တန်းပေမယ့်လည်း အရေးယူဖို့ ဝိုင်းဝန်းကူညီဆောင်ရွက်ဖို့ ခဲယဉ်းနေတဲ့ အစဉ်အလာ တခုလို ဖြစ်နေတယ်လို့ မခင်လေးကပြောပါတယ်။

အဲ့လိုအမျိုးသမီးတွေကိုလည်း တချို့သော အိမ်ထောင်ဘက်အမျိုးသားတွေ၊ သူတို့မိသားစုဝင်တွေက အပုပ်ချတာ၊ မလိုတမာ ပြောတာတွေ ရှိနိုင်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ချင်လို့ နောက်လူတွေ့လို့ သို့မဟုတ် ဒီယောကျာ်းနဲ့ငြီးငွေ့လို့ ဒါကြောင့် ကွဲဖို့အကြောင်းရှာတာ ဆိုပြီးတော့ အကြမ်းဖက်မှုဆိုတဲ့ တကယ်ကြောက်စရာကောင်းတဲ့ အကြောင်းအရာကြီးကိုဖုံးပြီးတော့ ပြောဆိုတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

အခုနောက်ပိုင်း မျိုးဆက်တွေမှာတော့ အိမ်ထောင်ဘက်နဲ့လမ်းခွဲတာ ရှက်စရာမဟုတ်ဘူး၊ အကြမ်းဖက်သူသာ ရှက်ရမှာ၊ အကြမ်းဖက်ခံတဲ့သူက ရှက်စရာမဟုတ်ဘူးဆိုတာကို နားလည်လာပြီး မိသားစုအသိုင်းအဝိုင်းကလည်း ရပ်တည်ပေးတဲ့အခါ အကြမ်းဖက်မှုကနေ ရုန်းထွက်လာနိုင်ပြီး တဦးထဲရှင်သန်ရပ်တည်လာနိုင်တဲ့ သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မခင်လေးပြောတဲ့ အမျိုးသမီးတွေလိုပဲ မကေ၊ မပန်းနွယ်နဲ့ မမီးမီးတို့ဟာ အိမ်တွင်းအကြမ်းဖက်ခံရခြင်းအိပ်မက်ဆိုးကနေ ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ လွတ်မြောက်ဖို့ ကြိုးစားနေကြရတဲ့ အာဂအမျိုးသမီးတွေပဲဖြစ်ပါတယ်။

အရွယ်မ‌ရောက်သေးတဲ့ သားငယ် ၂ယောက်လက်ကိုဆွဲပြီး အိမ်တွင်းအကြမ်းဖက်မှုကနေ ရုန်းထွက်နိုင်ခဲ့တဲ့ အသက် ၃၉နှစ်အရွယ် မကေဟာ ရုပ်ပိုင်းဆိုင်ရာအရဆိုရင် အခုလက်ရှိမှာ စက်ချုပ်ဆိုင်လေးစဖွင့်ပြီး ဘဝရပ်တည်ခဲ့သလို၊ ပန်းထိုးကျွမ်းကျင်တဲ့အတွက် အွန်လိုင်သင်တန်းလေး ဖွင့်ပြီး သင်တန်းနည်းပြအဖြစ် ကိုယ့်ဘဝကိုယ် ရပ်တည်နေနိုင်ပါပြီ။

အတိတ်ဆိုးကနေ ရုန်းထွက်နိုင်ခဲ့ပေမယ့် ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကတော့ အချိန်ကြာလာတဲ့အထိ မပျောက်နိုင်သေးပါဘူး။ လူမှုကွန်ရက်မှာ အိမ်တွင်းအကြမ်းဖက်မှုအကြောင်းအရာတွေတွေ့တိုင်း တယ်လီဖုန်းကို အဝေးမှာထားဖို့ ကြိုးစားရတုန်းပါ။

“ကိုယ်တိုင် နှိပ်စက်ခံရတာ မဟုတ်ဘဲနဲ့ သူများနှိပ်စက်ခံရတာ မြင်တာ၊ ကြားတာ၊ ဖတ်ရတာနဲ့ ကိုယ်ဖြစ်နေသလိုမျိုး ကိုယ့်ဘဝကို ပြန်မြင်ရသလို စိတ်မှာဒဏ်ရာရတယ်”လို့ မကေက ရင်ဖွင့်ပါတယ်။

မပန်းဝေဟာလည်း တခြားသူတွေ အကြမ်းဖက်တဲ့အကြောင်းတွေကြားရင် ကြောက်တာ၊ ညဘက်အိပ်မပျော်တာ၊ အတိတ်ကအကြောင်းတွေ ပြန်ပြောရင် မျက်ရည်ကျတာမျိုးတွေ ခံစားရတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်မှုကနေ ရုန်းထွက်ခဲ့ပြီးနောက် ဈေးရောင်းရင်းရတဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ သူ့ကလေးတွေကို ပညာသင်ကြားပေးနိုင်တဲ့ တကိုယ်တော်မိခင်ဖြစ်နေပါပြီ။

မမီးမီးလို ငယ်ရွယ်သူတယောက်အဖို့တော့ ဒီလို အဆိပ်အတောက် ဆက်ဆံရေးကနေ ရုန်းထွက်ဖို့အတွက် အဓိကအားဖြင့် ငွေကြေးပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စိန်ခေါ်မှု အများကြီး ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုးတွေကြုံတွေ့ခဲ့ရတဲ့အတွက် စိတ်ပိုင်းရုပ်ပိုင်းနဲ့ ပတ်သက်ပြီးတော့ မကြာမခဏ စိတ်ဓာတ်ကျတာမျိုး၊ ပတ်ဝန်းကျင် လူအများကြီးကို ကြောက်တာမျိုး၊ အသံအကျယ်ကြီးတွေဆို မကြားချင်တာမျိုး၊ ကြောက်တာမျိုးတွေ ကြုံခဲ့ရတယ်လို့ မမီးမီးက ဆိုပါတယ်။

သူ့အနေနဲ့ လက်ရှိမှာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့အတွက် စာဖတ်တာ၊ စာရေးတာ၊ တီးလုံးတွေနဲ့ နှစ်သိမ့်တာမျိုးတွေ ပြုလုပ်နေပြီး ကိုယ့်လိုမျိုး အဖြစ်အပျက်တူတဲ့သူတွေကို အကူအညီပေးနိုင်ဖို့ ကိုယ့်ကိုယ်ကို အရင်တည်ဆောက် နေတယ်လို့ ဆိုပါတယ်။

“စိတ်ပိုင်ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လွတ်မြောက်မှုအများကြီး ရရှိခဲ့ပါတယ်၊ ကိုယ့်ကိုယ်ကို ရုန်းထွက်နိုင်တယ်ဆိုတဲ့ စိတ်ကနေ ယုံကြည်မှုတွေလည်း ပြန်ရခဲ့တယ်”လို့ မမီးမီးက ဆိုပါတယ်။

ကိုယ်တိုင်လည်း ငရဲခန်းကနေ လွတ်မြောက်လာခဲ့သလို အိမ်တွင်းအကြမ်းဖက်မှု ကြုံတွေ့နေရတဲ့ တခြားအမျိုးသမီးတွေကိုလည်း ရုန်းထွက်ကြဖို့ မကေက အခုလို သတင်းစကား ပါးပါတယ်။

“ကိုယ့်ကို ဒီယောကျာ်းကမကြင်နာဘူးလို့ ခံစားရလား၊ ကိုယ့်အပေါ် တကယ်မကောင်ဘူးလား ချက်ချင်းလမ်းခွဲပြတ်စဲပြီးတော့ ကိုယ့်ဘဝကိုယ် တည်ဆောက်လိုက်ပါ၊ ကိုယ်အရွယ်ရှိတုန်းမှာ ကိုယ်လုပ်ခွင့်ရှိတုန်းမှာ လုပ်နိုင်တဲ့ဟာမှန်သမျှ အကုန်လုပ်ပြီးတော့ ကိုယ့်ဘဝကိုယ်လှလှ ပပလေး ရပ်တည်ကြပါ”

 

Author: