တကိုယ်ရည်မိခင်ဖြစ်ခြင်းထက် ပိုခက်ခဲတဲ့အရာ

ထနောင်းမေ  

အမျိုးသမီးတွေအဖို့ ခါးသီးတဲ့အိမ်ထောင်ရေးကို ရင်ဆိုင်ကြရတဲ့အခါ လူမှုအသိုင်းအဝိုင်းက သွန်သင် ထားတာက ရုန်းထွက်ဖို့ထက် သည်းခံဖို့ပါပဲ။

“လင်မရှိတဲ့ မယားမတင့်တယ်ဘူး” ၊ “ကလေးတွေမျက်နှာ ထောက်ပါဦး” စတဲ့အကြောင်းပြချက်တွေ ပေးပြီး အမျိုးသမီးတွေကို ဒုက္ခနွံထဲမှာ ဆက်ကျန်စေပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုဒဏ်ခံရလို့၊ ခင်ပွန်းကဖောက်ပြန်လို့၊ တကိုယ်ရည်မိခင်အဖြစ် ဆက်လျှောက်ဖို့ ရွေးချယ်ခွင့်ရှိပေမဲ့ တခါတရံ ကလေးမျက်နှာထောက်ပြီး ကြမ်းတမ်းတဲ့အိမ်ထောင်ရေးလောကဓံကို ခါးစည်းခံနေကြတဲ့မိခင်တွေလည်း ရှိကြပါတယ်။

“ငါ့အပေါ်တော့ မကောင်းပေမယ့် ငါ့ကလေးအပေါ်တော့ ဖခင်ပီသ ပါတယ်လေ”ဆိုပြီး သည်းခံနေတဲ့ အမျိုးသမီးတွေဟာလည်း မြန်မာပြည်မှာ ဒုနဲ့ဒေးပါပဲ။

တဖက်မှာ အိမ်ထောင်ရေးဒုက္ခတောထဲကနေ ရုန်းထွက်နိုင်တဲ့အမျိုးသမီးတွေ ရှိကြပေမယ့်လည်း တကိုယ်ရည်မိခင် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူမှုအသိုင်းအဝိုင်းကသတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ရိုက်ခက်မှုတွေကြောင့် အမျိုးသမီးတွေဟာ မလွတ်လပ်ကြသေးပါဘူး။ 

Single Mother  လို့ခေါ်တဲ့ တကိုယ်ရည်မိခင်လို့ပြောလိုက်ရင်  အကြောင်းကြောင်းကြောင့် ခင်ပွန်း ဖြစ်သူနဲ့လမ်းခွဲလိုက်လို့ဖြစ်စေ၊ အမျိုးသားကသေဆုံးသွားလို့ဖြစ်စေ၊ ချစ်သူအမျိုးသားက တာဝန် မယူလို့ ဖြစ်စေ၊ ရင်သွေးကို တကိုယ်ထဲပြုစုပျိုးထောင်တဲ့ မိခင်ရယ်လို့ လူမှုအသိုင်းအဝိုင်းက အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ထားကြပါတယ်။

တခါတရံ လူမှုပတ်ဝန်းကျင်ရဲ့သတ်မှတ်ထားတဲ့ စံနှုန်းတွေထဲမှာ မိခင်ကောင်း၊ အမျိုးသမီးကောင်း ဆိုတဲ့ တံဆိပ်ကပ်မှုက တကိုယ်ရည်မိခင်တွေအပေါ် ပိုပြီးရိုက်ခိုက်လေ့ရှိပါတယ်။

တကိုယ်ရည်မိခင်ဖြစ်တဲ့အတွက် “အနေအထိုင်ဆင်ခြင်ရမယ်”၊ “သူ့အမေက ဘယ်လိုလေ” ၊ “ကလေး က သူ့အမေနဲ့တူမှာ” စတဲ့တံဆိပ်ကပ်မှုတွေက တကိုယ်ရည်မိခင်တွေအပေါ် ဖိအားတွေပါပဲ။

ဒါတွေအပြင် လူမှုစီးပွားအကြပ်အတည်းတွေကလည်း  တကိုယ်ရည်မိခင်တွေရဲ့ ဘဝကို ပိုမိုခက်ခဲစေပါတယ်

စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာ့စီးပွားရေးဟာ လက်ရှိ ၂၀၂၅ ခုနှစ်ဘဏ္ဍာရေးနှစ်မှာ ၂ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ သုတေသနနဲ့ ခန့်မှန်းချက်တွေ ထုတ်ပြန်နေတဲ့ BMI က ခန့်မှန်းပါတယ်။

မြန်မာပြည်တွင်းပဋိပက္ခတွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ မြန်မာငွေတန်ဖိုး တဟုန်ထိုးကျဆင်းတာ၊ ငွေကြေးဖောင်းပွတာ၊ စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံပြင်ပရွှေ့ပြောင်းတာတွေဟာ မြန်မာပြည် စီးပွားရေးကို ပျက်စီးစေတယ်လို့ BMI က ထောက်ပြထားပါတယ်။

ဒီလိုအဘက်ဘက်က အကြပ်အတည်းတွေ တိုးပွားလာတာနဲ့အမျှ  တကိုယ်ရည်မိခင်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေဟာလည်း လူမှုစီးပွားအခက်အခဲတွေကို တစတစ ရင်ဆိုင်လာကြရပါတယ်။  

ကိုယ်ဝန်တခု ဖြစ်တည်လာတာဟာ အမျိုးသမီးတဦးထဲကြောင့်သာမဟုတ်ပဲ အမျိုးသားနဲ့ အမျိုးသမီး ၂ဦးပေါင်းစပ်မှသာ အောင်မြင်လာတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူမှုအသိုင်းအဝိုင်းမှာတော့ အမျိုးသမီးတဦးက အိမ်ထောင်မပြုရသေးဘဲ ကိုယ်ဝန်ရလာရင် အမျိုးသမီးကိုသာ ဦးစားပေး အပြစ် တင်တတ်ကြပါတယ်။ အမျိုးသားဖြစ်သူက ကိုယ်ဝန်ကိုတာဝန်မယူဘဲ ခေါင်းရှောင်ထွက်ပြေးသွားတဲ့ အခါမှာလည်း အမျိုးသမီးတွေကိုသာ အပြစ်ဖို့လေ့ရှိကြပါတယ်။ တာဝန်မယူတဲ့ယောကျာ်းကို အပြစ် ပြောဆိုတာက ဒုတိယသာ ဖြစ်ပါတယ်။  

“အနေအထိုင်မှမတတ်ဘဲ” ၊ “အစထဲက ကလေးမရအောင်နေရမှာပေါ့” ၊ “အပျိုစင်ဘဝကို တန်ဖိုး မထားဘူး” စသဖြင့် ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကို အမျိုးသမီးတွေက အများဆုံး ရင်ဆိုင်ကြရ ပါတယ်။

ဒါ့အပြင် ဖခင်မရှိဘဲ ကိုယ်ဝန်ရတဲ့အတွက် မိသားစုက လက်မခံတာ၊ ပတ်ဝန်းကျင်ကဲ့ရဲ့မှာစိုးတဲ့ အတွက် မိသားစုကိုယ်တိုင်က စွန့်ပစ်တာဖြစ်စေ၊ ကလေးမွေးပြီးရင်မွေးစားဖို့ပေးရမယ်၊ အဲ့ဒါမှ မိသားစုထဲမှာ ဆက်ထားမယ် ဆိုတဲ့ မိသားစုရဲ့ဖိအားတွေကိုဖြစ်စေ အဲဒီအမျိုးသမီးတွေဟာ  ထပ်ဆင့် ရင်ဆိုင်ကြရပါတယ်။

ရှေးရိုးစွဲအယူအဆတွေအရလည်း “လင်မရှိတဲ့မယားမတင့်တယ်” ဆိုတဲ့ စကားပုံ ဆိုရိုးတွေအတိုင်း မိခင်တဦးထဲက ကလေးကိုပြုစုပျိုးထောင်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့ အမြင်တွေလည်းရှိကြပါတယ်။

တကိုယ်ရည်မိခင်ဆိုတာနဲ့ တခြားသူတွေနဲ့မတူဘူးဆိုတဲ့ အမြင်တွေနဲ့ လူမှုအသိုင်းအဝိုင်းက ရှုမြင်တတ် ကြပါတယ်။

မြန်မာပြည်မှာ တိတိကျကျကောက်ယူထားတဲ့ အချက်အလက် အထောက်အထားတွေ အားနည်း ပေမယ့် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မွေးကင်းစကလေးစွန့်ပစ်မှုတွေကို သတင်းမီဒီယာတွေ၊ လူမှုကွန်ရက်တွေပေါ်က လူမှုကူညီရေးအသင်းစာမျက်နှာတွေပေါ်မှာ သက်သေအဖြစ် မကြာခဏ တွေ့လာရပါတယ်။ 

“ဒီကလေးကိုမွေးပြီးရင် မွေးစားတဲ့ဆီပေးချင်ပါတယ်” ၊ “ကလေးကိုမွေးချင်တဲ့သူရှိရင် ဆက်သွယ် ပေးပါ” စတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတချို့နဲ့ မွေးကင်းစကလေးမိခင်အချို့၊ ကလေးမိခင်တချို့ရဲ့ အင်တာဗျူးဖြေကြားချက်တွေကိုလည်း ခပ်စိပ်စိပ်တွေ့လာရတယ်။

ဒီလိုအင်တာဗျူးတွေ ဖြေကြားတဲ့ ကလေးမိခင်အများစုဟာ သူတို့ရဲ့ချစ်သူအမျိုးသားက ကိုယ်ဝန်ရ ပြီးမှ ထားသွားတာ၊ အိမ်ထောင်ရှိအမျိုးသားနဲ့ချစ်ကြိုက်မိပြီး ကိုယ်ဝန်ရသွားတဲ့အတွက် တာဝန် မယူတာ၊ ခင်ပွန်းဖြစ်သူက ဖောက်ပြန်သွားတာ၊ အိမ်တွင်းအကြမ်းဖက်မှုခံရတာ၊ စီးပွားရေး အဆင်မပြေတာ စတဲ့အကြောင်းတွေ ကြုံတွေ့နေကြရတာကို သတိပြုမိပါတယ်။

စီးပွားရေးအဆင်မပြေမှုအပြင် လူမှုရေးဖိအားတွေကလည်း တကိုယ်ရည် မိခင်အမျိုးသမီးတွေအပေါ် ဝန်ပိစေတာကို ဒီဖြစ်ရပ်တွေမှာ တွေ့မြင်ရပါတယ်။

ဒါ့အပြင် တကိုယ်ရည်မိခင်တွေကိုခွဲခြားဆက်ဆံတာ၊ လုပ်ငန်းခွင်မှာ၊ လူမှုအသိုင်းအဝိုင်းမှာ အမျိုးသား အချို့ရဲ့ ထိကပါးရိကပါးကို ခံရတာ စတဲ့အဖြစ်အပျက်တွေကိုလည်း ဒီအမျိုးသမီးတွေ ကြုံတွေ့ နေကြ ရပါတယ်။

အများအားဖြင့် အလုပ်တွေမှာ အင်တာဗျူးမေးတဲ့အခါ အိမ်ထောင်ရှိလား၊ ကလေးရှိလားစသဖြင့် မေးတတ်ကြပါတယ်။ ကလေးငယ်ရှိတဲ့မိခင်ဆိုရင် အလုပ်ရှင်တွေက အလုပ်မခန့်ချင်ကြပါဘူး။ ဒီအထဲမှာမှ ကိုယ်ခွဲမရှိတဲ့ တကိုယ်ရည်မိခင်တွေဆိုရင် အလုပ်ရဖို့ပိုခက်တယ်လို့ Single Mother တချို့ရဲ့ ရင်ဖွင့်စကားတွေအရ သိရပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် တရားဥပဒေစိုးမိုးမှုမရှိတဲ့ လက်ရှိကာလမှာ  အမျိုးသမီးတွေအတွက် တရားဥပဒေလမ်းကြောင်းအရ တိုင်ကြားနိုင်မယ့် အခြေအနေတွေကလည်း အရင်ကထက် ပိုပြီး အားနည်းနေပါတယ်။  

ဥပဒေပြဌာန်းချက်တွေ၊ ပုဒ်မတွေရှိပေမဲ့ စစ်အာဏာသိမ်းမှုအောက်မှာ အမျိုးသမီးတွေဟာ ဥပဒေရဲ့ အကာအကွယ်ရဖို့ အလွန်အားနည်းတဲ့အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဒါ့အပြင်စစ်အာဏာသိမ်းမှုကြောင့်  အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းတွေဟာလည်း စစ်အုပ်စုရဲ့ အန္တရာယ်ကြောင့် ပြည်တွင်းမှာ ပေါ်ပေါ်ထင်ထင် ရုံးမစိုက်နိုင် တော့တဲ့အခါ မုဒိမ်းမှုတွေ၊ အိမ်တွင်း အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး လိုက်ပါကူညီ ဆောင်ရွက် ပေးနိုင်မယ့် အခြေအနေက ဝေးသထက်ဝေးနေပါတယ်။  

အရပ်သားအစိုးရလက်ထက်၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ အားကောင်းခဲ့စဉ်ကာလတွေမှာတုန်းက ဆိုရင်  မြန်မာပြည်ရဲ့ နာမည်ကြီး မင်းသား၊ အဆိုတော်၊ သရုပ်ဆောင်တို့ကို သူတို့ရဲ့ချစ်သူ အမျိုးသမီး တွေက ကာမလိမ်လည်မှုနဲ့တရားစွဲခဲ့တဲ့ဖြစ်စဉ် နမူနာကောင်းတွေ ရှိခဲ့ဖူးပါတယ်။

နစ်နာသူအမျိုးသမီးတွေအပေါ် ခွဲခြားအပြစ်တင်တတ်တဲ့ ရှေးရိုးစွဲအယူအဆတွေကို လက်ခံကျင့်သုံး နေပြီး တရားဥပဒေစိုးမိုးမှုအားနည်းတဲ့ လက်ရှိနိုင်ငံ အခြေအနေမှာ တရားမဝင်ကိုယ်ဝန်ဖျက်ချမှု ကြောင့် အသက်ဆုံးရှုံးတာတွေ၊ မွေးကင်းစ ကလေးစွန့်ပစ်မှုတွေက ဆက်လက်ဖြစ်ပွားနေမှာပဲ ဖြစ်ပါ တယ်။

ဒါကြောင့် တကိုယ်ရည်မိခင်တွေနဲ့ အမျိုးသမီးတွေအပေါ်ခွဲခြားတဲ့ အယူအဆတွေပပျောက်ဖို့အတွက် အတွေးအခေါ်တွေပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ပါတယ်။  

ကာမလိမ်လည်မှုတွေ၊ အဓမ္မမှုတွေနဲ့ပတ်သက်ပြီး တရားဥပဒေရဲ့ အကာအကွယ် အပြည့်အဝ မရနိုင် သေးရင်တောင် အယူအဆဟောင်းတွေနဲ့ အမျိုးသမီးတွေကို ဖိနှိပ်နေတဲ့အတွေးအခေါ်တွေကို ဖယ်ရှားသင့်ပြီဖြစ်ပါတယ်။

မျိုးဆက်ပွားကျန်းမာရေးနဲ့ လိင်ပိုင်းဆိုင်ရာအသိပညာပေးမှုတွေကို တနည်းမဟုတ်တနည်း လူထုကြား ထဲ ပြန့်နှံ့အောင် ဘယ်လိုဆောင်ရွက်သင့်လဲဆိုတာ တော်လှန်ရေးလုပ်ငန်းတွေနဲ့အတူ စဉ်းစားသင့်တဲ့ အချိန်ကာလလည်းဖြစ်ပါတယ်။

တကိုယ်ရည်မိခင်ဖြစ်တယ်ဆိုတာ အပြစ်မဟုတ်ပါဘူး။ အမျိုးသမီးတယောက်ကို တကိုယ်တည်း ကလေးမွေးမြူရတဲ့အခြေအနေထိ တွန်းပို့ပြီးမှ သူ့ကိုပဲ ပြန်လည်အပြစ်တင်နေတဲ့ လူမှုအယူအဆတွေ ကသာ ပြောင်းလဲရမယ့်အရာဖြစ်ပါတယ်။