ပလက်ဝမြို့နယ်မှာ အသက်မပြည့်သေးသူကို ၃ကြိမ်တိုင် အဓမ္မပြုကျင့်ပြီး ထွက်ပြေးနေတဲ့ အမျိုးသား ဖမ်းမိ

သန့်ရှင်းထွန်း
မောင်တော

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒလက်ကိုင်းကအသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို ၃ကြိမ်တိုင် အဓမ္မပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားကို အာရက္ခတပ်တော်(AA)ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဌာနက (DLEPS) ၁၀ရက်အကြာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူဟာ အသက် ၄၆ နှစ်အရွယ် ဦးထွန်းလှိုင်ဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့က ရွာထဲမှာလမ်းလျှောက်နေတဲ့ မိန်းကလေးငယ်ကို ရွာမြောက်ဘက်တောစပ်ကို အတင်းဆွဲခေါ်ပြီး ၃ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့တာလို့ မိန်းကလေးငယ်ရဲ့ မိသားစုဝင်တဦးက HI – Honest Information ကို ပြောပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူဖို့ အာရက္ခတပ်တော်(AA)ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဌာနကို တိုင်တန်းခဲ့ပေမယ့် ဦးထွန်းလှိုင်ဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့တယ်လို့ DLEP ရဲ့ မှတ်တမ်းတွေမှာ ရေးသားထားပါတယ်။

ဒါပေမယ့် ပြစ်မှုကျူးလွန်သူကို DLEPS အဖွဲ့က ရှာဖွေဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်သူကို နိုဝင်ဘာ ၁၉ ရက် ညအချိန်က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ DLEPS ရဲ့ မှတ်တမ်းမှာ ပါရှိပါတယ်။

လက်ရှိမှာ ပြစ်မှုကျူးလွန်သူကို DLEPS ဌာနက အမှုအမှတ်(ပ)၄၆ /၂၀၂၅၊ ပြစ်မှုပုဒ်မ- ၃၇၆ နဲ့ အမှုဖွင့်လှစ်ထားပြီး မိန်းကလေးငယ်ကိုတော့ ဆေးစစ်ချက်ယူထားတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ဒါနဲ့ပတ်သက်လို့ အမြန်ဆုံးစီရင်ပေးဖို့ AA စစ်ဦးစီးချုပ်ရဲ့ ဇနီးက သူ့ရဲ့ လူမှုကွန်ယက်ရက်စာမျက်နှာ ဖေ့စ်ဘုတ်ကနေ မကြာခဏတိုက်တွန်း တောင်းဆိုနေတာတွေ့ရပါတယ်။

    Author: