တော်လှန်ရေးနယ်မြေထဲက အသံတိတ်သွားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ
ဒေဝီ
စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေကြတဲ့ မြန်မာပြည်က ပဋိပက္ခဒေသတွေမှာ တော်လှန်ရေး တပ်ဖွဲ့ဝင်တချို့ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကစလို့၊ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှုဖြစ်စဉ်တွေက တစတစနဲ့ အရေအတွက် များလာသလို ကျူးလွန်သူတွေကို ထိရောက်တဲ့အရေးယူမှုပြုဖို့ အသံတွေလည်း ခပ်စိပ်စိပ်ထွက်ပေါ်လာတယ်။
၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာပြည်သားတွေရဲ့ ကာလတန်ဖိုးအမြင့်ဆုံးစံနှုန်းက အာဏာရှင်တော်လှန်ရေးဖြစ်လာခဲ့ပြီး၊ တော်လှန်ရေးနဲ့ ချိန်ထိုးစဉ်းစားပြီး တိုင်းပြည်ရဲ့ တခြားသော ဘယ်လို အရေးကိစ္စမျိုးကိုမဆို နောက်ချန်စဉ်းစားရမယ့်ကိစ္စတွေဖြစ်သယောင်၊ တန်ဖိုးနိမ့်သယောင်၊ ဖြစ်ခဲ့စေပါတယ်။
တော်လှန်ရေးက အရေးအကြီးဆုံး ရည်မှန်းချက်ဖြစ်နေတဲ့အတွက် ကျန်တဲ့အရေးကိစ္စတွေကို တော်လှန်ရေးပြီးမှ ခရီးဆက်မယ်လို့ တွေးတောကြ၊ ထုတ်ပြောကြ၊ လက်တွေ့ကျင့်ကြံနေကြတဲ့ ဖြစ်ရပ်တွေထဲ တော်လှန်ရေးဒေသကအမျိုးသမီးတွေနဲ့ တော်လှန်ရေးရဲဘော်ရဲဘက်ချင်းအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေ ပါဝင်နေခဲ့ပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ကထုတ်ပြန်တဲ့ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစာတမ်းမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီ ကနေ ၂၀၂၅ မေလအထိ ကောက်ယူရရှိခဲ့တဲ့ စာရင်းအရ နိုင်ငံတဝှမ်း ပဋိပက္ခနဲ့ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စုစုပေါင်း ၉၆၃ မှု၊ ကရင်နီပြည်နယ်က အကြမ်းဖက်မှု ၃၆၅ မှုနဲ့ ကျူးလွန်ခံရမှု အများဆုံး ပြည်နယ်တခုဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၃၄၉ ခု၊ ရှမ်းပြည်နယ်မှာ ၁၀၂ ခု၊ တနင်္သာရီတိုင်းမှာ ၂၇ ခု၊ ချင်းပြည်နယ်မှာ ၁၉ ခု လို့ဖော်ပြထားတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ စာရင်းအရ ၂၀၂၁ ကနေ ၂၀၂၄ အထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ပတ်သတ်လို့ ၂၅၆ မှု တိုင်ကြားချက်ရှိခဲ့ပြီး၊ စစ်တပ်ဘက်က ကျူးလွန်တဲ့အမှု ၂၁၈ မှု၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ၊ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့အမှုက ၁၇ မှုနဲ့ အရပ်သားကျူးလွန်မှုက ၃၀ ဝန်းကျင်ရှိတယ်လို့ ဖော်ပြထားတယ်။
ကျူးလွန်မှုတွေကို စစ်ကောင်စီတပ်အပြင် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့တွေကြားမှာလည်း တွေ့ရပြီး အမျိုးသမီး၊ မိန်းကလေးငယ်၊ လိင်စိတ်ခံယူမှု မတူကွဲပြားတဲ့ LQBTQIA + နဲ့ သက်ကြီးရွယ်အို စတဲ့ ထိလွယ်ရှလွယ်သူတွေအပေါ် ပစ်မှတ်ထားခံရတာဖြစ်ပါတယ်။
ကျူးလွန်ခံရသူတွေမှာ တရားမျှတမှုရဖို့အတွက် စစ်ကောင်စီရဲ့ တရားစီရင်ရေးစနစ်ကို အားကိုးမရသလို၊ တော်လှန်ရေးဒေသတွေက ဖြစ်စဉ်တွေမှာလည်း တရားမျှတမှုမရကြဘဲ အားကိုးရာမဲ့ဖြစ်နေဆဲ အခြေအနေတွေကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ ( LPDF) တခုဖြစ်တဲ့ ဗိုလ်လင်းမြွေကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တဦးဟာ ၁၁နှစ်အရွယ် စစ်ဘေးရှောင် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တာကြောင့် ကျူးလွန်သူကို သေဒဏ်ပေးဖို့ ဒေသခံတွေက ဒီကာလမှာ ဆန္ဒပြနေကြပါတယ်။
အလားတူ ကန့်ဘလူဖြစ်စဉ်ဆိုလည်း အချုပ်ခန်းထဲထိန်းသိမ်းထားတဲ့ အကျဉ်းသူအချို့ကို ပကဖ တာဝန်ခံက မုဒိမ်းမှုကျူးလွန်ခဲ့တာကြောင့် NUG တရားရေးကို တိုင်ကြားခဲ့ပေမယ့် တနှစ်ကျော်လောက် အရေးမယူဘဲရှိနေရာက လွတ်လပ်တဲ့သတင်းမီဒီယာတွေမှာ ပြန်လည်ဖော်ပြလာမှ လူတွေကြားပျံ့နှံ့သွားလို့ ဖမ်းဆီးတာတွေ၊ အရေးယူမှုရှိတယ်ဆိုတာ ဖြစ်ခဲ့ပါတယ်။
အဲဒီကျူးလွန်မှုက ၂၀၂၃ခုနှစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အပြစ်ပေးမှု၊ စစ်ဆေးအရေးယူမှုတွေ မရှိခဲ့တာကြောင့် တနှစ်ကျော်ကြာ အသံပျောက်နေရာက ၂၀၂၅ ခုနှစ် နှစ်စပိုင်းမှာ ပြန်လည်ပျံ့နှံ့လာတာပဲ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်က ဒေသခံအမျိုးသားတဦးဖြစ်တဲ့ ကိုမြတ်က “မနှစ်က မင်းကင်းမှာဖြစ်တဲ့ မုဒိမ်းမှုဆိုလည်း ဇာတ်တူသားချင်း၊ တပ်ဖွဲ့ဝင်အချင်းချင်းကို တာဝန်ခံက ကျူးလွန်လို့ တိုင်ပေမယ့် အခုထိကျူးလွန်သူက တာဝန်ခံအဖြစ် ရှိနေတုန်းပဲ၊ ဘယ်မလဲ တရားမျှတမှုက” လို့ မေးခွန်းထုတ်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးတဲ့ ဒေသတချို့က အမျိုးသမီးတွေဟာ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေ ကြုံတွေ့နေရပြီး အာဏာသိမ်းစစ်တပ်ရဲ့ ကျူးလွန်မှုအပြင် တော်လှန်ရေးနယ်ပယ်က သူတွေကပါကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုပါ ထပ်တိုးကြုံတွေ့နေရတယ်ဆိုတာ အဲဒီဖြစ်စဉ်တွေက သက်သေပြနေပါတယ်။
ဒါက အမှားကို ထောက်ပြပြောဆိုရဲတဲ့ လွတ်လပ်တဲ့သတင်းမီဒီယာ၊ အင်တာနက် လက်လှမ်းမီမှုနဲ့ မြေပြင်အခြေအနေကို ထုတ်ဖော်ပြောဆိုရဲတဲ့ ပြည်သူတွေရဲ့ သတ္တိတွေကြောင့်သာ ပေါ်ထွက်လာတဲ့ သတင်းတွေဖြစ်ပြီး၊ အင်တာနက်ပြတ်တောက်နေတဲ့ ဒေသတွေ၊ အမျိုးသမီးနဲ့ ပြည်သူ့အသံတွေကို ထုတ်ဖော်ခွင့် မရတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေ ရှိနေဆဲဖြစ်ပါတယ်။
အလားတူ ဖြစ်စဉ်မျိုးတွေဟာ သာမာန်အမျိုးသမီးတွေသာမက တော်လှန်ရေး ရဲမေအချို့ ကိုယ်တိုင်လည်း တပ်ဖွဲ့ဝင်အချင်းချင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်စော်ကားမှုတွေလည်း ကြုံတွေ့နေကြရတယ်လို့ ကာယကံရှင်တွေဆီက သိရပါတယ်။
ပန်းတိုင်အရွေ့တခုကို အတူတကွသွားနေကြတဲ့ ရဲဘော်ရဲဘက်၊ မိတ်ဆွေအချင်းချင်း မပစ်မှားအပ်တဲ့ အရာတွေ၊ ကာကွယ်စောင့်ရှောက်ရမယ့်အစား၊ အသားယူ ထိပါးနှောက်ယှက်မှုတွေဟာ တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ခပ်စိပ်စိပ်ဖြစ်လာတာက ငြင်းဆိုမရနိုင်တဲ့အချက်လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဆုမေက ထောက်ပြပြောဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာအမှုအခင်းတွေကို နစ်နာသူတွေ၊ မတရားမှုကို လက်မခံနိုင်သူတွေက ထုတ်ဖော်ပြောဆိုလာကြပေမယ့်လည်း ကျူးလွန်ခံရသူကို ပြန်လည်ချိန်းခြောက်တာ၊ အချင်းချင်း ဖုံးကွယ်ပေးတာ၊ ထိရောက်တဲ့အရေးယူမှု မရှိတာတွေကြောင့်လည်း ထုတ်ဖော်ပြောဆိုသံတွေ ဟာ အသံတွေက တိုးတိတ်ပျောက်ကွယ်သွားရလေ့ရှိပါတယ်။
ဒီလိုဖြစ်ရပ်မျိုး ကြုံလာတဲ့အခါမှာ အများစုက တော်လှန်ရေးအရွေ့တခုကို ထိခိုက်ပျက်စီးမှာ မလိုလား တဲ့အတွက် တိုးတိုးတိတ်တိတ် ဖုံးဖိပေးတာ၊ နိုင်သလောက်ဖြေရှင်းတာတွေ ပြုလုပ်ခဲ့ပေမယ့် ဒီအပေါ် အခွင့်ကောင်းယူသူတွေက မိမိလုပ်ရပ်အပေါ် အပြစ်ရှိတယ်လို့မခံယူပဲ ရှေ့ဆက်တိုးတာတွေလည်း တွေ့ရတယ်လို့ မဆုမေက သူကိုယ်တိုင်တွေ့ကြုံခံစားရဖူးတဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး ပြောပြ ပါတယ်။
အခြားတဖက်မှာလည်း ဒီလိုထုတ်ဖော်ပြောဆိုမှုတွေကို အခွင့်ကောင်းယူပြီး စစ်တပ်ဘက်က ပြန်လည် ဝါဒဖြန့်တာမျိုးတွေရှိတဲ့အခါ တော်လှန်ရေးနယ်ပယ်ကလူတွေကိုယ်တိုင်က ထုတ်ဖော်ပြောသူတွေဘက် မျှားဦးလှည့်အပြစ်ဆိုတဲ့အတွက် နစ်နာသူတွေမှာ ကျူးလွန်လည်းခံရ၊ အပြစ်လည်းဆိုခံရနဲ့ အကြိမ်ကြိမ် နစ်နာနေရတယ်လို့ မဆုမေက ထောက်ပြပြောဆိုပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF) ဂျန်ဒါ တန်းတူညီမျှရေးဌာန၊ ဌာနမှုး မူအန်နာက ပဋိပက္ခနယ်မြေတွေက လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့ ကျူးလွန်တဲ့ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေ များလာခြင်းဟာ တော်လှန်ရေးသက်တမ်း ကြာရှည်လာတာနဲ့အမျှ လက်နက်ကိုင် တော်လှန်ရတဲ့မူလ ရည်ရွယ်ချက် ပျောက်ဆုံးလာပြီး စစ်တပ်လိုမျိုး အာဏာရှင်ဆန်တဲ့ အကျင့်စရိုက်တချို့ ကူးစက်လာတယ်လို့ HI – Honest Information ကို ပြောပါတယ်။
ဖိုဝါဒကြီးစိုးတဲ့ ဓလေ့ထုံးတမ်းမှာ စစ်ဝါဒပါ ထပ်လောင်းအားဖြည့်လိုက်တဲ့အခါ အမျိုးသားတွေ၊ လက်နက် ကိုင်ထားသူ၊ အာဏာရှိသူတွေသာ အရေးကြီးပြီး အမျိုးသမီးနဲ့ ကလေးတွေကို အသုံးချခံအနေနဲ့ ရှုမြင်ကာ ဒါကို စစ်တပ်က နှစ်ကာလရှည်စွာ ကျူးလွန်နေမှုကို တော်လှန်ရေးဘက်တော်သားတွေက ထပ်တူလုပ်ဆောင် နေတာက စိတ်မကောင်းစရာလို့ သူကဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေမှာ တပ်ရင်းတပ်ဖွဲ့အလိုက် ဉပဒေ၊ မူဝါဒ ချမှတ်ထားတာတွေ ရှိပေမယ့် ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်မှုမျိုး မတွေ့ရဘဲ၊ အများစုက စစ်ရေး၊ နယ်မြေစိုးမိုးမှုက အရေးကြီးပြီး အမျိုးသမီးအရေး၊ ဂျန်ဒါအရေး နောက်ရောက်နေတဲ့ သဘောမျိုးယူဆထားကြတာကို မြေပြင်မှာ ကိုယ်တိုင်ကြုံတွေ့နေသူတွေရဲ့ မှတ်ချက်တွေ၊ သုံးသပ်ချက်တွေအရသိရှိရပါတယ်။
လိင်ပိုင်ဆိုင်ရာ ကျူးလွန်မှုတွေနဲ့ပတ်သတ်လို့ တပ်ဖွဲ့အလိုက် ကျင့်ဝတ်စည်းကမ်းတွေ၊ NUG လက်အောက်ခံ တပ်ရင်းတွေမှာလည်း လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အနှောင့်အယှက်ပေးခြင်းနှင့် အလွဲသုံးစားမှုမှ ကာကွယ်စောင့်ရှောက်ခြင်း (PSHEA)လို မျိုးမူဝါဒတွေ ရှိနေပေမယ့်လည်း ပြစ်မှုပြစ်ဒဏ်ပေးဖို့ အားနည်းတာတွေကြောင့်လည်း ကျူးလွန်သူတွေက လွတ်မြောက်ခွင့်ရနေကြဆဲ ဖြစ်ပါတယ်။
စစ်ကိုင်းဒေသက စစ်ရှောင်တဦးဖြစ်တဲ့ မသူသူက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျုးလွန်မှုကိုခံရတဲ့အခါ အသံမထွက်ရဲကြသလို၊ နောက်အမျိုးသမီးလေးတွေ ကိုယ့်လိုမဖြစ်ရအောင် အရဲစွန့်ပီး ပြောတဲ့အခါမှာလည်း တရားမျှတမှု မရတဲ့အခါ အရှက်ရတာပဲ အဖက်တင်တယ်လို့ သူ့အတွေ့အကြုံအရ ပြောပြပါတယ်။
မသူသူတယောက် သိထားတဲ့ ဖြစ်ရပ်တခုအရဆိုရင် မုဒိမ်းမှုကျူးလွန်ခံရပြီး အကြမ်းဖက်ခံရတဲ့ဒေသက စစ်ရှောင်အမျိုးသမီး တဦးဟာ တာဝန်ရှိအဖွဲ့တွေကို တိုင်ကြားတာ၊ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ထုတ်ဖော်ပြောမှုတွေလုပ်ခဲ့ပေမယ့် နောက်ဆုံးတော့ မရေမရာ အခြေအနေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။
“ဘယ်အဖွဲ့အစည်းကဖြစ်လို့ ဘယ်လူကြီးသား၊ ဘယ်သူ့ တူမို့လို့နဲ့ သူတို့အချင်းချင်း ကာကွယ်သွားကြတာ
ပါပဲ “ လို့ မသူသူက ထုတ်ပြောပါတယ်။
တော်လှန်ရေးနယ်မြေတွေထဲက အာဏာအလွဲသုံးစားပြုနေတဲ့ လက်နက်ကိုင်တချို့ဆီမှာ မုဒိမ်းမှုတွေ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်တာတွေခံရပေမယ့်လည်း ကျူးလွန်သူက လက်နက်ကိုင်ထားသူဖြစ်တော့ ကိုယ့်လုံခြုံရေးစိုးရွံ့ရတာ၊ တိုင်ကြားပြန်တော့လည်း အရေးယူခံရဖို့က အလှမ်းဝေးနေတော့ ကျူးလွန်ခံရသူတွေမှာ လူသိရှင်ကြားဖြစ်ပေမယ့်နဲ့ တရားမျှတမှုရဖို့ ဝေးနေဆဲဖြစ်တယ်ဆိုတာ လက်တွေ့ကြုံနေကြရသူတွေရဲ့ ထုတ်ဖော်ပြောကြားချက်တွေအရ သိရပါတယ်။
တော်လှန်ရေးအပေါ် အနှောင့်အယှက်ဖြစ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ နှုတ်ဆိတ် နေကြရသလို၊ တချို့က သတ္တိရှိရှိနဲ့ ထုတ်ဖော်ပြောကြားလာကြပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေကို တာဝန်ခံပေးမယ့်အစုအဖွဲ့ မရှိတဲ့ဖြစ်ရပ်မျိုးတွေလည်းရှိနေပြီး ထိရောက်တဲ့ အပြစ်ပေးအရေးယူမှု အားနည်းနေဆဲဖြစ်ပါတယ်။
ဖြစ်လာတဲ့အမှုတွေကိုလည်း ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပျောက်သွားအောင် ဆိုသလို ငွေကြေး၊ အာဏာတွေနဲ့ ဝိုင်းဝန်းဖုံးကွယ်ကြတဲ့အခါ ဒီဖြစ်ရပ်တွေက လူထုကြားမေ့မေ့လျော့လျော့နဲ့ ပျောက်ကွယ်သွားတယ်လို့ သူတို့က တညီတညွတ်တည်း ထုတ်ဖော်ဝေဖန်ကြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်က ဒေသခံအမျိုးသားတဦးဖြစ်တဲ့ ကိုမြတ်က “လက်နက်ရှိထားသူတွေက သူတို့ကို ထိထိရောက်ရောက် အရေးမယူနိုင်ဘူး ဆိုတာသိလို့ ပေါ့ပေါ့လေးနဲ့ ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ကြတယ်၊ တိုင်ကြားသူရှိရဲ့နဲ့ အရေးယူလို့မရဘူးဆိုတော့ နစ်နာသူအတွက် တရားမျှတမှုမရနိုင်တော့ဘူးလား”လို့ ပြည်သူ့အစိုးရကို မေးခွန်းထုတ်ပါတယ်။
ဒီလို ကျူးလွန်မှုတွေကို ထိထိရောက်ရောက် အရေးယူမှုမရှိတာက တကြိမ်တခါတည်းမဟုတ်ဘဲ ကျူးလွန်ခံရ တယ်လို့ ပြည်သူ့အစိုးရဝန်ကြီးဌာနတွေကိုတိုင်ကြားတာ၊ လူမှုကွန်ယက်တွေမှာရော၊ သတင်းမီဒီယာတွေမှာပါ လူသိရှင်ကြား ထုတ်ဖော်ပြောကြားတာတွေလုပ်ပေမယ့် ပျောက်သွားပြန်တယ်လို့ သူက ဆက်ပြောတယ်။
“တော်လှန်ရေးအတွက် အရေးပါတဲ့သူ စသဖြင့် ကျူးလွန်တဲ့သူဘက်ကနေ ကာကွယ်ပြောဆိုရပ်တည်တဲ့ သူတွေ ရှိနေသရွေ့ နောက်ဆက်ပြီး ကျူးလွန်နေဦးမှာပဲ”လို့ ကိုမြတ်က ဆိုတယ်။
စစ်အာဏာသိမ်းတာကို မကျေနပ်လို့ ပြည်သူတွေကတော်လှန်ရေးကို ထောက်ခံရပ်တည်နေကြရာမှာ၊ မတရားမှုတွေကြုံလာတိုင်း ကျူးလွန်သူကို အပြစ်မပေးဘဲ အလိုတူအလိုပါ ကာကွယ်နေတာတွေက စစ်တပ်နဲ့ ထူးမခြားနားဖြစ်တဲ့အတွက် လက်မခံနိုင်တဲ့အတွက် တနည်းနည်းနဲ့ ထိန်းကျောင်းဖို့ လိုနေတယ်လို့ ကိုမြတ်က ပြောပါတယ်။
ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တဦးဖြစ်သူ မဆုမေဟာ သူကိုယ်တိုင်လည်း တော်လှန်ရေးနယ်မြေတွေထဲမှာ မုဒိမ်းမှုအဆင့်ထိမရောက်တဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးကျူးလွန်ခံရဖူးတဲ့အတွက် ထိတ်လန့်ခြောက်ခြားမှုတွေနဲ့ တိမ်းရှောင်ကျော်ဖြတ်ရသလို၊ အတင့်ရဲလာတဲ့ စော်ကားကားအနိုင့်ကျင့်လိုမှုတွေကိုလည်း စာချုပ်နဲ့ ခံဝန်ထိုးခိုင်းတာ၊ လူမှုရေးပြစ်ဒဏ် သတ်မှတ်တာလောက်သာ လုပ်နိုင်ခဲ့ပါတယ်။
သူက “ကျွန်မသဘောဆန္ဒကတော့ တော်လှန်ရေးကိုရှေးရှုတယ်ဆိုပြီး ဖုံးဖိတိတ်ဆိတ်နေခြင်းထက် အများပြည်သူရှေ့မှောက် ပြင်းထန်တဲ့ဝေဖန်မှုနဲ့ ပြစ်ဒဏ်တွေ ဆောင်ရွက်သင့်တယ်လို့ ထင်မြင်မိတယ်”လို့ ထောက်ပြပြောဆိုတယ်။
လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြစ်ပွားတဲ့အခါ မျက်နှာသိတွေဖြစ်တဲ့အတွက် အချင်းချင်းဖုံးဖိတာကစလို့ ရာထူးရာခံ အာဏာရှိသူတွေဖြစ်လို့ မျက်ကွယ်ပြုတာ၊ လျော့လျော့ပေါ့ပေါ့ စဉ်းစားတွေးတောကြပေမယ့် နစ်နာသွားသူဘက်ကိုတော့ မတွေးတောပေးကြတဲ့အတွက် ဒါတွေကို ဘယ်နည်းနဲ့မှ လက်သင့်မခံနိုင်ဘူးလို့ စစ်ကိုင်းရေလည်ကျွန်းဒေသက အမျိုးသမီး ရဲဘော်တဦးဖြစ်တဲ့ မကြည်ဖြူက ဆိုတယ်။
သူက ဆက်ပြီးတော့ “ကျူးလွန်သူတဦးရဲ့ အပြစ်ကိုလျော့ပေါ့ပေး၊ မသိချင်ယောင်ဆောင်ပေးလိုက်တဲ့အခါ နောက်ထပ်တဦးကိုလည်း အလားတူဖြစ်စဉ်မျိုးကျူးလွန်ဖို့ လမ်းစဖွင့်ပေးရာရောက်စေမယ်”လို့ ပြောပါတယ်။
ဒီလိုပြစ်မှုတွေကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူနိုင်မယ်ဆိုရင်တော့ နစ်နာသူတွေမှာလည်း ကြုံတွေ့ရသမျှကို ရဲရဲရင့်ရင့် ပြောထွက်လာနိုင်သလို၊ ပြဿနာတွေ မရှိသလောက် နည်းပါးသွားနိုင်မယ်လို့ စစ်ကိုင်းဒေသက စစ်ရှောင်တဦးဖြစ်တဲ့ မသူသူက သူဖြစ်စေချင်တဲ့ ဆန္ဒကို ပြောပါတယ်။
အဲဒီလိုပဲ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF) ဂျန်ဒါ တန်းတူညီမျှရေးဌာန၊ ဌာနမှူး မူအန်နာက အမှန်တကယ်မှာတော့ စစ်ရေးကိုသာ ဉီးစားပေးပြီး အမျိုးသမီးအရေး၊ ဂျဲန်ဒါ တန်းတူညီမျှရေးနဲ့ တခြားအရေးကိစ္စတွေလျစ်လျူရှု့ထားချိန်မှာ ဦးစားပေးတဲ့အရာက အောင်မြင်ပြီလား ဆိုတာကိုလည်း ဆန်းစစ်ဖို့လိုတယ်လို့ ဝေဖန်ထောက်ပြပါတယ်။
တော်လှန်ရေးကာလအတွင်းမှာ တော်လှန်ရေးဂုဏ်သိက္ခာ ညှိုးနွမ်းမှာစိုးရိမ်စိတ်နဲ့ ဒီလို ကျူးလွန်မှုတွေက လွတ်မြောက်နေသူတွေကို မျက်ကွယ်ပြုနေမယ်ဆိုရင်တော့ အမျိုးသမီး၊ မိန်းကလေးငယ်၊ လိင်စိတ်ခံယူမှု မတူကွဲပြားတဲ့ LQBTQIA + နဲ့ သက်ကြီးရွယ်အို စတဲ့ ထိလွယ်ရှလွယ်သူတွေဟာ ဘယ်သူအုပ်ချုပ်တဲ့တိုင်းပြည်မှာ နေရနေရ လိင်အကြမ်းဖက်သူတွေရဲ့ သားကောင်ဖြစ်နေဦးမယ်ဆိုတာ မြေပြင်က ဒေသခံတွေ၊ ကိုယ်တွေ့ကြုံရသူတွေ၊ စောင့်ကြည့်လေ့လာနေသူတွေဆီက ထွက်ပေါ်လာတဲ့ ဒီလိုသတင်းစကားတွေက ပြသနေတာပဲဖြစ်ပါတယ်။
ဒီလိုအကျင့်တွေသာ ရေရှည်ဖြစ်လာရင် တော်လှန်ရေးအောင်မြင်ပြီး စစ်တပ်ကို ဖြုတ်နိုင်သော်ငြားလည်း စစ်တပ်ကဲ့သို့ နောက်ထပ်အာဏာရှင်တွေ ထပ်ပြီးတော့ပေါ်လာမှာဖြစ်သလို၊ အားနည်းတဲ့လူတစုကပဲ ထပ်ပြီး တော့ အဖိနှိပ်ခံအဖြစ်ဖြစ်ဦးမှာပဲလို့ မူအန်နာက ပြောပါတယ်။
သူက “စစ်တပ်ကိုတိုက်မယ်ဆို စစ်တပ်လုပ်တဲ့အတိုင်း မလုပ်ဖို့လိုတယ်၊ ကိုယ်တည်ဆောက်ချင်တဲ့ စနစ်သစ်က ဘာလဲ၊ အဲဒီစနစ်သစ်မှာ ပါရမယ့်အရာတွေ ထားရမယ့် စိတ်ဓာတ်တွေကို မွေးမြူဖို့လိုတယ်” လို့ ပြတ်ပြတ်သားသား စကားဆိုပါတယ်။











