လခြမ်းမြေက တိတ်ဆိတ်နေတဲ့ အသံတွေ
ဆု
ရခိုင်ပြည်မြောက်ပိုင်းဒေသက ကျေးရွာတခုရဲ့ နေဝင်ရီသရောအချိန်မှာ အမျိုးသမီးငယ် ၄ဦးဟာ သူတို့ ယာယီခိုလှုံနေတဲ့ နေအိမ်တွေကနေ အသီးသီးထွက်ခွာလာကြပြီး၊ သူတို့အားလုံးရဲ့ ခြေလှမ်းတွေက ရွာနဲ့မနီးမဝေးက လယ်ကွင်းပြင်ဘက်ကို ဦးတည်နေကြပါတယ်။
ကံဆိုးချင်တော့ အဲဒီ မိန်းကလေးသူငယ်ချင်းတစုဟာ သူတို့ရည်ရွယ်ရာ အရပ်ဆီမရောက်ခင်မှာပဲ အလိုက်သင့် ဖမ်းဖို့ စောင့်နေတဲ့ အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင် ၅ ယောက်လောက်နဲ့ ထိပ်တိုက်တိုးပါတော့တယ်။
သူတို့ကို စိတ်မချလို့ နောက်ဘက်မလှမ်းမကမ်းကနေ လိုက်ပါလာကြတဲ့ အမိ၊ အဖနဲ့ မိသားစုဝင်တချို့က အဲဒီ မိန်းကလေးတွေကို ခေါ်မသွားကြဖို့ တောင်းပန်ကြပေမယ့် မှောင်နက်မည်းမည်းမှာ အတင်းဆွဲလွဲခေါ်ငင် သွားကြ ပါတော့တယ်။
ဒါကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီအတွင်း ရခိုင်ပြည်၊ နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့နယ်၊ ကျေးရွာတချို့က လူငယ် အမျိုးသမီးတွေကို ကာယကံရှင် သဘောဆန္ဒမပါဘဲ စစ်မှုထမ်းဖို့ အဓမ္မခေါ်ဆောင်ခြင်း ခံခဲ့ရတဲ့ မြင်ကွင်းနဲ့ အဲဒီနေ့က အတွေ့အကြုံကို မိန်းကလေးငယ်တွေရဲ့ မိခင်တဦးက ပြန်ပြောင်း ပြောပြနေတာပဲဖြစ်ပါတယ်။
ဒီမိန်းကလေးတွေဟာ အာဏာသိမ်းစစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ကြား တကျော့ပြန်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မူလနေရပ်ကို စွန့်ခွာပြီး တခြားသော ကျေးရွာတခုမှာ စစ်ဘေးရှောင်နေကြသူတွေဖြစ်ပြီး၊ အာရက္ခတပ်တော်(AA)က စစ်မှုထမ်းဖို့ အတင်းအဓမ္မခေါ်ဆောင်နေတယ်ဆိုတဲ့ သတင်းစကားကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ ကြိုးစားကြတုန်း အခုလိုအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
“အဒေါ်တို့က ငိုပြီးတောင်းပန်နေရုံကလွှဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး”လို့ အဲဒီမိန်းကလေးငယ်တွေထဲ တဦး အပါအဝင်ဖြစ်တဲ့ မထက်ထက်(လုံခြုံရေးစိုးရိမ်ချက်အရအမည်လွှဲ)ရဲ့ အမေက အဲဒီတုန်းက သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို သတင်းထောက်ကို ပြန်ပြောပြပါတယ်။
သေနတ်ကိုယ်စီကိုင်ဆောင်ထားတဲ့ အေအေတပ်ဖွဲ့ဝင်တွေဟာ မထက်ထက်တို့ သူငယ်ချင်းတစုကို တွေ့တွေ့ချင်း မှာပဲ “ဖမ်း၊ ဖမ်း”လို့ ပြောဆိုပြီး အဓမ္မဆွဲလွဲခေါ်ဆောင်သွားကြပါတော့တယ်။ အဲဒီနောက် သူတို့ ယာယီ နေထိုင် နေတဲ့ ကျေးရွာကနေ နောက်ထပ်စုရပ်ဖြစ်တဲ့ အခြားတရွာကို အဝတ်အစားနဲ့အသုံးအဆောင်တခုမှ ယူခွင့်မပေးခဲ့ ဘဲ ညတွင်းချင်း ခြေကျင်ခေါ်ဆောင်သွားခဲ့ပါတယ်။
“အဲဒီမှာ ညီမတို့လိုပဲ တခြားရွာက ယောကျ်ားလေး၊ မိန်းကလေးတွေကိုလည်း တွေ့ရတယ်၊ အကုန်လုံးက မျက်ရည်စက်လက်နဲ့”လို့ ကာယကံရှင်တဦးဖြစ်တဲ့ မထက်ထက်က လွန်ခဲ့တဲ့ ၁၀လဝန်းကျင်က အတွေ့အကြုံ အသေးစိတ်ကို ပြန်ပြောြပပါတယ်။
နောက်နေ့ နံနက်မိုးလင်းချိန်မှာတော့ နေအိမ်အသီးသီးက မိသားစုတွေ အဝတ်ထုပ်ကိုယ်စီနဲ့ လိုက်လာကြပေမယ့်၊ သားသမီးတွေနဲ့ တွေ့ခွင့်မရဘဲ အဝတ်ထုပ်ထားပြီး လှည့်ပြန်သွားခဲ့ရတယ်လို့ မထက်ထက်နဲ့အတူ ခေါ်ဆောင်ခံခဲ့ ရတဲ့ မသဇင်ဦး(လုံခြုံရေးစိုးရိမ်ချက်အရအမည်လွှဲ)က ပြောပါတယ်။
“တချို့အမေတွေဆို သားသမီးတွေနဲ့ တွေ့ခွင့်တောင်းတယ်၊ တွေ့ခွင့်မရလို့ သတိလစ်သွားတဲ့ အမေတွေတောင် မြင်ခဲ့ရတယ်”လို့ မသဇင်ဦးက ပြောပါတယ်။
သူတို့ကို စုရပ်လုပ်ထားတဲ့ကျေးရွာကနေ AA အသုံးပြုနေတဲ့ စစ်ကားနဲ့အတူ သင်တန်းတက်မယ့်နေရာကို ထပ်ဆင့် ခေါ်ဆောင်သွားခဲ့ပြီး သင်တန်းသားမပြည့်နိုင်သေးလို့ ၁လကျော်လောက် စုဆောင်းရေးမှာ ထပ်နေခဲ့ကြရပါတယ်။ မသဇင်ဦးဟာ သင်တန်းတက်မယ့်နေရာကို ရောက်ချိန်မှာ စိတ်ဒုံးဒုံးချလိုက်ပြီး သင်တန်းမြန်မြန်တက်၊ မြန်မြန် ပြန်ဆင်းပြီး အိမ်ကိုပြန်မယ်လို့ စဉ်းစားလိုက်ပါတယ်။
“ဒါပေမယ့် မြက်နှုတ်၊ အိုးတိုက်နဲ့ ၁ လလောက် အချိန်ကုန်ခဲ့ရတယ်”လို့ သင်တန်း မတက်ခင် စုဆောင်းရေးမှာ နေခဲ့ရပုံကို သူက ပြောပြပါတယ်။
မထက်ထက်၊ မသဇင်ဦးတို့ ရောက်ပြီး နောက်ထပ် ၁လဝန်းကျင် နောက်ကျပြီးမှ သင်တန်းနေရာကို ရောက်လာတဲ့သူတွေထဲမှာ အသက် ၂၃ နှစ်အရွယ် မခိုင်ဝိုင်း(လုံခြုံရေးစိုးရိမ်ချက်အရအမည်လွှဲ)လည်း ပါဝင်ပါတယ်။ ကြောက်ရွံစိုးရိမ်မှုကြောင့် စစ်သင်တန်းမတက်ချင်လို့ တိမ်းရှောင်နေခဲ့သူ မခိုင်ဝိုင်းလည်း ပြေးမလွတ်ခဲ့ပါဘူး။ သင်တန်းတက်မယ့်အချိန်မှာ သင်တန်းကျောင်းကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိ လာခဲ့ရတာပဲဖြစ်ပါတယ်။
မထက်ထက်တို့ကို စစ်မှုထမ်းဖို့အတွက် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သတင်းရရှိခဲ့တဲ့ မခိုင်ဝိုင်းရဲ့ အမေဖြစ်သူ ဒေါ်တင်ညို(လုံခြုံရေးစိုးရိမ်ချက်အရအမည်လွှဲ)ဟာ သမီးဖြစ်သူကို တခြားလုံခြုံမယ့် နေရာတခုမှာ ၁၀ရက်လောက် တိမ်းရှောင် ခိုင်းခဲ့ပါသေးတယ်။
“ထမင်းပို့တာတောင် လူမမြင်အောင် ပို့ခဲ့ရတယ်၊ ၁၀ ရက်လောက်ထိ အသိအိမ်မှာ အကျဉ်းသားလို ဝှက်ထားခဲ့ရ တယ်”လို့ ဒေါ်တင်ညိုက ပြောပါတယ်။
အဲဒီလို တိမ်းရှောင်နေရင်းကနေ အခြေနေကောင်းလောက်ပြီလို့ ယူဆပြီး အိမ်ပြန်လာခဲ့တဲ့ မခိုင်ဝိုင်းတယောက် စစ်သင်တန်းသွားတက်ရမယ့်အကြောင်း၊ ၄၅ ရက်ပြည့်လို့ သင်တန်းပြီးဆုံးသွားရင် အိမ်ပြန်လာရမှာဖြစ်ကြောင်း အမေဖြစ်သူ ဒေါ်တင်ညိုကို AA တပ်ရင်းမှူးက ခေါ်ပြောခဲ့ပါတော့တယ်။
“အိမ်မပြန်ရရင်တောင် အိမ်နဲ့အနီးပတ်ဝန်းကျင်က စခန်း တခုခုမှာ နေရာချပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်၊ ရှောင်လွှဲလို့မရသာဆုံး သမီးကို သင်တန်းတက်ဖို့ ပို့ပေးခဲ့ရတယ်” လို့ ဒေါ်တင်ညိုက ပြောပါတယ်။
မိခင်ဖြစ်သူဟာ သင်တန်းကာလမှာ သူစားဖို့အတွက် ငါးနီတူခြောက်ကြော်၊ ကြက်သားကြော်တချို့ကို လာရောက် ပေးပို့ခဲ့ပေမယ့် သင်တန်းဝိုင်းထဲကို ဝင်တဲ့အချိန် အစောင့်ဂိတ်မှာတည်းက အဲဒီအစားအစာတွေ သိမ်းဆည်းခံခဲ့ ရတယ်လို့ မခိုင်ဝိုင်းက ပြောပါတယ်။
မခိုင်ဝိုင်းတယောက် မထက်ထက်တို့ရှိရာ AA စစ်သင်တန်းကျောင်းကို ရောက်ပြီးရက်ပိုင်းအတွင်းမှာပဲ သင်တန်း စဖွင့်ခဲ့ပါတော့တယ်။
“သင်တန်းကွင်းထဲကိုဝင်တာနဲ့ ရိုက်တာပဲ၊ ဘာအကြောင်းပြချက်မှမရှိဘူး၊ သင်တန်းဆရာ၊ ဆရာမတွေက ဆဲတယ်၊ ကြိမ်းမောင်းတယ်၊ အခန့်မသင့်ရင် ရိုက်တယ်၊ တခုခုမှားရင် တဖွဲ့လုံးအရိုက်ခံရတယ်”လို့ မခိုင်ဝိုင်းက ပြန်ပြောပြပါတယ်။
စစ်မှုထမ်းသင်တန်းတက်ဖို့ ဖမ်းဆီးခေါ်ဆောင်ခံရသလို၊ သင်တန်းတက်ချိန်မှာလည်း ရိုက်နှက်ခံရ၊ ဆဲဆို ကြိမ်းမောင်းခံရတာတွေက သူတို့အတွက် အဆင်မပြေဘူးလို့ မထက်ထက်၊ မသဇင်ဦးနဲ့ မခိုင်ဝိုင်းတို့က တညီတညွတ်တည်း ရင်ဖွင့်ပါတယ်။
မခိုင်ဝိုင်းက သက်ပြင်း ရှိုက်ရင်း “အမြဲတမ်း ရိုက်နှက်ခံရတာက ညီမတို့ရဲ့ အခွင့်အရေးကို ချိုးဖောက်လိုက်တာ ပါပဲ”လို့ ထုတ်ပြောပါတယ်။
အခုလို ရုပ်ပိုင်းဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာအရလည်း အခွင့်အရေး ချိုးဖောက် မှုတွေ ကြုံခဲ့ရတယ်လို့ မခင်ဝိုင်းရဲ့ မိခင်ဖြစ်သူ ဒေါ်တင်ညိုက ခံစားနေရပါတယ်။
“ကလေးတွေနဲ့ မိဘတွေကို တွေ့ခွင့်မပေးဘူး၊ အထဲမှာ ဘာတွေဖြစ်နေလဲ မသိရဘူး၊ သားသမီးတွေလည်း စိတ်ဓာတ်ကျ၊ မိဘတွေလည်း စိတ်ညစ်ရ၊ တခုမှကို အဆင်မပြေခဲ့ဘူး”လို့ ဒေါ်တင်ညိုက ရင်ဖွင့်ပါတယ်။
လူငယ်လူရွယ်တွေကို အခုလို စစ်သင်တန်းတက်ဖို့အတွက် ခေါ်ဆောင်ကြရာမှာ စည်းရုံးရေးအသွင်ဆောင်ဖို့ လိုအပ်ပြီး၊ သင်တန်းတက်ချိန်မှာလည်း မိဘနဲ့ သားသမီးကို ၁ပတ်မှာ တကြိမ်ဖြစ်စေ၊ ၂ပတ်မှာ တကြိမ်ဖြစ်စေ ကာလအပိုင်းအခြားတခုအတွင်း တွေ့ဆုံခွင့်ပေးတာ၊ စစ်သင်တန်းသား၊ သင်တန်းသူတွေဖြစ်တဲ့ သားသမီးတွေ အတွက် လိုအပ်တဲ့ အစားအစာနဲ့ ဆေးဝါးတွေပေးပို့ခွင့် ရသင့်တယ်လို့ ကာယကံရှင်မိဘတွေက ထောက်ပြ ပြောဆိုပါတယ်။
မထက်ထက်ရဲ့ အမေဖြစ်သူ ဒေါ်ကြာညိုစိန်(လုံခြုံရေးစိုးရိမ်ချက်အရအမည်လွှဲ)က “အဲဒီလိုသာ သားသမီးရော၊ အိမ်မှာစောင့်နေတဲ့ မိဘရော ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်းသာသာနဲ့ သင်တန်းတက်ခွင့်ရမယ်ဆိုရင် စစ်မှုထမ်းဖို့ အတွက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်စရာမလိုဘဲ အကုန်လုံးက လှိုက်လှိုက်လှဲလှဲ တက်ကြမှာ”လို့ သူ့ရဲ့ ဆန္ဒကို ပြောပြပါတယ်။
အခုကတော့ ဒုက္ခပေါင်းစုံနဲ့ မပျော်ရွှင်ရတဲ့ စစ်သင်တန်းထဲမှာ ၄၅ရက်ဆိုတဲ့ အချိန်ကာလဟာ ၄၅နှစ်လောက် ကြာသလို ခံစားခဲ့ရတယ်လို့ အတင်းအကြပ်စစ်မှုထမ်စုဆောင်းခံရတဲ့ မသဇင်ဦးက သူ့ခံစားချက်ကို စကားဆို ပါတယ်။
အခုလို ရခိုင်ဒေသမှာ စစ်မှုထမ်းကိစ္စတွေနဲ့ပတ်သက်ပြီး မတရားမှုတွေရှိနေတယ်လို့ အသံထွက်လာပြီးနောက်မှာ အာရက္ခ တပ်တော်(AA)ဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက်(NDEP)ကို ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ ပြဌာန်းခဲ့ပြီး ရခိုင်ပြည်တွင်းမှ နေရပ်မစွန့်ခွာဖို့ တားမြစ်ချက်တခုကို ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီပြဌာန်းချက်မှာ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်က နေ ၂၅ နှစ်ထိ စစ်မှုထမ်းဖို့ အကျုံးဝင်တယ်လို့ ဖော်ပြထားပါတယ်။ စစ်မှုထမ်းရမယ့် အသက်အရွယ် အပိုင်းအခြား ကိုသာ ဖော်ပြထားပြီး တခြား သင်တန်းကာလ၊ တာဝန်ထမ်းဆောင်ရမယ့်အချိန်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးတာမရှိသေးပါဘူး။
ဒီလို အတင်းအကြပ်စစ်စစ်မှုထမ်းခေါ်ဆောင်တာနဲ့ပတ်သက်လို့ ကာယကံရှင်တွေရဲ့ ပြောကြားချက်တွေအပေါ် မူတည်ပြီး စစ်မှုထမ်းသင်တန်းသားစုဆောင်းနေတဲ့ မူဝါဒကို ပြန်လည် ဖြေကြားပေးနိုင်ဖို့ အာရက္ခတပ်တော် (AA)ရဲ့ ပြောရေးဆိုခွင့်ရှိ သူ ဦးခိုင်သုခဆီကို HI – Honest Information က အောက်တိုဘာ နောက်ဆုံးပတ် အတွင်းက မေးခွန်းတချို့ပေးပို့ မေးမြန်းခဲ့ပါတယ်။
ကာယကံရှင်မိသားစုဝင်တွေထုတ်ဖော်ပြောဆိုထားတဲ့အချက်တွေ၊ ထောက်ပြသုံးသပ်ထားတဲ့အချက်တွေကို အမျိုးသမီးတွေရဲ့ အသံကို ကိုယ်စားပြုထုတ်ဖော် ရေးသားနေတဲ့ HI – Honest Information သတင်းစာမျက်နှာ မှာ နိုဝင်ဘာလအတွင်း ဆောင်းပါးအဖြစ် ဖော်ပြမှာဖြစ်တဲ့အတွက် အာရက္ခတပ်တော်ဘက်က ဖြေကြားပေးမယ့် အချက်တွေကိုလည်း တပါတည်းထည့်သွင်းဖော်ပြလိုကြောင်း ပေးပို့ခဲ့ပါတယ်။
အောက်တိုဘာ ၃၁ ရက်မှာ အာရက္ခတပ်တော်(AA)ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံထံ တယ်လီဂရန်ချန်နယ် ကနေ ပေးပို့မေးမြန်းခဲ့တဲ့ မေးခွန်းတွေကို အဲဒီနေ့မှာပဲ တွေ့မြင်ကြောင်း ပြသခဲ့ပေမယ့် အခု ဆောင်းပါး ရေးသား နေတဲ့ နိုဝင်ဘာ ၁၉ ရက်နေ့အထိ တစုံတရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
အာရက္ခတပ်တော်(AA)ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက မောင်တောမြို့နယ်အတွင်း စစ်မှုထမ်းခေါ်တာနဲ့ ပတ်သက်လို့ “သူတို့ရဲ့ကျေးရွာကို သူတို့ကိုယ်တိုင်ကာကွယ်နိုင်ဖို့ အရေးကြီးလာတဲ့အချိန်မှာ လုံခြုံရေး အဖွဲ့တွေနဲ့ စနစ်တကျ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ဒေသခံတွေကို အခြေခံလုံခြုံရေး အသိပညာပေး သင်တန်းတွေ ကျနော်တို့ ပေးနေတာရှိပါတယ်၊ ဒါဟာ ဒေသခံတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် လိုအပ်လို့ ကျနော်တို့ လုပ်ပေးနေရတာ ဖြစ်ပါတယ်” လို့ ရခိုင်ဒေသတွင်းသတင်းတွေကို အဓိကထား ဖော်ပြနေတဲ့ Western News မှာ ဖော်ပြဖူးတာကို တွေ့ရပါတယ်။
AA ရဲ့ အရေးပေါ်ပြဌာန်းချက်အရ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်က နေ ၂၅ နှစ်ထိ စစ်မှုထမ်းဖို့ အကျုံးဝင် တယ်လို့ ဖော်ပြထားချက်တွေရှိနေပေမယ့် အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မထက်ထက်ကတော့ သင်တန်း ပြီးဆုံးချိန်မှာလည်း ကင်းလွတ်ခွင့်မရဘဲ AA က ချပေးထားတဲ့နေရာမှာ ဆက်လက်တာဝန် ထမ်းဆောင်နေရတယ် လို့ အမေဖြစ်သူ ဒေါ်ကြာညိုစိန်က ပြောပါတယ်။
သူက “သင်တန်းဆင်းတော့ အဖျားကြီးဖျားပြီး ပြန်ရောက်လာတယ်၊ ဆေးရုံမှာ ၁လကျော်လောက် အတွင်းလူနာ အဖြစ် ဆေးကုလိုက်ရတယ်၊ နည်းနည်းကျန်းမာလာတော့ AA က ပြန်လာခေါ်လို့ ထည့်ပေးလိုက်ရတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် စစ်ရေး၊ လုံခြုံရေးအရ အန္တရာယ်ရှိနိုင်ကြောင်း အကြောင်း ပြချက်နဲ့ အင်တာနက်နဲ့ တယ်လီဖုန်းလိုင်းတွေ နှစ်နဲ့ချီဖြတ်တောက်ထားတဲ့ ရခိုင်ပြည်မှာ ဘေးထွက်ဆိုးကျိုး အဖြစ် အရပ်သားပြည်သူနဲ့ အုပ်ချုပ်သူတို့ကြား အကြောက်တရားကင်းကင်း ဆက်သွယ်နိုင်တဲ့စနစ်ပါ ပြတ်တောက်နေတာကို တွေ့ရပါတယ်။
ဒါကြောင့် ဒီလို အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး ကာယကံရှင်မိသားစုဝင်တွေဟာ ဖြေရှင်းပေးနိုင်မယ့်သူ၊ ဖြေရှင်းပေးနိုင်မယ့်နည်းလမ်းကို ရှာမတွေ့ဖြစ်နေကြပါတယ်။ သူတို့အပေါ် အန္တရာယ် တစုံတရာ မကျရောက် စေဘဲ ဘယ်သူ့ကို လုံခြုံစိတ်ချရမှုရှိရှိတိုင်ကြားလို့ရမယ်ဆိုတာ မသိရှိနိုင်ကြဘူး ဖြစ်နေပါတယ်။
စစ်သင်တန်းထဲမှာ ထိတွေ့ဆက်ဆံရသူတွေက လူ့အခွင့်ရေး၊ အမျိုးသမီးအခွင့်အရေးတွေ ချိုးဖောက်တာတွေ ခံကြရပေမယ့် အဲဒီအတွက် တိုင်ကြားမယ့် နေရာတွေ မရှိသလို၊ ဥပဒေတွေက ရှင်းရှင်းလင်းလင်း ရှိမနေတာ ကြောင့်လည်း ဘယ်ဥပဒေကို ကိုင်ပြီးတိုင်တန်းရမယ် ဆိုတာကို မသိဘဲဖြစ်နေတယ်လို့ စစ်မှုထမ်း စုဆောင်း ခံရတဲ့ မခိုင်ဝိုင်းရဲ့ မိခင်ဒေါ်တင်ညိုက ရင်ဖွင့်ပါတယ်။
အလားတူ အမျိုးသမီးတွေ အခွင့်ရေးချိုးဖောက်ခံနေတာတွေကို တင်ပြပေး၊ ကိုယ်စား အသံထွက်ပေးတဲ့ အမျိုးသမီးအဖွဲ့ အစည်းတွေလည်း မရှိတော့သလို ရှိနေတဲ့အဖွဲ့အစည်းတွေကိုယ်တိုင်ကလည်း အစစအရာရာကို ကြောက်နေရတဲ့အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်(AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာပြီး ဆောင်ရွက်နေတယ်လို့ သတင်းဌာနတချို့နဲ့ သတင်းစာရှင်းလင်းပွဲတချို့မှာ ပြောထားတာရှိခဲ့ပေမယ့် အမျိုးသမီးတွေစစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရတာနဲ့ပတ်သက်ရင် နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာတာ မရှိဘူးလို့ ရခိုင်အမျိုးသမီးအရေးလှုပ်ရှားနေတဲ့အဖွဲ့တခုက တာဝန်ရှိသူတဦးက ထောက်ပြ ပြောဆိုတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အထက်ပါ တာဝန်ရှိသူက “စစ်ကော်မရှင်ထက် စည်းကမ်းလိုက်နာမှု အားကောင်းရမယ်၊ အမျိုးသမီးတွေနဲ့ ပတ်သက်လာရင် သူတို့အတွက် အကာအကွယ်ပေးထားတဲ့ နိုင်ငံတကာ ဥပဒေတွေကို လိုက်နာပေးဖို့လို့တယ်”လို့ ပြောပါတယ်။
အလားတူ သတင်းတွေထဲမှာ မမြင်ရတဲ့၊ မကြားရတဲ့ ရခိုင်ပြည်ထဲက အမျိုးသမီးအသံတွေ အများအပြားရှိနေပြီး သူတို့မှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုအတွက် တောင်းဆိုခွင့်ရှိသလို၊ ကိုယ့်ဘဝကိုယ် လိုသလို တည်ဆောက်ခွင့် ရှိတယ်လို့ ကျောက်တော်မြို့နယ်က အသက် ၃၀ အရွယ် တက်ကြွလူငယ် ကိုကျော်စိုးက ပြောပါတယ်။
“ကိုယ့်ပြည်ကိုယ့်ရွာအတွက် စစ်မှုထမ်းဖို့ စိတ်ပါတဲ့သူတွေက ဝင်ကြမှာပါ၊ အတင်းကြီး ဆွဲခေါ်တာကတော့ မဖြစ်သင့်ဘူး၊ ပြီးတော့ နိုင်ငံတကာက ထောက်ခံမှုလည်း လျော့ကျနိုင်ပါတယ်၊ အဓိက အမျိုးသမီးတွေနဲ့ ပတ်သက်ရင် ပိုပြီးသတိထား ဆင်ခြင်ရပါမယ်”လို့ ရခိုင်လူငယ် ကိုကျော်စိုးက AA ထိပ်ပိုင်းခေါင်းဆောင် တွေထံ အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုကို HI – Honest Information ကတဆင့် ပြောပြပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဖို့ အတင်းအဓမ္မ ခေါ်ယူတာနဲ့ ပတ်သက်လို ရခိုင်နိုင်ငံရေးသားတဦးဖြစ်တဲ့ ဦးခိုင်ကျော်က “အဓမ္မခေါ် တာကို ဘယ်သူမှ ကြိုက်မှာမဟုတ်ဘူး၊ ငါတို့ပါဝင်ရမယ်ဆိုတဲ့ အသိစိတ်နဲ့ ဝင်လာအောင် အနုနည်းနဲ့ စည်းရုံးဟောပြောပြီးတော့ ခေါ်သင့်တယ်၊ ပြောရမယ်ဆိုရင်တော့ နည်းမှန်လမ်းမှန်ဖြစ်ဖို့ လိုတယ်၊ ပြဌာန်းထားတဲ့ ပြဌာန်းချက်အတိုင်း ကင်းလွတ်ခွင့်တွေရရမယ်”လို့ AA ထိပ်ပိုင်းခေါင်းဆောင်တွေထံ အကြံပြုပါတယ်။
အင်တာနက်သုံးစွဲခွင့်ရရှိနေတဲ့ AA ထောက်ခံသူတွေကတော့ အခုလို အဓမ္မစစ်မှုထမ်းစုဆောင်းခံရတာ၊ အောက်ခြေအုပ်ချုပ်ရေးတာဝန်ရှိသူတွေရဲ့ အားနည်းချက်ကို ထောက်ပြတာမျိုးနဲ့ပတ်သက်လာရင် အာဏာသိမ်း စစ်တပ်ရဲ့ လုပ်ရပ်လို မဆိုးကြောင်း နှိုင်းယှဉ်ပြပြီး ထုတ်ဖော်ပြောကြားလာတဲ့ ကာယကံရှင်တွေ အပေါ် ပြင်းထန်တဲ့ ဝေဖန်တုန့်ပြန်မှုတွေကို အစုအဖွဲ့လိုက် ပြုလုပ်ကြတာကိုလည်း တွေ့ရလေ့ရှိပါတယ်။
မြို့သိမ်းတိုက်ပွဲတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသလို စစ်ကော်မရှင်ရဲ့ လေကြောင်းအန္တရာယ်ကြောင့် ညအိပ် မဖြောင့်နိုင်ဖြစ်နေတဲ့ မထက်ထက်ရဲ့ အမေဖြစ်သူ ဒေါ်ကြာညိုစိန်ကတော့ စစ်မှုထမ်းနေရတဲ့ သမီးစိတ်ကြောင့် ထပ်တိုးခံစားနေရတဲ့ အိပ်မပျော်မှု၊ စိုးရိမ်ကြောင့်ကြမှုတွေကြောင့် ညဘက်အိပ်ပျော်အောင် အိပ်ဆေးသောက် နေရတယ်လို့ ပြောပြပါတယ်။
ဒီဆောင်းပါးအတွက် ကာယကံရှင်အမျိုးသမီးတွေ၊ မိသားစုဝင်တွေနဲ့ ဆက်သွယ်မေးမြန်းချိန်မှာ အချို့က သင်တန်းကာလအတွင်း သူတို့ကြုံခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေအကြောင်းကို ထုတ်ဖော် ပြောကြားခဲ့ကြပေမယ့် လုံခြုံရေးအခြေအနေအရ သူတို့အပေါ်နစ်နာမှု၊ အန္တရာယ်တစုံတရာ ကျရောက်မှာ စိုးရိမ်တဲ့အတွက် ထည့်သွင်းဖော်ပြခြင်းမပြုဖို့ သတင်းထောက်ကို မေတ္တာရပ်ခံခဲ့ပါတယ်။
အပူပေါင်းစုံတွေကြား တနေ့မှာ အေးအေးချမ်းချမ်းနေထိုင်ရမယ်လို့မျှော်လင့်ထားခဲ့တဲ့ မထက်ထက်က အနာဂတ် မရေရာ မသေချာမှုတွေနဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ပြိုလဲနေတယ်ဆိုတာ သူ့ပြောစကားတွေက သက်သေပြ နေပါတယ်။
“မရေရာ မသေချာတဲ့ အခြေနေတွေက ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာတယ်၊ တနေ့ဆိုတဲ့ မျှော်လင့်ချက် လည်း မရှိတော့ပါဘူး”










