တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ (နိုဝင်ဘာ ၂ ရက်နေ့ကနေ ၇ ရက်အတွင်း )

ခင်ဘုန်းမို့ စုစည်းတင်ဆက်သည်။

နိုဝင်ဘာ ၂ ရက်နေ့ကနေ ၇ ရက်အတွင်း တပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲကမှ ထူးခြားတဲ့အကြောင်း အရာတွေ ကို HI – Honest Information က စုစည်းဖော်ပြပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ မေလတုန်းက ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် ကျောင်းသားကျောင်းသူ ၂၀ ဦးနှင့် ဆရာမ ၂ ဦး သေဆုံးခဲ့ရပြီး ၄၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ  ရရှိခဲ့ဖူးပါတယ်။

နိုင်ငံကို အာဏာနဲ့အုပ်ချုပ်ချင်တဲ့ စစ်တပ်က ကလေးတွေ အတန်းတင်စာမေးပွဲဖြေဆိုနေချိန်မှာ ထပ်ဆင့် ပေါက်ကွဲစေသော ဖျက်အားပြင်း ကလပ်စတာဗုံး အသုံးပြုကာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတုန်းကဖြစ်စဉ်မှာ အသက်ရှင်ကျန်ရစ်ခဲ့သူတွေထဲက ကျောင်းသူမိန်းကလေး ၇ဦး အပါအဝင် ရာသက်ပန် ကိုယ်လက်အင်္ဂါချို့ယွင်းသွားတဲ့ ကလေးငယ် စုစုပေါင်း ၁၃ ဦးရှိခဲ့တယ်ဆိုတဲ့ နောက်ဆက်တွဲသတင်းတပုဒ်ကို ဒီတပတ်ထဲမှာ ထူးထူးခြားခြား ဖတ်ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အအုံတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးသွားခဲ့ရတဲ့ အရပ်သားတွေ ထုနဲ့ဒေးရှိခဲ့သလို၊ ကိုယ်လက်အင်္ဂါဆုံးရှုံးလိုက်ကြရသူတွေလည်းမြောက်များစွာ ရှိပါတယ်။

ဒါပေမယ့် အဖြစ်အပျက်ကြီးတခုပြီးသွားတဲ့အခါ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်နေတယ်ဆိုတာကို ထပ်သိရဖို့ ခက်ခဲနေတဲ့ အချိန်မှာ အိုးတိမ်တွင်းရွာက ကလေးငယ်တွေအကြောင်း နောက်ဆက်တွဲ ထပ်သိခွင့်ရတဲ့ သတင်းတပုဒ်ပါပဲ။

အာဏာတည်မြဲဖို့အတွက် မီးကုန်ရမ်းကုန်မိုက်တွင်းနက်နေတဲ့ စစ်အုပ်စုရဲ့ ယုတ်ညံ့မှုတွေကို ဒီကလေးငယ်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက သက်သေပြနေမှာဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းထားတဲ့ စစ်အုပ်စုဟာ သူတို့အာဏာတရားဝင်ဖြစ်စေဖို့ အတင်းအဓမ္မ ဖော်ဆောင်နေတဲ့ရွေးကောက်ပွဲကို နှောင့်ယှက်ပါတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်း အမျိုးသမီးတွေ အပါအဝင် ပြည်သူ ၉၀ ကျော်ရှိခဲ့ပြီ သတင်းတပုဒ်ပဲ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ ပြည်သူတွေဟာ စစ်ကောင်စီရဲ့ လက်ခုပ်ထဲကရေဆိုပေမယ့် မတရားမှုကို အံတုပြီး ရတဲ့နည်းနဲ့ဆန့်ကျင်နေကြတာကို ဖော်ပြနေတဲ့ ဒီလိုသတင်းတွေနဲ့အတူ စုစုပေါင်း သတင်း ၉ပုဒ်ကို ရွေးချယ်ဖော်ပြအပ်ပါတယ်။

·         ရှမ်းနီတပ်သားက မသန်စွမ်းအမျိုးသမီးအပေါ်  အဓမ္မပြုကျင့်ခဲ့မှု အရေးယူပေးရန် တောင်းဆို

·         ပခုက္ကူမှာ ကိုယ်ဝန်ဆောင်ဇနီးခေါ်ပြီး ကားတွေကို ငွေတောင်းနေတဲ့ရဲ ပစ်ခတ်ခံရပြီး သေဆုံး၊

ကိုယ်ဝန်ဆောင်ဇနီးကို PDFက ပြန်လွှတ်ပေး

·         အိုးတိန်တွင်းရွာ စာသင်ကျောင်း ဗုံးကြဲခံရမှု ရာသက်ပန် ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူ ကလေး ၁၃ ဦးရှိ

·         စားဝတ်နေရေးကိစ္စ အဆိုးဆုံးအခြေအနေကို ဖြတ်ကျော်နေရဟု ရခိုင်က အိမ်ထောင်ဦးစီး စစ်ရှောင်အမျိုးသမီးများ ပြော

·         စစ်တိုင်းတိုင်းမှာ အကြမ်းဖက်စစ်တပ် သတ်ဖြတ်မှုကြောင့် တပတ်အတွင်း အမျိုးသမီးတွေ အပါအဝင် ပြည်သူ ၄၀ ခန့်သေဆုံး

·         ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး စိုးရိမ်၍ အမြန်ဆုံး ပြန်လွှတ်ပေးရန် ပြင်သစ်သမ္မတ တောင်းဆို

·         ရန်ကုန်မှာ အောက်တိုဘာအတွင်း ဖမ်းဆီးခံရသူ အမျိုးသမီးတွေအပါအဝင် ၉၀ကျော်ရှိဟု RSN ထုတ်ပြ

·         သရုပ်ဆောင် ဖွေးဖွေး နဲ့ အလင်းရောင် ခေါ်ယူစစ်ဆေးခံရ

·         ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အရေးပေါ် တောင်းဆိုချက်တရပ်ထုတ်ပြန်

ရှမ်းနီတပ်သားက မသန်စွမ်းအမျိုးသမီးအပေါ်  အဓမ္မပြုကျင့်ခဲ့မှု အရေးယူပေးရန် တောင်းဆို

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ စစ်‌ကောင်စီတပ် လက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်သား တယောက်က အောက်တိုဘာ ၃၀ ရက် ညပိုင်းက ဗန်းမောက်မြို့နယ်၊ အလယ်ရွာရှိ သီလရှင်ကျောင်းတခုမှာ မိခင်ဖြစ်သူနဲ့အတူ နေထိုင်နေထိုင်တဲ့ ပိုလီယိုရောဂါကြောင့် ကိုယ်လက်မသန်စွမ်းတဲ့ အမျိုးသမီးတယောက်ကို SNA တပ်သား ၂ ယောက်က ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် တယောက်က အဓမ္မပြုကျင့်ခဲ့မှုနဲ့ပတ်သက်ပြီး အရေးယူပေးဖို့ မိသားစုနဲ့ ဒေသခံတွေက တောင်းဆိုပါတယ်။

အလယ်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ရွာခံတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး  ကျူးလွန်ခံရတဲ့ အမျိုးသမီးက ကျန်းမာရေးမကောင်းတဲ့အတွက် စစ်ဘေးမရှောင်နိုင်ဘဲ မိခင်ဖြစ်သူနဲ့ ရွာက သီလရှင်ကျောင်းမှာ ခိုလှုံနေတာ ဖြစ်ပါတယ်။

ကျူးလွန်ခံရတဲ့ အမျိုးသမီးဟာ ဗန်းမောက်မြို့နယ် အလယ်ရွာမှာနေထိုင်တဲ့ ကဒူးလူမျိုးဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် မသန်စွမ်းအမျိုးသမီးတယောက်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျူးလွန်ခံရသူ၊ သူ့ရဲ့မိခင်ဖြစ်သူနဲ့ သူတို့နဲ့ အတူနေခဲ့တဲ့ သီလရှင်ကို ရွာကျောင်း ဆရာတော်က ခေါ်ယူစောင့်ရှောက်ထားပါတယ်။

Source – DVB

ပခုက္ကူမှာ ကိုယ်ဝန်ဆောင်ဇနီးခေါ်ပြီး ကားတွေကို ငွေတောင်းနေတဲ့ရဲ ပစ်ခတ်ခံရပြီး သေဆုံး၊

ကိုယ်ဝန်ဆောင်ဇနီးကို PDF က ပြန်လွှတ်ပေး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ကိုယ်ဝန်ဆောင် ဇနီးကိုခေါ်ပြီး ကုန်ကားတွေကို ငွေတောင်းနေတဲ့ ရဲတဦးပစ်ခတ်ခံရလို့ သေဆုံးပြီး ဇနီးဖြစ်သူ အဖမ်းခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

နိုဝင်ဘာ ၁ရက် မနက် ၇နာရီခွဲခန့်က ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းက ပခုက္ကူလေယာဥ်ကွင်း ထိပ်မှာ ကုန်ကားတွေကို ငွေတောင်းနေတဲ့ ရဲတဦးကို ပစ်ခတ်ခဲ့ရာ ပွဲခြင်းပြီးသေဆုံးပြီး MA1 သေနတ်တလက်နဲ့ ဆိုင်ကယ်တစီး သိမ်းရခဲ့တယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။

သေဆုံးရဲတပ်သားဟာ ပခုက္ကူမြို့ဇာတိ အသက် (၂၆)နှစ်အရွယ် ကိုရည်မွန်ဆိုသူဖြစ်ပြီး လုပ်သက် ၆ နှစ် ရှိပြီဖြစ်ကာ ပခုက္ကူ မြို့မရဲစခန်း တာဝန်ကျနေသူဖြစ်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ သူ့ရဲ့ဇနီးဖြစ်သူဟာ ကိုယ်ဝန် ၅ လရှိနေလို့ လိုအပ်တာ စစ်ဆေးပြီးနောက်  မွေးလာမယ့် ကလေးကို သက်ညှာကာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ Southern YSO PDFက အသိပေးပါတယ်။

အဲဒီစစ်ဆင်ရေးကို Southern Yesagyo တပ်ပေါင်းစုဖြစ်တဲ့ Southern YSO PDF၊ Yesagyo Revolution Group(YRG)၊ ဒေါင်းညီနောင် PDF -PKU၊ ပြည်သူ့အားမာန်၊ King Cobra၊ ဒေါင်းစစ်သည် စတဲ့အဖွဲ့တွေက ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

Source – People’s Spring

အိုးတိန်တွင်းရွာ စာသင်ကျောင်း ဗုံးကြဲခံရမှု ရာသက်ပန် ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူ ကလေး ၁၃ ဦးရှိ

မေလ ၁၂ ရက်    မိတ္ထီလာ ရှမ်းတဲ လေတပ်တက် လေယာဉ်တစင်းနဲ့ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်းသို့ ဆင့်ပွားပေါက်ကွဲစေတဲ့ Cluster ဗုံးအသုံးပြုကာ တိုက်ခိုက်ခဲ့ရာ ကျောင်းသား ၆ ဦး၊ ကျောင်းသူ ၇ ဦး စုစုပေါင်း ၁၃ ဦး ‌တို့မှာ ရာသက်ပန် ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့တယ်လို့ အိုးတိန်တွင်းရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံကသိရပါတယ်။

ကျောင်းသား ၂ ဦး၊ ကျောင်းသူ ၆ ဦးတို့မှာ ခြေချောင်း ၊ လက်ချောင်း ၊ ပေါင် ၊ လက်မောင်း၊ လက်ကောက်ဝတ်တို့ ပြတ်တောက်သွားခဲ့ပြီး အသက် ၈ နှစ်အရွယ် ယောင်္ကျားလေးတဦး၊ မိန်းကလေးတဦး၊ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတဦးတို့ဟာ အမြင်အာရုံချို့ယွင်းခဲ့ပါတယ်။

အသက် ၁၁ နှစ်အရွယ် ယောင်္ကျားလေးတဦးနဲ့ မိန်းကလေးတဦးတို့လည်း ခြေထောက် ခွဲစိတ်ကုသမှုများ ခံယူနေရပြီး ချိုင်းထောက် အသုံးပြု၍ သွားလာနေရဆဲဖြစ်ကာ ၎င်းတို့နှင့်ရွယ်တူ ယောင်္ကျားလေးတဦး လည်း ပုခုံး ဗုံးစမှန်ရာမှ အာရုံကြောထိခိုက်သွားသဖြင့် ဘယ်လက် မလှုပ်ရှားနိုင်ဘူးလို့ သိရပါတယ်။

ကိုယ်လက်အင်္ဂါချို့ယွင်းသွားတဲ့ကျောင်းသား၊ ကျောင်းသူတို့ဟာ Grade 2 ၊ 3 ၊ 6 ၊ 7၊ 12 အတန်းတို့မှဖြစ်ကြပြီး ဒဏ်ရာရရှိသူများထဲမှ ၁၀ ဦးထက်မနည်း ဆေးကုသမှု ဆက်လက်ခံယူနေ ရဆဲဖြစ်တယ်လို့သိရပါတယ်။

အိုးတိန်တွင်းရွာ စာသင်ကျောင်းတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၈၅ ယောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၁၂၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့ကာဆရာမ ၂ ဦးအပါအဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၄ ဦးသေဆုံးခဲ့ပါတယ်။

Source – MPA

စားဝတ်နေရေးကိစ္စ အဆိုးဆုံးအခြေအနေကို ဖြတ်ကျော်နေရဟု ရခိုင်က အိမ်ထောင်ဦးစီး စစ်ရှောင် အမျိုးသမီးများ ပြော

စစ်ရေးပဋိက္ခဖြစ်ပွားနေတဲ့ ရခိုင်ဒေသမှာ အလုပ်အကိုင်ရှားပါးမှုနဲ့အတူ ကုန်ဈေးမြင့်တက်မှုဒဏ်ကြောင့် မိသားစုစားဝတ်နေရေးကိစ္စမှာ တနေ့ထက်တနေ့ အဆိုးဆုံးအခြေအနေကို ဖြတ်ကျော်နေရတယ်လို့ ရခိုင်က အိမ်ထောင်ဦးစီး စစ်ဘေးရှောင်အမျိုးသမီးတွေက ပြောပါတယ်။

ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်း နေရပ်စွန့်ခွာသူ ၆ သိန်းနီးပါး ရှိနေပြီး အကူအညီရရှိမှု မရှိသလောက် နည်းပါးနေတဲ့အပြင် အလုပ်အကိုင်ရှားပါးမှုနဲ့ ထိုးတက်နေတဲ့ ကုန်ဈေးနှုန်းကြား စားဝတ်နေရေး စိန်ခေါ်မှုများစွာ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

ဒီကြားထဲ အိမ်ထောင်ဦးစီး အမျိုးသမီးတွေဟာ မိသားစုတခုလုံးရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးကအစ လေးလံသော တာဝန်တွေကို သယ်ပိုးနေကြရပြီး လုံခြုံရေးအတွက်ကိုပါ စိုးရိမ်နေရတဲ့ အတွက် ဒုက္ခများနေကြရတယ်လို့ဆိုပါတယ်။

Source – DMG

စစ်အုပ်စုစစ်ကြောင်းက ဝက်လက်က ဒေသခံ အမျိုးသမီးများအပါအဝင် ၄၀ ခန့် ဖမ်းဆီးထား

ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာက စစ်ကော်မရှင်တပ်အထိုင်စခန်းကနေ အင်အား ၅၀ လောက် ပါတဲ့ စစ်ကြောင်းတစ်ခုဟာ မောက္ကဒီးကျေးရွာထဲကို နိုဝင်ဘာလ ၃ ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ပြီးနောက်၊ အသက်အရွယ်ကြီးရင့်သူတွေ၊ အမျိုးသမီးတွေအပါအဝင် ဒေသခံ ၄၀ လောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ်ဟာ တော်လှန်ရေးတပ်ဖွဲ့တို့ရဲ့ အခိုင်အမာနယ်မြေတစ်ခုဖြစ်ပြီး စစ်ကော်မရှင်ရဲ့ ထောက်ပို့လမ်းကြောင်းဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီးကို မကြာခဏ ဖြတ်တောက်တိုက်ခိုက်လေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေက ရွာသာကြီးကျေးရွာက စစ်ကော်မရှင်တပ်အထိုင်စခန်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း၊ စစ်ကော်မရှင်ဘက်က လေကြောင်းပစ်ကူ၊ မြေပြင်စစ်ကူတွေနဲ့  ထိုးစစ်ဆင်တိုက်ခိုက်လာတာပါ။

နိုဝင်ဘာလ ၁ ရက်နေ့ကလည်း ရွာသာကြီးစခန်းကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကော်မရှင် ရဲ့ MI-17 ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်တွေက ဝိုင်းဝန်းပစ်ခတ်နိုင်ခဲ့လို့ စစ်ကော်မရှင်ဘက်က ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ တော်လှန်ရေးအင်အာစုတွေထံက သိရပါတယ်။

ဒီစစ်ရေးတင်းမာမှုတွေကြောင့် ရွာသာကြီးကျေးရွာအပါအဝင် အနီးအနားကျေးရွာ ၅ ရွာက ပြည်သူတွေဟာ အောက်တိုဘာလလယ်ကတည်းက နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

Source – CJ Platform

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး စိုးရိမ်၍ အမြန်ဆုံး ပြန်လွှတ်ပေးရန် ပြင်သစ်သမ္မတ တောင်းဆို

အာဏာသိမ်းစစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကို စိုးရိမ်ပူပင်ရတဲ့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးဖို့  ပြင်သစ်သမ္မတ အေမန်နျူယယ် မက်ခရွန်မှ တောင်းဆိုလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်  သားငယ် ကင်မ် အဲရစ် (ခ ) ကိုထိန်လင်းရဲ့ လူမှုစာမျက်နှာမှာဖော်ပြထားပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်က  ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့တဲ့ ပုဂ္ဂိုလ်ရေးစာမှာ  သင့်လျော်တဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့်မရတဲ့အတွက် ကျန်းမာရေးအနေအထားကို စိုးရိမ်ပူပန်ကြောင်း၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်စွာနဲ့ အမြန်ဆုံးလွတ်မြောက်ပြီး မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ကြောင်း ရေးသားထားပါတယ်။

ကင်မ် အဲရစ်ဟာ မကြာသေးမီက ပြင်သစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာအတွက် အထူးကိုယ်စားလှယ် မစ္စတာ ခရစ်စတန် လရှယ်ဗီ (Mr. Christian Lechervy) နဲ့ တွေ့ဆုံခဲ့ပြီး ပြင်သစ်သမ္မတ မက်ခရွန်မှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ပေးပို့တဲ့ ပုဂ္ဂိုလ်ရေးစာကို လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။

Source – ဧရာဝတီ

သရုပ်ဆောင် ဖွေးဖွေး နဲ့ အလင်းရောင် ခေါ်ယူစစ်ဆေးခံရ

စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲအောင်မြင်ရေး ရိုက်ကူးရေးလုပ်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဖွေးဖွေး နဲ့ အလင်းရောင်တို့ ခေါ်ယူစစ်ဆေးခံရတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနသတင်းရင်းမြစ်နဲ့ အနုပညာအသိုင်းအဝိုင်းဆီက သိရှိရပါတယ်။

သရုပ်ဆောင် ဖွေးဖွေးဟာ သူရောက်ရှိနေတဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ ခေါ်ယူစစ်ဆေး ခံရတာလို့ နီးစပ်သူတချို့က ပြောပါတယ်။

မင်းသားနဲ့မင်းသမီးတို့ဟာ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကိစ္စအတွက် ဆက်သွယ်မှုကို အကြောင်းမပြန်ကြားတာကြောင့်ခုလို သူတို့ရိုက်ကွင်းတွေကနေ ခေါ်ယူစစ်ဆေးခံရတာ ဟုတ်မဟုတ်မေးမြန်းတဲ့အခါ ‘သူတို့မှာ အခြားအကြောင်းကိစ္စတွေ ရှိနေလို့ အကြောင်းပြန်ကြားဖို့ ပျက်ကွက်ခဲ့တယ်လို့တော့ သိရပါတယ်” အထက်ပါပုဂ္ဂိုလ်က ပြောပါတယ်။

သရုပ်ဆောင် ဖွေးဖွေးနဲ့ အလင်းရောင်ဟာ စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲ အောင်မြင်ဖို့အတွက် အနုပညာနဲ့ ပါဝင်ကူညီပေးမယ်လို့ အကြောင်းပြန်ထားပြီးဖြစ်ကြောင်း ပြန်ကြားရေးက ပြောပါတယ်။

Source – BBC

ရန်ကုန်မှာ အောက်တိုဘာအတွင်း ဖမ်းဆီးခံရသူ အမျိုးသမီးတွေအပါအဝင် ၉၀ကျော်ရှိဟု RSN ထုတ်ပြ

ရန်ကုန်မြို့မှာ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ ၉၀ကျော်ရှိပြီး ရွေးကောက်ပွဲအပေါ် ဝေဖန်ပြောဆိုမှုဆိုတဲ့ အကြောင်းပြချက်နဲ့  ၉ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြေပြင်သတင်းတွေဖော်ပြနေတဲ့ Rangoon Scout Network -RSNက ဖော်ပြပါတယ်။

အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ ၉၄ ဦးရှိပြီး ၁၃ဦးပြန်လွတ်ကာ စစ်မှုထမ်းနဲ့ အကျဉ်းထောင်တွေကို ၂၃ဦး ပို့ခဲ့တယ်လို့ RSNက ဆိုပါတယ်။ ကျန်တဲ့ ဖမ်းဆီးခံရသူ ၅၈ ဦးနဲ့ ပတ်သက်လို့တော့ သတင်းမရဘူးလို့ ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီက သူတို့ ဝါဒဖြန့်ဇာတ်ကားဝေဖန်သူတွေလို့ ခေါင်းစဉ်တပ် ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံရသူ ကိုးဦးထဲမှာ ငါးဦးက အနုပညာလောကသားတွေဖြစ်ပြီး ဇာတ်ကားကို ဝေဖန်တာ၊ ဝေဖန်တဲ့ ပို့စ်ကို အသဲပေးမိတာတွေနဲ့ ဖမ်းတာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ကျန်တဲ့သူတွေကတော့ သုံးဦးက ရွေးကောက်ပွဲကို  အွန်လိုင်းပေါ်ကဝေဖန်လို့ဖြစ်ပြီး ကျန်တဦးကတော့ ရွေးကောက်ပွဲ အဖွဲ့ဝင်ကို ထိုးခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ အကြောင်းအရာတွေကတော့ အရင်လတွေကလိုပဲ သတင်းအတိအကျနဲ့ ရှာဖွေဖမ်းဆီးတာ၊ ရှောင်တခင်စစ်တာ၊ လမ်းဘေးမှာထိုင်နေတာ၊ လမ်းပေါ်မှာသွားနေတာ စတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးခံကြရတာပါ။

ဒါ့အပြင် ဒီလ နိုဝင်ဘာထဲမှာ ဖမ်းဆီးခံရမှုမှာလည်း အလုပ်ရှိတယ်လို့ လိမ်လည်ခေါ်ယူခံရသူ ၆ ဦးနဲ့ မူးယစ်ဆေးကျွေးပြီး ဖမ်းဆီးခေါ်ဆောင်ခံရသူ ၁ဦး ပါဝင်တယ်လို့ RSN ကဆိုပါတယ်။

မူးယစ်ဆေးကျွေးတဲ့ဖြစ်စဉ်မှာ ဖမ်းဆီးခံရသူက ရန်ကုန်မြို့လယ် ၆ထပ်ရုံးရဲ့ လုံခြုံရေးဝန်ထမ်းလို့ ဖော်ပြထားပြီး အောက်တိုဘာ ၂၀ ရက်က နေအိမ်ကိုပြန်ချိန်ကားပေါ်မှာ အမျိုးသမီး ၂ဦးက တို့ဆေးသုံးကာ ခေါ်ဆောင်သွားတာလို့ RSN ကထုတ်ပြန်ထားပါတယ်။

Source – People’s Spring

ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က အရေးပေါ် တောင်းဆိုချက်တရပ်ထုတ်ပြန်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၄နှစ်ကျော်ကာလအတွင်း ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု(CRSV) ဖြစ်ရပ်ပေါင်း ၅၅၀ ကျော်အပါအဝင် လိင်ပိုင်းဆိုင်ရာနဲ့ ဂျဲန်ဒါန်အခြေပြု အကြမ်းဖက်မှု (SGBV) အမှုပေါင်း ၁,၀၀၀ ကျော်မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကထုတ်ပြန်ပါတယ်။

အလားတူ ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုဖြစ်ကတည်းက လူပေါင်း ၃သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အမျိုးသမီးပေါင်း ၁,၉၀၀ နီးပါး အသတ်ခံရကာ ၆,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်အမှတ်-၁၃၂၅ ဟာ  ၂၅နှစ်မြောက်ပြည့်ပြီဖြစ်ပြီး၊ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ စစ်ပွဲ၊ အိုးအိမ်စွန့်ခွာထွက်ပြေးမှု၊ စစ်ဝါဒကြီးစိုးခြင်းတွေနဲ့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေ‌သတဲ့ ဖိုဝါဒကြီးစိုးမှု ဆိုးကျိုးများကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်‌တွေရှိနေသော်လည်း အမျိုးသမီးတွေဟာ ဆုံးဖြတ်ချက်ချမှတ်ခြင်းမှ ဖယ်ကြဉ်ခံရတာအပြင် အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး( WPS) အစီအစဉ်ရဲ့ မဏ္ဏိုင်အားလုံးမှာ စနစ်ကျတဲ့ အတားအဆီးတွေကို ရင်ဆိုင်နေကြရဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။

အထူးသဖြင့် အာဏာရှင် စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး အသက်ရှင် ကျန်ရစ်သူတွေမှာလည်း တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိဖို့ ငြင်းပယ်ခံနေရဆဲဖြစ်တယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီ၊ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့တွေထံ အရေးပေါ် တောင်းဆိုချက်တွေ ကိုလည်း ထုတ်ပြန်ချက်မှာ အလေးထား ဖော်ပြထားပါတယ်။

ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီသို့ တောင်းဆိုချက်တွေအနက် ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှုတွေ ချမှတ်ရန်၊ မြန်မာနိုင်ငံမှ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို နိုင်ငံတကာ ရာဇဝတ် ခုံရုံးသို့လွှဲပြောင်းပေးဖို့ ဆိုတဲ့အချက်တွေအပါအဝင် စုစုပေါင်း အချက် ၄ချက်ကို ဖော်ပြထားပါတယ်။

Source – HI

Author: